← Chapters

အခန်း (၇၇၈-၇၇၉)

Vol. 41 Ch. 778-779

အခန်း (၇၇၈-၇၇၉)

Vol. 41 Ch. 778-779

အပိုင်း (၇၇၈) ယောက်ျားကောင်းကို သတ်လို့ရတယ်၊ စော်ကားလို့မရဘူး။

ဖန်ထိုက်မြို့ အရှေ့ဘက်၊ နန်းတော်နှင့် နီးကပ်သောနေရာတွင် ဧရာမ စခန်းကြီးတစ်ခုကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ပတ်ပတ်လည်တွင် အိမ်ခြေများ တန်းစီနေပြီး မကြာသေးမီကမှ အသစ်ဆောက်လုပ်ထားကြောင်း သိသာလှ၏။ ထိုနေရာတွင် လူများ သွားလာလှုပ်ရှားနေကြပြီး အလွန်အလျင်လိုနေပုံရသည်။ ဖန်ကျန်းရီ၏ မျက်စိတစ်ဆုံးတွင် ပန်းပဲဖို အများအပြားကို တွေ့လိုက်ရ၏။

ထင်ထားသည့်အတိုင်း မှန်မည်ဆိုလျှင် ဤနေရာသည် လက်မှုပညာရှင်များ စုဝေးရာ နေရာပင် ဖြစ်သင့်သည်။

ဖန်ကျန်းရီသည် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲဖြစ်ပြီး မေးလိုက်၏။ "နိုင်ငံတော်ဆရာ ... ခင်ဗျားတို့ တော်တော်လေး အကြီးအကျယ် ပြင်ဆင်ထားတာပဲ။ ကြည့်ရတာ ကျုပ်သာ ဖန်တီးမပေးနိုင်ရင် အဆုံးသတ်မှာ မဟုတ်ဘူးထင်တယ်။

ခင်ဗျားတို့က ကောင်းကင်ပျံ လက်နက်အကြောင်း သတင်းရထားမှတော့ ဒါကို ဘယ်သူဖန်တီးလဲဆိုတာ သိသင့်တာပေါ့။ ငွေလေးနည်းနည်း အကုန်ခံပြီး လာဘ်ထိုး၊ သူ့ကို ခေါ်လာတာက ပိုမကောင်းဘူးလား။"

ဖါးပါးက ပြန်ဖြေလိုက်သည်။ "ညီလေးဖန်ကတော့ နောက်နေပြန်ပြီ။ ဒီအရာက အရှေ့ဘက်ဆင်ခြေဖုံး တက္ကသိုလ်ကနေ ထွက်ပေါ်လာတာဆိုတော့ ခင်ဗျားထက် ပိုသိတဲ့သူ မရှိနိုင်ဘူးလေ။ ပြီးတော့ ခင်ဗျား ကို ရှာတာက တခြားလူကို ရှာတာထက် ပိုပြီး စိတ်ချရသလို တန်ဖိုးလည်း အများကြီး ပိုရှိတယ်။ နောက်ဆိုရင် ခင်ဗျား ဒီမှာပဲ အမြဲတမ်း နေရတော့မယ်။ လက်မှုပညာရှင်တွေနဲ့ ပစ္စည်းတွေ အကုန်လုံးကို ခင်ဗျား တစ်ယောက်တည်းကပဲ ညွှန်ကြားရမယ်။"

ဖန်ကျန်းရီသည် လေးနက်သော အမူအရာနှင့် သက်ပြင်းချလိုက်၏။

မီးပုံးပျံအကြောင်းကို သူ တကယ်ကို သေချာ လေ့လာဖူးခဲ့ပေသည်။ ဤအစောပိုင်းပုံစံကိုတော့ သူ တော်တော်လေး နားလည်ထားသည်။

လက်မှုပညာရှင် အလုံအလောက်ရှိပြီး စမ်းသပ်မှု အကြိမ်အရေအတွက် အလုံအလောက် ရှိမည်ဆိုလျှင် ဖန်တီးဖို့ အချိန်သိပ်ကြာမည် မဟုတ်ပေ။

တစ်လဆိုသည့် အချိန်က လုံလောက်လှသည်။

ကံကောင်းလို့ ကိုယ်တိုင် နည်းနည်းပါးပါး သိထားလို့ပေါ့။ မဟုတ်ရင် ဒီမှာတင် အသက်ပျောက်သွားနိုင်တယ်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ကျုပ် သိပါပြီ။ ဒါပေမဲ့ ညဘက်ကျရင်တော့ တည်းခိုခန်းကို ပြန်ပြီး အနားယူမယ်။"

ဖါးပါးက ပြန်ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ အမိန့်ပေးစရာရှိရင် ခင်ဗျား ဘေးနားက အစောင့်နှစ်ယောက်ကို တိုက်ရိုက် ပြောလိုက်ရုံပါပဲ။ ကျုပ် အားတဲ့အချိန် ဒီကို လာကြည့်မယ်။ အရှင်မင်းကြီးလည်း လာလိမ့်မယ်။ ညီလေးဖန် ရက်အနည်းငယ်အတွင်း ရလဒ်တစ်ခုခု ထွက်လာရင် အကောင်းဆုံးပဲ။ ကျုပ့်ရဲ့ လက်အောက်ငယ်သားတွေ သတင်းပို့ချက်အရ ကောင်းကင်ပျံ လက်နက်က ထူးဆန်းတယ် ဆိုပေမဲ့ တည်ဆောက်ပုံက သိပ်မရှုပ်ထွေးဘူးတဲ့။ ညီလေးဖန်လည်း ကျုပ်ကို လှည့်စားဖို့ မကြိုးစားနဲ့နော်။"

ဖါးပါးသည် စကားပြောပြီးသည့်နောက် ရင်ခွင်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူကာ ဖန်ကျန်းရီကို ကမ်းပေးရင်း ပြောလိုက်၏။ "နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ခင်ဗျား ဒီမှာ နေရမယ့် အချိန်က အရမ်းကြာမှာမို့လို့ ကျင်းတိုင်းပြည်ကို စာတစ်စောင် အရင်ပြန်ပို့ပေးရမယ်။ စာကို ကျုပ်က ခင်ဗျား အတွက် အကြမ်း ရေးပေးထားတယ်။ အခု ခင်ဗျား အဲဒီအတိုင်း တစ်စောင် ကူးရေးလိုက်ရုံပဲ။ ရေးပြီးသွားရင် သင့်တော်တဲ့ အချိန်ကျမှ တည်းခိုခန်းကို လူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်။"

