← Chapters

အခန်း (၇၇၆-၇၇၇)

Vol. 41 Ch. 776-777

အခန်း (၇၇၆-၇၇၇)

Vol. 41 Ch. 776-777

အပိုင်း (၇၇၆) ဆရာ ... ကျုပ် သိုင်းကျင့်တာ ပြဿနာတစ်ခုရှိနေတယ်။

ဖါးပါး ထွက်သွားသည်နှင့်တစ်ပြိုင်နက် အာလီပိုင်သည် ချက်ချင်းပင် အသက်ဝင်လာကာ အလျင်စလို ပြောလိုက်၏။ "ဆရာ ... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ကျုပ် ကူညီပေးဖို့ လိုအပ်တာများ ရှိနေလို့လား။ ကူညီနိုင်တာဆိုရင် သေချာပေါက် ကူညီပေးမှာပါ။"

ဖန်ကျန်းရီသည် သူ၏ရင်ဘတ်ကို ဖွဖွလေး ပုတ်လိုက်ပြီးသည့်နောက် အလွန်တရာ နှမြောတသဖြစ်နေသည့် မျက်နှာထားနှင့် ပြောလိုက်သည်။ "ငါ့ရဲ့ တပည့်ကောင်းလေး ... မင်း ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အရိုက်ခံလိုက်ရတာလဲ။ ငါ့မှာ ကိုယ်တိုင်သင်ပေးထားတဲ့ တပည့်ဆိုလို့ နှစ်ယောက်ပဲ ရှိတာ။ မင်း သာ တစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုလုပ် အသက်ဆက်ရှင်ရတော့မလဲ။ မင်းက ငါ့ရဲ့ ပညာတွေကို ဆက်ခံပေးမယ်လို့ မျှော်လင့်ထားခဲ့တာကို။"

အာလီပိုင်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ရင်ထဲတွင် နွေးထွေးသွားခဲ့ချေ၏။

ငယ်စဉ်တည်းက သူ့အပေါ် ဤမျှလောက် ဂရုစိုက်ပေးသူဟူ၍ အလွန်နည်းပါးလှသည်။ သူတစ်ပါး၏ လိုအပ်ခြင်းကို ခံရသည့် ခံစားချက်က တကယ်ကို ကောင်းမွန်လှသည်။

ဖန်ကျန်းရီက မေးလိုက်၏။ "ငါ့ကိစ္စကို အရင်မပြောနဲ့အုံး။ မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။"

အာလီပိုင်က ပြန်ဖြေလိုက်သည်။ "ဆရာ ... ကျုပ် ဘာမှမဖြစ်ပါဘူး။ အပေါ်ယံဒဏ်ရာတွေလောက်ပါ။ ကျုပ် အစ်ကိုကြီးကို သွားပြီး စိန်ခေါ်ခဲ့တယ်။ တော်တော်လေး အထိနာသွားတယ် ဆိုပေမဲ့ သူ့ကို နှစ်ကြိမ်တောင် လဲကျအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ခမည်းတော်က ကျုပ်ရဲ့ ဒဏ်ရာတွေကို ကိုယ်တိုင် လာကြည့်ပေးပြီး တိုးတက်လာတယ်လို့တောင် ချီးကျူးသွားသေးတယ်။ အဟွတ် အဟွတ်။"

အာလီပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ထရန် ကြိုးစားလိုက်ရာ ဒဏ်ရာကို သွားထိမိသွားသောကြောင့် အပြင်းအထန် ချောင်းဆိုးသွားခဲ့၏။

ဖန်ကျန်းရီသည် စိတ်သက်သာရာရသွားသည့် မျက်နှာထားနှင့် ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့။ မင်း ဘာမှမဖြစ်ဘူးဆိုရင်ပဲ ငါက စိတ်အေးရပါပြီ။ ကျန်တာတွေက အရေးမကြီးပါဘူး။

နောက်ဆိုရင် ဒီလိုမျိုး ဇွတ်တရွတ် မလုပ်ရဘူးနော်။ မင်း သိုင်းကျင့်တာ ဘယ်လောက်ကြာပြီလဲ။ မင်း အစ်ကိုကြီး သိုင်းကျင့်တာ ဘယ်လောက်ကြာပြီလဲ။ အဲဒါကိုများ သွားပြီး စိန်ခေါ်ရဲသေးတယ်။"

အာလီပိုင်သည် နာကျင်စွာဖြင့် ပြောလိုက်၏။ "ဟူး ... ကျုပ်က ထိုက်ချိသိုင်းကို တတ်မြောက်သွားပြီ ဆိုတော့ ဆရာကျန်းပြောင်နဲ့ ဆရာကျိုးထျဲ့တို့ နှစ်ယောက်ရဲ့ သင်ကြားပေးမှုလည်း ပါတာဆိုတော့ သိုင်းပညာ တော်တော်လေး တိုးတက်လာပြီလို့ ထင်ခဲ့တာ။ ဒါကြောင့် အစ်ကိုကြီးနဲ့ ယှဉ်ပြိုင်ပြီး ရလဒ်ကို အတည်ပြုချင်ခဲ့တာ။ ဒါပေမဲ့ မထင်ထားဘူး ... အစ်ကိုကြီး သိုင်းကျင့်လာတဲ့ အနှစ်နှစ်ဆယ်ကျော်က တကယ်ကို အချည်းနှီး မဟုတ်ဘူးပဲ။"

