← Chapters

အခန်း (၇၈၂-၇၈၃)

Vol. 41 Ch. 782-783

အခန်း (၇၈၂-၇၈၃)

Vol. 41 Ch. 782-783

အပိုင်း (၇၈၂) အားမာန်အပြည့်ဖြင့် ဖန်တီးခြင်း။

"အကြမ်းဖျင်းကတော့ အဲဒီအတိုင်းပဲ။ မင်း ဒီရက်ပိုင်းအတွင်းမှာ လက်ကိုင်ပဝါကို အမြန်ဆုံး ပန်းထိုးပေးလိုက်။ အားတဲ့အချိန် လင်လုံနဲ့ သွားစကားပြောပြီး ဒီကိစ္စကို စဉ်းစားဖို့ သွယ်ဝိုက်ပြီး ပြောပေး။ သ့်ကို အများဆုံး နှစ်ရက်ပဲ အချိန်ရမယ်လို့ ပြောလိုက်။ အခွင့်အရေးဆိုတာ တစ်ခါပဲရတာ၊ လက်လွတ်သွားရင် ပြန်မရနိုင်ဘူးလို့။ နောက်ပိုင်းကိစ္စတွေကို ကျုပ် ဆက်ပြီး စီစဉ်ပေးမယ်လို့ ပြောလိုက်။"

ချူချင်ဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "နောက်ပိုင်း ဘာအစီအစဉ်တွေ ရှိသေးလို့လဲ။"

ဖန်ကျန်းရီသည် သူ၏ လက်စွပ်ကြီးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "အဲဒါ မင်း ဝင်မပါနဲ့တော့။ မင်းတို့ အရင် ထွက်သွားကြတော့။ သံတမန်အဖွဲ့က လူတွေကို ကျုပ် ဆီ ခေါ်ပေးခဲ့အုံး။"

ထို့နောက် အမျိုးသမီးနှစ်ဦးသည် အပြင်သို့ ထွက်သွားကြပြီး မကြာမီမှာပင် သံတမန်အဖွဲ့ဝင်များသည် ဖန်ကျန်းရီ၏ အခန်းထဲ၌ တစ်ဖန် ပြန်လည် စုဝေးရောက်ရှိလာကြ၏။

မာချန် ဦးဆောင်သော လူအားလုံးသည် ဖန်ကျန်းရီကို စိုးရိမ်တကြီး ကြည့်နေကြသည်။

မာချန်က အလောတကြီး မေးလိုက်၏။ "အမတ်မင်းဖန် ... တစ်ခုခု ပြဿနာတက်ပြန်ပြီလား။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ကိစ္စရှိတာတော့ သေချာတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အရမ်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ ကျုပ် လူအနည်းငယ်ကို အကူအညီတောင်းဖို့ စီစဉ်ထားတယ်။ ခင်ဗျားတို့ အစဉ်လိုက် တန်းစီလိုက်ကြ။ ကျုပ် တစ်ယောက်ချင်းစီ ရွေးချယ်မယ်။"

……

နောက်တစ်နေ့ ည။

လင်လုံသည် စားပွဲပေါ်တွင် မှောက်လျက် မျက်စိရှေ့ရှိ ဖယောင်းတိုင်ကို ငေးမောကြည့်နေပြီး သူမ၏ လက်ထဲတွင် ဆံထိုးတစ်ချောင်းကို ကိုင်ကာ မီးစာကို သတိလွတ်စွာဖြင့် ဆော့ကစားနေခဲ့၏။

တစ်လနီးပါး အချိန်အတွင်း တည်းခိုဆောင်မှ တစ်ခါမျှ မထွက်ခဲ့ရသော်လည်း သူမ၏ ဘဝတစ်သက်တာတွင် အလှပဆုံးသော အချိန်ကာလများကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်သည်။

ဘဝကြီးက တံခါးပေါက်အသစ်တစ်ခု ပွင့်သွားသည့်အလားပင်။

တာ့ကျင်း၏ ရှုခင်းများနှင့် ယဉ်ကျေးမှုများက သူမကို အလွန်အမင်း စွဲဆောင်နေခဲ့သည်။

အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေး၊ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် ... အရာရာတိုင်းက အလွန်လှပပြီး အိပ်မက်တစ်ခုလိုပင်။

ဤသည်မှာ သူမ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးသော နိုင်ငံတစ်ခု ဖြစ်၏။

သန်းခေါင်ယံ အိပ်မက်ထဲတွင်ပင် သူမကိုယ်သူမ နိဗ္ဗာန်ဘုံသို့ ရောက်နေသည်ဟု အိပ်မက်မက်နေခဲ့သော်လည်း နိုးလာပြီးနောက်တွင်တော့ လက်တွေ့ဘဝ၏ သံကြိုးများကို မလွတ်မြောက်နိုင်သေးချေ။

သူမက သိုးကျောင်းသူလေးတစ်ယောက်မျှသာ ဖြစ်ပြီး ကံကောင်း၍ နန်းတော်ထဲသို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ သခင်က ဘာလုပ်ခိုင်းလုပ်ခိုင်း လုပ်ရမည်ဖြစ်ပြီး မည်သည့်နေရာတွင် ပြန်လည်ခုခံပိုင်ခွင့် ရှိပါမည်နည်း ...

