အခန်း (၇၇၂-၇၇၃)
Vol. 41 Ch. 772-773
အပိုင်း (၇၇၂) သံမဏိလက်သီးစွမ်းအင်မဲ့ ဖန်ကျန်းရီ။
ယိုကျန်းတည်းခိုခန်းအတွင်းတွင် ဖန်ကျန်းရီသည် လူများကို လူစုခွဲလိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ကာ တစ်နေခင်းလုံး မျက်စိမှိတ်၍ အသေအချာ စဉ်းစားနေခဲ့၏။
မိုးချုပ်သွားချိန်မှာတော့ မျက်လုံးများကို ဖွင့်လိုက်သည်။
လက်ရှိအခြေအနေအရ ကြည့်မည်ဆိုပါက သေချာပေါက်သေရမည့် အခြေအနေမျိုးဖြစ်သော်လည်း သေသေချာချာ စီစဉ်ဆောင်ရွက်နိုင်ပါက ဘေးကင်းစွာ ကျော်လွှားနိုင်မည့် အခွင့်အရေးကြီးကြီးမားမား ရှိနေသေးသည်။
ကိုယ်တိုင်ထွက်ပြေးဖို့ကတော့ မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် တာ့ကျင်းမှ စစ်ပွဲအောင်နိုင်ပြီး လာရောက် ကယ်တင်ရန်သာ စောင့်ဆိုင်းရတော့မည်။
အိမ်ကို မြန်မြန်ပြန်ချင်သည်ဆိုလျှင်တော့ ကျိုးထျဲ့ပြောခဲ့သလိုပဲ ရန်သူရဲ့ ကျောရိုးကို တစ်ခါတည်း ချိုးနှိမ်နိုင်မှသာ ရပေမည်။
အပြင်ဘက်ကို သတင်းပို့ဖို့အတွက်ပဲဖြစ်ဖြစ်၊ အတွင်းဘက်မှာ အသက်ရှင်သန်ဖို့အတွက်ပဲဖြစ်ဖြစ် ... ယခု ကြုံတွေ့နေရသော အကြီးမားဆုံးပြဿနာမှာ အပြင်ဘက်ရှိ လင်လုံကို စည်းရုံးသိမ်းသွင်းနိုင်မည်လား ဆိုသည်ပင်။
မနေ့က သူ၏ မျက်စိရှေ့တွင်ပင် ဖါးပါး ထွက်သွားခဲ့ပြီး လင်လုံကမူ အခန်းထဲတွင်သာ ရှိနေခဲ့သည်။ ထိုနှစ်ယောက်ကြားတွင် မည်သည့်အဆက်အသွယ်မှ ရှိခဲ့မည်မဟုတ်ပေ။
တစ်ဝက်တစ်ပျက် စဉ်းစားပြီးသွားသောအခါ ဖန်ကျန်းရီ၏ စိတ်ထဲတွင် အကြံအစည်အချို့ ပေါ်လာခဲ့၏။
မနက်ဖြန် လင်လုံကို ခေါ်လိုက်ပြီး သူ၏ သမားရိုးကျ အရည်အချင်းတွေကို ထုတ်ပြလိုက်ရုံသာဖြစ်သည်။ အောင်မြင်နိုင်မလား ၊ မအောင်မြင်နိုင်ဘူးလား ဆိုသည်ကတော့ ကံတရားအပေါ်မှာပဲ မူတည်နေတော့မည်။
စဉ်းစားရင်း စဉ်းစားရင်း ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရပုံကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ တကယ်ကို ခမ်းနား ကြီးကျယ်လှပေသည်။ ဤတစ်ကြိမ်တွင်လည်း သေမင်း နှင့် အလွန်နီးကပ်သော အခြေအနေကို ဖြတ်သန်းရဦးမည် ဖြစ်၏။
...
နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် နေ့လယ်ရောက်မှသာ အေးအေးဆေးဆေး အိပ်ရာမှ ထလာခဲ့၏။
အဝတ်အစားများ လဲလှယ်ပြီးနောက် လူတစ်ယောက်ကို အကောင်းစား ဟင်းလျာများနှင့် အရက်တစ်ပွဲ ပြင်ဆင်ခိုင်းလိုက်သည်။
ထို့နောက် ကျိုးထျဲ့ကို စေခိုင်းကာ ယိုကျန်းတည်းခိုခန်းရှိ အစောင့်များကို အကြောင်းကြားခိုင်းပြီး လင်လုံကို အပေါ်ထပ်သို့ တက်လာ၍ အလုပ်အကျွေးပြုရန် ခေါ်ခိုင်းလိုက်၏။
ထို့နောက် ကျန်းပြောင်နှင့် ကျိုးထျဲ့တို့သည် တစ်ယောက်တစ်လှည့်စီ အောက်ထပ် လှေကားထစ်တွင် အစောင့်ချထားကာ တစ်စုံတစ်ယောက် အပေါ်ထပ်သို့ တက်လာပြီး ခိုးနားထောင်မည်ကို ကာကွယ်ရန် တာဝန်ယူထားလိုက်သည်။
လင်လုံသည် အကြောင်းကြားစာကို ရရှိပြီးနောက် ဖန်ကျန်းရီ၏ အခန်းရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး တံခါး ဖွင့်ခိုင်းရန် ညင်သာစွာ ခေါက်လိုက်၏။
ဖန်ကျန်းရီသည် အမြန်ပင် သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး ကြည့်ကောင်းနေစေရန် သေချာစေပြီးမှသာ တံခါးသွားဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် လင်လုံသည် တံခါးပေါက်ဝတွင် မတ်မတ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ဖန်ကျန်းရီသည် အံ့အားသင့်သွားသည့် မျက်နှာထားဖြင့် မေးလိုက်၏။ "လင်လုံလား .. ကျုပ် ခင်ဗျားကို မခေါ်ပါဘူး။ ဘယ်လိုလုပ်ပြီး အပေါ်ကို တက်လာတာလဲ။"
လင်လုံက အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "အမတ်ဖန်က ကျွန်မကို အိပ်ရာဝင်ဖို့ ခေါ်တယ်လို့ တစ်ယောက်ယောက်က လာပြောလို့ပါ။"
"ဘယ်သူက လာပြောတာလဲ။"
"အောက်ထပ်က အစောင့်ပါ။"
"ဟမ် … ဒါက နိုင်ငံတော်ဆရာ ဖါးပါးက လူတွေကို စီစဉ်ခိုင်းလိုက်တာ ဖြစ်ရမယ်။ ဒီဖါးပါးက တကယ်ကို အပိုအလုပ်တွေ လုပ်နေတာပဲ။ ကျုပ်က ခင်ဗျားကို ခေါ်ချင်ရင် ကျုပ်ရဲ့ လက်အောက်ငယ်သားကို တိုက်ရိုက် သွားခေါ်ခိုင်းလိုက်ရင် မရဘူးလား။" ဖန်ကျန်းရီက သက်ပြင်းချရင်း ပြောလိုက်၏။
"အာ..."