ဖန်ကျန်းရီသည် စာအိတ်ကို လှမ်းယူလိုက်ပြီး စာကို ဖောက်ရင်း သရော်လိုက်သည်။ "ခင်ဗျားက ကျုပ်အပေါ် တော်တော်လေး စိတ်ချတာပဲ။ ကျုပ်ရဲ့ စာရေးဟန်ကို ခင်ဗျား ဘယ်လိုလုပ် သိနေတာလဲ ... ချီးတဲ့မှပဲ။"

မကြည့်မိလျှင် ဘာမှမဖြစ်သော်လည်း ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့၏။

ဖါးပါး အကြမ်းရေးထားသော ထိုစာ၏ အပေါ်တစ်ဝက်မှာ တရားဝင် အစီရင်ခံစာဖြစ်ပြီး အောက်တစ်ဝက်မှာမူ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ မျက်နှာလိုမျက်နှာရ ဖားယားထားသည့် စကားများဖြင့် အပြည့်ပင် ဖြစ်သည်။

ဒီခွေးကောင်က ငါ့ကို အတုခိုးတာ ဒီလောက်တောင် တူရသလား။

ဖန်ကျန်းရီ စကားမပြောသည်ကို မြင်သောအခါ ဖါးပါးက ပြုံးစိစိနှင့် ပြောလိုက်သည်။ "ညီလေးဖန် ... ခင်ဗျား ရဲ့ သဘာဝကို ကျုပ် ကောင်းကောင်း သိတာပေါ့။ ပန်းရှန်းသတင်းစာတွေကို ကျုပ် တော်တော်များများ စုဆောင်းထားတယ်။ ခင်ဗျား ရေးတဲ့ ဆောင်းပါးတွေ ပါလာတိုင်း အဆုံးသတ်မှာ တာ့ကျင်းဘုရင်မင်းမြတ်ကို အမြဲတမ်း မြှောက်ပင့်ပြီး ရေးတတ်တယ်။ အစီရင်ခံစာတွေဆိုရင်လည်း ဒီပုံစံမျိုးပဲ ဖြစ်မယ်လို့ ကျုပ် ထင်တယ်။ ခင်ဗျားရဲ့ အမူအရာကို ကြည့်ရတာ ကျုပ် ရေးထားတာ မမှားဘူးလို့ ထင်ပါတယ်။"

ဖန်ကျန်းရီသည် ရှက်ရမ်းရမ်းကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "စကားတွေ မရှည်နဲ့။ စက္ကူနဲ့ စုတ်တံ ယူခဲ့။"

ဖါးပါးသည် ပြုံးရွှင်စွာဖြင့် လက်ခုပ်တစ်ချက် တီးလိုက်ရာ အစေခံများက စက္ကူနှင့် စုတ်တံကို ချက်ချင်း လာချပေးကြသည်။

ဖန်ကျန်းရီသည် အနီးနားရှိ စားပွဲတစ်လုံးကို ရှာလိုက်ပြီး ဖင်ကိုကော့ကာ စတင်၍ ကူးရေးတော့၏။ တစ်ဝက်ခန့် အရောက်တွင် ခေါင်းလှည့်ကာ ပြောလိုက်သည်။ "စက္ကူ မလောက်တော့ဘူး။ နောက်တစ်ရွက် ထပ်ယူခဲ့။"

ဖါးပါးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "စက္ကူတစ်ရွက်ဆို လုံလောက်ပါပြီ။ လှည့်ကွက်တွေ မသုံးနဲ့။"

ဖန်ကျန်းရီသည် ခုနကမှ ကူးရေးထားသော အကြောင်းအရာများကို တိတ်ဆိတ်စွာ ဖြန့်ပြလိုက်သည်။ "ခင်ဗျားဘာသာ ကြည့်ကြည့်လေ။ စက္ကူတစ်ရွက်နဲ့ လောက်ပါ့မလား။"

၎င်းပေါ်ရှိ ကွေ့ကောက်နေသော စာလုံးကြီးများကို မြင်သောအခါ ဖါးပါး၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားပြီး ဘေးနားရှိ အစောင့်၏ ခါးမှ ဓားတစ်လက်ကို ဆွဲထုတ်ကာ ဖန်ကျန်းရီ၏ လည်ပင်းတွင် တေ့ထားလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ညီလေးဖန် … ကျုပ်က ခင်ဗျား ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးထားတာကို အကောင်းမထင်နဲ့နော်။ ဒီလိုအချိန်ရောက်မှ ကျုပ့်ကို လှည့်ကွက်တွေ လုပ်ရဲသေးတယ်ပေါ့။

ဂုဏ်သရေရှိတဲ့ တတိယအဆင့် အရာရှိကြီး၊ ကျင်းယီဝေတပ်ဖွဲ့ရဲ့ တပ်မှူးချုပ်က ဒီလို ခွေးလက်ရေးမျိုး ရေးရသလား။ ခင်ဗျား က ကျုပ်ကို အရူးများ မှတ်နေသလား။"

ဖန်ကျန်းရီသည် ဖါးပါးကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။

လက်များက အလိုအလျောက် တုန်ယင်လာပြီး မျက်နှာမှာလည်း တဖြည်းဖြည်း နီရဲလာတော့သည်။ ထို့နောက် ဖါးပါးကို လက်ညှိုးထိုးကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "ခေါင်းပြောင် ... ခင်ဗျား ... ခင်ဗျား ကျုပ်ကို သတ်ချင် သတ်လို့ရတယ်။ ဒါပေမဲ့ ကျုပ်ကို မစော်ကားနဲ့။"

ဖါးပါးက သူ့ကို အေးစက်စက် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ "ဟန်ဆောင်မနေပါနဲ့တော့။ တကယ်ကို အဓိပ္ပာယ် မရှိဘူး။"

