အခန်း (၇၇၄-၇၇၅)
Vol. 41 Ch. 774-775
အပိုင်း (၇၇၄) ဖန်ကျန်းရီ၏ ကြီးကျယ်ခမ်းနားသော မျှော်မှန်းချက်။
ဖန်ကျန်းရီ အနည်းငယ် ကြောင်သွားပြီး ခေါင်းယမ်းကာ ရယ်မောလိုက်၏။ "သူ ယုံလား မယုံလား ဆိုတာကတော့... ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ယုံတယ်။"
"..."
"ဒီစကားတွေက နားထောင်ရတာ နည်းနည်းတော့ ယုတ္တိမရှိဘူးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်ပြောခဲ့တဲ့ စကားတွေကို ကျုပ်ကိုယ်တိုင် အပြည့်အဝ ယုံကြည်တယ်။"
ဖန်ကျန်းရီက ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "အနာဂတ်မှာ သေချာပေါက် ဒီလိုမျိုး ဖြစ်လာမှာပါ။ ကျုပ်ကိုယ်တိုင်က မရိုးသားဘူးဆိုရင် တခြားလူတွေက ကျုပ်ကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။"
"ဘာဖြစ်လို့ အဲဒီလိုထင်ရတာလဲ။" ချူချင်ဟန်သည် သူ့ကို စူးစိုက်ကြည့်နေပြီး စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်နေမိ၏။
သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ လိမ်ပြောနေပုံမပေါ်ပေ။ ခုနက ယုတ္တိမရှိသော လိမ်ညာမှုများစွာကို ပြောခဲ့သော်လည်း သူကိုယ်တိုင်ပင် ယုံကြည်နေသည်လား။
ချူချင်ဟန်၏ မေးခွန်းထုတ်နေသော အကြည့်ကို ရင်ဆိုင်ရင်း ဖန်ကျန်းရီသည် ခေါင်းမော့ကာ သက်ပြင်းရှည်ကြီး တစ်ခု ချလိုက်သည်။ "ဘယ်လိုပြောရမလဲ... တောက်ယွမ်ခရိုင်အကြောင်းကို မင်းတို့ သိသင့်တယ်။ တောက်ယွမ်ခရိုင်မှာ မိန်းမယူချင်ရင် အပြင်ဘက်ထက် အများကြီး ပိုပြီးစျေးကြီးလေ့ရှိတယ်။ မြို့တော်မှာတောင် အဲဒီလောက် မကြီးဘူး။ အဲဒါ ဘာဖြစ်လို့လဲဆိုတာ မင်းတို့ သိလား။"
"ဘာဖြစ်လို့လဲ။"
"ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ အဆင့်အတန်းက အပြင်ဘက်ထက် ပိုမြင့်လို့ပဲ။ သူတို့က အမျိုးသားတွေ လိုပဲ ကျောင်းတက်နိုင်ပြီး အပြင်ထွက် အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် အမျိုးသမီး တစ်ယောက်ကို လက်ထပ်ဖို့ဆိုရင် သဘာဝကျကျပဲ ကုန်ကျစရိတ် ပိုများရတာပေါ့။
အမျိုးသားတွေက ပိုက်ဆံရှာပြီး အမျိုးသမီးတွေက အိမ်မှုကိစ္စလုပ်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ တောက်ယွမ်ခရိုင်မှာတော့ သူတို့က တခြားဘဝနေထိုင်မှုပုံစံတွေကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိတယ်။ ဒါကြောင့် အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အနာဂတ်တိုးတက်နိုင်ခြေတွေကို စွန့်လွှတ်လိုက်ဖို့ ပိုပြီး ပေးဆပ်ရတာ သိပ်ကို သဘာဝကျပါတယ်။
တောက်ယွမ်ခရိုင်က ဒီလောက်နှစ်တွေအကြာကြီး တိုးတက်လာခဲ့တာ၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က အမျိုးသားတွေထက် မညံ့ဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။ အချိန်ကြာလာတာနဲ့အမျှ တစ်နေ့နေ့မှာ သူတို့ရဲ့ အောင်မြင်မှုနဲ့ အဆင့်အတန်းတွေက အမျိုးသားတွေနဲ့ တန်းတူဖြစ်လာမှာ သေချာတယ်။ အဲဒီအခါကျရင် အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုပဲ လက်ထပ်နိုင်မယ်ဆိုတာ ပုံမှန်ဖြစ်လာမှာ မဟုတ်ဘူးလား။"
"တကယ်ပဲ အမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှမှု ဖြစ်နိုင်ပါ့မလား။" ချူချင်ဟန်က တီးတိုးရေရွတ်လိုက်၏။
"သေချာတာပေါ့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အကြွင်းမဲ့တော့ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က ဒီရည်မှန်းချက်ဆီကို ကြိုးစားနေတာ။ တောက်ယွမ်ခရိုင်က အများပြည်သူသုံး အိမ်သာတွေမှာ အမျိုးသမီးတွေရဲ့ နေရာက အမျိုးသားတွေထက် ပိုများတယ်။ လစဉ်သုံး ပစ္စည်းတွေ ဝယ်ဖို့အတွက်တောင် ထောက်ပံ့ကြေး ပေးထားသေးတယ်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးထားမယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကို ပညာသင်ကြားခွင့်ရအောင် ကျောင်းတွေလည်း ဆောက်ပေးထားတယ်..."