လင်လုံက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "ဒါဆို ကျွန်မ သွားတော့မယ်လေ။"
ဖန်ကျန်းရီက လှိုက်လှဲပျူငှာစွာဖြင့် ပြောလိုက်၏။ "ရောက်လာမှတော့လည်း... ကျုပ်က အခုမှ ထမင်း စားနေတာ။ တစ်ယောက်တည်းလည်း မစားနိုင်ဘူး။ အတူတူ စားကြတာပေါ့။"
"အမတ်ကြီးက အဆင့်အတန်းမြင့်မားတဲ့သူဆိုတော့ ဒါက သင့်တော်ပါ့မလား။" လင်လုံက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"ဘာလို့ မသင့်တော်ရမှာလဲ။ ကျင်းတိုင်းပြည်က မိန်းမတွေနဲ့ ယောက်ျားတွေက စားပွဲဝိုင်းတစ်ခုတည်းမှာ အတူတူ ထမင်း မစားရဘူးလား။"
ဖန်ကျန်းရီသည် ဘာမျှမပြောတော့ဘဲ လင်လုံကို အခန်းထဲသို့ ဆွဲသွင်းလိုက်၏။ "တစ်ယောက်တည်း စားရတာထက်စာရင် နှစ်ယောက်အတူတူ စားရတာက ပိုပြီး စည်ကားတာပေါ့။"
လင်လုံသည် ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် ထိုင်လိုက်၏။ ဖန်ကျန်းရီသည် သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူမအတွက် ဟင်းတစ်ခွက်ကို အရင်ဆုံး ခပ်ထည့်ပေးလိုက်ကာ ပြောလိုက်သည်။ "စားလေ။ အားနာမနေနဲ့။"
"အမတ်ကြီးကို ကျေးဇူးတင်ပါတယ်။" လင်လုံသည် တစ်လုတ်ပြီးတစ်လုတ် စားသောက်နေရင်း ဖန်ကျန်းရီကို မကြာခဏဆိုသလို ခိုးကြည့်နေမိ၏။
ဒီလူက... တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းနေတာပဲ။ သူ့ကို အစေခံတစ်ယောက်လို သဘောမထားဘူးထင်တယ်။
"လင်လုံ... ခင်ဗျားရဲ့အိမ်က ဘယ်မှာလဲ။ မြို့ထဲမှာပဲ နေတာလား။" ဖန်ကျန်းရီက ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်၏။
လင်လုံသည် တူကိုချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်မအိမ်က အရင်တုန်းက မြို့ပြင်မှာ သိုးကျောင်းစားတာပါ။ ကျွန်မလည်း မြို့ပြင်မှာ နေခဲ့တာပါ။ လွန်ခဲ့တဲ့ တစ်နှစ်က နန်းတော်ထဲမှာ နန်းတွင်းသူ ရွေးချယ်တဲ့အခါ ကျွန်မ ရွေးချယ်ခံခဲ့ရတာပါ။"
နန်းတော်အပြင်ဘက်မှာ နေတယ်ဆိုတော့ ပိုကောင်းသွားပြီပေါ့။
ဖန်ကျန်းရီ၏ စိတ်ထဲတွင် ဝမ်းသာသွားပြီး မေးလိုက်၏။ "ဒါဆို ခင်ဗျား နန်းတော်ထဲမှာ နေတဲ့အချိန် အိမ်ကို ပြန်လို့ရလား။"
"မရဘူး... ကျွန်မ နန်းတော်ထဲကနေ ထွက်ဖို့ဆိုတာ နောက်ထပ် နှစ်အနည်းငယ်ကြာမှ ရမှာ။"
"ဒါဆိုရင် ခင်ဗျားက နိုင်ငံတော်ဆရာ ဖါးပါးကို ငြင်းလိုက်သင့်တာပေါ့။ ခင်ဗျား နန်းတော်ထဲက ထွက်လာရင် လူကောင်းတစ်ယောက်ကို ရှာပြီး လက်ထပ်လို့ရတာပဲ။ တုံးအလိုက်တာ။ ခင်ဗျားက ဘာလို့ သူ့ကို သဘောတူလိုက်ရတာလဲ။ ကျုပ်က ဘာမှမလုပ်ဘူးဆိုရင်တောင် ခင်ဗျားရဲ့ နာမည်ပျက်သွားရင် ဘယ်လိုလုပ်မလဲ။" ဖန်ကျန်းရီက ဂရုတစိုက်ဖြင့် မေးလိုက်၏။
လင်လုံ၏ မျက်နှာအမူအရာသည် ရုတ်တရက် အနည်းငယ် ခါးသီးသွားပြီး အတင်းအကျပ် ပြုံးလိုက်သည်။ "ကျွန်မက အစေခံတစ်ယောက်ပါ။ နိုင်ငံတော်ဆရာက ကျွန်မကို ဘာလုပ်ခိုင်းခိုင်း ကျွန်မက လုပ်ရမှာပါပဲ။ အမတ်ကြီးဖန်က ကျွန်မ ရုပ်ဆိုးလို့ မကြိုက်တာလား။ တကယ်တော့ အမတ်ကြီးက ... နဲ့ အတူနေလို့ရပါတယ်။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဖန်ကျန်းရီက တရားမျှတသည့်ဟန်ဖြင့် ပြောလိုက်၏။ "ခင်ဗျားက ရုပ်မဆိုးပါဘူး။ အမှန်အတိုင်းပြောရရင် ခင်ဗျားက ကျုပ် ကျင်းတိုင်းပြည်မှာ မြင်ဖူးသမျှ မိန်းမတွေထဲမှာ အလှဆုံး မိန်းကလေးပဲ။"
"အာ..."