ဖန်ကျန်းရီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နှလုံးရပ်သွားမတတ် ခံစားချက်ကို အတင်းဖိနှိပ်ထားကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကျုပ် စာရေးရင် ဒီလိုပဲရေးတာ။ ခင်ဗျား ယုံချင်ယုံ မယုံချင်နေ။ မဟုတ်ရင်လည်း ကျုပ်ကို သတ်လိုက်တော့။"

သူ့ကို စကားဆက်ပြောခွင့် မပေးတော့ဘဲ ဖါးပါးသည် သူရေးပြီးသား စက္ကူတစ်ဝက်ကို ဆွဲယူလိုက်ပြီး အုံ့မှိုင်းသော အမူအရာနှင့် ပြောလိုက်၏။ "စာကို အခုလောလောဆယ် မရေးနဲ့အုံး။ ခင်ဗျား အခုကစပြီး လက်မှုပညာရှင်တွေကို ဦးဆောင်ပြီး ပစ္စည်းဖန်တီးတော့။ ခင်ဗျား သဘောပေါက်သွားပြီဆိုမှ ကျုပ်ကို လူလွှတ်ပြီး အကြောင်းကြားလိုက်။

ညီလေးဖန် ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဟမ့်။"

ဖါးပါးသည် စကားပြောပြီးနောက် အင်္ကျီလက်စကို ခပ်ပြင်းပြင်း ခါယမ်းပြီး နောက်လှည့်မကြည့်တော့ဘဲ လူများကို ခေါ်ကာ ထွက်သွားတော့သည်။

ဖန်ကျန်းရီသည် ဖါးပါး စခန်းမှ ထွက်ခွာသွားသည်ကို မျက်ရည်ဝဲနေသော မျက်လုံးများနှင့် ကြည့်ရင်း စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေမိ၏။

ဖါးပါး .. သေနာကောင်ကြီး … ငါက ဘာပဲဖြစ်ဖြစ် ကိုးနှစ်တာ မသင်မနေရ ပညာရေးကို သင်ကြားခဲ့ရတဲ့ ကျောင်းသားကွ။

စုတ်တံနဲ့ စာမရေးတတ်တာလေးကိုများ ဒီလောက်တောင် စော်ကားရသလား။

ဒါက တကယ့်ကို ကြီးမားတဲ့ အရှက်ကွဲမှုပဲ။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် ငါ သေချာပေါက် လက်စားပြန်ချေပြမယ်။

စိတ်ခံစားချက်ကို အနည်းငယ် ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးသည့်နောက် ဖန်ကျန်းရီသည် အဝေးရှိ ပန်းပဲဖိုများတွင် အလုပ်ရှုပ်နေကြသော လက်မှုပညာရှင်များကို ကြည့်ကာ စိတ်ထဲတွင် အစီအစဉ်များ ချမှတ်နေတော့၏။

အချိန်သိပ်မကြာလိုက်ဘဲ အကြံအစည်တစ်ခု ရသွားသဖြင့် ဘေးလူများကို ညွှန်ကြားလိုက်သည်။ "လူအကုန်လုံးကို သွားခေါ်လိုက်။ ကျုပ် အရင်ဆုံး အစီအစဉ်တွေ ဆွဲရမယ်။"

...

တည်းခိုခန်းအတွင်းတွင် ဖါးပါးသည် ဧည့်ခန်းမအလယ်တွင် မတ်မတ်ထိုင်နေပြီး သူ၏ လက်ထဲတွင် ဖန်ကျန်းရီ ရေးပြီးသွားသော ထိုစက္ကူရွက်ကို ကိုင်ထားဆဲဖြစ်၏။

ခုနက အပြင်ထွက်လာတည်းက သူ အနည်းငယ် ပုံမှန်မဟုတ်ဟု ခံစားနေရသည်။

ဖန်ကျန်းရီက ဉာဏ်ကောင်းသည့်လူ တစ်ယောက်ဖြစ်ရာ ဤကဲ့သို့သော ပြဿနာမျိုးတွင် လှည့်ကွက်တွေ ထပ်လုပ်စရာ အကြောင်းမရှိပေ။

ဒါပေမဲ့ စာရေးတာကို ဒီလို ခွေးလက်ရေးမျိုးနဲ့ ရေးတဲ့လူ တကယ်ပဲ ရှိနိုင်လို့လား။

စဉ်းစားပြီးရင်း စဉ်းစားရင်းဖြင့် နောက်ဆုံးတွင်တော့ တည်းခိုခန်းသို့ လာကာ လူရှာပြီး စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အရာရာတိုင်းကို သတိထားတာ အကောင်းဆုံးပဲလေ။

ထပ်မံ၍ ခဏမျှ စဉ်းစားပြီးသည့်နောက် ဖါးပါးသည် ဘေးနားရှိ အစောင့်ကို ညွှန်ကြားလိုက်၏။ "အပေါ်ထပ်က သံတမန်အဖွဲ့ဝင် တစ်ယောက်ယောက်ကို အောက်ဆင်းလာဖို့ သွားခေါ်လိုက်။ ဘယ်သူဖြစ်ဖြစ် ရတယ်။"

ထိုအစောင့်က အမိန့်ကို နာခံလိုက်ပြီးနောက် အမြန်ဆုံး အပေါ်ထပ်သို့ တက်ကာ လူတစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။

အဆွဲခံလာရသော သံတမန်အဖွဲ့ဝင်မှာ တုန်ယင်နေပြီး ဖါးပါးကို မြင်လိုက်ရသောအခါ ချက်ချင်း အော်ပြောလိုက်၏။ "နိုင်ငံတော်ဆရာ … ခင်ဗျား အမတ်ကြီးဖန်ကို ကိုယ်ထိလက်ရောက် မလုပ်ဘူးလို့ ကတိပေးထားတယ်လေ။"

ဖါးပါးသည် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ "စိတ်ချပါ။ ခင်ဗျားကို ကိစ္စတချို့ မေးချင်လို့ပါ။"

ထိုသို့ပြောရင်း သူ၏ လက်ထဲရှိ စာရွက်ကို ထိုသူ၏ မျက်စိရှေ့တွင် နှစ်ကြိမ်ခန့် ခါယမ်းပြလိုက်ပြီး မေးလိုက်၏။ "ကျုပ် မေးမယ်။ ဒါက ဘယ်သူ့ရဲ့ လက်ရေးလဲ။"

သံတမန်အဖွဲ့ဝင်က အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ "အမတ်ကြီးဖန်ရဲ့ လက်ရေးလေ။ ဘာဖြစ်လို့လဲ။"

"..."