ဖန်ကျန်းရီ၏ စကားဝိုင်းသည် အောက်ပိုင်းကိစ္စများဆီသို့ ရောက်သွားသည်ကို ကြားလိုက်ရသောအခါ ချူချင်ဟန်နှင့် ချူယိုယီတို့၏ မျက်နှာလေးများမှာ ရဲတွတ်သွားကြသည်။
ဖန်ကျန်းရီကတော့ ဂရုမစိုက်ဘဲ ဆက်ပြောနေ၏။ "ဒီလိုနေ့မျိုး ရောက်လာဖို့ဆိုတာ အရမ်း ခက်ခဲကောင်း ခက်ခဲနိုင်တယ်။ ဆယ်စုနှစ်၊ ရာစုနှစ်ပေါင်းများစွာတောင် အချိန်ယူရနိုင်တယ်။ ဒါပေမဲ့ သေချာပေါက် ဖြစ်လာမှာပါ။
လောကကြီးမှာ မူလကတည်းက လမ်းဆိုတာ မရှိဘူး။ လမ်းလျှောက်တဲ့သူတွေ များလာတဲ့အခါ လမ်းဆိုတာ ဖြစ်လာတာပါပဲ။ တချို့သော မျှော်မှန်းချက်တွေက မျှော်မှန်းချက်သတ်သတ်ပဲ ဖြစ်နေသေးပေမဲ့ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီး ကိုယ့်လက်နဲ့ ဖန်တီးမယ်ဆိုရင် အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင်တော့ လမ်းတစ်ခု ပေါ်လာမှာပါ။"
ဖန်ကျန်းရီက စကားပြောရင်း ရှေ့သို့တိုးလာကာ ချူချင်ဟန်၏ ပခုံးကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ "လင်လုံသာ မြို့တော်ကို တကယ်ပဲ သတင်းပို့နိုင်မယ်ဆိုရင် ဒါက အကြီးမားဆုံး ကောင်းမှုတစ်ခုပဲ။ ဒီအခွင့်အရေးကို အသုံးချပြီး အရှေ့ဘက်ဆင်ခြေဖုံး တက္ကသိုလ်မှာ အမျိုးသမီးကျောင်းတစ်ခု ဖွင့်မယ်။ အဲဒီအခါကျရင် အမတ်တွေတောင် ပြောစရာ စကားရှိမှာ မဟုတ်တော့ဘူး။"
"ချင်ဟန်... မင်းက ကျုပ်ပြောတဲ့ စကားတွေကိုတောင် မယုံဘူးဆိုရင် လင်လုံကို သဘောတူအောင် ဘယ်လိုလုပ် ပြောနိုင်တော့မလဲ။ အခု မင်းလုပ်နေတဲ့ အလုပ်က ကိုယ့်ကိုယ်ကိုယ်နဲ့ သံတမန်အဖွဲ့ကို ကယ်တင်ရုံတင် မကဘူး၊ ကမ္ဘာပေါ်က အမျိုးသမီးတွေ အကုန်လုံးကို ကယ်တင်ပြီး သူတို့အတွက် အနာဂတ်တစ်ခုကို ဖန်တီးပေးနေတာပဲ။ နားလည်လား။"
ချူယိုယီသည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ "အစ်မ... အစ်ကိုဖန်ပြောတာ တကယ်ပဲ။ သူ အရင်ကလည်း ကျွန်မကို အရှေ့ဘက်ဆင်ခြေဖုံး တက္ကသိုလ်မှာ ကျောင်းတက်ခိုင်းမယ်လို့ ပြောဖူးတယ်။"
ချူချင်ဟန်သည် ခဏမျှ မှင်သက်သွားသည်။ မူလက လင်လုံကို လှည့်စားရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာပေါ်ရှိ အမျိုးသမီးများကို ကယ်တင်ရမည့် ကြီးလေးသော တာဝန်ကြီးကို ခေါင်းပေါ် တင်ပေးခံလိုက်ရပြီ ဖြစ်သည်။
ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးက ဘာလို့ ဒီလောက်တောင် လေးလံသွားရတာလဲ...