"ဒါပေမဲ့ ကျုပ် နားမလည်နိုင်တာက ခင်ဗျားတို့ဆီမှာ မိန်းမတွေကို ဘာလို့ ဒီလောက်တောင် အလေးမထားရတာလဲ ဆိုတာပဲ။ ခင်ဗျားက ပစ္စည်းတစ်ခုမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး လူတွေကို ပေးလိုက်၊ ယူလိုက် လုပ်လို့ရမှာလဲ။ ဒါက အရမ်းလွန်လွန်းတယ်။"
ဖန်ကျန်းရီက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်၏။ "တာ့ကျင်းမှာ ဒီလောက်တောင် ယုတ္တိမရှိတဲ့ ကိစ္စမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။"
"ဒါ့အပြင် ကျုပ်က အိမ်ထောင်ကျပြီးပြီလေ။ ဘယ်လိုလုပ်ပြီး ကိုယ့်မိန်းမကို သစ္စာဖောက်လို့ ရမှာလဲ။"
လင်လုံ၏ မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ "အမတ်ကြီးဖန်မှာ ဇနီးတစ်ယောက်ပဲ ရှိတာလား။ ကျင်းတိုင်းပြည်က လူတွေ အကုန်လုံးက ဒီလိုပဲလား။"
"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ဆီက လူငယ်တွေကတော့ တစ်သက်လုံးမှာ လူတစ်ယောက်ကိုပဲ ချစ်ဖို့၊ နှစ်ယောက်သား အိုမင်းတဲ့အထိ တစ်သက်လုံး အတူတူနေဖို့ကို အလေးထားကြတယ်။ အကယ်၍ တစ်ယောက်ယောက်က အချစ်သစ်ကို ရှာမယ်ဆိုရင် အဲဒီလူက လူအများရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရလိမ့်မယ်။
နှစ်ယောက်သား တကယ်ချစ်ကြရုံနဲ့ မလုံလောက်ဘူး။ လက်ထပ်ဖို့အတွက် ကောင်းကင်ဘုံကပေးတဲ့ မင်္ဂလာကြေးကိုလည်း ယူရသေးတယ်။ ပိုက်ဆံတွေကို ဇနီးသည်က သိမ်းထားရပြီး ယောကျ်ားက မိသားစုကို လုပ်ကျွေးဖို့ ပိုက်ဆံရှာရတယ်။ မိန်းမကတော့ လှပနေဖို့ပဲ တာဝန်ယူရတယ်။ ဒါနဲ့ ခင်ဗျားတို့ဆီမှာ သာမန်ပြည်သူတွေ က မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ ပိုက်ဆံဘယ်လောက် ကုန်ကျလဲ။"
တာ့ကျင်းက မိန်းမတွေ ဒီလောက်တောင် ပျော်ရွှင်နေကြတာလား။ ဒါက ဘယ်လို ကောင်းကင်ဘုံဘဝမျိုးလဲ။
စကားနှစ်ခွန်းတောင် မပြောရသေးခင်မှာပဲ လင်လုံ၏ စိတ်နှလုံးသည် တုန်လှုပ်ချောက်ချားသွားခဲ့ပြီ ဖြစ်သည်။ အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး ကမ္ဘာသစ်တံခါးပေါက်လေး အနည်းငယ် ပွင့်သွားသည်နှင့် သူမ၏ အမြင်သုံးရပ် က မခံစားနိုင်တော့ပေ။
သူမသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်သာ ပြောလိုက်နိုင်၏။ "ငွေစနှစ်စ၊ သုံးစဆိုရင် လုံလောက်ပါပြီ။"
"ဒိုင်း …."