ဖါးပါးသည် လက်ခါပြလိုက်၏။ "အင်း … ခင်ဗျား ပြန်တော့။ နောက်တစ်ယောက်ကို ခေါ်ခဲ့။"

ဒုတိယလူကလည်း ဤအတိုင်းပင် ပြန်လည်ဖြေဆိုခဲ့သည်။

ဖါးပါး၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး လက်ထဲရှိ စာရွက်ကို ကြည့်ကာ မယုံနိုင်သေးသလို ခံစားနေရဆဲဖြစ်၏။

ဒါမှမဟုတ် ... ဖန်ကျန်းရီက စောစောကတည်းက ကြိုတွေးထားတာများလား။ မဖြစ်နိုင်ပါဘူး။

တတိယလူ ရောက်လာသည့်အချိန်အထိပင် ဖြစ်သည်။ မာချန်သည် ဖါးပါး၏ အရှေ့တွင် အလွန်အမင်း စိတ်လှုပ်ရှားစွာ ထိုင်နေပြီး သတိကြီးစွာဖြင့် မေးလိုက်သည်။ "နိုင်ငံတော်ဆရာ ကျုပ်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ။"

ဖါးပါးသည် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။ "ခင်ဗျားကို စာတစ်စောင် ပြမယ်။ ခင်ဗျား ဒါကို ဘယ်သူရေးလဲဆိုတာ ချက်ချင်းပြောရမယ်။ တကယ်လို့ မှားသွားရင်တော့ ခင်ဗျားရဲ့ အသက်ကို အာမမခံနိုင်ဘူး။ ရိုးရိုးသားသား ဖြေ။"

ဤမာချန်ကို ကြည့်ရသည်မှာ စိတ်ဓာတ်အလွန်ပျော့ညံ့ပြီး စိတ်ပိုင်းဆိုင်ရာ အရည်အသွေး အလွန်ညံ့ဖျင်းသည့် အမျိုးအစား ဖြစ်သည်။

အကယ်၍ သူကလည်း အဖြေတူတူပဲ ပေးလာမည်ဆိုလျှင်တော့ ... သေချာသွားပြီ ဖြစ်သည်။

စာရွက်ကို မာချန်၏ မျက်စိရှေ့တွင် တစ်ချက် ဖြန့်ပြလိုက်သည်နှင့် မာချန်က စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။ "အမတ်ကြီးဖန် ရေးတာပါ။"

ဖြန်း …။

ဖါးပါးသည် ကိုယ့်မျက်နှာကို ကိုယ်တိုင် ရိုက်ချလိုက်ပြီး ခပ်ပြင်းပြင်း နှစ်ချက်ခန့် ပွတ်သပ်လိုက်ကာ နာကျင်သည့် မျက်နှာထားနှင့် တီးတိုးရေရွတ်လိုက်သည်။ "ချီးတဲ့မှ .. ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ။"

အပိုင်း (၇၇၉) ပြည်သူ့စီးပွားရေးလုပ်ငန်းရှင် ဖန်ကျန်းရီ။

ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်း ဖန်ကျန်းရီသည် အားမနေဘဲ မီးပုံးပျံကို စေတနာအပြည့်ဖြင့် တကယ်ကို ဖန်တီးနေခဲ့သည်။

တီထွင်ဖန်တီးမှုလုပ်ရာတွင် သူက ကျွမ်းကျင်သူတော့ မဟုတ်ပေ။ ဖန်ကြီး၏ အိပ်မက်မှာ တာ့ကျင်း၏ အက်ဒီဆင် ဖြစ်လာရန်ပင်။

ကိုယ်တိုင်ကိုယ်ကျ လုပ်ရသည်ကတော့ အနည်းငယ် ခက်ခဲနေသည်။

သို့ပေမည့် အခြေအနေက လူထက် သာလွန်နေသည် မဟုတ်ပါလား။ ယခု မဖန်တီးပေးလျှင် အသက်က အရင် ပျောက်သွားနိုင်၏။

ကံကောင်းစွာဖြင့် တိုးတက်မှု အခြေအနေမှာ အတော်လေး ဝမ်းသာစရာ ကောင်းနေသေး၏။ လက်မှုပညာရှင် ထောင်ပေါင်းများစွာက သူ၏ ညွှန်ကြားမှုအောက်တွင် အုပ်စုပေါင်း ဒါဇင်နှင့်ချီ၍ ခွဲကာ နေ့မအား ညမနား ကြိုးစားပမ်းစား လုပ်ဆောင်နေကြသည်။

ပထမအုပ်စု ကျရှုံးသွားလျှင် အတွေ့အကြုံများကို စုစည်းပြီးသည့်နောက် ဒုတိယအုပ်စုက ချက်ချင်း ဆက်လုပ်သည်။ တတိယအုပ်စု အဆင်မပြေလျှင် စတုတ္ထအုပ်စု။

တကယ့်ကို အီလွန်မတ်စ် ဒုံးပျံလွှတ်တင်သည့် အရှိန်အဝါမျိုးပင် ဖြစ်သည်။

အသေးစိတ် ပြဿနာများနှင့် ကြုံတွေ့ရတိုင်း လက်မှုပညာရှင်များထံသို့ တိုက်ရိုက် လွှဲချလိုက်၏။

တစ်ချိန်တည်းမှာပင် အပြင်လူ အရင်းရှင်တစ်ယောက်အနေဖြင့် ရန်သူ့ဘက်မှ ဝန်ထမ်းများကို နွေဦးရာသီကဲ့သို့ နွေးထွေးမှုကို သဘာဝကျကျ ခံစားရစေရမည်။

ရန်ပုံငွေများကို အကြောင်းပြချက် အမျိုးမျိုးပြကာ ဖါးပါးထံမှ အများအပြား တောင်းခံခဲ့ရာ ထိုဘက်မှလည်း အံကြိတ်ပြီး အတင်း ညှစ်ထုတ်ပေးရသည်။

