အခန်း (၇၈၄-၇၈၅)
Vol. 41 Ch. 784-785
အပိုင်း (၇၈၄) နိုင်ငံခြားအထိ ပြုလုပ်ခြင်း။
ဝူထူ ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။
စခန်းအတွင်း၌ ဖန်ကျန်းရီသည် ကြိုတင်၍ တစ်ရက်စောကာ လူများကို ဇာတ်တိုက်လေ့ကျင့်ခိုင်းထားပြီး နေရာကို ပြင်ဆင်ထားခဲ့ရာ ဤအတွက်ကြောင့် နောက်ထပ် ရန်ပုံငွေတစ်သုတ်ကို ထပ်မံတောင်းခံခဲ့သည်။
စခန်း၏ နေရာအနှံ့အပြားတွင် သိသာထင်ရှားသော အနီရောင်စာတန်းများကို ချိတ်ဆွဲထားပြီး ကျင်းတိုင်းပြည်စာဖြင့် ရေးသားထားသော ကြွေးကြော်သံများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
"ကြိုးကြိုးစားစားနှင့် အမြန်လုပ်ဆောင်၊ အရည်အသွေးကို အခြေခံပြီး၊ စည်းစိမ်ချမ်းသာကို အသီးအပွင့်အဖြစ် ရယူကြစို့။"
"အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာရာတွင် အလေးအနက်ထားရမည်၊ ပြဿနာကို ဖြေရှင်းရာတွင် အမြစ်ပြတ် ဖြေရှင်းရမည်။"
"အရှင်မင်းကြီး၏ ကျေနပ်မှုကို ရှာဖွေခြင်းက သင်နှင့်ကျုပ်၏ တာဝန်ဖြစ်၏။"
"အရည်အသွေးမရှိသော ထုတ်ကုန်များကို ထုတ်လုပ်ခြင်းက အသုံးမဝင်သော အမှိုက်များကို ဖန်တီးခြင်းနှင့် တူညီသည်။"
...
အမိုက်စားဆုံးအချက်မှာ စခန်း၏ အလယ်ဗဟိုတွင် ကြီးမားလှသော စင်မြင့်တစ်ခုကို ဆောက်လုပ်ထားပြီး စင်မြင့်အလယ်၌ စကားပြောစင်တစ်ခုကို ထောင်ထားခြင်း ဖြစ်သည်။
အနောက်ဘက်တွင် အနီရောင်သုတ်ထားသော သစ်သားပြားကြီးတစ်ခုရှိပြီး ၎င်းအပေါ်၌ 'အရှင်မင်းကြီးနှင့် အဆင့်ဆင့်သော အမတ်မင်းများ လာရောက်လမ်းညွှန်မှုကို လှိုက်လှဲစွာ ကြိုဆိုပါသည်' ဟု ရွှေရောင်စာလုံးကြီးများဖြင့် ရေးသားထား၏။
စင်မြင့်အောက်တွင် ကုလားထိုင်တန်းအချို့ကို ချထားပြီး ပထမဆုံးတန်းတွင် စားပွဲရှည်များကို အထူးတလည် ချထားကာ စက္ကူနှင့် စုတ်တံကဲ့သို့သော ကိရိယာများကိုလည်း အတိအကျ သပ်ရပ်စွာ စီရီထားသည်။
တစ်ခုတည်းသော လိုအပ်ချက်မှာ တင်ပါးဖုံးစကတ်ကို ဝတ်ဆင်ထားပြီး တည်ကြည်မှုကြားမှ ဆွဲဆောင်မှုရှိကာ လက်ဖက်ရည်နှင့် ရေကို အချိန်မရွေး ငှဲ့ပေးရန် အသင့်ရှိနေသော ဆွဲဆောင်မှုရှိသည့် စားပွဲထိုးမလေးများ မရှိခြင်းပင်။
လဝက်အတွင်း ဖန်တီးနိုင်သော မိုးပျံပူဖောင်း ကို သူက တစ်လကြာမှ ပြီးစီးအောင် လုပ်ဆောင်ခဲ့၏။
ကျွမ်းကျင်ရမည့် ကိစ္စများတွင် မကျွမ်းကျင်သော်လည်း မကျွမ်းကျင်ရမည့် ကိစ္စများတွင်တော့ သခင်လေးဖန်သည် အတော်လေးကို ကျွမ်းကျင်ပေသည်။
ကျင်တိုင်းပြည်တွင် ရှိနေသော်လည်း အမတ်မင်းဖန်၏ နိုင်ငံရေးအခြေခံစွမ်းရည်ကတော့ လျော့ကျမသွားခဲ့ချေ။
ဘယ်နေရာမှာ နေနေ နေတတ်ဖို့က အရေးကြီးသည် မဟုတ်ပါလား။
နေ့ရက်များကို အရင်ဆုံး ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်က အရေးကြီးပြီး လက်အောက်ငယ်သားများကလည်း သူ့နောက်မှ ထမင်း စားရန် စောင့်နေကြသည် မဟုတ်ပါလား။
လက်မှုပညာရှင်များသည် ဖွေးသန့်နေအောင် လျှော်ဖွပ်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အရောင်အသွေး စုံလင်စွာ ဆေးသုတ်ထားသော ကောက်ရိုးခြောက်များကို လက်တွင်ကိုင်ဆောင်လျက် လမ်းပေါ်၌ နှစ်တန်းစီကာ ကြိုဆိုနေကြ၏။
ဝူထူသည် အရာရှိတစ်စုကို ဦးဆောင်ကာ စခန်းသို့ ရောက်ရှိလာချိန်မှာတော့ ဖန်ကျန်းရီ ခန့်မှန်းထားသည့်အတိုင်းပင်။