"သူက အနှစ်နှစ်ဆယ်ကျော် ကျင့်ထားတာလေ။ မင်းမှာ မွေးရာပါ ပါရမီရှိပြီး ထိုက်ချိသိုင်း အခြေခံရှိလို့ တစ်ရက်ကျင့်တာက သာမန်လူတွေ ရက်နှစ်ဆယ် ကျင့်တာနဲ့ ညီမျှတယ် ဆိုပေမဲ့ ယှဉ်နိုင်ဖို့အတွက်ဆိုရင် တစ်နှစ်ကျော်လောက်တော့ အချိန်ယူရအုံးမှာပဲ။ ဘာကိစ္စကိုမှ အလောတကြီး မလုပ်နဲ့။ အခြေခံကို သေချာချထား။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် မင်းက မင်းအစ်ကိုကြီးကို အေးဆေး အနိုင်ယူနိုင်မှာပါ။"

အာလီပိုင်သည် ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်၏။ "ဟုတ်ကဲ့။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် ကျုပ် အနိုင်ယူပြမယ် ... ဆရာ ... လတ်တလော ကျုပ် ကို စိတ်ရှုပ်ထွေးစေတဲ့ ပြဿနာတစ်ခု ရှိနေတယ်။ ဖန်ထိုက်မြို့ကို ပြန်ရောက်ပြီးတည်းက ထိုက်ချိသိုင်းကို ကျင့်တဲ့အခါ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့ လေစီးကြောင်း ခံစားချက်မျိုး မရှိတော့ဘူး။ ပြီးတော့ ကျုပ်..."

ထိုသို့ပြောနေစဉ် အာလီပိုင်သည် သူခိုးတစ်ယောက်လိုမျိုး ဖန်ကျန်းရီ၏ အပြင်ဘက်သို့ အကြိမ်အနည်းငယ် ခိုးကြည့်လိုက်၏။ လူမရှိသည်ကို သေချာမှသာ တိုးတိုးလေး ပြောလိုက်သည်။ "ပြီးတော့ ကျုပ်ရဲ့ အောက်ပိုင်းက နည်းနည်း နာကျင်နေသလို ခံစားရတယ်။ ဆီးသွားရင်လည်း လမ်းကြောင်းခွဲထွက်နေတယ်။ ပြဿနာတစ်ခုခုများ ဖြစ်နေတာလား။"

ဖန်ကျန်းရီ၏ မျက်နှာအမူအရာသည် ရုတ်တရက် အေးခဲသွားခဲ့၏။

ဆီးသွားလျှင် လမ်းကြောင်းခွဲထွက်ပြီး အောက်ပိုင်းက နာကျင်နေသည်လား။ ချီးတဲ့မှ …. သက်တမ်းကုန်နေသည့် မြင်းဆေးကို စားမိပြီး ဆီးကျိတ်ရောင်ရောဂါ ဖြစ်သွားတာများလား။

မင်း ကောင်လေး ... ကိစ္စကြီးတွေလည်း မပြော၊ ကိစ္စငယ်တွေလည်း မပြောဘဲ ဆီးကျိတ်ရောင်တဲ့အကြောင်းကို ပြောရသလား။

ဖန်ကျန်းရီ ငြိမ်သက်နေသည်ကို မြင်သောအခါ အာလီပိုင်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "ဆရာ ... ဘာပြဿနာ ဖြစ်နေတာလဲဆိုတာ မြန်မြန်ပြောပြပါအုံး။"

ဖန်ကျန်းရီသည် သတိပြန်ဝင်လာပြီး နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ပါဘူး။ ခုနက ငါ စဉ်းစားကြည့်လိုက်တာ မင်း သိုင်းကျင့်တာ လမ်းကြောင်းမှားပြီး အတွင်းအားတွေ လမ်းလွဲသွားတာ ဖြစ်ရမယ်။

အရင်တုန်းက ကျင့်တဲ့အခါ မင်း ရဲ့ဘေးမှာ ကျိုးထျဲ့ လမ်းညွှန်ပေးနေတာ မဟုတ်ဘူးလား။ သေချာပေါက် မင်း တစ်နေရာရာမှာ ကျင့်တာ မှားသွားလို့ပဲ ဖြစ်ရမယ်။ မင်းရဲ့ ဒဏ်ရာတွေ သက်သာသွားမှ သူ့ဆီမှာ ပြန်ကျင့်တော့။ ကိုယ့်ဘာသာကိုယ် အရမ်းကာရော မကျင့်နဲ့တော့။

ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် သိုင်းကျင့်တာ လမ်းကြောင်းမှားသွားတဲ့အခါ အတွင်းအားစီးဆင်းတဲ့ ခံစားချက် မရှိတော့ဘဲ ဆီးသွားရင် လမ်းကြောင်းခွဲထွက်တတ်တယ်။ ဖုံးကွယ်မထားဘဲ ပြောရရင် ငါ ငယ်ငယ်တုန်းက ဆရာသမားတွေနောက် လိုက်ပြီး သိုင်းကျင့်တုန်းကလည်း လမ်းကြောင်းမှားဖူးတယ်။ အဲဒီတုန်းက တော်တော်လေး ပြင်းထန်တယ်။ အတွင်းအားတွေက လမ်းကြောင်း အများကြီး ကွဲထွက်သွားတာ ..." ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်နေသည့် အမူအရာ ပေါ်လာခဲ့၏။

"ငါ ဆီးသွားရင် ယပ်တောင်ပုံစံမျိုး ထွက်လာတာလေ။ နှစ်တော်တော်ကြာမှ ပြန်ပြီး ပြင်နိုင်ခဲ့တာ။"

အာလီပိုင်သည် အလွန်အမင်း အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် လေးစားသွားခဲ့သည်။ "ယပ်တောင်ပုံစံ။"

ဆရာဆိုသည့်အတိုင်းပင် ဆီးသွားသည့် လမ်းကြောင်းခွဲထွက်မှုကအစ အများ နှင့်မတူဘဲ တစ်မူထူးခြားနေသည်။ သေးတောင် ယပ်တောင်ပုံစံ ပေါက်လေသည်။