ဤသို့ဖြင့် လက်မှုပညာရှင်များ၏ လစာမှာ အဆပေါင်းများစွာ တက်သွားခဲ့ပြီး လူတိုင်းမှာ ဝဖြိုးလာကြတော့၏။

ညဘက်များတွင်လည်း မကြာခဏဆိုသလို မီးပုံပွဲများ ပြုလုပ်၍ အဖွဲ့အစည်း စိတ်ဓာတ်ကို တည်ဆောက် ပေးသေးသည်။

တစ်လပင် မပြည့်သေးသည့် အချိန်အတွင်း ကျင်းတိုင်းပြည်မှ လက်မှုပညာရှင်များသည် ဖန်ကျန်းရီကို မြင်သည်နှင့် ကျေးဇူးတင်သည့် စိတ်ဖြင့် မျက်နှာပေါ်တွင် မျက်နှာလိုမျက်နှာရ၊ ကျေးဇူးတင်ဝမ်းမြောက်သည့် အပြုံးများကို ဆင်မြန်းထားကြတော့သည်။

ထို့နောက် အသံထွက်မမှန်ကန်သော နိုင်ငံခြားဘာသာစကားဖြင့် ခေါင်းညိတ်ခါးညွှတ်ကာ နှုတ်ဆက်ကြ၏။ "တာဝန်ခံဖန် ... မင်္ဂလာပါ။"

ထိုအချိန်တိုင်း တာဝန်ခံဖန်ကလည်း အနွေးထွေးဆုံး အပြုံးကို ညှစ်ထုတ်ကာ အသံထွက်မမှန်ကန်သော ကျင်းတိုင်းပြည် ဘာသာစကားနှင့် ပြန်လည် ဖြေကြားလေ့ရှိသည်။ "မိသားစုဝင်တို့ ... အရမ်းကြီး ပင်ပန်းမခံကြနဲ့။ စားစရာသောက်စရာနဲ့ ပတ်သက်ပြီး မကျေနပ်တာရှိရင် သေချာပေါက် ကျုပ်ကို လာပြောကြ။ ဆက်ပြီး ပြင်ဆင်ပေးရမယ်လေ။"

ဘေးနားမှ လိုက်ပါလာသော အစောင့်နှစ်ယောက်၏ အခွင့်အရေးများမှာမူ ပို၍ပင် မြင့်မားလှသည်။ ဖန်ကျန်းရီသည် ညဘက်တွင် အားလပ်ချိန်ရှာ၍ ပြည့်တန်ဆာရုံများသို့ သွားလေ့ရှိ၏။

သူတို့နှစ်ယောက်အတွက်ပါ စီစဉ်ပေးခဲ့သော်လည်း အစောင့်များက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြသည်။

သို့တိုင်အောင် နေ့စဉ်မပြတ် သရေစာများ၊ ဆုကြေးငွေများနှင့် စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားများက အစောင့်နှစ်ယောက်၏ ရင်ကို အလွန်အမင်း နွေးထွေးစေခဲ့၏။

ယခု ဖန်ကျန်းရီအပေါ် ထားရှိသော သဘောထားမှာ အတော်လေး နူးညံ့သွားပြီဟု ဆိုနိုင်ပြီး ... ဘာသာပြန်ပေး ရာတွင်လည်း နှစ်ဆပို၍ ကြိုးစားပမ်းစား လုပ်ဆောင်ပေးလာကြသည်။

ဤနေ့တွင် ဖန်ကျန်းရီသည် ထုံးစံအတိုင်း စခန်းအတွင်း လှည့်လည်စစ်ဆေးနေပြီး ဖြတ်သွားဖြတ်လာ နှုတ်ဆက်ကြသော လက်မှုပညာရှင်များကို မကြာခဏ လက်လှမ်းပြကာ တုံ့ပြန်နေ၏။

မနေ့က စမ်းသပ်မှုမှာ ထပ်မံ ကျရှုံးသွားခဲ့ပြန်သည်။ ဘာပဲဖြစ်ဖြစ် သူက အပျော်တမ်းကစားသမား တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။

မီးပုံးပျံ၏ သဘောတရားမှာ နားထောင်ရသည်က ရိုးရှင်းသော်လည်း အသေးစိတ် အချက်အလက်များတွင်တော့ ပြဿနာများစွာ ရှိနေသေးသည်။ ထို့အပြင် ဖန်ကျန်းရီက တမင်သက်သက် အချိန်ဆွဲနေသေးသဖြင့် မပြီးစီးသေးသည့် အနေအထားတွင်သာ ရှိနေသေးခြင်းပင်။

စခန်း၏ အလယ်ဗဟိုတွင် နောက်ထပ် မီးပုံးပျံ ဆယ်လုံးကို ပြုလုပ်ပြီးစီးနေပြီဖြစ်ပြီး မီးထွန်းကာ လွှတ်တင်ရန် ပြင်ဆင်နေကြသည်။

ဖန်ကျန်းရီသည် မလှမ်းမကမ်းတွင် ထိုင်ကာ လက်ထဲရှိ လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ထားရင်း မျက်တောင် မခတ်ဘဲ စူးစိုက်ကြည့်နေ၏။

ဘယ်ဘက်မှ အစောင့်က လက်ဖက်ရည်အိုးကို ကိုင်ထားပြီး ညာဘက်မှ အစောင့်က မုန့်ဗန်းကို ကိုင်ထားကာ သူတို့သည်လည်း မီးပုံးပျံများကို စိတ်ဝင်တစား ကြည့်နေကြသည်။

ဤအရာသည် အောင်မြင်မှု မရသေးသော်လည်း ကောင်းကင်ယံသို့ အကြိမ်အနည်းငယ် ပျံတက်သွားခဲ့ဖူးသည်။ ထိန်းချုပ်မှု အားနည်းပြီး လေယိုစိမ့်လွယ်ခြင်းသာ ဖြစ်၏။