အံ့အားသင့်သွား၏။
လက်မှုပညာရှင် ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော လူသွားလမ်းက အလွန်ရှည်လျားစွာ ဆန့်တန်းနေရာ ဝူထူသည် သတိမထားမိဘဲ တစ်ကိုယ်လုံး တင်းမာသွားပြီး ဖါးပါးကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
ဖါးပါးကလည်း နားမလည်နိုင်စွာဖြင့် ခေါင်းခါပြလိုက်၏။
ဒီအခြေအနေက ဘာလုပ်ဖို့ ပြင်ဆင်နေတာလဲ။
ဖန်ကျန်းရီသည် ခပ်သွက်သွက်လေး ပြေးသွားပြီး ဝူထူ၏ ရှေ့သို့ရောက်လျှင် ပြောလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး အားလုံး စီစဉ်ထားပြီးပါပြီ၊ အရှင်မင်းကြီး ကြည့်ရှုလိုတဲ့ ကောင်းကင်ယံထိ ပျံသန်းနိုင်တဲ့ နတ်ဘုရားလက်နက်က စခန်းထဲမှာ ရှိပါတယ်၊ ကြွတော်မူပါ။"
ဝူထူက ခေါင်းညိတ်လိုက်ပြီး အထဲသို့ ခြေလှမ်းလိုက်သည်။
ဤပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ခါသွားပြီး နောက်သို့ ပြန်ဆုတ်လိုက်မိ၏။
အနောက်ဘက်ရှိ အမတ်များကလည်း ချက်ချင်းပင် အနေအထားပြင်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
ဘေးနှစ်ဖက်ရှိ လက်မှုပညာရှင်များသည် လက်ထဲတွင် ကောက်ရိုးခြောက်များကို ကိုင်ထားပြီး မြေပြင်ပေါ်တွင် တညီတညွတ်တည်း ဒူးထောက်ကာ လှုပ်ယမ်းလိုက်ကြသည်ကို မြင်တွေ့လိုက်ရ၏။ "ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ လှိုက်လှဲစွာ ကြိုဆိုပါတယ်။"
"ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ လှိုက်လှဲစွာ ကြိုဆိုပါတယ်။"
ဝူထူသည် တံတွေးတစ်ချက် မြိုချလိုက်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ။"
ဘာအဓိပ္ပာယ်လဲ။ ဒါကိုတောင် ကြည့်လို့မသိဘူးလား။ နိုင်ငံခြားသားတွေက တကယ်ကို အမြင်မကျယ်တာပဲ၊ မြေကြီးပေါ်ဒူးထောက်ပြီး ပန်းတွေလှုပ်ပြနေတာတောင်၊ ဒီအဆင့်အတန်းက အရင်ဘဝကထက်တောင် ပိုမြင့်သေးတယ်၊ ဒါကို မကျေနပ်သေးဘူးလား။
ဖန်ကျန်းရီသည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း မျက်နှာပေါ်တွင်မူ အပြုံးတစ်ခုကို ဖော်ပြထား၏။ "ဒါက ကျွန်တော်မျိုးရဲ့ အလုပ်လုပ်တဲ့ ပုံစံပါ၊ အရာရာတိုင်းကို ပြီးပြည့်စုံအောင် လုပ်ရမယ်၊ ကျွန်တော်မျိုးတို့ တာ့ကျင်းမှာလည်း ဒီလိုပါပဲ။ အရှင်မင်းကြီးကို လန့်သွားစေလိမ့်မယ်လို့ မထင်ထားမိဘူး၊ ကျွန်တော်မျိုး ပိုပြီး စီစဉ်မိသွားပုံရပါတယ်။"
ဪ ဒီလိုကိုး၊ လူအားလုံး ထိုစကားကို ကြားပြီးချိန်မှာတော့ စိတ်အေးသွားကြသည်။
ဝူထူသည် အထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားရာ နားဘေးတွင် အဆက်မပြတ် မြည်ဟည်းနေသော ကြိုဆိုသံများကို နားထောင်ရင်း ရုတ်တရက် အနည်းငယ် သဘောကျသွားသလို ခံစားလိုက်ရ၏။
ပတ်ဝန်းကျင်ရှိ အနီရောင်စာတန်းများပေါ်မှ အကြောင်းအရာများကို မြင်တွေ့လိုက်ရချိန်တွင် စိတ်ထဲ၌ ပို၍ပင် ကျေနပ်သွားခဲ့သည်။
မဆိုးဘူး .. ဖန်ကျန်းရီ ဒီကောင်က ဖမ်းဆီးခံထားရတဲ့ သုံ့ပန်း ဖြစ်နေပေမဲ့ အလုပ်လုပ်တာကတော့ အလွန်ကို အလေးအနက် ထားတာပဲ။
အပေါ်က စာသားလေးတွေက ဘယ်လောက်တောင် ကောင်းလိုက်လဲ၊ တစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ကောင်းကင်ယံထိ ပျံသန်းနိုင်တဲ့ နတ်ဘုရားလက်နက်ကို ဖန်တီးနိုင်တာ မဆန်းတော့ပါဘူး။