အာလီပိုင်က ထပ်မေးလိုက်၏။ "ဒါဆို အောက်ပိုင်းက နာကျင်နေတာက ဘာဖြစ်လို့လဲ။ ကျုပ် အမြဲတမ်း နာကျင်နေလို့ပါ။ ဆရာ့မှာများ ဖြေရှင်းပေးနိုင်မည့် နည်းလမ်း ရှိမလား။"

ဖန်ကျန်းရီသည် ခေါင်းကို ကုတ်လိုက်သည်။

ဆီးကျိတ်ရောင်တာ ဟုတ်မဟုတ် မသေချာသေးချေ။ သေချာသွားလျှင်လည်း သူ မဖြေရှင်းပေးတတ်ပေ။

ဆီးကျိတ်ရောင်ရောဂါအကြောင်းကို ဘာမှနားမလည်ပေမဲ့ ဆီးကျိတ် နှိပ်နယ်တာကိုတော့ အနည်းငယ် သိထားပါသေးသည်။

အတန်ကြာ စဉ်းစားပြီးသည့်နောက် ဖန်ကျန်းရီ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသဖြင့် ခေါင်းကို တစ်ချက် ပုတ်ကာ ပြောလိုက်၏။ "တပည့်လေး ... ဒါကို ဖြေရှင်းဖို့က လွယ်ပါတယ်။ ဒါကလည်း သိုင်းကျင့်တာ လမ်းကြောင်းမှားသွားလို့ ဖြစ်ရတာပဲ။

ထိုက်ချိသိုင်းက ယင်နဲ့ယန် မျှတအောင် ညှိယူရတာ။ မင်း က လမ်းကြောင်းမှားသွားတော့ ယင်နဲ့ယန် မမျှတတော့ဘဲ ယန်စွမ်းအင်တွေ လွန်ကဲလာလို့ နာကျင်ရတာပဲ။ ဒါကြောင့် မင်း တစ်ခါတလေလောက် ကိုယ့်ဘာသာ ဖြေလျှော့ပစ်လိုက်။ လအနည်းငယ်ကြာရင် သက်သာသွားပါလိမ့်မယ်။"

အာလီပိုင်သည် တွေဝေစွာဖြင့် မေးလိုက်သည်။ "ရှောင်ကြဉ်ရမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ယန်စွမ်းအင်တွေ ယိုစိမ့်ကုန်ရင် ဘယ်လိုလုပ်မလဲ။"

ဖန်ကျန်းရီက ပြန်ရှင်းပြလိုက်၏။ "ကိစ္စမရှိဘူး။ မင်း လမ်းခရီးမှာတုန်းက အကုန်လုံး မျှတအောင် လုပ်ထားပြီးသားလေ။ အခုက ယန်စွမ်းအင်တွေ လွန်ကဲနေတာ။ လမ်းမှာတုန်းက ကျန်းပြောင် မင်း အတွက် ပြင်ဆင်ပေးခဲ့တဲ့ အစားအသောက် အစီအစဉ်တွေကို မှတ်မိသေးလား။ တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက် ခန္ဓာကိုယ်ကို ညှိဖို့အတွက် လှည့်စားတဲ့ အစားအစာတွေ စားရတယ်လေ။ အခုကိစ္စကိုလည်း လှည့်စားပြီး ဖြေလျှော့တယ်လို့ ခေါ်တယ်။ ယန်စွမ်းအင်တွေ များလာရင် ဖြေလျှော့ပစ်သင့်တယ်။ အရမ်းကြီး ခဏခဏ မလုပ်ရင် ရပါပြီ။"

အာလီပိုင်သည် သက်ပြင်းချလိုက်ပြီး ပေါ့ပါးသွားသည့်ဟန်နှင့် ပြောလိုက်၏။ "ဆရာ့မှာ နည်းလမ်းရှိတာပဲ။ ဆရာ လမ်းညွှန်မပေးဘူးဆိုရင် ကျုပ်ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။

အခု ကျုပ်ဘက်ကတော့ ပြဿနာ မရှိတော့ပါဘူး။ နိုင်ငံတော်ဆရာ ဖါးပါးက ဆရာ့ကို ဘာကိစ္စနဲ့များ ခေါ်လာရတာလဲ။"

သံယောဇဉ် တည်ဆောက်မှု လုံလောက်ပြီဟု မြင်သောအခါ ဖန်ကျန်းရီသည် ရွှေပြားကို ထုတ်ယူလိုက်ပြီး မေးလိုက်၏။ "ဒီရွှေပြားကို မင်း သိလား။"

အာလီပိုင်သည် ရွှေပြားကို မြင်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။ "ဒီရွှေပြားက မျိုးနွယ်စုခေါင်းဆောင်တွေဆီမှာပဲ ရှိတာ။ အဓိပ္ပာယ်က အရမ်းကြီးမားတယ်။ ဒီရွှေပြားကို မြင်ရင် ခမည်းတော်ကို မြင်ရသလိုပဲ။ ဆရာက ဒါကို ဘယ်ကနေ ရလာတာလဲ။"

ကြည့်ရသည်မှာ ရွှေပြားက အစစ်ဖြစ်ပုံရပေသည်။ ဒါဆိုလျှင်တော့ ကောင်းသွားပြီ။

ဖန်ကျန်းရီသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ "တပည့်လေး ... တချို့ကိစ္စတွေကို မင်း သိမှာ မဟုတ်ဘူး။ ငါ ဒီတစ်ခေါက် လာတာ တာ့ကျင်းကို ပြန်လို့ရနိုင်တော့မှာ မဟုတ်ဘူး။