သို့ပေမည့် ယခုအချိန်တွင်တော့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီက သူမကို တာ့ကျင်းသို့ သွားရောက်လည်ပတ်နိုင်ကြောင်း ပြောပြခဲ့ပြီး သူမကိုပင် ကူညီပေးလိုသေးသည်။

အကယ်၍ အမတ်မင်းဖန်က ကူညီပေးလိုသည်ဆိုပါက ကျင်းတိုင်းပြည်သို့ သွားရန်မှာ ခက်ခဲသောကိစ္စတစ်ခု မဟုတ်လောက်ချေ။

လင်လုံသည် ထိုသို့တွေးရင်း သက်ပြင်းတစ်ချက်ကို တိုးတိတ်စွာ ချလိုက်၏။

သွားချင်သည်။ သူမ အလွန် သွားချင်သည်။ သို့သော်ငြား ဤခြေလှမ်းကို လှမ်းရန် သတ္တိလုံးဝမရှိချေ။ ထို့အပြင် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြန်လာရဦးမည် ဖြစ်ရာ ... တာ့ကျင်းတွင် တစ်သက်လုံး နေထိုင်သွား၍ မရနိုင်ချေ။

သို့ပေမည့် တာကျင်းက ဤကဲ့သို့ဖြစ်နေမည်မှန်း မသိခဲ့ပါက ဘဝကို ဆက်လက် သည်းခံနိုင်ဦးမည်။ ယခုတော့ အမြင်ကျယ်သွားပြီဖြစ်ရာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပါက နေရာတိုင်းတွင် ဖိနှိပ်ခေါင်းပုံဖြတ်မှုများ၊ ဒုက္ခရောက်နေသော အမျိုးသမီးများကိုသာ မြင်တွေ့နေရသည်။ ဤကဲ့သို့သော နေ့ရက်များကို အဘယ်သို့ ဆက်လက် ဖြတ်သန်းရပါမည်နည်း။

နေ့စဉ်ရက်ဆက် နာကျင်မှုများကြားထဲတွင်သာ ရှင်သန်ရတော့မည်ဖြစ်ပြီး တစ်ခြားသူများကို ရင်ဖွင့် ပြောပြလျှင်လည်း လူထူးလူဆန်းတစ်ယောက်အဖြစ် သတ်မှတ်ခံရမည်မှာ သေချာသည်။ ကြိမ်ဒဏ် ပေးခံရမည်ဆိုလျှင်တောင် ပြော၍မရချေ။

သွားရမလား ... ဒါမှမဟုတ် မသွားရဘူးလား။

သွားချင်တယ် ... တစ်ချက်လောက်လေး မြင်ရရင်တောင် ကောင်းတယ်...။

ထိုအတွေးနှစ်ခုက လင်လုံ၏ စိတ်ထဲတွင် အပြန်ပြန်အလှန်လှန် လွန်ဆွဲနေပြီး သူမ၏ စိတ်ကို ဂနာမငြိမ်ဖြစ်စေကာ ဆံထိုးလေးကလည်း မီးစာ၏ ဘယ်ညာကို ဟိုဒီ ထိုးကလော်နေခဲ့၏။

ဤအချိန်တွင် လင်းလိုက်မှိန်လိုက် ဖြစ်နေသော မီးရောင်လေးက လင်လုံ၏ စိတ်ခံစားချက်နှင့် တထပ်တည်း ကျနေသည်။

ခဏအကြာတွင် လင်လုံ၏ မျက်နှာပေါ်၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ဟားတိုက်သည့် အမူအရာတစ်ခု ပေါ်လာခဲ့၏ ...

ငါက နောက်ဆုံးတော့လည်း နန်းတွင်းအစေခံမလေး တစ်ယောက်ပါပဲ။ အမတ်မင်းဖန်လို ဂုဏ်အဆင့်အတန်း မြင့်မားတဲ့သူတစ်ယောက်ရဲ့ ဘေးမှာ နေရရင်တောင်မှ သူတစ်ပါးရဲ့ ခြယ်လှယ်မှုကို ခံရတဲ့ အောက်တန်းကျတဲ့ အဆင့်အတန်းကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။

ထားလိုက်ပါတော့၊ ဒီကိစ္စက ငါနဲ့ ရေစက်မပါတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ မျှော်လင့်ချက်တွေ အရမ်းများနေတာက သောကတွေကို ပိုတိုးလာစေရုံပဲ ရှိတယ်။

လင်လုံသည် မျက်လုံးကို အားရပါးရ မှိတ်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ တွေဝေနေခဲ့၏။

အမတ်မင်းဖန်ဘက်က ငါ့အဖြေကို စောင့်နေတုန်းပဲ။ ထပ်ပြီး တွေးမနေတော့ဘူး။ သူ့ရဲ့ စေတနာကို စောစောစီးစီးပဲ ငြင်းလိုက်တော့မယ်။ မဟုတ်ရင် တွေးလေ ပိုပြီး နာကျင်ရလေပဲ။

လင်လုံသည် ထရပ်ကာ အခန်းအပြင်သို့ ထွက်လာခဲ့ပြီး တံခါးဝသို့ ရောက်သည်နှင့် တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် လက်ကို ပြန်ရုပ်လိုက်၏။

စိတ်ထဲတွင် နောင်တရသွားပြီး ဆုံးဖြတ်ချက် မချနိုင်ဖြစ်လာသည်။

တစ်သက်မှာ တစ်ကြိမ်သာရမယ့် အခွင့်အရေးက ငါ့ရှေ့မှာ ရောက်နေတာလေ ... တကယ်လို့ ငါမသွားရင် နောက်ထပ် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး ...