လမ်းအလယ်သို့ ရောက်ချိန်တွင် ဝူထူက ဖန်ကျန်းရီ၏ ပခုံးကို မပုတ်ဘဲ မနေနိုင်တော့ဘဲ ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။ "မင်းလို အမတ်မျိုးရှိနေတော့ လီချဲ့က သေချာပေါက် အရမ်းသဘောကျနေမှာပဲ။
နိုင်ငံတော်ဆရာက မင်းကို နောက်ပိုင်း အရေးတယူ သုံးစွဲဖို့ ကိုယ်တော့်ကို အကြိမ်ကြိမ် အကြံပြုခဲ့တယ်၊ အခုကြည့်ရတာ နိုင်ငံတော်ဆရာရဲ့ အမြင်က တကယ်ကို ထက်မြက်တာပဲ။"
"ဖန်ကျန်းရီ ... မင်း ကိုယ်တော့်နောက်ကို လိုက်ချင်သလား။"
ဖန်ကျန်းရီက ပေါ့ပေါ့ဆဆပင် ဖြေလိုက်၏။ "အဲဒါကို အရှင်မင်းကြီး စစ်နိုင်ပြီးမှပဲ ဆက်ပြောကြတာပေါ့။"
ဝူထူသည် စကားပြောပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားသည်။ "ဟားဟား ဟားဟား၊ ကောင်းတယ် … ပွင့်လင်းတဲ့သူပဲ။ အမတ်ဖန် ... ကိုယ်တော်က မင်းအတွက် နေရာချန်ထားပေးမှာပါ၊ အဲဒီအချိန်ကျရင် ကိုယ်တော့်ကို သစ္စာရှိရှိနဲ့ အသေခံမယ်ဆိုတဲ့ အကွက်တွေ လာမလုပ်နဲ့နော်။"
အမတ်ဖန်။
ဤခန္ဓာကိုယ်တောင့်တင်းပြီး ကြမ်းတမ်းသော ဝူထူက ဆက်ဆံရေး တည်ဆောက်ရာတွင် အတော်လေး မြန်ဆန်ပေသည်။
ဖန်ကျန်းရီ အနည်းငယ် အံ့အားသင့်သွား၏။
ဖါးပါးက အနားသို့ကပ်လာပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ "ညီလေးဖန် ... အရှင်မင်းကြီးက ခင်ဗျားကို ဒီလောက် အလေးထားနေတာ၊ ခင်ဗျား အကောင်းအဆိုးကို မခွဲခြားဘဲ မနေနဲ့နော်။"
ဖန်ကျန်းရီက အသံနှိမ့်၍ ပြန်ပြောလိုက်၏။ "နိုင်ငံတော်ဆရာက ကျုပ်ကို ဒီလောက် အလေးထားမယ်လို့ မထင်ထားမိဘူး။ ကျုပ်စိတ်ထဲမှာ တကယ်ကို ဝမ်းသာမိပါတယ်။ စစ်တိုက်တဲ့အခါ ခင်ဗျားတို့ဘက်က လူသေတာ နည်းပါစေလို့ မျှော်လင့်ပါတယ်။"
ဖါးပါး၏ မျက်နှာက မှုန်ကုပ်သွားပြီး ဝူထူနောက်သို့ လိုက်ကာ ရှေ့သို့ လျှောက်သွားသည်။ "ခင်ဗျား ... "
ဤတစ်ကြိမ်တွင်တော့ ဝူထူက တွန့်ဆုတ်မနေတော့ပေ။
ပထမတန်း၏ အလယ်ဗဟိုခုံရှေ့ရှိ စားပွဲပေါ်တွင် အရှင်မင်းကြီးဟု ရေးသားထားသော သစ်သားဆိုင်းဘုတ်ငယ်လေးတစ်ခုကို ကြိုတင် တင်ထားပြီး ဖြစ်၏။
ဝူထူသည် သဘာဝကျကျပင် ထိုင်လိုက်ပြီး ဖါးပါးက သူ၏ဘေးတွင် ထိုင်ကာ ကျန်လူများက သူတို့၏ အဆင့်အတန်းအလိုက် အသိစိတ်ဖြင့် နေရာယူလိုက်ကြသည်။
လူအားလုံး ထိုင်ပြီးသွားချိန်တွင် ဖန်ကျန်းရီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
မူလက နှစ်တန်းစီထားသော လက်မှုပညာရှင်များသည် ချက်ချင်းပင် အဖွဲ့နှစ်ဖွဲ့ ခွဲသွားပြီး ဧည့်သည်တော် နေရာ၏ ဘယ်ညာသို့ လူစုခွဲကာ အုပ်စုနှစ်စုအဖြစ် တန်းစီလိုက်ကြသည်။
ထို့နောက် သူက တစ်ချက်ခုန်လိုက်ပြီး စကားပြောစင်ရှေ့သို့ ရောက်သွားကာ လည်ချောင်းဟန့်လိုက်သည်။ "လေးစားအပ်ပါသော ဧည့်သည်တော်များ၊ ခေါင်းဆောင်များ ခင်ဗျာ ... အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။ ဒီနေ့ ကျုပ်တို့က မိုးပျံပူဖောင်း လွှင့်တင်ခြင်း အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ ဒီနေရာမှာ ရောက်ရှိနေကြပြီး လွန်ခဲ့တဲ့ တစ်လတာအတွင်းက အောင်မြင်မှုရဲ့ ပျော်ရွှင်မှုကို အတူတကွ ခံစားရင်း သာယာလှပတဲ့ အနာဂတ်အကြောင်းကို အတူတကွ ပြောဆိုကြမှာ ဖြစ်ပါတယ်။
ပထမဦးစွာ ကျုပ်က လက်မှုပညာရှင် အားလုံးကို ကိုယ်စားပြုပြီး အရှင်မင်းကြီးကို လှိုက်လှဲစွာ ကြိုဆိုကြောင်းနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။"