ငါ့ကို သံတမန်အဖြစ် လာဖို့ ဖိတ်ခေါ်တာက အကြံအစည်တစ်ခုပဲ။ မင်း ရဲ့ ခမည်းတော်က တာ့ကျင်းကို စစ်တပ်လွှတ်ပြီး ခိုးတိုက်ဖို့ ပြင်ဆင်နေတာ။ ငါ့ကို ခေါ်လာတာက ငါတို့ တာ့ကျင်းရဲ့ ကောင်းကင်ပျံနိုင်တဲ့ လက်နက်တစ်မျိုးကို မျက်စိကျနေလို့ပဲ။ ငါ့ကို အဲဒီလက်နက် သီးသန့် ထုတ်လုပ်ခိုင်းဖို့ ခေါ်လာတာ။"

အာလီပိုင်၏ သူငယ်အိမ်များ တုန်ခါသွားခဲ့ချေ၏။ "ဘာ။"

ဖန်ကျန်းရီသည် အသံကို နှိမ့်ကာ ဆက်ပြောလိုက်သည်။ "ဟူး ... ငါ မင်း ဆီကို လာတာက ဒီရွှေပြားက အတုလား အစစ်လားဆိုတာ အတည်ပြုချင်လို့ပါ။ မင်းရဲ့ ခမည်းတော်က ငါ့ကို အသုံးချပြီးရင် သတ်ပစ်လိုက်မှာ စိုးရိမ်လို့လေ။

ငါ့မှာ မြို့ထဲမှာ ယုံကြည်ရမယ့်သူ ဆိုလို့ မရှိတော့ဘူး။ မင်း တစ်ယောက်ပဲ ရှိတာ။ အခု မင်းရဲ့ နှုတ်ကနေ အဖြေကို ကြားလိုက်ရတော့ ငါ့စိတ်ထဲမှာ အေးချမ်းသွားပါပြီ။"

အာလီပိုင်သည် နှုတ်ခမ်းလှုပ်ရုံသာ ပြောနိုင်ပြီး စကားဆက်မပြောနိုင်တော့ချေ။ "ဆရာ ... ကျုပ်..."

စိတ်ထဲတွင် တုန်လှုပ်နေဆဲဖြစ်၏။ ဤမျှလောက် ကြီးမားသော ကိစ္စကြီးကို သူ ဘာတစ်ခုမှ မသိခဲ့ရဘူးလား။

ဖန်ကျန်းရီက ပြောလိုက်သည်။ "မင်း ဘာမှမပြောပါနဲ့တော့။ ဒီကိစ္စကို မင်း ဘာမှမသိဘူးဆိုတာ ငါ မြင်ပါတယ်။ နိုင်ငံနှစ်ခုရဲ့ စစ်ပွဲက ငါတို့ရဲ့ ဆရာတပည့် သံယောဇဉ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။"

ဖန်ကျန်းရီသည် နှမြောတသစွာဖြင့် ဆက်ပြောလိုက်၏။ "ဒါပေမည့် ငါ နားမလည်တာက မင်း က မင်းသားတစ်ပါး ဖြစ်နေလျက်နဲ့ သူတို့က မင်းကို သံတမန်အဖြစ် လွှတ်လိုက်ပြီး ဘာဖြစ်လို့ ကိစ္စတစ်ခုကိုမှ မပြောပြခဲ့ရတာလဲ ဆိုတာပဲ။"

အာလီပိုင်သည် ကုတင်ပေါ်သို့ ကြောင်တောင်တောင်ဖြင့် ပြန်လှဲချလိုက်ပြီး အမိုးကိုသာ စူးစိုက် ကြည့်နေမိသည်။

ဟုတ်သားပဲ။ ကျုပ်က မင်းသားတစ်ပါးပဲ။ ဒီလောက် ကြီးမားတဲ့ ကိစ္စကြီးကို ကျုပ်ကို သံတမန်အဖြစ် လွှတ်လိုက်ပြီး ဘာဖြစ်လို့ တစ်ခုမှ မပြောပြရတာလဲ။

နိုင်ငံနှစ်ခု စစ်ဖြစ်ရင် ကျုပ်က နိုင်ငံတော်ကို သစ္စာဖောက်မှာမို့လို့လား။ ဒါမှမဟုတ် ကျုပ် ကို အထင်သေးပြီး သတင်းပေါက်ကြားသွားမှာကို စိုးရိမ်လို့များလား ...

အဲဒီလူတွေရဲ့ မျက်လုံးထဲမှာ ကျုပ်က မင်းသားတစ်ပါး ဖြစ်နေသေးရဲ့လား။ ဒါမှမဟုတ် အသုံးချခံ ပစ္စည်းတစ်ခု လောက်ပဲလား။

အာလီပိုင်၏ အကြည့်များတွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်၏။

ဖန်ကျန်းရီသည် ခေါင်းအစ ခြေအဆုံးအထိ ပေါ့ပေါ့ပါးပါး တစ်ချက် အကဲခတ်ကြည့်လိုက်သည်။

သွေးခွဲရတာ အလုပ်ဖြစ်ပုံရသည်။ ရိုးသားတဲ့လူက တကယ်ကို ရိုးသားတာပဲ။

အာလီပိုင်သည် စိတ်ဓာတ်ကျနေသည့်ဟန်နှင့် ပြောလိုက်သည်။ "ဆရာ ... ဒီကိစ္စကို ကျုပ် တကယ်ပဲ ဘာမှမသိခဲ့ရပါဘူး ... ဒါပေမဲ့ စိတ်ချပါ။ ဆရာ့ရဲ့ လုံခြုံရေးကို ကျုပ် သေချာပေါက် ကာကွယ်ပေးပါ့မယ်။"

ဖန်ကျန်းရီက နှစ်သိမ့်လိုက်၏။ "မင်းမှာ ဒီလိုစိတ်ထားလေး ရှိနေတာနဲ့တင် ငါ ကျေနပ်နေပါပြီ။ ငါ့ရဲ့ အသက်ကို ကာကွယ်ပေးမယ့် ရွှေပြားရှိတယ် ဆိုပေမဲ့ ကိစ္စပြီးသွားတဲ့အခါ အသုံးချပြီး သတ်မပစ်ဘူးဆိုတာကို ဘယ်သူက အာမခံနိုင်မှာလဲ။