ဝေခွဲမရဖြစ်နေစဉ်မှာပင် ဆူညံပွက်လောရိုက်နေသော၊ ပြင်းထန်လှသော တေးဂီတသံတစ်ရပ်က လင်လုံ၏ နားထဲသို့ ရုတ်တရက် ပျောက်ချည်ပေါ်ချည် ရောက်ရှိလာခဲ့၏။

"အရင်တုန်းက ... အကြိမ်ကြိမ် ... လမ်းပေါ်မှာ လဲကျခဲ့ရတယ်၊ တစ်ချိန်က ... အတောင်ပံတွေ ကျိုးပဲ့ခဲ့ရတယ်၊ အခုတော့ ငါ... လမ်းပျောက်နေသလို ခံစားရတယ် ... "

လင်လုံသည် စူးစမ်းလိုစိတ်ဖြင့် နံရံဘေးသို့ လျှောက်သွားပြီး နားကို ဖွဖွလေး ကပ်လိုက်ရာ ဤတစ်ကြိမ်တွင်တော့ အသံက သိသိသာသာ ပို၍ ရှင်းလင်းသွားခဲ့သည်။

"ငါ့ရဲ့ ဘဝကို မျှော်လင့်ချက်တွေ ရရှိစေချင်တယ်၊ ငါ့ရဲ့ ဘဝကို အားမာန်အပြည့်နဲ့ ရှင်သန်ချင်တယ်၊ ကျယ်ပြောလှတဲ့ ကောင်းကင်ယံမှာ ပျံသန်းနေသလိုမျိုး၊ အဆုံးအစမရှိတဲ့ လွင်ပြင်ကျယ်ကြီးထဲမှာ ဖြတ်သန်းသွားသလိုမျိုး၊ အရာအားလုံးကို ရုန်းထွက်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်ပြီး .. ငါ အားမာန်အပြည့်နဲ့ ရှင်သန်ချင်တယ် ... "

လင်လုံသည် အံ့အားသင့်စွာဖြင့် ပါးစပ်ကို အုပ်လိုက်၏။

ဒါက တာ့ကျင်းက တေးဂီတလား။ တကယ်ကို နားထောင်လို့ ကောင်းတာပဲ။

သူမ ဤကဲ့သို့သော သီချင်းမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။

သီချင်းစာသားတွေကလည်း အရမ်းကို ထူးခြားတယ်။

နားထောင်ရင်း နားထောင်ရင်း လင်လုံတစ်ယောက် မျောပါသွားကာ နားကို နံရံတွင် အားရပါးရ ကပ်လျက် ဆက်လက် နားထောင်နေလိုက်သည်။

……

ဘေးအခန်းတွင် ဖန်ကျန်းရီသည် စားပွဲပေါ်၌ ရပ်ကာ လက်ထဲတွင် တုတ်ချောင်းငယ်လေး တစ်ချောင်းကို ကိုင်ထား၏။

အောက်ဘက်တွင်တော့ တစ်ရက်ခွဲကြာ လေ့ကျင့်ပြီးနောက် သေချာရွေးချယ်ထားသော ကျင်းတိုင်းပြည်မှ အသံကောင်းပိုင်ရှင် ငါးဦးရှိပြီး ၎င်းတို့ထဲတွင် မာချန်လည်း ပါဝင်သည်။

ပင်မအဆိုတော်၏ ဘေးတွင် စောင်းတီးသူ၊ ပလွေမှုတ်သူနှင့် ဗုံတီးသူတို့ကလည်း အနောက်ခံတေးဂီတကို ပံ့ပိုးပေးနေကြ၏။

မာချန်၏ အသံက အနည်းငယ် ဩနေပြီး မနေ့က တစ်နေကုန် လေ့ကျင့်ပြီးမှသာ ဖန်ကျန်းရီ စိတ်ကျေနပ်သည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် သီချင်းဆိုခြင်းက တာ့ကျင်း၏ ကံကြမ္မာနှင့် သက်ဆိုင်နေသလဲဆိုတာကို မသိရသော်လည်း ဤအချိန်တွင်တော့ သူ၏ အသက်နှင့် မျက်နှာကို ရင်းရုံသာ ရှိတော့သည်။

"အရင်တုန်းက ဘယ်နှစ်ကြိမ်လောက် လမ်းပျောက်ခဲ့ရလဲ၊ အရင်တုန်းက ဘယ်နှစ်ကြိမ်လောက် အိပ်မက်တွေ ပျက်စီးခဲ့ရလဲ၊ အခုတော့ ငါ လမ်းပျောက်နေသလို မခံစားရတော့ဘူး၊ ငါ့ရဲ့ ဘဝကို လွတ်မြောက်စေချင်တယ်။"

ဖန်ကျန်းရီကလည်း အားမနေချေ။ စန္ဒရားဆရာကြီးတစ်ဦးအလား၊ တရုတ်တေးဂီတ ပညာရှင်က ဝင်စားနေသည့်အလား၊ လျှပ်စစ်ဓာတ်လိုက်နေသူတစ်ဦးလို တုတ်ချောင်းငယ်လေးကို ကိုင်ကာ အဆက်မပြတ် တုန်ခါနေခဲ့၏။

သူက ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးသူဖြစ်ပြီး သိပ်အသုံးမဝင်လှသော်လည်း ... သူ တုန်ခါနေသည်ကို မြင်ရသောအခါ သီချင်းဆိုနေသော အရာရှိများကလည်း ထိုမျှလောက် မရှက်တော့သလို ခံစားလာရကာ ဆိုရင်းဆိုရင်း သံတမန်အဖွဲ့၏ တေးဂီတကလည်း ပို၍ မြိုင်ဆိုင်လာခဲ့သည်။

သီချင်းစာသားက ရိုးရှင်းသော်လည်း ပြင်းထန်လှသော စည်းချက်များနှင့် ပေါင်းစပ်လိုက်သောအခါ တကယ်ကို အင်အားပါပေသည်။

ဖန်ကျန်းရီ၏ အမူအရာက တဖြည်းဖြည်း ကောင်းမွန်လာပြီး နောက်ဆုံးအပိုဒ်သို့ ရောက်ရှိလာချိန်တွင် သူ၏ လက်ထဲမှ တုန်ခါနေသော တုတ်ချောင်းငယ်လေးကို အမိုးဆီသို့ ရုတ်တရက် ညွှန်ပြလိုက်၏။