ဘေးရှိ ကိုယ်ရံတော်က အသံကျယ်ကျယ်ဖြင့် ဘာသာပြန်ပေးလိုက်ရာ ဝူထူနှင့် အရာရှိတစ်စု၏ နောက်ကွယ်ရှိ လက်မှုပညာရှင်များက ချက်ချင်းပင် လက်ခုပ်တီးလိုက်ကြ၏။
လက်ခုပ်သံများက အဆက်မပြတ် ကြာရှည်စွာ ထွက်ပေါ်နေပြီး ရိုးသားပွင့်လင်းကာ နွေးထွေးမှုရှိလှရာ ဝူထူ၏ ခေါင်းထဲတွင် အကြိမ်ကြိမ် မှင်သက်သွားစေပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် အံ့ဩဝမ်းသာသွားစေသည်။
သတိပြန်ဝင်လာမှသာ ခေါင်းကိုစောင်း၍ ဖါးပါးကို မေးလိုက်၏။ "တာ့ကျင်းက အမြဲတမ်း ဒီလိုပဲ အလုပ်လုပ်ကြတာလား။ ဒီနေ့က ကောင်းကင်ပျံသန်းနိုင်တဲ့ အရာကို လာကြည့်တာ မဟုတ်ဘူးလား၊ ပစ္စည်းရော။"
ဖါးပါးသည် စဉ်းစားခန်းဝင်သွားပြီး ခပ်တည်တည်ဖြင့် ဖြေလိုက်သည်။ "ဖန်ကျန်းရီ ဒီလောက် ကျွမ်းကျင်နေတာကို ကြည့်ရတာ ဒီလို ဓလေ့ထုံးစံမျိုး ရှိကောင်းရှိနိုင်ပါတယ်၊ ဒီအချက်ကိုတော့ ကျွန်တော်မျိုးလည်း သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ပစ္စည်းကိုတော့ နောက်ကျရင် သယ်ထုတ်လာလောက်ပါတယ်၊ မနေ့က ကျွန်တော်မျိုး မြင်ပြီးပါပြီ၊ ပြဿနာမရှိလောက်ပါဘူး။"
သေချာသော အဖြေကို ရရှိသွားချိန်တွင် ဝူထူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး နားဘေးမှ လက်ခုပ်သံများ ကို တိတ်တဆိတ် ခံစားနေလိုက်၏။
အခြားအရာရှိများသည် စူးစမ်းလိုစိတ်ဖြင့် နောက်သို့လှည့်ကာ လက်ခုပ်တီးနေသော လက်မှုပညာရှင်များကို အကဲခတ်လိုက်ကြပြီး တစ်ခါတစ်ရံ စင်မြင့်ပေါ်တွင် ဦးဆောင်၍ လက်ခုပ်တီးနေသော ဖန်ကျန်းရီကိုလည်း ကြည့်လိုက်ကြသည်။
အားလုံးက အလွန် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားကြရပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေကာ စိတ်ထဲတွင်လည်း အနည်းငယ် ပို၍ ကျေနပ်လာကြသည်။
ကျန်တာ မပြောနဲ့ ... တာ့ကျင်းက လူတွေ လုပ်တာ တကယ်ကို အမိုက်စားပဲ။
ဒီလောက်နှစ်တွေအကြာကြီး အထက်လူကြီး လုပ်လာခဲ့တာတောင်၊ ကျုပ်တို့က ဘာလို့ ဒီလိုလုပ်ငန်းစဉ်မျိုးကို စဉ်းစားမရခဲ့တာလဲ။
အာလီပိုင်သည် ရှေ့ဆုံးတန်းတွင် ထိုင်နေပြီး ဖန်ကျန်းရီကို လေးစားအားကျစွာဖြင့် ကြည့်နေခဲ့၏။
တကယ်ကို ဆရာပါပဲ၊ နောက်ထပ် ပညာတစ်ခု ရသွားပြန်ပြီ။
လက်ခုပ်သံများ အဆုံးသတ်သွားချိန်တွင် ဖန်ကျန်းရီသည် လက်ဝါးကို ဖြန့်၍ ပြောလိုက်သည်။ "အခုအစီအစဉ်မှာတော့ အရှင်မင်းကြီးကိုယ်တိုင် အားလုံးကို စကားပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်၊ နောက်ထပ်တစ်ကြိမ် လက်ခုပ်သံနဲ့ ဖိတ်ခေါ်ပေးကြပါ။"
ဝေါကနဲ လက်ခုပ်သံများ ထွက်ပေါ်လာ၏။
ဝူထူသည် အံ့အားသင့်စွာဖြင့် မူလနေရာတွင် ထိုင်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။
ဖန်ကျန်းရီက အနားသို့ လျှောက်လာပြီး ဖိတ်ခေါ်မှသာ တွေဝေစွာဖြင့် ထရပ်လိုက်၏။
စင်ပေါ်သို့ လျှောက်သွားပြီး အောက်ဘက်ရှိ လူအုပ်ကြီးကို ကြည့်ကာ တစ်ခဏမျှ အနေရခက်သွားသည်။
သူက ကြမ်းတမ်းသော လူတစ်ယောက်ဖြစ်ပြီး စိတ်နေစိတ်ထား နူးညံ့သော်လည်း ပါးစပ်ဖြင့် စကားပြောရာတွင်တော့ ထိုမျှလောက် မသွက်လက်ချေ။
စကားပြောရမယ်။ ဘာပြောရမှာလဲ။ ဒီနေ့က မိုးပျံပူဖောင်းလာကြည့်တာလေ ...