သို့ပေမည့် ကြည့်ရသည်မှာတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။

မီးပုံးပျံ၏ ထိပ်ပိုင်းများ တဖြည်းဖြည်း ကြီးမားလာသည်ကို ကြည့်နေစဉ် ဖါးပါးသည် ရုတ်တရက် လူအုပ်ကြီးကို ခေါ်ကာ အလျှင်အမြန် ရောက်ရှိလာခဲ့၏။ မလိုလားအပ်သော မျက်နှာထားဖြင့် ဖန်ကျန်းရီ၏ အရှေ့တွင် ရပ်ကာ ပြောလိုက်၏။ "ညီလေးဖန်ရဲ့ နေ့ရက်တွေကတော့ တော်တော်လေး အဆင်ပြေနေတာပဲ။ ဒီနေ့တော့ ရလဒ်တစ်ခုခု ထွက်လာသင့်ပြီ မဟုတ်လား။"

ဖန်ကျန်းရီသည် လက်ဖက်ရည်ပန်းကန်လုံးကို ဘေးနားရှိ အစောင့်ထံသို့ ဖြည်းညင်းစွာ ကမ်းပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "နိုင်ငံတော်ဆရာ ... ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။ နေ့တိုင်း လာပြီး တိုးတက်မှုကို မေးနေတယ်။ ကျုပ်လည်း ကြိုးကြိုးစားစား အလုပ်လုပ်နေတာပဲ မဟုတ်ဘူးလား။

ဟိုမှာ ကြည့်လေ။ ဟိုဘက်က မီးပုံးပျံက ထပ်ပြီး ပျံတက်သွားပြန်ပြီ။ ဒီတိုးတက်မှု အခြေအနေအရဆိုရင် ... နောက်ထပ် သုံးရက်လောက်ဆိုရင် ပြီးသွားလောက်ပြီလို့ ကျုပ် ထင်တယ်။"

ဘာ .. နောက်ထပ် သုံးရက်ဆို ပြီးပြီလား။

ဖန်ကျန်းရီ၏ ဘေးနားရှိ အစောင့်မှာ စိတ်ထဲတွင် လန့်သွားပြီး လက်တုန်သွားကာ မုန့်များ မြေပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည်။

ထို့နောက် အကြောင်းပြချက် မရှိဘဲ ဝမ်းနည်းမှု တစ်ရပ်က ရင်ထဲတွင် လွှမ်းမိုးလာသဖြင့် မျက်ထောင့်ကို မသိမသာ သုတ်လိုက်မိ၏။

ဖန်ကျန်းရီသည် သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး မေးလိုက်သည်။ "ညီအစ်ကို ... ဘာဖြစ်တာလဲ။"

အစောင့်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အသက်ပြင်းပြင်း နှစ်ချက်ရှူကာ တုန်ယင်နေသော အသံနှင့် ပြန်ဖြေလိုက်၏။ "ဘာမှမဖြစ်ပါဘူး။"

ဖါးပါးသည် အစောင့်ကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် အကဲခတ်လိုက်ပြီးသည့်နောက် မီးပုံးပျံများ ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်မှသာ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားပြီး ပြောလိုက်၏။ "သုံးရက် .. ခင်ဗျား ကို နောက်ထပ် အများဆုံး သုံးရက်ပဲ အချိန်ထပ်ပေးမယ်။ မဟုတ်ရင်တော့ အရှင်မင်းကြီးဘက်က ဘယ်လို သဘောထား ရှိလာမလဲဆိုတာ ကျုပ် မပြောနိုင်ဘူးနော်။"

"ကျုပ် ပြောမယ် နိုင်ငံတော်ဆရာ … ခင်ဗျား ကျုပ်အပေါ် သဘောထားလေး နည်းနည်း ကောင်းပေးလို့ မရဘူးလား။ အရင်က ကျုပ်ရဲ့ လက်ရေးဆိုးတယ်လို့ စွပ်စွဲခဲ့တာတောင် ကျုပ်က ပူးပေါင်းပေးခဲ့သေးတယ်။ အခု လာပြီး ခြိမ်းခြောက်နေပြန်ပြီ။"

ဖန်ကျန်းရီသည် လက်ကို မြှောက်ကာ လက်ချောင်း သုံးချောင်းကို ထောင်ပြလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီလေ။ သုံးရက်ပဲ။ ကျုပ် စစ်သစ္စာခံရဲတယ်။ သုံးရက်ကြာရင် ခင်ဗျား အရှင်မင်းကြီးကို ခေါ်လာပြီး စစ်ဆေးလိုက်တော့။

နိုင်ငံတော်ဆရာမှာ ကိစ္စမရှိတော့ရင် အရင်ပြန်ပြီး အလုပ်လုပ်ပါတော့။ ကျုပ်လည်း အလုပ်တွေကို ကြီးကြပ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအုံးမယ်။ အလုပ်ချိန် နောက်ကျသွားမှာ စိုးလို့ပါ။"

"ကောင်းပြီ။ ခင်ဗျား ပြောတဲ့အတိုင်း တကယ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။"

ဖါးပါးသည် နှာခေါင်းရှုံ့လိုက်ပြီး လူများကို ခေါ်ကာ လှည့်ထွက်သွား၏။

လူများ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် မီးပုံးပျံများကို ဆက်လက် စောင့်ကြည့်နေလိုက်သည်။ ခဏကြာပြီးသည့်နောက် ကောင်းကင်ယံသို့ ပျံတက်သွားသော မီးပုံးပျံများက ဖြည်းညင်းစွာ ပြန်လည် ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။

သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီးသည့်နောက် စခန်း၏ အလယ်ဗဟိုသို့ လျှောက်သွားကာ လက်နှစ်ဖက်ကို မြှောက်၍ ပြောလိုက်သည်။ "ညီအစ်ကိုတို့ ... အားလုံး ဒီကို လာစုကြ။ ကျုပ် ကိစ္စတစ်ခု ကြေညာစရာရှိတယ်။"

အစောင့်က အသံကျယ်ကျယ်ဖြင့် ဘာသာပြန်ပေးလိုက်ရာ မကြာမီမှာပင် မရေမတွက်နိုင်သော လက်မှုပညာရှင်များ သည် ဖန်ကျန်းရီ၏ အနီးသို့ ဝိုင်းအုံလာကြ၏။