ပို၍မြင့်လေလေ ညွှန်ပြလေလေဖြစ်ပြီး ဖန်ကျန်းရီသည် ခြေဖျားပင် ထောက်ထားလိုက်ရာ အောက်ဘက်ရှိ အရာရှိများကလည်း ချက်ချင်း သတိထားလိုက်ကြသည်။

လာပြီ။ ဒါပဲ။ အသံကို ထပ်မြှင့်လိုက်။

မာချန်၏ မျက်နှာအိုကြီးက နီရဲသွားပြီး လည်ပင်းက နှစ်ဆခန့် ကြီးလာကာ အသံကုန်ဟစ်အော်လိုက်၏။ "ငါ အားမာန်အပြည့်နဲ့ ရှင်သန်ချင်တယ်၊ သက်တံရဲ့ ထိပ်ဖျားမှာ မတ်မတ်ရပ်နေသလိုမျိုး၊ တောက်ပနေတဲ့ ကြယ်တာရာတွေကြားမှာ ဖြတ်သန်းသွားသလိုမျိုး၊ သာမန်ထက် သာလွန်တဲ့ အင်အားတွေကို ပိုင်ဆိုင်ပြီးတော့ ... "

ဖန်ကျန်းရီသည် သူ့ကို စူးရှစွာ တစ်ချက်စိုက်ကြည့်လိုက်ပြီး တုတ်ချောင်းငယ်ဖြင့် မာချန်ကို ညွှန်ပြကာ ပါးစပ်လှုပ်ရုံလေးဖြင့် ပြောလိုက်သည်။ "ခင်ဗျား ပြဿနာရှာနေတာလား။"

မာချန်သည် တစ်ကိုယ်လုံး တုန်ခါသွားပြီး နံရံဘေးသို့ ကပ်ကာ အနေရခက်စွာဖြင့် ပြုံးပြလိုက်၏။

ဘေးအခန်းရှိ လင်လုံ၏ လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်ပူနှစ်ပေါက်က တလိမ့်လိမ့် စီးကျနေခဲ့ပြီဖြစ်ပြီး မို့မောက်နေသော ရင်အုံလေးကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

သူမ၏ စိတ်ခံစားချက်များက အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်တစ်ခု၊ ပြင်းထန်လှသော စိတ်လိုက်မာန်ပါ လုပ်ချင်စိတ်တစ်ခုက လင်လုံ၏ စိတ်ထဲတွင် အဆက်မပြတ် ဖြစ်ပေါ်နေခဲ့၏။

ငါလည်း အားမာန်အပြည့်နဲ့ ဘဝကို ရှင်သန်ချင်တယ်။ အခု အခွင့်အရေးက မျက်စိရှေ့မှာ ရောက်နေပြီလေ။

ထိုအချိန်မှာပင် နားထဲမှ တေးဂီတသံက တစ်ပုဒ်တည်းကို ထပ်ခါတလဲလဲ ပြန်ဖွင့်နေသလို ဖြစ်လာခဲ့၏ ...

လင်လုံသည် မျက်ရည်များကို သုတ်လိုက်ပြီး တံခါးပေါက်ဆီသို့ စူးရှစွာ ကြည့်ကာ မဆိုင်းမတွပင် ခြေလှမ်းလိုက်သည်။

ဤအချိန်တွင် ဖန်ကျန်းရီသည် အခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်ပြီး သူ၏ အကြည့်များက တံခါးပေါက်ဆီသို့ စူးစိုက်ကြည့်နေခဲ့၏။

သူလုပ်နိုင်သမျှ အရာအားလုံး လုပ်ပြီးသွားပြီ ဖြစ်သည်။ အကယ်၍ ခေတ်မီစက်ကိရိယာတွေသာ ရှိလျှင် ခုနစ်ဆယ်ရာခိုင်နှုန်း သေချာ၏။ သို့ပေမည့် ယခု မိုက်မရှိပေ။ ဝါသနာရှင်တွေက ပါးစပ်နှင့် အခြေအနေကို ဖန်တီးပေးရခြင်း ဖြစ်သောကြောင့် ဆယ်ရာခိုင်နှုန်းပဲ သေချာတော့သည်။

အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ ကြည့်ရတော့မည်။

သုံးမိနစ်ခန့်အကြာတွင် ဖန်ကျန်းရီ၏ အခန်းတံခါး ခေါက်သံထွက်ပေါ်လာပြီး ကြည်လင်ပြတ်သားသော အသံတစ်သံ က တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။ "အမတ်မင်းဖန် ... ရှိပါသလား။"

အပိုင်း (၇၈၃) သွားကြစို့ လင်လုံ။

ဖန်ကျန်းရီက လှမ်းပြောလိုက်၏။ "ဝင်ခဲ့ပါ။"

လင်လုံသည် တံခါးကို တွန်းဖွင့်၍ ဝင်လာပြီး ဖန်ကျန်းရီ၏ ရှေ့တွင် လှပကျော့ရှင်းစွာ ရပ်လိုက်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် တွေဝေသွားခဲ့သည်။

ဖန်ကျန်းရီသည် သူမက အင်္ကျီစကို ဆုပ်ကိုင်ကာ အနည်းငယ် တွန့်ဆုတ်နေပြီး မျက်ဝန်းများ နီရဲနေသည်ကို မြင်သောအခါ အမူအရာမပျက်ဘဲ ပြောလိုက်၏။ "လင်လုံ ... ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ။ ကျုပ်တို့ဆီမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေး ရှိတယ်။ ပြောစရာရှိရင် တိုက်ရိုက်ပြောလို့ရတယ်။ ဒီလိုလုပ်နေစရာ မလိုပါဘူး။"

လင်လုံသည် ပါးစပ်ကို ဟလိုက်ပြီး ခုနက တေးဂီတကို ခေါင်းထဲ၌ ပြန်လည် ကြားယောင်လာကာ သတ္တိမွေး၍ ပြောလိုက်သည်။ "အမတ်မင်းဖန် ... ကျွန်မ တာ့ကျင်းကို သွားချင်ပါတယ်။"