သို့ပေမည့် သူ၏ စကားများသည် အလွန်ကောင်းမွန်လှပေသည်။ လောကကြီးတွင် မူလတည်းက လမ်းဆိုတာ မရှိဘူး။ လမ်းလျှောက်တဲ့သူတွေ များလာတဲ့အခါ လမ်းဆိုတာ ဖြစ်လာတာပါပဲတဲ့။
သူက တကယ်ကို ထူးခြားတဲ့သူပဲ။ သူ့စိတ်ထဲမှာလည်း တကယ်ပဲ ဒီလိုတွေးနေတာ ဖြစ်နိုင်တယ်။
အထက်စီးမှ လွှမ်းမိုးပြောဆိုမှုအောက်တွင် ချူချင်ဟန်၏ အကြည့်များ အနည်းငယ် မှုန်ဝါးသွားပြီး ဖန်ကျန်းရီ၏ ခန္ဓာကိုယ်မှ အဆုံးအစမရှိသော စိတ်ကူးယဉ်ဝါဒ၏ အလင်းရောင်များ ဖြာထွက်နေသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသလိုပင်။
သူမ၏ တုံ့ပြန်မှုကို မြင်တွေ့ရသောအခါ ဖန်ကျန်းရီသည် စိတ်ထဲတွင် ကျေနပ်သွား၏။
ဟမ့် ..ငါ့လို လူ့သဘာဝကို ကျွမ်းကျင်တဲ့ ဟောပြောသူတစ်ယောက်က မင်းကို မသိမ်းသွင်းနိုင်စရာ အကြောင်းရှိလို့လား။
ချူချင်ဟန်က အလွန်တရာ တည်ငြိမ်လွန်းလှသည်။ ယုတ္တိဗေဒကို အလွန်အမင်း အလေးထားသော လူတစ်ယောက် အား စိတ်ခံစားချက်ဖြင့် သိမ်းသွင်းရန် အလွန်ခက်ခဲလှသည်။ ယခု အခြေအနေကတော့ အတိအကျပင် ဖြစ်သည်။
တက္ကသိုလ်တက်ခဲ့စဉ်က သူသည် အမျိုးသမီးအခွင့်အရေးနှင့် တန်းတူညီမျှရေး သဘောတရားများကို အပြင်းအထန် လေ့လာခဲ့ဖူးသည်ကို ပြန်လည်သတိရမိ၏။
သူ၏ မူလရည်ရွယ်ချက်မှာ အမျိုးသမီးအဖွဲ့ထဲသို့ ဝင်ရောက်ကာ ဖွန်ကြောင်ရန်နှင့် ကံကောင်းလျှင် ချစ်သူတစ်ယောက် ရလာနိုင်ရန်သာ ဖြစ်သည်။
သို့သော်ငြား သူ၏ အတွေ့အကြုံနုနယ်မှုနှင့် ရှက်တတ်မှုတို့ကြောင့် ဖွန်ကြောင်ခြင်းလည်း မအောင်မြင်ခဲ့သလို ချစ်သူလည်း မရခဲ့ပေ။ သို့ပေမည့် ယနေ့တွင်တော့ ဤဗဟုသုတများက သူ၏ အသက်ကို ကယ်တင်နိုင်လိမ့်မည် ဟု ဘယ်သူက ထင်ထားမည်နည်း။ အသိပညာက ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဆိုသည်မှာ တကယ်ကို မှန်ပေ၏။
သို့ဆိုလျှင်တောင် မူလရည်ရွယ်ချက်မှာ မူလရည်ရွယ်ချက်သာ ဖြစ်သည်။ အခြားကမ္ဘာသို့ ကူးပြောင်း ရောက်ရှိလာပြီးတည်းက အမျိုးသမီးများ၏ အဆင့်အတန်းကို ပြောင်းလဲရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်။ ရှေးခေတ် အမျိုးသမီးများ၏ ဘဝနေထိုင်မှု အဆင့်အတန်းမှာ အလွန်တရာ ဆိုးရွားလွန်းလှသည်။ အကယ်၍ သူသာ အမျိုးသမီးတစ်ဦးအဖြစ် ကူးပြောင်းရောက်ရှိလာခဲ့မည်ဆိုလျှင် သေချင်စိတ်ပင် ပေါက်သွားနိုင်သည်ဟု ကိုယ်ချင်းစာ တွေးကြည့်မိသည်။
"ကျွန်မ နားလည်ပါပြီ အမတ်ကြီးဖန်။"
ချူချင်ဟန်က အလွန်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ "အမတ်ကြီးဖန် က တကယ်ကို စိတ်ထားကောင်းတဲ့သူပဲ။ ဒီလောက်တောင် အချစ်ကြီးတာဆိုတော့ မင်းသမီးလေးက အမတ်ကြီးနဲ့ အတူရှိနေရတာ အရမ်းပျော်နေမှာပဲနော်။"
"အာ..." ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အနည်းငယ် နေရခက်သည့် အမူအရာ ပေါ်လာခဲ့သည်။ မေးခွန်းက သူ့ဆီကို ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ပျော်ရွှင်လား။ သူနဲ့ လီမြောင်ဟန်ရဲ့ ဘဝကတော့ တော်တော်လေး ပျော်ရွှင်စရာကောင်းပါတယ်။ အိမ်က တခြားမိန်းမတွေနဲ့ ဆက်ဆံရေးကလည်း တော်တော်လေး အဆင်ပြေပါတယ်။
ဒါပေမဲ့ အချစ်ကြီးတယ်လို့ ပြောတာက ငါ့ကို လှောင်နေတာ မဟုတ်ဘူးလား။
တစ်လင်တစ်မယားစနစ်ဆိုတာ နောက်လူတွေလုပ်ဖို့အတွက်ပဲလေ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ရှေးခေတ်လူပဲဟာကို။
"ပျော်ရွှင်ပါတယ်။"
စံနှုန်းနှစ်မျိုးထားတတ်သော ခွေးကောင်ဖန်က ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "ဟို... ချင်ဟန်... အချိန်လည်း မစောတော့ဘူး။ မင်းတို့နှစ်ယောက်လည်း စောစောပြန်နားကြတော့လေ။"
"ဒါနဲ့ ကိစ္စတစ်ခု သတိရသွားလို့။ မင်း နဲ့ လင်လုံ စကားပြောရင်ဖြစ်ဖြစ်၊ စာသင်ရင်ဖြစ်ဖြစ် ကျုပ်အခန်းထဲမှာ လာလုပ်တာ ပိုကောင်းမယ်။ ဖါးပါးက သူ့ကို ကျုပ်အိပ်ရာဝင်ဖို့ အစေခံခိုင်းထားတာဆိုတော့ အောက်ထပ်က အစောင့်တွေက သူ ကျုပ်အခန်းထဲ တစ်ခါမှ မဝင်တာကို တွေ့သွားရင် သံသယဖြစ်သွားနိုင်တယ်။"
"ပြီးတော့ မင်းတို့ ကျုပ်အခန်းထဲမှာ အနံ့လေးနည်းနည်းရအောင် မိတ်ကပ်တွေ၊ ပေါင်ဒါတွေ ယူလာခဲ့တာ ပိုကောင်းမယ်။"
ဟင်။
ချူချင်ဟန်သည် ပုံမှန်မဟုတ်သော အခြေအနေကို လျင်မြန်စွာ ရိပ်စားမိလိုက်သော်လည်း နောင်တွင် ဖန်ကျန်းရီ၏ အခန်းသို့ မကြာခဏ လာရမည်ဖြစ်ပြီး မိတ်ကပ်နှင့် ပေါင်ဒါများပင် သုံးရဦးမည်ဟု ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် ရှက်ရွံ့သွားမိသည်။ သူမက ခေါင်းညိတ်သဘောတူပြီးနောက် ချူယိုယီ ကို ခေါ်ကာ အခန်းထဲမှ အမြန်ထွက်ခွာသွားခဲ့သည်။
...