"ညီအစ်ကိုတို့ ... ကျုပ် နိုင်ငံတော်ဆရာကို စစ်သစ္စာခံလိုက်ပြီ။ သုံးရက်အတွင်း မီးပုံးပျံတွေကို အချိန်မီ အပ်ရမယ်။ ဒီလေယိုစိမ့်တဲ့ ပြဿနာက သုံးရက်လောက်တောင် အချိန်ယူရမယ် မထင်ပါဘူး။ အားလုံးပဲ အချိန်မီအောင် အရှိန်မြှင့်ပြီး လုပ်ကြဖို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်ရောက်မှ အရှင်မင်းကြီးကိုယ်တိုင် ကြွလာလို့ ပြဿနာတွေ မဖြစ်အောင်လို့ပါ။"

"အာ ..." အောက်ဘက်တွင် ကြီးမားသော ဝမ်းနည်းမှု အသံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုအထဲမှ လက်မှုပညာရှင် အချို့က ခေါင်းချင်းဆိုင်ကာ စိုးရိမ်တကြီးဖြင့် ပြောဆိုနေကြ၏။ "ဘယ်လိုလုပ်မလဲ။ နောက်ထပ် သုံးရက်ဆို ပြီးတော့မှာ။ ကျုပ် မပြီးချင်သေးဘူး။"

"ဘယ်သူက ပြီးချင်မှာလဲ ... ဒီမှာ အလုပ်သိပ်မလုပ်ရဘဲ ငွေတွေ အများကြီး ရနေတာကို။"

"ဟူး … မပြောပါနဲ့တော့။ ဒီရက်နှစ်ဆယ်ကျော်က တော်တော်လေး အဆင်ပြေပါတယ်။ အရင်တစ်နှစ်လုံး ရှာတာထက်တောင် ပိုများသေးတယ်။ နောက်နှစ်ရက်နေရင် မိုးကာတွေကို နှစ်ပတ်လောက် ပိုချုပ်လိုက်ကြတာပေါ့။ မြန်မြန် အလုပ်အပ်လိုက်ကြတာပေါ့။"

အောက်ဘက်ရှိ လူများ ခေါင်းချင်းဆိုင်ကာ မခွဲခွာချင်သည့် ပုံစံများကို ကြည့်ရင်း ဖန်ကျန်းရီလည်း စိတ်လှုပ်ရှားမှုကို မတတ်နိုင်ဘဲ ခံစားလိုက်ရသည်။

လက်မှုပညာရှင်တွေက တကယ်ကို စည်းလုံးကြတာပဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ မိသားစုကြီးကို သူလည်း မဖြိုခွဲချင်ဘူး။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ... ကောင်းကင်ဘုံက လူတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးဘူးလေ။ ရန်ပုံငွေကလည်း ဒီလောက်ပဲ သုံးလို့ရတော့တာကိုး။

ဖန်ကျန်းရီသည် လက်ခုပ်ကို အားကုန် နှစ်ချက်ခန့် တီးလိုက်ရာ လူအများ၏ စကားပြောသံများ ချက်ချင်း ရပ်တန့်သွားပြီး ဆက်ပြောလိုက်၏။ "လူကြီးမင်းတို့ ... ကျုပ်တို့က တစ်နိုင်ငံတည်းသားတွေ မဟုတ်ပေမဲံ လူ့စိတ်ဆိုတာက အသားနဲ့ သွေးနဲ့ ဖွဲ့စည်းထားတာပဲလေ။

ကျုပ်တို့က တစ်နိုင်ငံတည်းသားတွေ မဟုတ်ပေမဲ့ စိတ်ချင်းတော့ အမြဲ ဆက်သွယ်နေပါတယ်။ ဒီတစ်လ မပြည့်တပြည့် အချိန်အတွင်း စိတ်ရင်းစေတနာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကနေ ခင်ဗျားတို့က ကျုပ်ကို အများကြီး သင်ယူစေခဲ့တယ်။ လက်မှုပညာရှင်ရဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲ၊ မယိမ်းမယိုင်တဲ့ စိတ်ဆိုတာ ဘာလဲ ဆိုတာတွေကို ဖန်ဆိုတဲ့ ကျုပ်ကို မြင်တွေ့ခွင့် ရစေခဲ့တယ်။

ခင်ဗျားတို့က စည်းလုံးတယ်၊ ချစ်ခင်ကြတယ်။ အလုပ်ကို ချစ်မြတ်နိုးကြတယ်။ အလုပ်လုပ်တာ၊ အထူးသဖြင့် စုပေါင်းပြီး ချစ်ချစ်ခင်ခင် လွတ်လွတ်လပ်လပ် အလုပ်လုပ်တာလောက် လူကို ကြီးကျယ်ခမ်းနားစေပြီး ဉာဏ်ပညာ ကြီးမားစေတဲ့ စွမ်းအားမျိုး ဘယ်အရာကမှ မပေးစွမ်းနိုင်ဘူး။

နောက်ထပ် သုံးရက်မပြည့်တော့တဲ့ အချိန်မှာ ကျုပ်တို့ နှုတ်ဆက်ခွဲခွာရတော့မယ်။ ဖန်ဆိုတဲ့ ကျုပ်က စိတ်ထဲမှာ မခွဲခွာချင်ပေမဲ့ လောကကြီးမှာ မကွဲကွာရတဲ့ အရာဆိုတာ မရှိပါဘူး။"

ဖန်ကျန်းရီသည် ထိုနေရာတွင် ခဏရပ်လိုက်ပြီး အောက်ဘက်ရှိ လူများ၏ တုံ့ပြန်မှုကို ထုံးစံအတိုင်း အကဲခတ်နေလိုက်၏။

ဘေးနားရှိ အစောင့်နှင့် ဘာသာပြန်သူတို့သည် ဖန်ကျန်းရီ၏ စကားပြောဟန်ကို အသားကျနေပြီဖြစ်ရာ ခံစားချက်များ အပြည့်ပါဝင်သော အသံဖြင့် အောက်ဘက်သို့ ပြန်လည် ဘာသာပြန်ပေးလိုက်ကြသည်။

ခွဲခွာရတော့မည်ကို ကြားလိုက်ရသောအခါ သူတို့လည်း စိတ်ထဲတွင် သက်ပြင်းရှည်ကြီးများ ချလိုက်မိ၏။