ဖန်ကျန်းရီက စိတ်ထဲတွင် အလွန် ဝမ်းသာသွားပြီး ရေရွတ်လိုက်၏။ "ကောင်းပြီ။"

ဂီတက တကယ်ကို အသုံးဝင်တာပဲ။ အချစ်မှာ ကျရှုံးသွားတဲ့ ခွေးတစ်ကောင်လိုပဲ၊ အချစ်သီချင်း ကြားတာနဲ့ ကိုယ့်ကိုယ်ကိုယ် သီချင်းဆိုနေသလို ခံစားရတာပဲ။

လင်လုံလည်း တကယ်ကို ဇာတ်လမ်းထဲ မျောပါသွားပြီပဲ။

ဖန်ကျန်းရီသည် နူးညံ့သော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး ထရပ်ကာ လင်လုံအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

"မင်းက အတွေးအခေါ်ပွင့်လင်းတဲ့ မိန်းကလေးဆိုတာ ကျုပ်သိပြီးသားပါ။ ဒါဆို ဘယ်အချိန် သွားဖို့ စီစဉ်ထားလဲ။ ဘာအခက်အခဲရှိရှိ ကျုပ် အကုန် ဖြေရှင်းပေးမယ်။"

လင်လုံက ခေါင်းခါပြလိုက်၏။ "မသိသေးဘူး။ နိုင်ငံတော်ဆရာက ကျွန်မကို သွားခွင့်မပြုရင် ကျွန်မ ဘယ်လိုမှ ထွက်သွားလို့ရမှာ မဟုတ်ဘူး။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် မနေ့က ကျုပ် အပြင်ထွက်ပြီး နိုင်ငံတော်ဆရာနဲ့ သွားတွေ့ခဲ့သေးတယ်။ သူက အတိအလင်း မပြောပေမဲ့ သူ့ရဲ့ အမူအရာအရ မင်းကို နန်းတော်ထဲ ပုံမှန်အတိုင်း ပြန်စေချင်တဲ့ပုံပဲ။"

ကြီးမားလှသော စိတ်ပျက်မှုကြီးတစ်ခုက လင်လုံကို ချက်ချင်း လွှမ်းခြုံသွားခဲ့၏။

ငါ့မှာ စိတ်အားထက်သန်မှုသာ ရှိပြီး လက်တွေ့မဆန်တဲ့ ဖိအားတွေကိုတော့ ဘယ်လိုမှ မကျော်လွှားနိုင်ပါလား ...

"ဒါပေမဲ့ အဲဒီဘက်က ကိစ္စက တကယ်တော့ ဖြေရှင်းဖို့ လွယ်ပါတယ်။ ကျုပ် မင်းအတွက် နည်းလမ်းတစ်ခု စဉ်းစားပေးမယ်။ မနက်ဖြန် မင်း သူ့ဆီ သွားရင် သူက သေချာပေါက် ခွင့်ပေးပြီး အိမ်ပြန်ခိုင်းလိမ့်မယ်။ အိမ်မှာ ရက်အနည်းငယ်လောက် နားပြီးရင် မင်း ခရီးထွက်လိုက်တော့ပေါ့။"

လင်လုံ၏ အကြည့်များက နောက်တစ်ကြိမ် ပြန်လည် တောက်ပလာခဲ့သည်။ "ဘာနည်းလမ်းလဲ။"

ဖန်ကျန်းရီသည် မာယာပါပါ ပြုံးလိုက်၏ ...

……

စခန်းထဲတွင် မရေမတွက်နိုင်သော လက်မှုပညာရှင်များ၏ အလုပ်များနေသော အရိပ်များက ဖန်ကျန်းရီ၏ ရှေ့မှ အဆက်မပြတ် ဖြတ်သန်းသွားနေကြသည်။

ဖန်ကျန်းရီကလည်း ထုံးစံအတိုင်း အလယ်တွင် ထိုင်ကာ ကိုယ်ပေါ်၌ စောင်တစ်ထည်ကို ခြုံထားပြီး လက်မှုပညာရှင် ဒါဇင်ပေါင်းများစွာ မိုးပျံပူဖောင်းများကို ပြင်ဆင်နေကြသည်ကို ပျင်းရိပျင်းတွဲဖြင့် ကြည့်နေခဲ့၏။

ထင်ထားသည့်အတိုင်းပင် နေ့စဉ် ပုံမှန်လာရောက် စစ်ဆေးလေ့ရှိသော နိုင်ငံတော်ဆရာ ဖါးပါးသည် လူတစ်စုကို ခေါ်ဆောင်၍ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။

သူရောက်လာသည်နှင့် အသံနှိမ့်ကာ ပြောလိုက်၏။ "ညီလေးဖန် ... မနက်ဖြန်ဆိုရင် ခင်ဗျားရဲ့ ရလဒ်တွေကို စစ်ဆေးဖို့ အရှင်မင်းကြီးကို ခေါ်လာသင့်ပြီလို့ ထင်တယ်။"

ဖန်ကျန်းရီသည် ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ မတ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။ "နိုင်ငံတော်ဆရာ ... ခင်ဗျား နေ့တိုင်း နေ့တိုင်း လာလောနေတာ မပင်ပန်းဘူးလား။ ကျုပ် လုပ်နိုင်တယ်လို့ ပြောရင် လုပ်နိုင်တာပေါ့။ ခင်ဗျားပဲ ကြည့်လေ၊ သူတို့တွေ အခု ပြင်ဆင်နေကြပြီ မဟုတ်လား။ မနက်ဖြန်မနက်ကျရင် ခင်ဗျား အရှင်မင်းမြတ်ကို ခေါ်ပြီး လာစစ်ဆေးလှည့်။ တကယ်လို့ ကျရှုံးသွားရင် ခင်ဗျား ကြိုက်သလို အပြစ်ပေးလို့ရတယ်။"