ဖန်ကျန်းရီသည် စားပွဲကို အားကုန်ရိုက်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒါက ရိုးသားတဲ့ မိန်းမတွေကို အနိုင်ကျင့်တာ မဟုတ်ဘူးလား။ ဒီလောက် စျေးပေါနေတာ နွားတွေ၊ သိုးတွေနဲ့တောင် သိပ်မကွာတော့ဘူး။
ကျုပ်တို့ဆီက သာမန်ပြည်သူတွေက မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ဆိုရင် မိသားစုဝင် ခြောက်ယောက်ရဲ့ ပိုက်ဆံအိတ်ကို အကုန်ပြောင်အောင် ထုတ်ပေးရတယ်။ ဪ ... အဘိုးတွေ ခေတ်တည်းက စတွက်ရတာ။ အရေးကြီးဆုံးကတော့ ဝေါယာဉ်ရှစ်ခု၊ ဖီးနစ်သရဖူနဲ့ မင်္ဂလာဝတ်စုံ၊ စာချုပ်သုံးစောင်နဲ့ လက်ထပ်ဖို့ တောင်းရမ်းစာ ခြောက်စောင်၊ တရားဝင် မင်္ဂလာဆောင်တာတွေပဲ။ ဒါမှ မိန်းမတစ်ယောက်ကို လေးစားတယ်လို့ ခေါ်တာ။"
ဖန်ကျန်းရီသည် စကားပြောပြီးနောက် လင်လုံကို အမြန်လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေပြီး သိသိသာသာကို နားမလည်သေးကြောင်း တွေ့လိုက်ရသဖြင့် အမြန်ပြောလိုက်၏။ "တောင်းပန်ပါတယ် လင်လုံ … အားနာပါတယ်။ ကျုပ် နည်းနည်းလေး စိတ်လှုပ်ရှားသွားတယ်။ ခင်ဗျား သိချင်တာရှိရင် ကျုပ်ကို မေးလို့ရပါတယ်။"
လင်လုံသည် စိတ်ထဲတွင် လှိုင်းထန်နေပြီး အတန်ကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "တာ့ကျင်းက မိန်းမတွေ အကုန်လုံးက ဒီလိုပဲ နေကြတာလား။"
"အင်း... အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ခေတ်ရေစီးကြောင်းတစ်ခုပဲလေ။ ခေတ်ရေစီးကြောင်း ကို ခင်ဗျား နားလည်လား။ တစ်နိုင်ငံလုံးက ဒီလမ်းကြောင်းဆီကို ကြိုးစားနေကြတယ်။
မိန်းမတွေက ယောကျ်ားတွေကို မှီခိုပြီး နေစရာမလိုဘူး။ သူတို့က ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်။ ကိုယ့်အလုပ်ကို ကိုယ်တိုင်လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတယ်။ သေချာတာပေါ့ ကျောင်းတက်ခွင့်လည်း ရှိသေးတယ်။
ထူးချွန်တဲ့ မိန်းမတွေ အများကြီးက သူတို့ကိုယ်သူတို့ ယောကျ်ားတွေကို မှီခိုပြီး ရှင်သန်စရာမလိုဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင်လည်း တောက်ပတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ပါတယ်။ အဲဒါအပြင်... ယောကျ်ားတွေကိုတောင် ကွာရှင်းပစ်လို့ ရသေးတယ်။"
လင်လုံသည် ချယ်ရီသီးလေးလို နှုတ်ခမ်းလေးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အားကျသည့်ဟန်ဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ဒီလိုဆိုရင် ယောကျ်ားတွေက မတရားဘူးလို့ မခံစားရဘူးလား။ ပိုက်ဆံအများကြီးအကုန်ခံပြီး လက်ထပ်လာရတာကို ကွာရှင်းခံရနိုင်သေးတယ်။"
ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ဘယ်လိုလုပ်ပြီး မတရားဘူးလို့ ဖြစ်ရမှာလဲ။ ယောကျ်ားတွေက မိန်းမယူဖို့ ပိုက်ဆံဘယ်လောက်ပဲ ကုန်ကုန် ဒါက သင့်တော်ပါတယ်။ ဥပမာအနေနဲ့ ကျုပ်ဆိုရင် ကျုပ် ဇနီးသည်ကို အိမ်ခေါ်လာဖို့အတွက် ငွေစ သိန်းနဲ့ချီပြီး အကုန်ခံခဲ့ရတာ။ လက်ထပ်ပြီးသွားရင်တောင် နေ့တိုင်း ပထမဆုံး ချစ်သူတွေဖြစ်ခဲ့တဲ့ နေ့တုန်းကလိုမျိုး ဂရုစိုက်ရမယ်။ သူမကို ချစ်တယ်၊ လေးစားတယ်ဆိုရင် အခမ်းအနားတွေ လုပ်ပေးရမယ်။
သေချာတာပေါ့။ ဒီလိုအခြေအနေမျိုးမှာ ကန့်ကွက်တဲ့ အသံတွေလည်း မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ကန့်ကွက်တဲ့ ယောကျ်ားတွေက နားမလည်ကြဘူး။ သူတို့က မိန်းမတစ်ယောက်ကို လက်ထပ်ရတာ စျေးကြီးတယ်လို့ပဲ ထင်ကြတာ။ ဒါပေမဲ့ မိန်းမတွေက ယောကျ်ားတွေအတွက် ကိုးလလွယ်၊ ကလေးမွေး၊ ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ပေးဆပ်ရတဲ့ ကုန်ကျစရိတ်တွေကရော။ မင်္ဂလာကြေးဆိုတာက မိန်းမတွေ ဆုံးရှုံးသွားတဲ့ လူငယ်ဘဝကို ပြန်ပြီးကုစားပေးဖို့အတွက်ပဲ။ သူတို့က သူတို့ရဲ့ အလုပ်၊ ပညာရေးနဲ့ တိုးတက်မှုတွေ ကို စွန့်လွှတ်ခဲ့ရတာလေ။ အဲဒါတွေနဲ့ ယှဉ်လိုက်ရင် အဲဒီ ငွေလေးနည်းနည်းက ဘာများ အရေးပါလို့လဲ။"