တချို့ကိစ္စတွေမှာ မင်း က မင်းသားတစ်ပါး ဖြစ်နေရင်တောင် ဘာမှမတတ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်း က မင်း ရဲ့ ညီအစ်ကိုတွေလိုမျိုး အာဏာရှိတဲ့သူမှ မဟုတ်တာ။ ထားလိုက်ပါတော့။"

အပိုင်း (၇၇၇) တပည့်လေး မြို့စောင့်ပေးမယ်။

အာလီပိုင်သည် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီး ထရပ်လိုက်၏။

ယခုအခါတွင် သူသည် အလကားနေ အလကား အချည်းနှီး အချိန်ဖြုန်းတတ်သော အရင်တုန်းက လူမဟုတ်တော့ပေ။ ဖန်ကျန်းရီ၏ ဤစကားသည် သူ့အတွက်တော့ စော်ကားမှုတစ်ရပ်ပင် ဖြစ်နေတော့သည်။

သို့ပေမည့် သူသည် ဒေါသတကြီးဖြင့် ကိုယ်ကို မတ်လိုက်ပြီးသည့်နောက် လေလျှော့သွားသော ဘောလုံးတစ်လုံး ကဲ့သို့ ခါးပြန်ကိုင်းကျသွားခဲ့၏။

ရင်ထဲတွင် အလွန်အမင်း ခါးသီးနေပြီး နာကျင်စွာ ပြုံးကာ ပြောလိုက်သည်။ "မှန်ပါတယ်။ ဆရာပြောတာ မှန်တယ်။ အဲဒီအချိန်ရောက်ရင် ကျုပ် တကယ်ပဲ ဘာမှမတတ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ..."

ဖန်ကျန်းရီသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး သူ၏ကျောကို ပုတ်ကာ နှစ်သိမ့်လိုက်၏။ "မင်း အရင်ဆုံး စိတ်မလောနဲ့။ ထမင်း ကို တစ်လုတ်ချင်း စားရသလို လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်ရတာပဲ။ အောင်မြင်မှု ရချင်ရင် ပိုပြီးတော့တောင် ဒီလိုမျိုး ဖြစ်သင့်တယ်။ မင်းရဲ့ အရင်ဘဝက ဘာအောင်မြင်မှုမှ မရှိခဲ့တော့ သဘာဝကျကျပဲ ဘယ်သူကမှ မင်းကို တာဝန်ကြီးတွေ မပေးချင်ကြဘူးလေ။

ဒါပေမဲ့ အခုတော့ မင်း က တိုးတက်လာပြီလေ။ တစ်ကိုယ်လုံးက အသစ်တစ်ဖန် ပြောင်းလဲသွားပြီး တိုက်ခိုက်ချင်စိတ်တွေ ပြည့်ဝနေတယ်။ ဒါတွေကို ငါ အကုန်လုံး မြင်ပါတယ်။"

အာလီပိုင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တစ်ဖန် ပြန်လည် တောက်ပလာခဲ့၏။ "ကျေးဇူးတင်ပါတယ် ဆရာ။ ဒါပေမဲ့ ကျုပ်ဘာဆက်လုပ်နိုင်မှာလဲ။ ကျုပ် အစ်ကိုကြီးကိုလည်း မနိုင်ဘူး။ ညီလေးကိုတောင် မနိုင်ဘူး။ အခု နည်းနည်း ပြောင်းလဲလာတယ် ဆိုပေမဲ့ ခမည်းတော်ကလည်း ကျုပ်ကို တစ်ခုခု လုပ်ခွင့်ပေးချင်မှ ပေးမှာလေ။"

ဖန်ကျန်းရီသည် ညင်သာစွာ တုံ့ပြန်လိုက်ပြီးသည့်နောက် မျက်စိမှိတ်ကာ စဉ်းစားဟန်နှင့် ပြောလိုက်သည်။ "ငါ့မှာတော့ နည်းလမ်းတစ်ခု ရှိတယ်။ မင်း လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာပဲ မသိတာ။"

အာလီပိုင်သည် ဖန်ကျန်းရီကို ယုံကြည်သော်လည်း နိုင်ငံနှစ်ခု စစ်ဖြစ်မည့် အကြောင်းအရာသည် မျက်မှောက်သို့ ရောက်ရှိနေပြီဖြစ်ရာ စိတ်ထဲတွင် အနည်းငယ် သတိထားနေမိ၏။ "ဆရာသာ ပြောပါ။ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ မဆန့်ကျင်ဘူးဆိုရင် ကျုပ်အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။"

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ငါက သေမှာကို ကြောက်တယ်။ ကိုယ်တိုင် သေရမှာကို ကြောက်ရုံတင်မကဘူး။ ငါ ခေါ်လာတဲ့ သံတမန်အဖွဲ့ပါ တစ်ခုခု ဖြစ်သွားမှာကို ပိုကြောက်တယ်။ ဖါးပါးက ငါ့ကို ဒုက္ခမပေးဘူးလို့ ကတိပေးထားပေမဲ့ ငါ သူ့ကို မယုံဘူး။ စစ်ပွဲ စတင်တာ ဒါမှမဟုတ် ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် ငါ့နောက်ကို လိုက်လာတဲ့ လူအများကြီးရဲ့ အသက်အန္တရာယ်က စိုးရိမ်ရပြီ။ အဲဒီအခါကျရင် ငါက မင်း တစ်ယောက်တည်းကိုပဲ အားကိုးယုံကြည်လို့ ရတော့မှာ။