သေချာသော အဖြေကို ကြားရသောအခါ ဖါးပါးက ပြုံးလိုက်၏။ "ညီလေးဖန် ... စိတ်မဆိုးပါနဲ့။ ကျင်းတိုင်းပြည်ကို ရောက်လာတည်းက ကျုပ် ခင်ဗျား ကို တစ်ရက်လေးများ ပေါ့ပေါ့ဆဆ ဆက်ဆံခဲ့ဖူးလို့လား။ ဘယ်အကြိမ်ကများ ခင်ဗျား စိတ်တိုင်းကျ မဖြစ်ခဲ့ဖူးလို့လဲ။"

ဖန်ကျန်းရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "အဲဒါက ကျုပ်ကို အကူအညီတောင်းစရာ ရှိနေလို့ မဟုတ်ဘူးလား။ အခု မိုးပျံပူဖောင်းလည်း ကျုပ် လုပ်ပေးပြီးသွားပြီဆိုတော့ ကျုပ်တို့ သံတမန်အဖွဲ့ကို တာ့ကျင်းကို ပြန်လွှတ်ပေးလို့ ရပြီလား။

"နိုင်ငံနှစ်နိုင်ငံ စစ်တိုက်တဲ့အခါ သံတမန်ကို မသတ်ရဘူးဆိုတဲ့ စည်းမျဉ်းကို နိုင်ငံတော်ဆရာက ဘယ်သူ့ထက်မဆို ပိုသိပြီး ပိုနားလည်သင့်တာပေါ့။"

ဖါးပါးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "အဲဒီကိစ္စ တစ်ခုတည်းတော့ မရဘူး။"

ဖန်ကျန်းရီသည် ကုလားထိုင်ကို အားရပါးရ ပုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "စကားပြောလို့ အဆင်မပြေမှတော့ ဆက်ပြောနေစရာ အကြောင်းမရှိတော့ဘူး။ ဒါဆိုလည်း နိုင်ငံတော်ဆရာက ဒီမှာပဲ ကြီးကြပ်ရေးမှူး ဆက်လုပ်နေလိုက်တော့။ ကျုပ် ပြန်အိပ်တော့မယ်။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် ထရပ်ကာ ဒေါသတကြီး ထွက်သွားရာ ကိုယ်ရံတော်နှစ်ဦးလည်း အမြန် နောက်မှ လိုက်သွားကြ၏။

ဖါးပါးသည် တားဆီးချင်သော်လည်း သူ၏ ခြေလှမ်းများက အလွန်မြန်ဆန်နေသောကြောင့် နောက်ဆုံးတွင် ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ကာ သရော်သလို တစ်ချက်သာ ရယ်မောလိုက်နိုင်သည်။

ထို့နောက် ကွင်းထဲရှိ မိုးပံပူဖောင်းကို မျက်တောင်မခတ်တမ်း ကြည့်နေလိုက်၏။

နာရီဝက်ခန့် ကြာပြီးနောက်။

ဖါးပါးသည် လေထဲတွင် ဝဲပျံနေသော လေပူဖောင်းကို ကြည့်နေဆဲဖြစ်ပြီး စိတ်ထဲတွင် အံ့ဩမှုနှင့် ဝမ်းသာမှုတို့ ရောယှက်နေခဲ့သည်။

အောင်မြင်ပြီ၊ တကယ်ကို အောင်မြင်သွားပြီပဲ။ ဒီတစ်ခါ ကောင်းကင်ယံမှာ ဒီလောက်အချိန်အကြာကြီး ပျံဝဲနေနိုင်တာကို ကြည့်ရင် ပြဿနာမရှိတော့ဘူးဆိုတာ ထင်ရှားတယ်။

နောက်တစ်ကြိမ် ထပ်စမ်းသပ်ပြီးတာနဲ့ မနက်ဖြန်ဆိုရင် အရှင်မင်းကြီးကို သတင်းပို့လို့ ရပြီ။ ဒီဖန်ကျန်းရီက တကယ်ပဲ လိမ်မပြောခဲ့ဘူးပဲ။

ဒီပစ္စည်းသာ ရှိရင် ဒီတစ်ကြိမ် စစ်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်း တစ်မှတ် ပိုများသွားပြီ ...။

သူ စိတ်လှုပ်ရှားနေစဉ်မှာပင် အဝေးမှ အရိပ်တစ်ခုက ထော့နဲ့ထော့နဲ့ နှင့် လျှောက်လာခဲ့၏။

ဖြည်းညင်းစွာ နီးကပ်လာချိန်တွင် ဖါးပါးက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "လင်လုံ ... ခင်ဗျား ဘယ်လိုလုပ် ရောက်လာတာလဲ။"

လင်လုံ၏ မျက်နှာပေါ်တွင် မျက်ရည်စများ တွဲခိုနေပြီး ပေါင်ရင်းမှ စူးရှသော နာကျင်မှုတစ်ခုက လောင်ကျွမ်းနေခဲ့သည်။ ချူချင်ဟန်၏ လက်ဆက တကယ်ကို ပြင်းထန်လွန်းလှသည်။

ဖါးပါး၏ အမေးကို ရင်ဆိုင်ရချိန်တွင် သူမက မခံချိမခံသာဖြင့် ဖြေလိုက်၏။ "နိုင်ငံတော်ဆရာ ... အမတ်မင်းဖန်က ကျွန်မကို မလိုတော့ဘူးတဲ့။ လူနှစ်ယောက် ပြောင်းပေးပါတဲ့ ... "