သို့သော်လည်း သူက ဧကရာဇ်တစ်ပါးဖြစ်ရာ ဤကဲ့သို့သော အသေးအမွှား အခြေအနေမျိုးကို ဝူထူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "မင်းတို့အားလုံး ဒီအတောအတွင်းမှာ အလုပ်ကောင်းကောင်း လုပ်ခဲ့ကြတယ်၊ ကိုယ်တော် အရမ်းဝမ်းသာပါတယ်။ လက်မှုပညာရှင် အားလုံးကို ဆုချီးမြှင့်မယ်၊ စကားတွေ အများကြီး မပြောတော့ဘူး၊ အခု ပစ္စည်းကို မြန်မြန်သယ်လာပြီး ပြသလိုက်တော့။"
ရူးသွပ်မတတ် လက်ခုပ်သံများ ထပ်မံထွက်ပေါ်လာပြီး လက်မှုပညာရှင်များက ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာကြသည်။
မနေ့က အမတ်မင်းဖန် ဇာတ်တိုက်လေ့ကျင့်တုန်းက ပြောတဲ့အတိုင်း တစ်ထပ်တည်းပါပဲလား။ အရှင်မင်းကြီးလာတာနဲ့ ဆုကြေးရပြီ၊ ဒါတွေအကုန်လုံးက အမတ်မင်းဖန်ရဲ့ လက်ဆောင်တွေပဲ။
ဝူထူ မူလနေရာသို့ ပြန်ရောက်သွားချိန်တွင် ဖန်ကျန်းရီက စင်ပေါ်သို့ တက်သွားပြီး ဝူထူ၏ စကားကို ဆက်လိုက်၏။
အပိုင်း (၇၈၅) သခင်လေးဖန်၏ ပြုလုပ်မှုအောက်တွင် မည်သူမျှ တည်ငြိမ်မနေနိုင်ပါ။
ဖန်ကျန်းရီက လက်နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားနေပြီး ပါးစပ်မှလည်း အသံနိမ့်မြင့် အတက်အကျဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ နွေးထွေးပျူငှာလှတဲ့ မိန့်ခွန်းအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးရဲ့ မိန့်ခွန်းက ကျွန်တော်မျိုးတို့ရဲ့ ပြီးခဲ့တဲ့ အဆင့်က အလုပ်တွေကို အပြည့်အဝ အကျဉ်းချုံးပေးခဲ့ပြီး လက်ရှိအလုပ်တွေမှာ ရှိနေတဲ့ ပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော်မျိုးတို့ရဲ့ နောက်တစ်ဆင့် လုပ်ငန်းစဉ်အတွက် တိကျတဲ့ တောင်းဆိုမှုတွေကို ချမှတ်ပေးခဲ့ပြီး ကျွန်တော်မျိုးတို့ရဲ့ အလုပ်အတွက် တိကျတဲ့ တိုးတက်မှု အကြံပြုချက်တွေကို ရှင်းလင်းစွာ ပံ့ပိုးပေးခဲ့ပါတယ်။"
ဖန်ကျန်းရီက သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်၏။ "အခုတော့ အရှင်မင်းကြီးရဲ့ တောင်းဆိုချက်အရ ပြသခြင်းကို စတင်လိုက်ကြရအောင်။"
ထို့နောက် လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ဝူထူ၏ မျက်နှာမည်းမည်းကြီးက နီရဲလာပြီး အလွန်အမင်း ပျော်ရွှင်စွာဖြင့် စင်ပေါ်သို့ ကြည့်နေခဲ့၏။
ဒီကောင်လေးက တကယ်ကို စကားပြောတတ်တာပဲ၊ ကိုယ်တော့်ရဲ့ မိန့်ခွန်းက ဒီလောက်တောင် အဓိပ္ပာယ် နက်ရှိုင်းသလား။
ဒီလို စွမ်းဆောင်ရည်မြင့်တဲ့ လက်ထောက်မျိုး ရှိနေတော့၊ လီချဲ့က ဘယ်လောက်တောင် ဇိမ်ကျနေမလဲ ...။
ဖါးပါးက မျက်နှာထား တင်းမာစွာဖြင့် မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။ "အရှင်မင်းကြီး... အရှင်မင်းကြီးက ဖန်ကျန်းရီအကြောင်းကို နားမလည်သေးဘူး၊ အခု မြင်တွေ့နေရတာကမှ သူ့ရဲ့ အစစ်အမှန် စရိုက်ပဲ။ ဒီလူက စကားပြောကောင်းပြီး အယောင်ဆောင်တတ်လွန်းလို့ သတိမထားလို့ မဖြစ်ဘူး။
အဲဒီ လက်မှုပညာရှင်တွေက သူနဲ့ ထိတွေ့ဆက်ဆံတာ တစ်လဆိုတဲ့ အချိန်တိုလေးပဲ ရှိသေးတာတောင် သူ့ရဲ့ လက်ရုံးတွေလို ခိုင်းစေနိုင်နေပြီဆိုတော့ ဒီစွမ်းရည်က ... တကယ်ကို အံ့မခန်းပဲ။
ကျွန်တော်မျိုး ခန့်မှန်းရရင် ... သူ ဒီနေ့ ဒီလောက် ခမ်းနားတဲ့ အခမ်းအနားကို ပြင်ဆင်ထားတာက အရှင်မင်းကြီးဆီက တစ်ခုခု တောင်းဆိုချင်လို့ သေချာတယ်။ အကြောင်းမရှိဘဲ မျက်နှာချိုသွေးတာက မကောင်းတဲ့ အကြံအစည် ရှိလို့ပဲ။ တကယ်လို့ ဒီလိုသာ ဖြစ်ခဲ့ရင် အရှင်မင်းကြီးလုံးဝ သဘောမတူဖို့ တောင်းဆိုပါတယ်။"
ဝူထူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ "နိုင်ငံတော်ဆရာ အများကြီး တွေးမနေပါနဲ့၊ ဖန်ကျန်းရီက စကားပြောကောင်းနေရင်ရော ဘာဖြစ်သေးလဲ။ သူက ဖန်ထိုက်မြို့ထဲမှာ ပါးစပ်တစ်ပေါက်တည်းနဲ့ မိုးမီးလောင်အောင် လုပ်နိုင်မယ်လို့ ကိုယ်တော် မယုံဘူး။"
ဘယ်သူသိမှာလဲ၊ ကျုပ် သူ့ကို လေ့လာလာတာ နှစ်တွေ အတော်ကြာပြီ၊ အဲဒီကောင်ရဲ့ လှည့်ကွက်တွေ၊ တွေးခေါ်ပုံတွေက သာမန်လူတွေနဲ့ မတူဘူး၊ သာမန်နည်းလမ်းနဲ့ ခန့်မှန်းလို့ မရဘူး ...