အပိုင်း (၇၇၃) စိတ်ကူးယဉ်ဝါဒ၏ အလင်းရောင်။
"တကယ်လား။ တကယ်ပဲ အဲဒီလို ယောက်ျားတွေ ရှိတာလား။" လင်လုံ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။
ဤကဲ့သို့သော ဘဝမျိုးကို သူမ တစ်ခါမှ တွေးမကြည့်ဖူးပေ။ အမျိုးသမီးတစ်ဦးအနေဖြင့် ယောက်ျားတစ်ယောက် ကို မမှီခိုဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း။
ကျင်းတိုင်းပြည်တွင် အမျိုးသမီးတစ်ဦး အိမ်ထောင်မပြုနိုင်ပါက အမြစ်မရှိသော ဗေဒါပင်နှင့် ဘာမှမကွာခြားပေ။ အသက်မရှင်နိုင်ဘူးဟု မဆိုနိုင်သော်လည်း အလွန်တရာ ခက်ခဲကြမ်းတမ်းလှသည်။
မိမိကိုယ်ကို နှိုင်းယှဉ်ကာ တွေးကြည့်မည်ဆိုလျှင် သူမ၏အမြင်တွင် အခြားသော နိုင်ငံများတွင်လည်း ထိုနည်းတူပင် ဖြစ်သင့်သည်ဟု ထင်မြင်မိ၏။
ယနေ့ ဖန်ကျန်းရီ ပြောကြားခဲ့သော စကားများသည် သူမအတွက်တော့ ကမ္ဘာကြီးကို တုန်လှုပ်စေလောက်သည့် စကားများပင် ဖြစ်ပေသည်။
ဖန်ကျန်းရီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။ "သေချာတာပေါ့ တကယ်ရှိတာပေါ့။ ပြီးတော့ ယောက်ျားတစ်ယောက်က ပိုက်ဆံမရှိရင်တောင် ဇနီးသည်ကို လက်ထပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ချစ်ခြင်းမေတ္တာက ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးထက် သာလွန်နိုင်လို့ပဲ။ အမျိုးသားနဲ့ အမျိုးသမီးက လွတ်လွတ်လပ်လပ် ချစ်ကြိုက်နိုင်ပြီး လူတိုင်းမှာ ကိုယ်ပိုင် နေထိုင်မှုပုံစံ ရှိကြတယ်။ ကျုပ်ပြောတာက နည်းနည်းလေး ဘက်လိုက်နေနိုင်ပေမဲ့ ဒီလိုအခြေအနေမျိုးက သေချာပေါက် ရှိတယ်ဆိုတာကိုတော့ ကျုပ် အာမခံရဲတယ်။
အဝေးကြီးတွေကို မပြောနဲ့အုံး။ ကျုပ်နဲ့အတူ လာတဲ့ အမျိုးသမီးနှစ်ယောက်ကိုပဲ ကြည့်။ တည်းခိုခန်းထဲမှာ ခင်ဗျား သူတို့ကို မြင်ဖူးမှာပေါ့။ အဲဒီ ညီအစ်မနှစ်ယောက်က တာ့ကျင်းမှာရှိတဲ့ ကျုပ်ရဲ့ သူငယ်ချင်းတွေဖြစ်ပြီး ဒီကို စီးပွားရေးလာလုပ်ကြတာ။ အစ်မဖြစ်သူက ငယ်ငယ်တည်းက ကျောင်းတော်မှာ ပညာသင်ခဲ့ပြီး ရလဒ်တွေကလည်း အရမ်းကောင်းတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး မိသားစုရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလုံးကို ဦးစီးနေတာ။ အမျိုးသမီးတွေထဲမှာ သူရဲကောင်းလို့တောင် ခေါ်လို့ရတယ်။"
"သူက အရမ်းတော်တာပဲ။" လင်လုံက အားကျသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
"စိတ်ဆန္ဒရှိရင် လူတိုင်း လုပ်နိုင်ပါတယ်။ တိုက်ဆိုင်လိုက်တာ၊ ကျုပ်တို့ ထမင်းစားနေတုန်း သူ့ကိုပါ ခေါ်လိုက်မယ်။ ခင်ဗျားတို့ စကားပြောလို့ ရတာပေါ့။"
လင်လုံ ပြန်မဖြေနိုင်ခင်မှာပင် ဖန်ကျန်းရီသည် မတ်တပ်ရပ်ကာ တံခါးကို တွန်းဖွင့်၍ ထွက်သွားခဲ့ပြီ ဖြစ်သည်။
ချူချင်ဟန်၏ တံခါးပေါက်သို့သွားပြီး တံခါးကို ခေါက်လိုက်၏။
ချူချင်ဟန် တံခါးဖွင့်ပေးသောအခါ ဖန်ကျန်းရီက တိုးတိုးလေး ပြောလိုက်သည်။ "ခဏနေရင် ကျုပ်ကို အတတ်နိုင်ဆုံး ပူးပေါင်းကူညီပေး။ ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။"
ချူချင်ဟန် ဘာမှန်းမသိခင်မှာပင် ဖန်ကျန်းရီသည် သူမကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့ပြီး သူမ၏ နောက်တွင် အမြီးပေါက်လေး ချူယိုယီ ပါလာခဲ့၏။
ဖန်ကျန်းရီက အလျင်စလို ထပ်မံသတိပေးလိုက်သည်။ "မင်း ဘာမှမပြောနဲ့။ မင်းအစ်မ ပြောတာကိုပဲ နားထောင်။"
ချူယိုယီက ကြောင်တောင်တောင်ဖြင့် ခေါင်းနှစ်ချက် ညိတ်ပြလိုက်သည်။