ဖါးပါးသည် လင်လုံကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။

ဒီဖန်ကျန်းရီက ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ဆိုပေမဲ့ မိန်းမတွေအပေါ် ဒေါသပုံချတဲ့အချိန်မှာတော့ ဒီလောက်တောင် ကြမ်းတမ်းပါလား။ မိန်းမလှလေးတွေကို ယုယကြင်နာရကောင်းမှန်း နည်းနည်းလေးမှ နားမလည်ဘူးပဲ။

"လင်လုံ ... ဒီတစ်လအတွင်းမှာ ဖန်ကျန်းရီက ဘာထူးခြားတဲ့ လုပ်ရပ်တွေများ လုပ်သေးလဲ။ မင်း ရိုးရိုးသားသား ဖြေရမယ်နော်။"

လင်လုံသည် ဖန်ကျန်းရီ သင်ပေးထားသော စကားများကို ပြန်စဉ်းစားလိုက်ပြီး ဖြေလိုက်၏။ "ဘာထူးခြားတဲ့ လုပ်ရပ်မှတော့ မရှိပါဘူး။ သူက ကျွန်မနဲ့ သူခေါ်လာတဲ့ အမျိုးသမီးနှစ်ယောက်ကို အခန်းထဲ ခဏခဏ ခေါ်လေ့ရှိတာပဲ ရှိတာပါ ... "

ဤနေရာသို့အရောက်တွင် သူမ ဆက်မပြောတော့ချေ။ ထပ်ပြောမည်ဆိုလျှင် လိမ်ပြောရာ ကျသွားပေမည်။

ဖါးပါးသည် နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး မနာလိုဖြစ်သွားရသည်ကို မရှောင်လွှဲနိုင်တော့ချေ။

ငယ်ရွယ်တာက တကယ်ကို ကောင်းတာပဲ။ တစ်ခါတည်းနဲ့ သုံးယောက်ကို တစ်လလုံးလုံး လုပ်နိုင်တယ်ဆိုတော့။

"ဒီကိစ္စကို ကျုပ်သိပါပြီ။ ဒါဆို မင်း နန်းတော်ကို ပြန်တော့။ မင်းဘာသာ ဆုကြေးငွေ ထုတ်ဖို့ လူသွားရှာလိုက်။"

လင်လုံသည် ထိုနေရာတွင်ပင် ရပ်လျက် တွေဝေနေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိသောကြောင့် ဖါးပါးက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဘာလို့ မသွားသေးတာလဲ။"

လင်လုံသည် ခေါင်းငုံ့၍ မျက်လုံးကို အားရပါးရ ပွတ်လိုက်ရာ မျက်ဝန်းထဲတွင် မျက်ရည်များ အနည်းငယ် စုဝေးလာခဲ့သည်။

ခေါင်းကို မော့လိုက်ချိန်တွင် ငိုတော့မည့် အမူအရာဖြင့် ဖါးပါးကို ကြည့်ကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာ ... ကျွန်မ နေလို့မကောင်းဘူး ... ကျွန်မ အိမ်ပြန်ချင်တယ်။"

သူမ ထိုမျှလောက် ဝမ်းနည်းနေသည်ကို မြင်သောအခါ ဖါးပါးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ဖန်ကျန်းရီက မင်းကို ခဏခဏ နှိပ်စက်လေ့ရှိလို့လား။"

လင်လုံသည် ခေါင်းပြန်ငုံ့သွားပြီး ခြေဖျားကိုသာ ကြည့်လျက် စကားမပြောတော့ချေ။

ဟုတ်ပြီ၊ ဒါဆိုရင်တော့ မှန်သွားပြီ။

ဖါးပါးသည် သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆို မင်း အိမ်ပြန်ပြီး အရင်နားလိုက်တော့။ လူတစ်ယောက်ယောက်ကို ရှာပြီး ဆုကြေးငွေထုတ်ဖို့ စာရွက်တောင်းလိုက်။ နောက်ပိုင်း ဖန်ကျန်းရီဘက်ကို မင်းသွားပြီး အလုပ်အကျွေးပြုစရာ မလိုတော့ဘူး။"

"နိုင်ငံတော်ဆရာကို ကျေးဇူးတင်ပါတယ်။" လင်လုံသည် မျက်ရည်များကို သုတ်လိုက်ပြီး ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုပြီးနောက် လှည့်ထွက်သွားခဲ့၏။

ဖါးပါးသည် ချက်ချင်းပင် ဘေးရှိလူများကို အမိန့်ပေးလိုက်သည်။ "မင်းတို့နှစ်ယောက် သူ့နောက်ကို လိုက်သွား။ သူ တကယ်ပဲ အိမ်ပြန်သွားလားဆိုတာကို ကြည့်။ အိမ်ရောက်သွားရင် ချက်ချင်း ပြန်လာပြီး သတင်းပို့။"

"ဟုတ်ကဲ့။"

……

တည်းခိုဆောင်အတွင်း၌ လင်လုံသည် ဝမ်းသာအားရ မျက်နှာထားဖြင့် ဖန်ကျန်းရီ၏ ရှေ့တွင် ရပ်ကာ ပြောလိုက်၏။ "အမတ်မင်းဖန် ... နိုင်ငံတော်ဆရာက တကယ်ပဲ သဘောတူလိုက်တယ်။"

ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ ်ဘာပြောခဲ့လဲ။ နိုင်ငံတော်ဆရာ ဆိုတဲ့လူက သူတစ်ပါးအပေါ် ကြင်နာတတ်ပါတယ်။ ဒါဆို မင်း ပစ္စည်းတွေ သိမ်းပြီး အိမ်အရင်ပြန်လိုက်တော့။ အိမ်မှာ ရက်အနည်းငယ် နေပြီးရင် ကုန်သည်အဖွဲ့ကို ရှာပြီး ခရီးထွက်လိုက်တော့။ နယ်စပ်ကို ရောက်ရင် ဒီခါးဆွဲပြားကို ကိုင်ပြီး တာ့ကျင်းနယ်စပ်က အရာရှိတွေကို သွားရှာ။ မြို့တော်ကိုသွားမယ့် ကုန်သည်အဖွဲ့ကို သူတို့ကို စီစဉ်ခိုင်းလိုက်။ မြို့တော်ရောက်ရင် ကောင်းကောင်းလည်ပတ်လိုက်အုံး။