ဖါးပါးနှင့် ချိန်းဆိုထားသော အချိန်သည် အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။
ထိုနေ့တွင် ဖါးပါးသည် ဖန်ကျန်းရီ၏ အခန်းထဲသို့ ထပ်မံရောက်ရှိလာပြီး ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။ "ညီလေးဖန်... ဘယ်လို စဉ်းစားထားလဲ။"
ဖန်ကျန်းရီသည် စောင်ထဲတွင် ကွေးကွေးလေးနေကာ ခေါင်းလေးသာ ဖော်ထားပြီး ဖါးပါးကို မလိုလားအပ်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာ... အခန်းထဲ ဝင်ရင် တံခါးမခေါက်တတ်ဘူးလား။"
"ဒါ နေ့လယ်တောင် ရောက်နေပြီလေ။" ဖါးပါးက ဘာမှမတတ်နိုင်စွာဖြင့် ပြောလိုက်၏။
"ခင်ဗျားက ကျုပ်ကို တည်းခိုခန်းထဲမှာ ပိတ်လှောင်ထားပြီး မိန်းမသုံးယောက်ပဲ အဖော်ပြုပေးထားတာလေ။ ကျုပ် နည်းနည်း နောက်ကျမှ ထတာ ဘာဖြစ်လို့လဲ။"
"ညီလေးဖန်ကတော့ အတော်လေး အပန်းဖြေတတ်တာပဲ။ ဒုက္ခကြီးနဲ့ ကြုံနေရတာတောင် ယောကျ်ားမာန် မပျောက်သေးဘူးပဲ။"
ဖါးပါးသည် အခန်းထဲရှိ ပြင်းထန်သော အလှပြင်ပစ္စည်းအနံ့များကို ရှူရှိုက်မိပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ဆော့စရာရှိတာတွေ ဆော့ပြီးပြီဆိုရင်လည်း ထပ်ပြီး အချိန်မဆွဲပါနဲ့တော့။"
ဖန်ကျန်းရီသည် တိတ်ဆိတ်စွာပင် ထရပ်လိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စပြီးသွားရင် ကျုပ်ကို သတ်မပစ်ဘူးဆိုတာ ဘယ်လို အာမခံနိုင်မလဲ။ အကယ်၍ ခင်ဗျားမှာ အာမခံချက်မရှိဘူးဆိုရင် သံတမန်အဖွဲ့ကို တစ်ယောက်ပြီး တစ်ယောက် စသတ်လိုက်တော့လေ။"
ဖါးပါးသည် ရင်ခွင်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။ "ညီလေးဖန် ဒီလိုမေးမယ်ဆိုတာ ကျုပ် ကြိုသိနေလို့ အရှင်မင်းကြီးဆီမှာ ရွှေပြားတစ်ခု အထူးတောင်းဆိုပေးထားတယ်။ တာ့ကျင်းရဲ့ အခေါ်အဝေါ် အရဆိုရင် ဒါကို သေဒဏ်ကင်းလွတ်ခွင့် ရွှေပြားလို့ ခေါ်လို့ရပါတယ်။"
ရွှေရောင်တောက်ပနေသော ရွှေပြားကို ကြည့်ရင်း ဖန်ကျန်းရီက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။ "ကျုပ်ကို အရူးမှတ်နေတာလား။ ခင်ဗျားတို့ ကျင်းတိုင်းပြည်ကို မပြောနဲ့အုံး။ တာ့ကျင်းမှာတောင် သေဒဏ်ကင်းလွတ်ခွင့် သံမဏိလက်မှတ် ရထားတဲ့သူတွေ သေသွားတာ ဘယ်နှစ်ယောက်ရှိနေပြီမှန်းတောင် မသိဘူး။"
ဖန်ကျန်းရီ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖါးပါးက ချက်ချင်းပြောလိုက်၏။ "မဟုတ်ဘူး။ ဒီရွှေပြားက သာမန်မဟုတ်ဘူး။"
အပိုင်း (၇၇၅) မကောင်းဆိုးဝါးနှင့် တရားဓမ္မ အားပြိုင်ပွဲတွင် မည်သူက အနိုင်ရမည်နည်း။
"ကျုပ်တို့ဆီမှာ မျိုးနွယ်စု ရှစ်စု အညံ့ခံဖို့ စည်းရုံးလှုံ့ဆော်ခဲ့ရတယ်လို့ ကျုပ်ပြောခဲ့တာကို ညီလေးဖန် မှတ်မိသေးလား။ အဲဒီတုန်းက အရှင်မင်းကြီးက မျိုးနွယ်စုခေါင်းဆောင်တွေ အားလုံးကို စိတ်အေးချမ်းသာစွာနဲ့ နေနိုင်ဖို့ ကတိတွေပေးတာ၊ စည်းစိမ်တွေနဲ့ သိမ်းသွင်းတာတွေအပြင် အရေးအကြီးဆုံးက ခေါင်းဆောင်တိုင်း အတွက် ဒီကတိသစ္စာပြု ရွှေပြားကို ထုလုပ်ပေးခဲ့တာပဲ။