အမျိုးသမီးနှစ်ဦး အခန်းထဲသို့ ဝင်လာပြီး နေရာယူလိုက်သောအခါ ဖန်ကျန်းရီသည်လည်း သူ့နေရာသို့ ပြန်လည်ထိုင်လိုက်ပြီး လင်လုံကို မိတ်ဆက်ပေးရန် လက်ကို ဆန့်ထုတ်လိုက်၏။
"လင်လုံ... ဒါက ကျုပ် ခင်ဗျားကို ပြောပြခဲ့တဲ့ အမျိုးသမီးသူရဲကောင်း ချူချင်ဟန်ပဲ။ ဒါကတော့ သူ့ညီမ ချူယိုယီလေ။
ကျုပ်တို့ တာ့ကျင်းက လူငယ်တွေကြားမှာ ဇနီးတစ်ယောက်တည်း ယူပြီး မယားငယ်မထားတာ၊ မင်္ဂလာကြေး အများကြီးတောင်းတာတွေ ခေတ်စားနေသလား ဆိုတာကို ခင်ဗျား သူ့ကို မေးကြည့်လို့ရတယ်။" ဖန်ကျန်းရီသည် ယခင်က ပြောခဲ့သော စကားများကို သွယ်ဝိုက်သောနည်းဖြင့် ပြန်လည်ပြောပြလိုက်သည်။
ချူချင်ဟန် ညီအစ်မနှစ်ယောက်သည် သူ့ကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်ကြ၏။
အမတ်ဖန် ဘာတွေပြောနေတာလဲ။ ဘာလို့ ဒီနေရာမှာ လာပြီး ဒဏ္ဍာရီပုံပြင်တွေကို လီဆယ် ပြောနေရတာလဲ။
လင်လုံ၏ အကြည့်သည် ချူချင်ဟန်ထံသို့ ရောက်ရှိသွားသည်။ ကံကောင်းထောက်မစွာဖြင့် ချူချင်ဟန်သည် စီးပွားရေးလောကတွင် ကျင်လည်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် တုံ့ပြန်မှု အလွန်လျင်မြန်သည်။
သူမက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်။ အဲဒီလိုပါပဲ။ ကျင်းတိုင်းပြည်မှာက အဲဒီလို မဟုတ်ဘူးလား။"
လင်လုံက ရှက်ရွံ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။
ချူချင်ဟန်က စိတ်မကောင်းစွာဖြင့် ပြောလိုက်၏။ "ဒီလိုကိုး... ညီမလေးရဲ့ ဘဝက ဒီလောက်တောင် ခက်ခဲမယ်လို့ မထင်ထားဘူး... တစ်ကမ္ဘာလုံးက အမျိုးသမီးတွေက တာ့ကျင်းကလိုမျိုး နေထိုင်ကြမယ်လို့ ထင်ထားတာ။ ညီမလေးက တာ့ကျင်းက ဘဝနေထိုင်မှုပုံစံကို စိတ်ဝင်စားရင် တို့ စကားပြောကြတာပေါ့။"
လင်လုံ၏ မျက်လုံးများ အရောင်လင်းသွားပြီး စိတ်ဝင်စားသွားခဲ့သည်။
ဖန်ကျန်းရီသည် လူတိုင်းနှင့် အလွယ်တကူ ပေါင်းသင်းဆက်ဆံနိုင်သော်လည်း သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းသဖြင့် သူမသည် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။ ချူချင်ဟန်မှာမူ အမျိုးသမီးချင်း ဖြစ်သောကြောင့် သူမအပေါ် သက်ရောက်သည့် ဖိအားမှာ အနည်းငယ် လျော့နည်းသွားသလို ခံစားရပေသည်။ ထို့ကြောင့် သူမက စတင်မေးမြန်းလိုက်၏။ "ကျင်းတိုင်းပြည်မှာ အမျိုးသမီးတွေ ကျောင်းတက်လို့ရတယ်ဆိုတော့ ယောကျ်ားလေးတွေနဲ့ အတူတူ စာသင်ရတာလား။"
"ဟုတ်တယ်။ ဒါပေမဲ့ အားလုံးက ပညာသင်ဝတ်စုံကို ဝတ်ရတယ်။ ကျောင်းသားအချင်းချင်းလည်း အပြန်အလှန် မေးမြန်းဆွေးနွေးလို့ရတယ်။ ယောက်ျား မိန်းမ ကွာခြားမှုကြောင့် အထင်အမြင်သေးတာမျိုး မရှိဘူး။ အမျိုးသမီးတွေရဲ့ အဆင့်အတန်းက အခွင့်ထူး အများကြီး ရတယ်။"
ဤအချက်နှင့်ပတ်သက်၍ ချူချင်ဟန်သည် လိမ်လည်ပြောဆိုခြင်း မဟုတ်ပေ။ ယခင်က သူမ ကျောင်းတော်တွင် ပညာသင်ကြားခဲ့စဉ်က နေ့စဉ်နေ့တိုင်း လူတစ်စုက သူမကို လာရောက်ကူညီပေးရန် အမြဲတမ်း တောင်းဆိုခဲ့ကြသည်။
"ဒါဆို စာတတ်ရင် အရာရှိဖြစ်နိုင်မှာပေါ့နော်။"
ချူချင်ဟန်သည် အနေရခက်စွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်ရာ ဖန်ကျန်းရီက စကားစကို ယူလိုက်၏။ "လောလောဆယ်တော့ မရသေးဘူး။ ဒါပေမဲ့ နန်းတော်က အမျိုးသမီးတွေကို နန်းတွင်းအရာရှိအဖြစ် ခန့်အပ်ဖို့ သုတေသနလုပ်နေတယ်။ အနာဂတ်မှာ မဖြစ်နိုင်စရာ မရှိပါဘူး။
အမျိုးသားနဲ့ အမျိုးသမီးကြား တရားမျှတမှုရှိစေဖို့က ကျုပ်တို့ တာ့ကျင်းတစ်နိုင်ငံလုံးရဲ့ အရေးကြီးဆုံး ကိစ္စရပ်တစ်ခုပဲ။ ဒီအနာဂတ်က သိပ်မဝေးတော့ဘူးလို့ ကျုပ် ယုံကြည်တယ်။
ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်တော်အရ အရှေ့ဘက်ဆင်ခြေဖုံး တက္ကသိုလ်ကို တည်ထောင်ခဲ့တယ်။ ဒီတက္ကသိုလ်မှာ အမျိုးသမီးတွေ လွတ်လွတ်လပ်လပ် ကျောင်းတက်နိုင်တယ်။ သူတို့ ဘွဲ့ရပြီး ပြည်သူတွေကြားမှာ အောင်မြင်မှုတွေ ရလာတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှရေးကို ဖော်ဆောင်နိုင်ပြီး အမျိုးသမီးတွေ နန်းတွင်းအရာရှိ ဖြစ်လာနိုင်မယ်။
အရှင်မင်းကြီးက သတင်းစာကို အမြဲဖတ်တယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ဂရုစိုက်တယ်။ သတင်းစာမှာ ယောကျ်ားတွေထက် မညံ့တဲ့ အမျိုးသမီး သူရဲကောင်းတွေကို တွေ့တိုင်း 'ဘယ်သူက အမျိုးသမီးတွေက ယောကျ်ားတွေလောက် မတော်ဘူးလို့ ပြောတာလဲ။ အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို မ,တင်ထားနိုင်တယ်။' လို့ အမြဲတမ်း ချီးကျူးလေ့ရှိတယ်။ ဒါကြောင့် အဲဒီနေ့က သိပ်မဝေးတော့ဘူးလို့ ကျုပ် ယုံကြည်တယ်။"
ဤစကားကို ကြားလိုက်ရသောအခါ ချူချင်ဟန် ညီအစ်မနှစ်ယောက်မှာ အလွန်အမင်း တုန်လှုပ်သွားကြ၏။
နိုင်ငံခြားက ဘာမှမသိတဲ့ မိန်းကလေးတစ်ယောက်ကို ဒီလိုလိမ်ပြောတာ သင့်တော်ပါ့မလား။
လင်လုံမှာမူ ပို၍ပင် အားကျသွားပြီး စိတ်ထဲတွင် တောင့်တမှုများ ဖြစ်ပေါ်လာကာ ပြောလိုက်သည်။ "တာ့ကျင်းက ဧကရာဇ်က တကယ်ကို... ပွင့်လင်းမြင်သာတာပဲ။"
ဖန်ကျန်းရီသည် ချူချင်ဟန်ကို စကားပြောရန် အမြန်အချက်ပြလိုက်ရာ ချူချင်ဟန်သည် တစ်ကိုယ်လုံး အနေရခက်စွာဖြင့် ဇာတ်လမ်းဆင်၍ ပြောဆိုရတော့၏။
လင်လုံသည်လည်း ပိုမိုပွင့်လင်းလာပြီး မေးခွန်းများကို ဆက်တိုက်ဆိုသလို မေးမြန်းနေတော့သည်။
ချူချင်ဟန် ဖြေဆိုရန် ခက်ခဲသော မေးခွန်းများနှင့် ကြုံတွေ့ရတိုင်း ဖန်ကျန်းရီက အမြန်ဝင်ရောက်၍ ကူညီ ပြောဆိုပေးရ၏။
စားပွဲပေါ်ရှိ ဟင်းလျာများကို သိပ်မစားဖြစ်ဘဲ သုံးယောက်သား စကားပြောနေကြသည်မှာ မသိမသာဖြင့် ညဘက်သို့ပင် ရောက်ရှိသွားခဲ့သည်။
ဖန်ကျန်းရီ၏ အကြိမ်ကြိမ် ပြုပြင်မွမ်းမံမှုများကြောင့် တာ့ကျင်းသည် အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေး အတွက် အပြင်းအထန် ကြိုးပမ်းနေသော ကြီးကျယ်ခမ်းနားသည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
မိုးချုပ်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက သမ်းဝေလိုက်သဖြင့် လင်လုံမှာ မေးချင်နေသေးသော်လည်း ရပ်တန့်လိုက်ရတော့၏။
"အမတ်ကြီးဖန်... အချိန်လည်း မစောတော့ဘူး။ လင်လုံက အမတ်ကြီးရဲ့ အနားယူချိန်ကို မနှောင့်ယှက်ရဲတော့ပါဘူး။"
"ဟင် .. ကျုပ်က ကိစ္စမရှိပါဘူး။ ခင်ဗျားတို့ ပြောစရာရှိတာ ဆက်ပြောကြလေ။"
လင်လုံက ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။ "အမတ်ကြီးရဲ့ ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ်။ လင်လုံ အစောကြီး ပြန်တာ ပိုကောင်းမယ် ထင်ပါတယ်။"
သူမ အတင်းအကျပ် တောင်းဆိုနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြောလိုက်၏။ "ကောင်းပြီလေ။ ဒါပေမဲ့ ဖါးပါးက ခင်ဗျားကို အိပ်ရာဝင်ဖို့ ခိုင်းတဲ့ကိစ္စကို ဘယ်တော့မှ ထပ်မပြောနဲ့တော့နော်။ ခင်ဗျားက တည်းခိုခန်းမှာပဲ ဆက်နေပြီး နိုင်ငံတော်ဆရာကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောနဲ့။ ခင်ဗျားကို ဒုက္ခရောက်စေမှာ စိုးလို့ပါ။
ဒါနဲ့... ခင်ဗျားရဲ့ မျိုးရိုးနာမည်က ဘာလဲ။"
လင်လုံက ပြန်ဖြေလိုက်၏။ "လင်လုံဆိုတဲ့ နာမည်ကို နိုင်ငံတော်ဆရာက ပေးထားတာပါ။ မျိုးရိုးနာမည်တော့ မရှိပါဘူး။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "လူတစ်ယောက်က နာမည်ပဲရှိပြီး မျိုးရိုးနာမည် မရှိဘဲ ဘယ်လိုလုပ်နေလို့ရမှာလဲ။ ဒီနိုင်ငံတော်ဆရာကတော့လေ .. ဒါဆို ကျုပ်က ခင်ဗျားကို မျိုးရိုးနာမည်တစ်ခု ပေးလိုက်မယ်။ လူတစ်ယောက်က နာမည်ရော မျိုးရိုးနာမည်ပါ ရှိမှ ပြည့်စုံတာ။"