ဖါးပါးက မတတ်နိုင်စွာဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။ "အရှင်မင်းကြီးဉာဏ်ပညာကြီးမားလှပါတယ်။"
ထိုအချိန်တွင် လက်မှုပညာရှင် အဖွဲ့အချို့သည် မိုးပျံပူဖောင်း သုံးခုကို အသီးသီး သယ်ဆောင်လာပြီး စင်ပေါ်တွင် ချထားလိုက်ကြ၏။
ကြိုးများကို ချည်နှောင်ပြီးနောက် မီးရှို့ရန် ပြင်ဆင်လိုက်ကြသည်။
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုးကိုယ်တိုင် အရှင်မင်းကြီးအတွက် ပြသပေးပါမယ်။"
"မလိုတော့ဘူး၊ မင်း အဲဒီမှာပဲ ရပ်နေ။"
ဖန်ကျန်းရီက အားတင်းပြုံးပြလိုက်ပြီး မူလနေရာတွင်သာ ရပ်နေလိုက်သည်။
အပူရှိန် အဆက်မပြတ် မြင့်တက်လာသည်နှင့်အမျှ ပူဖောင်းကိုယ်ထည်က ကြီးမားလာပြီး မိုးပျံပူဖောင်းက မြေပြင်မှ ဖြည်းညင်းစွာ ထွက်ခွာလာ၏။
ဘေးမှ ဝိုင်းကြည့်နေသော အရာရှိများက ချက်ချင်းပင် အံ့ဩတကြီး ဟစ်အော်လိုက်ကြသည်။ "ပျံတက်သွားပြီ၊ ပျံတက်သွားပြီ၊ တကယ်ကြီး ပျံတက်သွားပြီပဲ။"
အစောပိုင်း မိုးပျံပူဖောင်း တည်ဆောက်စဉ် ကာလအတွင်းက လူတွေ မကြာခဏ စခန်းကို လာကြည့်လေ့ ရှိသော်လည်း လုပ်ငန်းတိုးတက်မှု နှေးကွေးလာသည်နှင့်အမျှ လူအတော်များများလည်း စိတ်ဝင်စားမှု လျော့ကျသွားခဲ့ကြသည်။ အလုပ်ခွင်သို့ အမြဲတမ်း ပြေးလွှားလာနေတတ်သော ဖါးပါးမှလွဲ၍ ဖြစ်သည်။
အခြားသူများက ဤအရာအပေါ် သိပ်မယုံကြည်ကြသော်လည်း ယခုအခါတွင် တကယ်ပင် ပျံတက်သွားပြီဖြစ်ရာ ထိုနေရာရှိ အမတ်များအားလုံးကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။
ဝူထူလည်း မနေနိုင်တော့ဘဲ ထရပ်ကာ မော့ကြည့်ပြီး အံ့ဩတကြီး ပြောလိုက်သည်။ "တော်လိုက်တာ။ ဒီလိုလက်နက်မျိုး တကယ်ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီလိုနတ်ဘုရားလက်နက်မျိုး ရှိနေရင် ကင်းထောက် ထောင်သောင်းမကထက် သာလွန်တယ်။ ဒါပေမဲ့ ... "
ဖါးပါးက မေးလိုက်၏။ "အရှင်မင်းကြီးမှာ ဘာသံသယရှိသေးလို့လဲ။"
ဝူထူက ဖန်ကျန်းရီကို လှမ်းမေးလိုက်သည်။ "ကောင်းကင်ပေါ်ရောက်ရင် အဲဒါကို ဘယ်လို ထိန်းချုပ်ရမလဲ။"
ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။ "အရမ်းရိုးရှင်းပါတယ်၊ အလယ်က ရေနံဆီအိုးကို ချိန်ညှိရုံပါပဲ။ ကောင်းကင်ပေါ်မှာ အမြင့်အလိုက် လေအလွှာတွေ ကွဲပြားနေတယ်၊ အဲဒီလေအလွှာတွေကို အသုံးချပြီး လမ်းကြောင်းကို ချိန်ညှိလို့ရတယ်၊ မီးအားကို ချိန်ညှိရင် အမြင့်ကို ချိန်ညှိလို့ရပါတယ်။"
ဝူထူက အဆက်မပြတ် ချီးကျူးလိုက်သည်။ "ဒီလိုကိုး၊ လေကတောင် အလွှာလိုက် ရှိနေသေးတာပဲ။ အသုံးမဝင်ဘူးလို့ ထင်ရတဲ့ သဘောတရားက မထင်မှတ်ထားတဲ့ အသုံးဝင်မှုတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ မထင်ထားမိဘူး။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုးက အရှင်မင်းကြီးကို ရေအေးနဲ့ပက်သလို ဖြစ်သွားမှာတော့ မတတ်နိုင်ဘူး။ ဒီအရာက အရှင်မင်းကြီးထင်ထားသလောက် အသုံးမဝင်ပါဘူး။ တကယ်လို့ ဒီအရာကို သုံးပြီး စားနပ်ရိက္ခာကျီကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်တယ်၊ အပေါ်ကနေ အောက်ကို မီးရှို့မယ်ဆိုရင်တော့ အဲဒါက လုံးဝ ဖြစ်နိုင်မှာမဟုတ်ဘူး။ နေ့ခင်းဘက်မှာတောင် တည့်မတ်အောင် ထိန်းချုပ်လို့မရဘူး၊ ညဘက်ဆိုရင်တော့ ပိုဆိုးပြီး ဘာမှမမြင်ရဘူးလေ။"