ခံစားလွယ်သော လက်မှုပညာရှင် အများအပြားမှာ မျက်လုံးများ နီရဲလာကာ ဖန်ကျန်းရီကို ကြည့်နေကြသည်။

ဤအောက်ခြေအကျဆုံး လက်မှုပညာရှင်များသည် တစ်ခါမှ လူရာသွင်း မခံခဲ့ရဖူးပေ။ အခြေခံအားဖြင့် နွား၊ မြင်းတို့နှင့် တန်းတူပင် ဖြစ်၏။

သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ဖန်ကျန်းရီကဲ့သို့ သဘောကောင်းပြီး လက်မှုပညာရှင်များအပေါ် ရက်ရောသော အရာရှိကြီးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြသဖြင့် စိတ်ထဲတွင် ကျေးဇူးတင်ဝမ်းမြောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထို့အပြင် ဖန်ကျန်းရီ၏ အဆက်မပြတ် မြှောက်ပင့်မှုများကြောင့် သူတို့ကိုယ်တိုင်လည်း စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလာမိကြ၏။

အလုပ်သိပ်မလုပ်ရဘူး ဆိုပေမဲ့ နည်းနည်းတော့လုပ်တာပဲ လုပ်တာပဲလေ။ အားလုံးက ဒီလိုပဲ။ ငါ့ထက် ပျင်းတဲ့သူတွေတောင် ရှိသေးတာ။ အလုပ်ကို ချစ်မြတ်နိုးတယ်ဆိုတာ ငါ့ကို ပြောနေတာ မဟုတ်ဘူးလား။

ခံစားချက်များသည် ဗိုင်းရပ်စ်ကဲ့သို့ ကူးစက်ပြန့်ပွားသွား၏။

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ပွဲက ပြီးဆုံးသွားပြီ ဆိုပေမဲ့ ဖန်ဆိုတဲ့ ကျုပ်ကလည်း အလုပ်လုပ်တဲ့အခါ ခင်ဗျားတို့လိုပဲ အစအဆုံး တာဝန်ယူချင်ပါတယ်။ ဒါကြောင့် ဒီနေ့ညမှာ နောက်ထပ် မီးပုံပွဲတစ်ခု ထပ်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်တို့ရဲ့ လက်မှုပညာရှင်များ စွမ်းအားရှိသည် ဆိုတဲ့ သီချင်းကို နောက်ထပ် တစ်ခေါက် အတူတူ သီဆိုကြမယ်။ တခြား တင်ဆက်စရာ အစီအစဉ် ရှိတဲ့သူတွေ ကျုပ်ဆီမှာ လာစာရင်းသွင်းကြပါ။

ဒါ့အပြင် မနက်ဖြန်ကျရင် ဒီကာလအတွင်း ဖန်ဆိုတဲ့ ကျုပ်ရဲ့ အလုပ်တွေအပေါ် ပံ့ပိုးကူညီပေးခဲ့ကြတာကို ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ် သေချာ ပြင်ဆင်ထားတဲ့ လက်ဆောင်တစ်ခုကို အားလုံးအတွက် ပေးပါ့မယ်။"

တောင်တွေက မလည်ပေမည့် ရေတွေကတော့ စီးဆင်းနေတာပဲလေ။ အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် ခင်ဗျားတို့နဲ့ သေချာပေါက် ပြန်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ကျုပ် ယုံကြည်တယ်။

နောက်ဆုံးအနေနဲ့ အားလုံးပဲ အထက်က လူတွေ မလာခင် ရေချိုးပြီး အဝတ်အစားတွေ လဲထားကြပါ။ အကောင်းဆုံး စိတ်ဓာတ်ခွန်အားတွေနဲ့ အထက်က စစ်ဆေးမှုကို ကြိုဆိုကြဖို့ မျှော်လင့်ပါတယ်။ လူစုခွဲ။"

"လူစုခွဲ" ဟူသော စကားကို ပြောပြီးသည်နှင့် အောက်ဘက်တွင် လူအချို့က စတင် ငိုကြွေးလာကြတော့၏။

ထို့နောက် လူအချို့က အော်ပြောလိုက်ကြသည်။

“အမတ်ကြီးဖန် နှုတ်ဆက်ပါတယ်။ အမတ်ကြီးဖန်ကို ကျေးဇူးတင်ပါတယ် ..." အစရှိသည့် စကားမျိုးစုံကို ပြောဆိုနေကြ၏။

ဘေးနားရှိ အစောင့်နှစ်ယောက်မှာ တစ်ယောက်တစ်ခွန်းဖြင့် ကြိုးစားပမ်းစား ဘာသာပြန်ပေးနေကြသော်လည်း အောက်ဘက်ရှိ လူများ၏ ခံစားချက်များက အလွန်အမင်း ပြင်းထန်နေခဲ့သည်။

အစောင့်များပင်လျှင် ငိုချလိုက်မိကြပြီး ဖန်ကျန်းရီကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ နှာသံနှင့် ပြောလိုက်၏။ "အမတ်ကြီးဖန် ... စစ်တိုက်ပြီးသွားရင် ကျုပ် အမတ်ကြီးနဲ့အတူ ဆက်အလုပ်လုပ်မယ်။"

ခင်ဗျား တို့နှစ်ယောက်ရဲ့ အရင်တုန်းက အခွင့်အရေးတွေက ဘယ်လောက်တောင် ဆိုးရွားခဲ့လို့လဲ။ ဖါးပါးဆိုတဲ့ အဘိုးကြီးက လက်အောက်ငယ်သားတွေကို အလကား အသုံးချရတာ အကျင့်ပါနေပုံရတယ်။ ဒါက အလုပ်လုပ်ရပြီး လုပ်အားခ မရတဲ့ ရလဒ်ပဲလေ။

ဖန်ကျန်းရီသည် ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားလိုက်ပြီး အစောင့်၏ ပခုံးကို ပုတ်ကာ နောက်ဆုံးတွင် ဝမ်းနည်းကြေကွဲနေသည့်ဟန်နှင့် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ပြီးနောက် လက်နောက်ပစ်ကာ စခန်းအလယ်ဗဟိုမှ ထွက်ခွာသွားတော့သည်။

All Chapters