ဒီရွှေပြားက အာဏာကို ကိုယ်စားပြုရုံတင်မကဘူး၊ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ ပြည်တွင်း စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုတယ်။ အခု ခင်ဗျားဆီမှာလည်း တစ်ခုရှိနေပြီဆိုတော့ တကယ်လို့ တစ်ယောက်ယောက် က ခင်ဗျားကို အသုံးချပြီးရင် သတ်ချင်တယ်ဆိုရင်တောင် တခြားမျိုးနွယ်စု ခေါင်းဆောင်တွေက တွေ့သွားရင် စိုးရိမ်ပူပန်မှုတွေ ဖြစ်လာလိမ့်မယ်။ ခင်ဗျားကို သတ်ချင်ရင် ပထမဆုံး တားဆီးမယ့်သူက အရှင်မင်းကြီးပဲ။"
"ညီလေးဖန်... ခင်ဗျား စိတ်မချဖြစ်မှာကို ကျုပ်သိလို့ အရှင်မင်းကြီးဆီမှာ အထူးတောင်းဆိုပြီး လုပ်ပေးထားတာ။ ဒီရွှေပြားရဲ့ အလေးချိန်က ဘယ်လောက်ရှိတယ်ဆိုတာကို ကျုပ် ထပ်ပြောပြစရာ မလိုတော့ဘူးမလား။"
တော်တော်လေးကို အစီအစဉ်တကျပါလား။ Lord of the Rings ဇာတ်ကားထဲကလိုပဲ။
ဖန်ကျန်းရီသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း ရွှေပြားကို လေးနက်သော အမူအရာဖြင့် လှမ်းယူလိုက်၏။ ရွှေပြားပေါ်တွင် ပြည့်နှက်နေသော ရွှေစာလုံးများကို ကြည့်ကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာ ပြောတာက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို မယုံဘူးဆိုတာကို ခင်ဗျား သိဖို့လိုတယ်။ ခင်ဗျားပြောတာ မှန်မမှန် စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ရှာရမယ်။"
"ခင်ဗျား ဘယ်လို စစ်ဆေးချင်တာလဲ။" ဖါးပါးက မေးလိုက်၏။
ဖန်ကျန်းရီက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "ရိုးသားပြီး ယုံကြည်ရတဲ့သူ တစ်ယောက်ကို ကျုပ် ရှာရမယ်။ ကျင်းတိုင်းပြည်မှာ ကျုပ် သိတဲ့သူ မရှိဘူး။ ဒါဆိုရင် ဒုတိယမင်းသားပဲ ရှိတော့တာပေါ့။ သူက စိတ်ပိုင်းဆိုင်ရာ ပြဿနာ နည်းနည်းရှိပေမဲ့ ရိုးသားဖြောင့်မတ်တဲ့သူ ဆိုတာကိုတော့ မြင်နိုင်ပါတယ်။"
"ရပါတယ်။ ဒါဆို ညီလေးဖန် အခု ကျုပ်နဲ့လိုက်ခဲ့ပါ။" ဖါးပါးသည် ဖိတ်ခေါ်သည့်ဟန်ဖြင့် လက်ကို ဆန့်ထုတ်လိုက်၏။
ဖန်ကျန်းရီသည် ဘာမျှမပြောတော့ဘဲ ရှေ့မှ ဦးဆောင်ထွက်သွားကာ အောက်ထပ်သို့ တိုက်ရိုက်ဆင်းသွားခဲ့သည်။
တည်းခိုခန်းအပြင်ဘက်သို့ ရောက်သောအခါ အရာရှိပုံစံပေါက်သော လူနှစ်ယောက်သည် ဖန်ကျန်းရီအနီးသို့ ချက်ချင်း ချဉ်းကပ်လာကြ၏။
ဖါးပါးက ရှင်းပြလိုက်သည်။ "ညီလေးဖန်... ဒီလူနှစ်ယောက်ကို ကျုပ်က ခင်ဗျားအတွက် အထူး ပြင်ဆင်ပေးထားတာ။ ဒီနေ့ကစပြီး ခင်ဗျား တည်းခိုခန်းပြင်ကို ထွက်တာနဲ့ ဒီလူနှစ်ယောက်က ခင်ဗျားရဲ့ နေထိုင်ရေးကို ဂရုစိုက်ပေးလိမ့်မယ်။ ဘာလိုအပ်ချက်ရှိရှိ သူတို့ကို ပြောလို့ရတယ်။ ဆက်သွယ်ရေးလည်း အဆင်ပြေပါတယ်။"
ဖန်ကျန်းရီသည် အရာရှိနှစ်ယောက်ကို တစ်ချက်အကဲခတ်လိုက်၏။ သူတို့နှစ်ယောက်စလုံးမှာ ခန္ဓာကိုယ် ထွားကြိုင်းပြီး မျက်လုံးများက သူ့အပေါ်မှ မခွာကြောင်း တွေ့လိုက်ရသည်။
သူက အေးစက်သော မျက်နှာဖြင့် နှာခေါင်းရှုံ့ပြီးနောက် မြင်းပေါ်သို့ တက်လိုက်၏။
ဖါးပါးသည် ထိုအခြေအနေကို မြင်သောအခါ ပြုံးရုံသာပြုံးပြီး မြင်းပေါ်တက်၍ ဖန်ကျန်းရီ၏ ရှေ့မှ လမ်းပြရန် ထွက်သွားခဲ့သည်။