ဝူထူက လက်ကာပြလိုက်သည်။ "အသုံးဝင်မဝင်၊ ဘယ်လိုသုံးရမယ်ဆိုတာကို ကိုယ်တော်ဘာသာ ခွဲခြားသိပါတယ်။"
အထက်အောက် အမတ်မင်းများနှင့် အရှင်မင်းကြီးတို့ စစ်ဆေးကြည့်ရှုပြီးနောက် ဝူထူက အမိန့်ပေးလိုက်၏။ "ကိုယ်တော့်ရဲ့ အမိန့်ကို ဆင့်ဆိုလိုက်၊ ဆယ်ရက်အတွင်း ဒီအရာကို အမြန်ထုတ်လုပ်ကြ၊ ပြီးတော့ လက်ရွေးစင် တပ်ဖွဲ့တစ်ဖွဲ့ကို ဒီနေရာမှာ လာပြီး လေ့ကျင့်ခိုင်းလိုက်။"
ဆယ်ရက် ... ဆယ်ရက်ကြာရင် ထွက်ခွာဖို့ ပြင်ဆင်တော့မှာလား။
ဖန်ကျန်းရီသည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်ပြီးနောက် ဝူထူ၏ အသံ ထွက်ပေါ်လာသည်ကို ထပ်မံ ကြားလိုက်ရ၏။ "အမတ်ဖန် ... ကိုယ်တော်က မင်းကို အမှတ်တစ်ခု ပေးလိုက်မယ်၊ မင်ူ ခင်ဗျား လာစရာ မလိုတော့ဘူး။"
လာပြီ လာပြီ၊ ဒီခွေးကောင်က ကြိတ်ဆုံလည်းပြီးရော နွားကိုသတ်ဆိုသလိုမျိုး အသုံးချပြီးသွားတာနဲ့ ငါ့ကို တည်းခိုဆောင်မှာ ပိတ်လှောင်ထားတော့မလို့လား။
ဒီနေ့ ဒီလိုခမ်းနားတဲ့ အခမ်းအနားကို ပြင်ဆင်ရတာက ဒီအခြေအနေကို ဖြေရှင်းဖို့ပဲလေ။
ဖန်ကျန်းရီသည် ချက်ချင်းပင် ရှေ့သို့ထွက်ကာ ပြောလိုက်သည်။ "ဒီနေ့ ပြသမှုကို အရှင်မင်းကြီး ကျေနပ်ရဲ့လားဆိုတာ မသိရပါဘူး။"
"ကျေနပ်တယ်။"
"ကျွန်တော်မျိုး လုပ်ခဲ့တဲ့အထဲမှာ မသင့်လျော်တာ တစ်ခုခုရှိတယ်လို့ အရှင်မင်းကြီးထင်ပါသလား။"
"မသင့်လျော်တာ မရှိပါဘူး။"
"ကျေးဇူးရှိမှတော့ ဆုမချသင့်ဘူးလား။"
ဝူထူသည် ခဏမျှ စဉ်းစားခန်းဝင်သွားပြီး ဖါးပါးကို ထူးဆန်းသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်၏။
နိုင်ငံတော်ဆရာ ပြောတာ တကယ်မှန်သွားပြီပဲ၊ ဒီကောင်လေးက ကိုယ်တော့်ဆီက တောင်းဆိုချင်တာ တကယ်ရှိနေတာလား။
သို့သော်လည်း အမတ်များအားလုံး ဘေးတွင်ရှိနေပြီး စကားလည်း လွန်သွားပြီဖြစ်ရာ ဝူထူသည် မတတ်နိုင်ဘဲ ပြောလိုက်ရသည်။ "ကျေးဇူးရှိရင်တော့ သဘာဝကျကျ ဆုချရမှာပေါ့၊ မင်း ဘာဆုလာဘ်ကို လိုချင်သလဲ။"
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်၏။ "ကျွန်တော်မျိုးနဲ့ သံတမန်အဖွဲ့ထဲက လူတွေကို ဖန်ထိုက်မြို့ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် ပြုပါလို့ တောင်းဆိုချင်ပါတယ်။"
ဝူထူ ပြန်မပြောရသေးခင်မှာပင် ဖါးပါးက အရင်ဦးအောင် ပြောလိုက်သည်။ "မရဘူး။"
ဖန်ကျန်းရီက သူ့ကို အထင်သေးစွာ ကြည့်ကာ ပြောလိုက်၏။ "နိုင်ငံတော်ဆရာ ... ကျုပ်က အရှင်မင်းကြီးဆီက ဆုလာဘ် တောင်းခံနေတာ။ ဘာလဲ ... ခင်ဗျားက အခု အရှင်မင်းကြီးကိုယ်စား ဆုံးဖြတ်ချက် ချပေးနိုင်နေပြီလား။"
ဖါးပါးက အံကြိတ်ကာ ဖြည့်စွက်ပြောလိုက်သည်။ "ကျွန်တော်မျိုး ... ကျွန်တော်မျိုး ရိုင်းစိုင်းသွားပါတယ်၊ ဒါပေမဲ့ အမတ်မင်းဖန် အနေနဲ့ တည်းခိုဆောင်မှာပဲ နေတာ ပိုကောင်းမယ်လို့ ကျွန်တော်မျိုး အကြံပြုပါတယ်။ စားစရာ၊ ဝတ်စရာ၊ သုံးစရာ အစုံအလင်ရှိနေတော့ အပြင်ထွက်ဖို့ လုံးဝ မလိုအပ်ပါဘူး။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "နိုင်ငံတော်ဆရာ ... လူဆိုတာ တိရစ္ဆာန် မဟုတ်ဘူး၊ အောင့်အည်းထားရင် ပျက်စီးသွားလိမ့်မယ်။ ကျုပ်က အခု ဘာပဲဖြစ်ဖြစ် သံတမန်ပဲ၊ ပြီးတော့ ကျေးဇူးရှိတဲ့ သံတမန်လေ။ တကယ်တော့ ကျုပ်က နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာပဲ။ အခုထိ ကျုပ်ကို ပိတ်လှောင်ထားတာက သိပ်မသင့်လျော်ဘူး မဟုတ်လား။"