လင်လုံသည် ဝမ်းသာအားရဖြစ်သွားသလို အံ့သြသွားကာ ပြောလိုက်၏။ "ဒါဆိုရင် အမတ်ကြီးဖန်က ကျွန်မကို မျိုးရိုးနာမည်တစ်ခု ပေးသနားတော်မူပါ။ “
“ခင်ဗျားရဲ့ မျိုးရိုးနာမည်က ကျောက် လို့ မှတ်ထားလိုက်။ ဒီမျိုးရိုးနာမည်က ကျုပ်တို့ တာ့ကျင်းမှာလည်း အကောင်းဆုံးပဲ။ သာမန်လူတွေက ကျောက် ဆိုတဲ့ မျိုးရိုးနာမည်ကို သုံးခွင့်မရှိဘူး။”
"မျိုးရိုးနာမည်ပေးတဲ့အတွက် အမတ်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒါဆို လင်လုံ အရင်ဆုံး ခွင့်ပြုပါဦး။"
ကျောက်လင်လုံသည် နှုတ်ဆက်ပြီးနောက် အခန်းထဲမှ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။
သူမ ပျောက်ကွယ်သွားပြီးနောက် ချူချင်ဟန် ညီအစ်မနှစ်ယောက်၏ အကြည့်များသည် ဖန်ကျန်းရီထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။
ဖန်ကျန်းရီသည် သူတို့နှစ်ယောက်၏ အကြည့်များကြောင့် အနည်းငယ် နေရခက်သွားကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ "ဘာလို့ ကျုပ်ကို ကြည့်နေကြတာလဲ။"
ချူယိုယီက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။ “အစ်ကိုဖန်... နန်းတွင်းမှာ တကယ်ပဲ အမျိုးသမီးတွေကို အရာရှိလုပ်ခွင့်ပေးဖို့ စဉ်းစားနေတာလား။"
ဖန်ကျန်းရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အမြန်လက်ကာပြကာ ပြောလိုက်သည်။ "ဒါက ထိလို့တောင်မရတဲ့ အကြောင်းအရာပဲ။
လက်ရှိအခြေအနေကို မင်းတို့လည်း သိပြီးသားပဲ။ အခုချိန်မှာ တာ့ကျင်းကို ပြန်ပြီး သတင်းပို့ဖို့ လူတစ်ယောက် လိုအပ်နေပြီ။ သင့်တော်တဲ့သူလည်း မရှိတော့ဘူး။ လင်လုံကလွဲရင် ကျုပ်တို့ကို ကူညီနိုင်မယ့် အခွင့်အရေးန ည်းနည်းပဲရှိတဲ့သူ မရှိတော့ဘူး။ အဲဒါကြောင့် ... မင်းတို့ရဲ့ အကူအညီကို လိုအပ်နေတာ။
ချင်ဟန်... မနက်ဖြန် မင်း အားရင် လင်လုံဆီသွားပြီး စကားပြောတာဖြစ်ဖြစ်၊ စာသင်ပေးတာဖြစ်ဖြစ် လုပ်ပြီး သံယောဇဉ်တိုးအောင် လုပ်လိုက်။ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ သူ့ကို ကျင်းတိုင်းပြည်ရဲ့ အံ့သြစရာလေးတွေ နည်းနည်းပေးရမယ်။ တာ့ကျင်းက ဘယ်လောက်လှပတယ်ဆိုတာကို သူ ခံစားသိရှိသွားအောင် လုပ်ရမယ်။"
အခြားနိုင်ငံတွေက အမှိုက်တွေချည်းပဲဆိုတာ သူ့ကို သိအောင်လုပ်။ သေရင်တောင် တာ့ကျင်းမှာပဲ သေချင်စိတ် ပေါက်သွားအောင် လုပ်ရမယ်။ ပြီးတော့ သူ တခြား သံသယဖြစ်စရာ လူတွေနဲ့ အဆက်အသွယ်ရှိမရှိကိုပါ စောင့်ကြည့်ထား။ တစ်ခုခု တွေ့တာနဲ့ ကျုပ်ကို ချက်ချင်းလာပြော။ ကျုပ် နောက်ထပ် စီစဉ်စရာရှိတာတွေ စီစဉ်မယ်။"
ဤတာဝန်ကို ချူချင်ဟန်အား လွှဲအပ်လိုက်ရခြင်းမှာ သူ လုံလောက်စွာ စိတ်ချယုံကြည်နိုင်သောကြောင့် ဖြစ်သည်။ ယခင်က သံတမန်အဖွဲ့ကို စည်းရုံးလှုံ့ဆော်စဉ်တည်းက ချူချင်ဟန်သည် အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်စွမ်းရှိပြီး အလွန်အမင်း တည်ငြိမ်ကြောင်း သူ သတိပြုမိခဲ့သည်။
ထို့အပြင် ယခုလေးတင် သူမ၏ လုပ်ရပ်များအရ အခြေအနေအရပ်ရပ်ကို ဖြေရှင်းနိုင်စွမ်းမှာလည်း အလွန် ထက်မြက်ကြောင်း သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် သူမထက် ပိုမိုစွမ်းဆောင်နိုင်မည့် လက်ထောက် မရှိတော့ပေ။
ချူချင်ဟန်က ခေါင်းညိတ်လိုက်၏။ "သိပါပြီ။ မနက်ဖြန် ကျွန်မ သူနဲ့ စကား သွားပြောလိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်မ အမတ်ကြီးဖန်ကို မေးချင်တာက... ခုနက ပြောခဲ့တာတွေက အရမ်းကို ယုတ္တိမရှိလွန်းဘူး။ လင်လုံက တကယ်ယုံနိုင်ပါ့မလား။"