လမ်းတွင် ဖန်ကျန်းရီသည် အဆက်မပြတ် တိတ်တဆိတ် အသက်ပြင်းပြင်း ရှူနေမိ၏။
ကံကောင်းပါရဲ့... ဘုန်းကြီးအိုကြီးရဲ့ စီစဉ်မှုက တော်တော်လေး အဆင်ပြေတယ်။ ပြီးတော့ အာလီပိုင်ကို တွေ့ဖို့ တော်တော်လေး ကြိုးစားရမယ်လို့ ထင်ထားတာ၊ အခုတော့ သက်သာသွားပြီပဲ။
နောက်ပိုင်းကျရင် ငါ့ရဲ့ သဘောထားကို မှန်မှန်ကန်ကန် ထားရမယ်။ အရမ်းလည်း ပူးပေါင်းလို့မရသလို၊ လုံးဝ မပူးပေါင်းဘဲလည်း မနေနိုင်ဘူး။ မဟုတ်ရင် ဖါးပါးဆိုတဲ့ အဘိုးကြီးက လှည့်စားဖို့ မလွယ်ဘူး။
ဖါးပါးသည် ဖန်ကျန်းရီကို ဘေးတိုက်ကြည့်လိုက်ရာ အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ပြောလိုက်၏။ "ညီလေးဖန်... ခင်ဗျား စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ကျုပ်က ပြောတဲ့အတိုင်း လုပ်တဲ့သူပါ။ ခင်ဗျားက ကျုပ်နဲ့ ရိုးရိုးသားသား ပူးပေါင်းပြီး ကျင်းတိုင်းပြည်အတွက် ကောင်းကင်ဘုံကပေးတဲ့ လက်နက်ကို ဖန်တီးပေးမယ်ဆိုရင်ပေါ့။ သံတမန်အဖွဲ့ထဲက တစ်ယောက်မှ ဒဏ်ရာမရစေရဘူးလို့ ကျုပ် အာမခံရဲတယ်။ နောက်နောင် ကျင်းတိုင်းပြည်က တာ့ကျင်းကို အောင်နိုင်တဲ့အခါ ခင်ဗျား က ပထမတန်းစား သူရဲကောင်း ဖြစ်လာမှာပဲ။ ကျင်းတိုင်းပြည်မှာ ခင်ဗျားရခဲ့တဲ့ အခွင့်အရေးတွေ အားလုံးက တာ့ကျင်းမှာလည်း လျော့သွားမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ "နိုင်ငံတော်ဆရာကတော့ တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ။ ကျုပ်တို့ တာ့ကျင်းရဲ့ နိုင်ငံတော်အင်အားက အထွတ်အထိပ်ကို ရောက်နေပြီ။ ဒီနှစ်တွေအတွင်းမှာ အနားယူပြီး အင်အားဖြည့်တင်းလာခဲ့တာ အဆင့်သစ်တစ်ခုကိုတောင် ရောက်နေပြီ။ စစ်ရှုံးမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ တာ့ကျင်းမှာ ခင်ဗျားတို့ရဲ့ အကြံအစည်တွေကို သိနေတဲ့သူ ရှိကောင်းရှိနိုင်တယ်။ အခုထိ အရေးမယူသေးတာက နောက်ထပ် အကွက်ရွှေ့ဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်တာပဲ။"
ဖါးပါးက လှောင်ပြုံးပြုံးလိုက်၏။ "အကွက်ရွှေ့တယ်ဟုတ်လား၊ စစ်တုရင်ကစားသမားတွေက တစ်ပွဲတည်းကို အတူတူ ကစားနိုင်တယ်ဆိုတော့ သဘာဝကျကျပဲ အဆင့်အတန်းတူတာပေါ့။ ဘယ်သူ့ကိုမှ အရူးလို့ မသတ်မှတ်ပါနဲ့။ ညီလေးဖန်ရဲ့ စကားက တကယ်ကို ရယ်ချင်စရာကောင်းတယ်။ တကယ်လို့ တစ်ယောက်ယောက် ကများ စောစောစီးစီး သိသွားခဲ့တယ်ဆိုရင် အခုချိန် ကျုပ်က ဒီနေရာမှာ ညီလေးဖန်နဲ့ စကားပြောနေသင့်တာ မဟုတ်ဘူး။
ဒီနှစ်တွေအတွင်းမှာ ကျုပ်တို့နိုင်ငံရဲ့ စစ်သားစုဆောင်းမှုနဲ့ တပ်ဖွဲ့ဝင်တိုးချဲ့မှုတွေကို မျိုးနွယ်စုအသီးသီးမှာ ခွဲပြီးလုပ်ခဲ့တာ။ တာ့ကျင်းကို စစ်ချီဖို့ စည်းရုံးလှုံ့ဆော်တာကိုလည်း အထက်တန်းလွှာ နည်းနည်းလေးပဲ သိတာ။ တကယ်လို့ တာ့ကျင်းကသာ စောစောစီးစီး သိခဲ့မယ်ဆိုရင် နယ်စပ်တွေမှာ အစီအမံတွေ လုပ်ထားပြီးလောက်ပြီ။ ဒါပေမဲ့ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ ထောက်လှမ်းရေးအဖွဲ့က အခုထိ သတင်းမရသေးပါဘူး။"
"ဟမ့် …. ခင်ဗျားတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့က အရယ်ခံရလောက်အောင်ပါပဲ။"