ဝူထူက ပြုံးလျက် ပြောလိုက်သည်။ "မဆိုးဘူး၊ တကယ်တော့ သိပ်မသင့်လျော်ဘူး။ ဒါပေမဲ့ နိုင်ငံတော်ဆရာပြောတာ ယုတ္တိရှိတယ်လို့ ကိုယ်တော် ထင်တယ်။ မင်း တည်းခိုဆောင်မှာပဲ ဆက်နေပါအုံး၊ ကိုယ်တော် စစ်နိုင်လို့ ပြန်လာတဲ့အခါမှ မင်းကို ပြန်လည်လျော်ကြေးပေးမယ်။"
ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ စိတ်ကျရောဂါ ရှိတယ်။ အရှင်မင်းကြီးပြန်လာမယ့် အချိန်အထိ စောင့်နေရရင် ကျွန်တော်မျိုး သေချာပေါက် စိတ်ဖောက်ပြန်သွားလိမ့်မယ်၊ အရှင်မင်းကြီးကျွန်တော်မျိုးကို သေစေချင်တယ်ဆိုရင် မြန်မြန်သာ သတ်ပစ်လိုက်ပါတော့။"
ဝူထူသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ "စိတ်ကျရောဂါ ... ဘယ်လို ကုသရခက်တဲ့ ရောဂါမျိုးလဲ၊ ကိုယ်တော် တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ သမားတော်ကို ကုသပေးဖို့ အမိန့်ပေးလို့ ရပါတယ်။"
"ဒါက စိတ်ရောဂါပါ။ အစောကြီးကတည်းက သမားတော်တွေ ကျွန်တော်မျိုးကို ကြည့်ပေးဖူးပါတယ်၊ အားလုံးက ဆေးမရှိဘူးလို့ ပြောကြတယ်။ အပြင်ထွက်ပြီး စိတ်အပန်းဖြေမှသာ သက်သာလာမှာပါ။"
ဖါးပါးက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ "အရှင်မင်းကြီး … သူက သိသိသာသာကို သနားစရာကောင်းအောင် ဟန်ဆောင်နေတာပါ။ အပြင်ထွက်ပြီး လမ်းလျှောက်ရုံနဲ့ ပျောက်နိုင်တဲ့ ရောဂါဆိုတာ တစ်ခါမှ မကြားဖူးဘူး၊ အဲဒါက ရောဂါမှ မဟုတ်တာ။"
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာ ... အရှင်မင်းကြီးတောင် စကားမပြောရသေးဘူး၊ ခင်ဗျားက ဘာလို့ ဝင်လုပြောနေရတာလဲ။ အလိုလိုက်ထားလို့ ရောင့်တက်နေတာလား၊ ဒီလောက် အသက်ကြီးနေပြီကို အထက်အောက် ရိုသေရကောင်းမှန်း နည်းနည်းလေးမှ မသိဘူးလား။"
ဖါးပါးသည် ဖန်ကျန်းရီကို မုန်းတီးစွာဖြင့် တစ်ချက် စိုက်ကြည့်လိုက်၏။
ဒီခွေးကောင် .. ဒီနေ့က တမင်သတ်သတ် ရန်တိုက်ပေးဖို့ လာတာမဟုတ်လား။ ဒီလောက် သိသာနေတာကို လူကို စိတ်အနှောင့်အယှက်ပေးရုံကလွဲရင် ဘာအသုံးဝင်လို့လဲ။
ရန်တိုက်ပေးတာ ဘာမှမဖြစ်ပေမဲ့ နားထဲမှာ ကြားနေရတာက တကယ်ကို ရွံစရာကောင်းတယ် ...
ဝူထူသည် မနေနိုင်တော့ဘဲ ဖါးပါးကို တစ်ချက် စောင်းကြည့်လိုက်ပြီး ဖန်ကျန်းရီကို ထပ်မံ ပြောလိုက်သည်။ "သံတမန်အဖွဲ့ထဲက လူတွေ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မင်း တခြားဆုလာဘ်တစ်ခု ပြောင်းတောင်းမယ်ဆိုရင် ကိုယ်တော် စဉ်းစားပေးလို့ရတယ်။"
ဖန်ကျန်းရီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်သုံးချောင်းကို ထောင်ပြလိုက်၏။ "ကျွန်တော်မျိုး ဆယ်လှမ်း ဆုတ်ပေးပါမယ်၊ သုံးယောက် … နေ့စဉ် သံတမန်အဖွဲ့ထဲက လူသုံးယောက်ကို မြို့ထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ အရှင်မင်းကြီး ခွင့်ပြုပေးပါ။ ဒါဆိုရင် လူတွေကို တစ်လှည့်စီ အပြင်ထွက်ခွင့်ပေးသလို ဖြစ်သွားပြီး အောင့်အည်းလွန်းလို့ ပြဿနာမဖြစ်တော့ဘူးပေါ့။"
"တကယ်လို့ အရှင်မင်းကြီးစိတ်မချဘူးဆိုရင် လူလွှတ်ပြီး နောက်ယောင်ခံလိုက်ခိုင်းလို့ ရပါတယ်၊ ဒီလိုဆိုရင် ဘယ်လိုလဲ။"