ငါ့ရဲ့ အကြံက အရမ်းရိုးရှင်းပါတယ်။ စစ်ပွဲစတင်ပြီးတဲ့နောက် ဖန်ထိုက်မြို့က မြို့တော်ဖြစ်တဲ့အတွက် သေချာပေါက် လူလွှတ်ပြီး မြို့ကို စောင့်ရှောက်ခိုင်းမှာပဲ။ မင်း က ဘုရင်မင်းမြတ်ဆီမှာ သွားပြီး တောင်းဆိုလိုက်ပါ။ ဒီမြို့စောင့်ရမယ့် တာဝန်ကို မင်း ယူလိုက်ပါ။ အဲဒီလိုဆိုရင် ငါလည်း သံတမန်အဖွဲ့ရဲ့ လုံခြုံရေးအတွက် စိတ်ချရသလို ကျင်းတိုင်းပြည်ရဲ့ နိုင်ငံတော် အကျိုးစီးပွားနဲ့လည်း မဆန့်ကျင်ဘူးလေ။ မင်း ဘယ်လိုထင်လဲ။"

မြို့စောင့်ဖို့ သတ်သတ်ပဲလား ...။

အာလီပိုင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "တကယ်ကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ ဒါက မျက်စိကျစရာ မကောင်းတဲ့ အလုပ်တစ်ခုလေ။ ဖန်ထိုက်မြို့က စောင့်ရှောက်စရာမှ မရှိတာ။ ကျုပ်က ခမည်းတော်နဲ့ အတူ စစ်မြေပြင်ကို ကိုယ်တိုင်သွားပြီး တိုက်ပွဲဝင်ချင်တာ။ မြို့ပဲ စောင့်နေရမယ်ဆိုရင် နောင်ကျရင် သူများတွေရဲ့ အထင်သေးတာ ခံရလိမ့်မယ်။

ဆရာ ... အရင်က ကျုပ်ကို ပြောဖူးတယ်လေ။ စည်းစိမ်ချမ်းသာဆိုတာ အန္တရာယ်ကြားကနေ ရှာရတာတဲ့။ ပိုကောင်းတဲ့ နည်းလမ်းများ မရှိတော့ဘူးလား။"

အခု ငါက အန္တရာယ်ကြားမှာ ရှာနေတာပဲလေ။

ဖန်ကျန်းရီသည် ဖျောင်းဖျလိုက်သည်။ "မဟုတ်သေးဘူး။ တပည့်လေး ... မင်း မြို့စောင့်ရမယ့် တာဝန်ကို လုံးဝ အထင်မသေးနဲ့။ ကိုယ့်အိမ်ကို သေချာစောင့်ရှောက်ဖို့က ဘာထက်မဆို ပိုအရေးကြီးတယ်။

စည်းစိမ်ချမ်းသာက အန္တရာယ်ကြားကနေ ရှာရသလို အန္တရာယ်ကြားမှာပဲ ဆုံးရှုံးသွားနိုင်တယ်။ ရှာရတာက ဆယ်ပုံတစ်ပုံဆိုရင် ဆုံးရှုံးရနိုင်တာက ဆယ်ပုံကိုးပုံပဲ။ စစ်တိုက်ရတဲ့ အန္တရာယ် ဘယ်လောက်ကြီးလဲဆိုတာ မင်း သိသင့်တယ်။

မင်း က လက်ရှိမှာ အခြေခံ အားနည်းနေသေးတယ်။ လူတွေက မင်း အပေါ် ယုံကြည်မှု မလုံလောက်သေးဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ဂုဏ်သတင်းကို နည်းနည်းချင်းစီ စုဆောင်းယူသင့်တယ်။ အန္တရာယ် နည်းနည်းလေးတောင် အဖြစ်မခံသင့်ဘူး။

အချိန်ယူပြီး စုဆောင်းမှ ကြီးမားတဲ့ အောင်မြင်မှု ရနိုင်တယ်ဆိုတာ ဒီသဘောတရားပါပဲ။ တစ်နေ့နေ့ မင်း ရဲ့ အခြေခံတွေ ခိုင်မာလာတဲ့အခါမှ လူတွေ အံ့အားသင့်သွားအောင် လုပ်ပြလည်း နောက်မကျပါဘူး။ အကယ်၍ ကျရှုံးသွားခဲ့ရင်တောင် ပြန်လည် ထကြွနိုင်မယ့် အခွင့်အရေး ရှိသေးတယ်။ တကယ်လို့ မင်းရဲ့ ခမည်းတော်ကသာ မင်းကို စစ်မြေပြင် သွားခွင့်ပြုလိုက်ရင် တစ်ပွဲလောက် ရှုံးသွားတာနဲ့ နောက်ဆိုရင် ဘယ်သူကမှ မင်း ကို ယုံကြည်တော့မှာ မဟုတ်သလို တာဝန်တွေလည်း ပေးတော့မှာ မဟုတ်ဘူး။ ကျရှုံးခြင်းရဲ့ တန်ဖိုးက မင်း ခံနိုင်ရည်ရှိမယ့် အရာမျိုး မဟုတ်ဘူး။

မြို့စောင့်တာကို ပြန်ကြည့်မယ်ဆိုရင် အရှုံးမရှိဘဲ သေချာပေါက် အမြတ်ရမယ့် အရောင်းအဝယ်တစ်ခုပဲ။ မင်း စဉ်းစားကြည့်လေ။ မင်းရဲ့ ခမည်းတော်က ပင်ပန်းနွမ်းနယ်စွာနဲ့ မြို့တော်ကို ပြန်ရောက်လာတဲ့အခါ မင်း က ဖန်ထိုက်မြို့ ကို စည်ကားသိုက်မြိုက်အောင် စီမံခန့်ခွဲထားနိုင်တာကို တွေ့သွားရင် ဒါကမှ တကယ့် အကြီးမားဆုံး ကုသိုလ်ပဲ။