ဖါးပါးက ရယ်မောလိုက်၏။ "ညီလေးဖန် ခေါင်းမာနေစရာ မလိုပါဘူး။ ဒီတစ်ကြိမ်မှာ ဘယ်သူက အရယ်ခံရမလဲ ဆိုတာ အားလုံးသိပါတယ်။"
ဖန်ကျန်းရီ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ တာ့ကျင်း၏ ထောက်လှမ်းရေးအဖွဲ့မှာ တကယ်ကို ညံ့ဖျင်းလွန်းလှသည်။
ကျင်းယီဝေတပ်ဖွဲ့၏ လုပ်ငန်းများမှာ နိုင်ငံခြားသို့ မရောက်ရှိသေးဘဲ တုန်းချန်အဖွဲ့ကလည်း အသုံးမကျပေ။
ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီသည် ဖါးပါးကို မျက်နှာထားတင်းတင်းဖြင့် ရိုင်းစိုင်းသော စကားတစ်ခွန်းကို ပြောလိုက်၏။ "နိုင်ငံတော်ဆရာ... မကောင်းဆိုးဝါးနဲ့ တရားဓမ္မ အားပြိုင်ရင် ဘယ်သူက အနိုင်ရမလဲ။"
ဖါးပါးက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ "ဘယ်သူက မကောင်းဆိုးဝါး၊ ဘယ်သူက တရားဓမ္မလဲဆိုတာ မသိနိုင်သေးပါဘူး။"
"ကျင်းတိုင်းပြည်က စစ်ပွဲကို အရင်စခဲ့တာ။ ကျုပ်တို့ တာ့ကျင်းက တရားမျှတတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတာ။ ကျုပ် ခင်ဗျားကို ပြောလိုက်မယ်... မကောင်းဆိုးဝါးက တစ်ပေမြင့်ရင် တရားဓမ္မက တစ်လံမြင့်တယ်။"
ဖါးပါးက အနည်းငယ် ပြုံးလိုက်ပြီး ဖန်ကျန်းရီကို ခေါင်းညိတ်ပြလိုက်၏။ "စကားများများပြောနေလည်း အကျိုးမရှိပါဘူး။ ဒါဆိုရင်လည်း... ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့။"
...
ဆယ်မိနစ်ခန့် ကြာပြီးနောက် ထိုအဖွဲ့သည် အိမ်တော်တစ်ခု၏ အရှေ့တွင် ရပ်တန့်သွားကြသည်။
ဖါးပါးက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ "ညီလေးဖန်... ကျုပ်တို့ ရောက်ပြီ။ ဒီနေရာက ဒုတိယမင်းသားရဲ့ အိမ်တော်ပဲ။ ခင်ဗျား သိချင်တာမှန်သမျှ သူ့ကို မေးလို့ရတယ်။ ဒါပေမဲ့ မေးပြီးသွားရင်တော့ နောက်ထပ် လှည့်ကွက်တွေလုပ်ဖို့ ဒုတိယအခွင့်အရေး မရှိတော့ဘူးနော်။ ကျုပ်က အရမ်းအလုပ်များတယ်။ ခင်ဗျား နဲ့အတူ လိုက်ပြီး လျှောက်စစ်ဆေးပေးဖို့ အချိန်မရှိဘူး။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။ ခင်ဗျားပြောတာတွေ အကုန်လုံး အမှန်ပဲဆိုရင်တော့ ကျုပ်လည်း ဘာမှပြောစရာ မရှိတော့ပါဘူး။"
"ဒါဆိုရင် သွားကြတာပေါ့။"
အိမ်တော်တံခါးကို ခေါက်လိုက်သောအခါ အစေခံတစ်ယောက်က လာဖွင့်ပေးပြီး နိုင်ငံတော်ဆရာ ဖါးပါး ရောက်လာသည်ကို မြင်သောအခါ အမြန် ဖိတ်ခေါ်လိုက်၏။
ဝင်သွားပြီးနောက် ဖါးပါးသည် စကားအပိုမပြောတော့ဘဲ ဖန်ကျန်းရီကို ဆွဲကာ အာလီပိုင်ကို သွားရှာတော့သည်။
လမ်းလျှောက်ရင်းဖြင့် ပြောလိုက်၏။ "ဒုတိယမင်းသားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းသားကြီးနဲ့ သိုင်းပြိုင်ရင်း ဒဏ်ရာရသွားတယ်။ ညီလေးဖန် ပြောစရာရှိတာ မြန်မြန်ပြောနော်။ သူ့ရဲ့ အနားယူချိန်ကို မနှောင့်ယှက်ပါနဲ့။"
ဖန်ကျန်းရီက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဘယ်သူနိုင်သွားလဲ။"
"မင်းသားကြီးနိုင်တာပေါ့။ မဟုတ်ရင် ဒုတိယမင်းသားက ဘယ်လိုလုပ်ပြီး အိပ်ရာထဲလဲနေပါ့မလဲ။ သူ အရိုက်ခံရပြီး သွေးတွေတောင် အန်ထားတာ။"
"..."