ပြီးတော့ ကျုပ် မင်းကို ငွေတချို့ ပေးလိုက်မယ်။ ချင်ဟန်က မင်းကို သူ့သူငယ်ချင်းတွေအတွက် ဒေသထွက်ကုန် တချို့ ပို့ခိုင်းထားတယ် မဟုတ်လား။ ဒီငွေတွေကို မင်း ဈေးဝယ်ဖို့ စရိတ်အနေနဲ့ ထားလိုက်။ တာ့ကျင်း ရောက်ရင်လည်း သုံးဖို့လိုသေးတယ်လေ။"

ဖန်ကျန်းရီ ကမ်းပေးလာသော ငွေတုံး တစ်ရာကို ကြည့်ကာ လင်လုံက တွေဝေစွာဖြင့် ပြောလိုက်၏။ "ကျေးဇူးမရှိဘဲ ဆုလာဘ်ကို လက်မခံရဲပါဘူး။ အမတ်မင်းဖန် ... ဒီငွေတွေကို ကျွန်မ မယူနိုင်ပါဘူး။"

"ယူထားလိုက်ပါ။ ကျုပ်တို့ရဲ့ အရှေ့ပိုင်းဆင်ခြေဖုံး တက္ကသိုလ်မှာ နိုင်ငံခြားသူ ကျောင်းသူ တစ်ယောက်မှ မရှိသေးဘူး။ မင်း သွားပြီး နာမည်စာရင်းသွင်းလိုက်တာနဲ့ အဲဒီအတိုင်း ဖြစ်သွားပြီလေ။ နောက်ပိုင်း ကျုပ်တို့ အမျိုးသမီးကျောင်းအတွက် ကျောင်းသားသစ်ခေါ်ရင် မင်း က ကိုယ်စားလှယ်ပဲ။ မင်း သွားလိုက်တာက အမျိုးသမီးဘယ်လောက်များများကို ကျောင်းတက်ဖို့ အားပေးရာရောက်သွားမလဲ မသိဘူး။ ဒီငွေတွေက မင်း အတွက် လုပ်အားခပဲ။ တကယ်လို့ မဖြစ်ဘူးဆိုရင် ကျုပ်က မင်း ကို ချေးပေးတယ်လို့ပဲ သဘောထားလိုက်ပါ။

ပြီးတော့ ကျုပ်ရဲ့ ဒီခါးဆွဲပြားကိုလည်း ခင်ဗျား ယူသွားလိုက်။ လမ်းမှာ လုံးဝ ပျောက်မသွားစေနဲ့။ မဟုတ်ရင် မင်း ပြန်လာဖို့ တော်တော် ဒုက္ခရောက်လိမ့်မယ်။"

ဖန်ကျန်းရီသည် ခါးမှ ခါးဆွဲပြားကို ထုတ်ယူလိုက်ရာ ၎င်းအပေါ်ရှိ စာလုံးများကို ဓားငယ်လေးဖြင့် ကြိုတင် ခြစ်ထုတ်ထားပြီး ဖြစ်သည်။ "မင်း ပင်ပန်းသွားပြီ။ ပစ္စည်းတွေ သိမ်းပြီး စောစောစီးစီး အိမ်ပြန်လိုက်တော့။ အိမ်မပြန်ရတာလည်း တော်တော် ကြာနေလောက်ပြီဆိုတော့ မိသားစုတွေကို စိတ်မပူစေနဲ့တော့။"

လင်လုံသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်သွားပြီး သဘောတူကြောင်း အသံပြုကာ ငွေများကို လှမ်းယူလိုက်ပြီးနောက် ဝမ်းသာအားရဖြင့် ခရီးဆောင်အိတ် သွားသိမ်းလေ၏။

လင်လုံက တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီး ထွက်သွားချိန်တွင် ချူချင်ဟန်သည် ဖန်ကျန်းရီ၏ အခန်းထဲသို့ ဝင်လာပြီး အနည်းငယ် စိုးရိမ်တကြီး မေးလိုက်သည်။ "အမတ်မင်းဖန် ... လင်လုံက လက်ကိုင်ပဝါကို ယူသွားပြီ။ နိုင်ငံတော်ဆရာဘက်ကလည်း ဒီလောက်လွယ်လွယ်ကူကူနဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ တစ်ခုခု ပြဿနာဖြစ်နိုင်မလား။"

ဖန်ကျန်းရီက ခေါင်းခါပြလိုက်၏။ "ပြဿနာ သိပ်မကြီးပါဘူး။ ကျုပ်ထင်တာတော့ ... ဖါးပါး ဆိုတဲ့ကောင်က အလွန်ဆုံး လူလွှတ်ပြီး နောက်ယောင်ခံလိုက်ခိုင်းရုံပဲ ရှိမှာပါ။"

"ဘာကြောင့်လဲ။"

ဖန်ကျန်းရီက အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

ဤသည်မှာ ခေတ်ကာလ၏ ကန့်သတ်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတော်ဆရာဖြစ်လျှင်ပင် ဤအမြစ်တွယ်နေသော အကျင့်ဆိုးမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။

"ဘာကြောင့်လဲဆိုတော့ သူတို့က မိန်းမတွေကို တစ်ခါမှ အရေးတယူ သဘောမထားခဲ့ကြလို့ပဲ။"

All Chapters