စစ်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အဲဒီအချိန်ရောက်ရင် ဘုရင်တစ်ပါးအနေနဲ့ စဉ်းစားမှာက စစ်တိုက်တော်တဲ့ စစ်သူကြီးတွေထက် တိုင်းပြည်ကို အနားပေးပြီး ပြန်လည် ထူထောင်နိုင်မယ့် အုပ်ချုပ်ရေးစွမ်းရည် ရှိတဲ့သူတွေကိုပဲ နေရာပေးဖို့ စဉ်းစားမှာ။ အဲဒီအခါကျရင် မင်းကို နေရာပေးမယ့် အခွင့်အရေးက အများကြီး တက်လာမှာပဲ။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် လူတွေ မော့ကြည့်ရမယ့် အမြင့်တစ်ခုကို မင်း ရောက်သွားနိုင်တယ်။"

အာလီပိုင် လိုချင်သည်မှာ အောင်မြင်မှုနှင့် အသိအမှတ်ပြုခံရမှုသာ ဖြစ်ပြီး စစ်တိုက်ချင်ခြင်း မဟုတ်ပေ။

ဤအချက်ကို ဖန်ကျန်းရီက ကောင်းကောင်းကြီး သိထားသဖြင့် ပြောလိုက်သမျှ စကားတိုင်းလိုလိုက သူ၏ ရင်ထဲသို့ ထိထိမိမိ ဝင်ရောက်သွားခဲ့သည်။

အာလီပိုင်သည်လည်း စဉ်းစားခန်း ဝင်သွားပြီး အတန်ကြာမှ ပြောလိုက်၏။ "ဆရာပြောတာ အကြောင်းပြချက် ရှိပါတယ်။ ကျုပ် ခမည်းတော်ဆီမှာ မြို့စောင့်မယ့် တာဝန်ကို ကိုယ်တိုင် သွားတောင်းဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကျုပ်စဉ်းစားနေတာက ..."

ဖန်ကျန်းရီသည် ကြားဖြတ်၍ ပြောလိုက်သည်။ "ငါ မင်းကို ပြောခဲ့ဖူးတဲ့ စကားကို မှတ်မိသေးလား။ လူတစ်ယောက်ရဲ့ ဘဝမှာ တစ်ကြိမ်တော့ သေချာပေါက် အနိုင်ရဖူးရမယ်ဆိုတာလေ။ အခုက သေချာပေါက် နိုင်မယ့် အခွင့်အရေးပဲ။ အနိုင်ငယ်လေးပဲ ဆိုပေမဲ့ နောက်ပိုင်းကျရင် မင်းကို စောင့်ကြိုနေတာက အလယ်အလတ် အနိုင်၊ အနိုင်ကြီးတွေနဲ့ အဆက်မပြတ် နိုင်တော့မှာပဲ။

သေချာတာပေါ့ ငါ့ရဲ့ ကိုယ်ပိုင် လုံခြုံရေးအတွက် စဉ်းစားတဲ့ အချက်တွေလည်း ပါပါတယ်။ အကုန်လုံးက မင်း အပေါ်မှာပဲ မူတည်တယ်။ မင်း ဒီနည်းလမ်းကို မကြိုက်ဘူးဆိုရင်လည်း ငါ့မှာ တခြား ပိုကောင်းတဲ့ နည်းလမ်း မရှိတော့ပါဘူး။ ငါကြည့်ရသလောက်တော့ နိုင်ငံတော်ဆရာ ဖါးပါးနဲ့ ဘုရင်မင်းမြတ်က မင်း အပေါ် ထားတဲ့ သဘောထားအရဆိုရင် မင်းကို စစ်မြေပြင် ခေါ်သွားဖို့ အခွင့်အရေး သိပ်မများဘူး။ သွားရရင်တောင် လက်ရွေးစင်တပ်တွေကို ကိုယ်တိုင် ဦးဆောင်ခွင့်ရဖို့ ခက်လိမ့်မယ်။ အဲဒီအခါကျရင် အရှက်ကွဲရုံတင်မကဘူး၊ သေချာပေါက် ရနိုင်မယ့် အခွင့်အရေးကိုပါ လက်လွတ်ဆုံးရှုံးသွားနိုင်တယ်။"

ဖန်ကျန်းရီ၏ စကားတစ်ခွန်းချင်းစီတိုင်းသည် အာလီပိုင်၏ ရင်ထဲသို့ ရိုက်ခတ်သွားခဲ့၏။

သူ၏ စိတ်နေသဘောထားမှာ မူလတည်းက အနည်းငယ် ပျော့ညံ့ပြီး အန္တရာယ်ကို မုန်းတီးသူ အမျိုးအစား ဖြစ်သည်။

ဖန်ကျန်းရီ၏ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာပြမှုကြောင့် အာလီပိုင်သည် စိတ်မကျေနပ်သော်လည်း ကျရှုံးရမည်ကို ပို၍ ကြောက်ရွံ့သွားသဖြင့် အံကြိတ်ကာ ပြောလိုက်၏။ "ကောင်းပါပြီ။ ဒါဆို ဆရာပြောတဲ့အတိုင်းပဲ လုပ်မယ်။ ကျုပ် အခွင့်အရေးရှာပြီး ခမည်းတော်ဆီမှာ မြို့စောင့်မယ့် တာဝန်ကို သွားတောင်းဆိုလိုက်မယ်။ အဲဒီအချိန်ရောက်ရင် ဆရာ့ကို ကျုပ်ကိုယ်တိုင် ကာကွယ်ပေးပါ့မယ်။"

ဖန်ကျန်းရီသည် ဝမ်းသာအားရနှင့် ပြောလိုက်သည်။ "မင်း သဘောပေါက်သွားရင် တော်ပါပြီ။"