အစေခံ၏ လမ်းပြမှုနောက်သို့ လိုက်ပါသွားပြီးနောက် အာလီပိုင်၏ အခန်းထဲသို့ ဝင်ရောက်သွားသောအခါ အခန်းတစ်ခုလုံးတွင် ဆေးနံ့များ ပြင်းထန်စွာ ရနေသည်။
အခန်းထဲရှိ ထင်ရှားသော ကုတင်ကြီးပေါ်တွင် အာလီပိုင်သည် မျက်လုံးများပွင့်လျက် အမိုးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေ၏။
ရုတ်တရက် အခန်းထဲသို့ လူများ ဝင်လာသည်ကို ခံစားလိုက်ရသောအခါမှ အာလီပိုင်သည် ခေါင်းကို မနည်းလှည့်ကာ ကြည့်လိုက်သည်။
ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားတော့၏။
"အစ်..."
"ဒုတိယမင်းသား... မတွေ့ရတာ ကြာပြီနော်။" အာလီပိုင် စကားမှားပြောမိတော့မည်ကို သိလိုက်ရသဖြင့် ဖန်ကျန်းရီက အရင်ဦးအောင် သူ၏ ကုတင်ဘေးသို့ အမြန်သွားကာ ဂရုတစိုက်ဖြင့် မေးလိုက်သည်။ "ရက်အနည်းငယ်လောက် မတွေ့ရတာနဲ့ပဲ ဘယ်လိုလုပ်ပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာ ရသွားတာလဲ။"
အာလီပိုင်သည် သူ့ဘေးနားရှိလူကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "နိုင်ငံတော်ဆရာလည်း ရောက်နေတာပဲ။ ပြောရရင်တော့ ရှက်စရာပါပဲ... ကျုပ် အစ်ကိုကြီးနဲ့ သိုင်းပြိုင်တာ ရှုံးသွားလို့ပါ။ အမတ်ကြီးဖန်က ဘာကိစ္စရှိလို့ လာတာလဲ။"
"ကျုပ် ဒုတိယမင်းသားကို အတည်ပြုချင်တဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ။"
ဖန်ကျန်းရီက စကားပြောရင်း သူ၏ ရင်ခွင်ထဲသို့ လက်နှိုက်လိုက်သည်။ သို့ပေမည့် တစ်ဝက်ခန့်အရောက်တွင် ဖါးပါးဘက်သို့ လှည့်ကာ ပြောလိုက်၏။ "နိုင်ငံတော်ဆရာ... ခင်ဗျားတို့ ဒီမှာရှိနေရင် လှည့်ကွက်တွေ ရှိနေမှာကို ကျုပ် စိုးရိမ်တယ်။ မျက်လုံးနဲ့ အချက်ပြပြီး လုပ်ကြရင် ဘယ်လိုလုပ်မလဲ။ ကျုပ် ဒုတိယမင်းသားနဲ့ သီးသန့် စကားပြောချင်တယ်။ ရမလား။"
ဖါးပါး၏ အကြည့်များသည် အာလီပိုင်နှင့် ဖန်ကျန်းရီတို့ကြားတွင် ဟိုဟိုဒီဒီ ရွေ့လျားနေပြီး အနည်းငယ် တုံ့ဆိုင်းနေသည်။
ထိုအချိန်တွင် အာလီပိုင်သည် ချောင်းဟန့်ပြီး ပြောလိုက်၏။ "နိုင်ငံတော်ဆရာ … သူ ပြောချင်တယ်ဆိုရင်လည်း ပေးပြောလိုက်လေ။ ဘာကိစ္စတွေကများ သူများမသိအောင် ပြောရမှာမို့လို့ နိုင်ငံတော်ဆရာက ဒီမှာ စောင့်ကြည့်နေမှာလဲ။ ဒါမှမဟုတ် နိုင်ငံတော်ဆရာမှာ ကျုပ်ကို ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေသေးလို့လား။"
ဖါးပါးသည် အတင်းအကျပ် ဖြစ်ညှစ် ပြုံးလိုက်၏။
အခုတော့ ခင်ဗျား ကို မဖုံးကွယ်ရဲတော့ပါဘူး။ စိတ်ကလည်း မမှန်ဘူးဆိုတော့ ဒဏ်ရာပျောက်သွားရင် ကျုပ်ကို ပြဿနာလာရှာနေပါအုံးမယ်။
ဖန်ကျန်းရီကလည်း လှောင်ချိုင့်ထဲက ငှက်လို ဖြစ်နေပြီဆိုတော့ ဘာပြဿနာမှ မရှာနိုင်လောက်ပေ။
ဖါးပါးသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကောင်းပါပြီ။ ဒါဆို အပြင်မှာ လူခေါ်ပြီး စောင့်နေလိုက်မယ်။ အမတ်ကြီးဖန် ဒုတိယမင်းသားကို မေးစရာရှိတာ မြန်မြန်မေးလိုက်ပါ။ ကျုပ် အပြင်ကနေ စောင့်နေမယ်။"
ထို့နောက် ဖါးပါးသည် လူများကို ခေါ်ကာ အခန်းပြင်သို့ ထွက်သွားခဲ့၏။