ထို့နောက် မျက်နှာအမူအရာမှာ အနည်းငယ် နာကျင်သွားပြီး ဆက်ပြောလိုက်၏။ "နိုင်ငံနှစ်ခုက မူလတည်းက ချစ်ချစ်ခင်ခင် နေလာခဲ့ကြတာ။ ဒါပေမဲ့ ဒီလိုအခြေအနေထိ ရောက်လာမယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး။"

"စစ်ပွဲ ပြီးဆုံးသွားရင်တော့ ငါ တာ့ကျင်းကို အဆင်ပြေပြေ ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကျေးဇူးကြွေး တင်သွားပြီ။"

အာလီပိုင်သည် ဘာမှမတတ်နိုင်စွာဖြင့် သက်ပြင်းချကာ ပြောလိုက်၏။ "ကျုပ်လည်း ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဆရာက ကျုပ်ကို စေတနာထားပြီး သေချာ သင်ကြားပေးခဲ့တယ်။ ဒီကျေးဇူးကို ကျုပ် ရင်ထဲမှာ အမြဲ မှတ်ထားပါတယ်။"

ဖန်ကျန်းရီသည် ပြုံးလိုက်သည်။ "နိုင်ငံတော်ကိစ္စက နိုင်ငံတော်ကိစ္စ၊ ကိုယ်ပိုင်ကိစ္စက ကိုယ်ပိုင်ကိစ္စပဲ။ တပည့်လေး ... အများကြီး မပြောတော့ဘူး။ နိုင်ငံတော်ဆရာက ငါ့ကို အပြင်မှာ စောင့်နေတယ်။"

အာလီပိုင်သည် သူ့ကို တားဆီးပြီး စကားအနည်းငယ် ထပ်ပြောချင်သေး၏။

အိမ်တော်က ကြီးမားပြီး ဆွေမျိုးတွေက များပြားသော်လည်း ဖန်ကျန်းရီ တစ်ယောက်တည်းကသာ သူနှင့် ရင်ဖွင့်ပြီး စကားပြောဆိုရန် ဆန္ဒရှိသဖြင့် တကယ်ကို နှမြောတသ ဖြစ်နေမိပေသည်။

သို့ပေမည့် ဆရာက နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်ကို မြင်သောအခါ ဝမ်းနည်းစွာဖြင့်သာ လက်လွှတ်လိုက်ရတော့၏။

တံခါးအပြင်သို့ ထွက်လာသည်နှင့် ဖါးပါးက ချက်ချင်း ကြိုဆိုလိုက်ပြီး စကားစကာ မေးလိုက်၏။ "ညီလေးဖန် ... ဘာလို့ ဒီလောက်ကြာအောင် စကားပြောနေတာလဲ။ ဒုတိယမင်းသားကို ဘာတွေများ ပြောခဲ့လို့လဲ။"

ဖန်ကျန်းရီသည် ခံစားချက်ကင်းမဲ့စွာဖြင့် သူ၏ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။ "ကြည့်ရတာ ဒုတိယမင်းသားရဲ့ ခေါင်းကိုများ ထိသွားတာလား မသိဘူး။ ကျုပ်က ရွှေပြားကိစ္စကို မေးတာပါ။ ပြီးတော့ ခင်ဗျားတို့ ကျုပ်ကို လှည့်စားပြီး ခေါ်လာတယ်။ ပြီးတော့ နိုင်ငံနှစ်ခုကြား စစ်ဖြစ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာ သူက ဒေါသထွက်သွားတယ်။

ကျုပ်ကို အတင်းဆွဲထားပြီး ဟိုဟာမေး၊ ဒီဟာမေးနဲ့ ပေးမပြန်ဘူး။ နိုင်ငံတော်ဆရာ ... ခင်ဗျားက ဒါကို ဘာလို့မေးတာလဲ။"

ထိုစကားကို ကြားသောအခါ ဖါးပါးသည် စိတ်မကောင်းဖြစ်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ "ဘာမှမဖြစ်ပါဘူး။ ပါးစပ်ကထွက်လို့ မေးကြည့်တာပါ။ ညီလေးဖန် အခု စိတ်အေးသွားပြီလား။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "စိတ်အေးသွားပါပြီ။ နိုင်ငံတော်ဆရာလည်း ကတိအတိုင်း သံတမန်အဖွဲ့က တခြားလူတွေကို ဒုက္ခမပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ် ခင်ဗျားတို့အတွက် ကောင်းကင်ပျံ လက်နက်ကို ဖန်တီးပေးပါ့မယ်။ ဒါပေမဲ့ အချိန်ကိုတော့ အာမမခံနိုင်ဘူး။"

ဖါးပါးက ပြန်ပြောလိုက်သည်။ "ဒီအချက်အတွက်တော့ ညီလေးဖန် စိတ်ပူစရာ မလိုပါဘူး။ အရှင်မင်းကြီးက အကောင်းဆုံး လက်မှုပညာရှင်တွေနဲ့ လူအင်အား အများဆုံးကို ချထားပေးပြီးသားပါ။ ခင်ဗျား လိုချင်တာ မှန်သမျှ အကုန်လုံး စီစဉ်ပေးလို့ ရပါတယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့အရာ ဖြစ်ပါစေ တစ်လအတွင်း ခင်ဗျား ဖန်တီးဖို့ လုံလောက်တယ်လို့ ကျုပ်ထင်တယ်။ တကယ်လို့ ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့ ကျုပ်ရဲ့ ကတိတွေ အကုန်လုံးက ... အချည်းနှီး ဖြစ်သွားနိုင်တယ်နော်။"

"အပိုစကားတွေ မပြောတော့ဘူး။ ညီလေးဖန် ... သွားကြရအောင်။ ကျုပ် မြို့ထဲမှာ ခင်ဗျား အတွက် နေရာ စီစဉ်ပေးထားပြီးပြီ။"

All Chapters