← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) - သန်းခေါင်ယံတိုက်ပွဲ (၁)

ချူချင်းက အော်ဟစ်မေးမြန်းလိုက်သည်။

"ဘယ်သူလဲ..."

ထိုအသံထွက်ပေါ်လာသည့် တစ်ခဏအတွင်းမှာပင် သူ၏လှုပ်ရှားမှုက အသံထက်ပင် မြန်ဆန်စွာဖြင့် အပြင်သို့ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူ ပြေးထွက်သွားသည့်အကွာအဝေးက သိပ်မဝေးလှပေ။

ဆယ်ဖာလုံဝန်းကျင်ခန့်အကွာအဝေးတွင် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ရာ ဝမ်ရိုကလည်း သူ၏နောက်ကျောဘက်သို့ ရောက်ရှိလာလေသည်။

ချူချင်းက မေးမြန်းလိုက်သည်။

"မင်း တစ်ခုခုကို အနံ့ရလား..."

ဝမ်ရိုက တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဓားနံ့ပဲ ရှိသေးတယ်..."

ချူချင်းက မျက်ခုံးများကို အနည်းငယ်တွန့်ချိုးလိုက်မိသည်။ လူ၏အနံ့အသက် လုံးဝမရှိဘဲ ဓားနံ့သာ ရှိနေသည်လော။ သူအကြည့်မှားသွားခြင်း ဖြစ်နိုင်မည်လော။

မဟုတ်နိုင်ပေ။

ချူချင်းသည် လူသတ်သမားတစ်ဦးဖြစ်သဖြင့် အကြည့်များနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များကို အလွန်အမင်းအာရုံခံနိုင်စွမ်း ရှိပေသည်။ သူ၏ဤပါရမီက သာမန်လူများထက် များစွာသာလွန်ကြောင်း ပိုင်ချီကလည်း ပြောဖူးခဲ့ပေသည်။

အစောပိုင်းက သူ၏ခန္ဓာကိုယ်ပေါ်သို့ သတ်ဖြတ်ခြင်းအငွေ့အသက်တစ်ခု တိတ်တဆိတ်ကျရောက်လာသည်ကို အသေအချာ ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့် တစ်ခဏတွင်လည်း ဝေဝါးလှသောပုံရိပ်တစ်ခုကို မရေမရာမြင်တွေ့လိုက်ရသေးချေသည်။

သို့သော် ထိုပုံရိပ်က အလွန်လျင်မြန်လှသဖြင့် သူပြေးထွက်သွားသည့် တစ်ခဏချင်းတွင်ပင် ထူထပ်သော မြူခိုးများထဲ၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤမြူထုကြီးက တစ်ဖက်လူအတွက် သဘာဝအတိုင်းဖုံးကွယ်ရန် အကာအကွယ်တစ်ခု ဖြစ်နေချေသည်။

ချူချင်းက မျက်ခုံးများကို အနည်းငယ်တွန့်ချိုးလိုက်ရင်း တုန်ရှင်းကျီကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"စီနီယာတုန်... ခုနက တစ်ခုခု မြင်လိုက်ရလား..."

တုန်ရှင်းကျီက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ရင်း ပြန်ပြောလိုက်သည်။

"ငါ ဘာမှမမြင်လိုက်ရဘူး..."

တုန်ယွိပိုင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ပြောလိုက်သည်။

"ငါ့ဦးလေးတောင် ဘာမှမမြင်ရတာကို မင်းက ဘာမြင်နိုင်မှာမို့လို့... အု... အု... အု..."

စကားပင်မဆုံးသေးမီ တုန်ရှင်းကျီက သူ၏ပါးစပ်ကို လှမ်းပိတ်လိုက်ပြန်သည်။

ချူချင်းက တုန်ယွိပိုင်ကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်ကာ ဝမ်ရိုကို ခေါ်ဆောင်၍ ရွာထဲတွင် ဆက်လှည့်ပတ်ကြည့်ရှုနေလိုက်တော့သည်။

ကြည့်လေလေ ချူချင်း၏မျက်ခုံးများက ပို၍တွန့်ချိုးလာတော့သည်။ ရှုထောင့်ပေါင်းစုံမှ ကြည့်မည်ဆိုလျှင် ဤရွာကလေးက အလွန်ပင် သာမန်ဆန်လှပေသည်။

ထူးခြားချက်ကို ပြောရမည်ဆိုလျှင် ရွာထဲတွင် စိုက်ပျိုးမြေအလွန်နည်းပါးပြီး ရွာလယ်ရှိ ဖိုများနှင့် လက်နက်သွန်းလုပ်သည့်စင်မြင့်များကို ကြည့်ခြင်းအားဖြင့် ဤရွာသည် လက်နက်သွန်းလုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

ထို့ကြောင့် စိုက်ပျိုးမြေက သာမန်ရွာများအောက် အနည်းငယ် နည်းပါးနေသည်။ ဤအချက်က ထူးဆန်းလှသည်တော့ မဟုတ်ပေ။

သို့သော် ဤကဲ့သို့သော ရွာလေး၏ပတ်ပတ်လည်တွင် မည်သူက အဘယ်ကြောင့် မြူခိုးဝင်္ကပါအင်းကွက်ကို ခင်းကျင်းထားရသနည်း။

ချူချင်းနှင့် ဝမ်ရိုတို့သည် ရွာလမ်းမများကို ဦးစွာလှည့်ပတ်ကြည့်ရှုပြီးနောက် သာမန်အိမ်တစ်အိမ်ထဲသို့ ကျပန်းဝင်ရောက် စစ်ဆေးကြည့်လိုက်ကြလေသည်။

ဤအိမ်ထဲတွင် အာရုံအဖမ်းစားနိုင်ဆုံးအရာမှာ ပူဇော်စားပွဲတစ်ခု ဖြစ်ပေသည်။ ထိုစားပွဲပေါ်တွင် ဝိညာဉ်ပြားနှစ်ခုကို ပူဇော်ထားသည်။

သို့သော် ၎င်းတို့က ဘိုးဘေးများ၏ဝိညာဉ်ပြားများ မဟုတ်ဘဲ သားသမီးများ၏ဝိညာဉ်ပြားများ ဖြစ်နေချေသည်။

ဆံဖြူသူက ဆံနက်သူကို ပို့ဆောင်ရခြင်းက လူ့လောက၏ အကြီးမားဆုံးသော ဝမ်းနည်းပူဆွေးဖွယ်ရာ ဖြစ်ပေသည်။ သို့သော် ဤခေတ်ပျက်ကြီးထဲတွင် ထိုအရာက ထူးဆန်းလှသည်တော့ မဟုတ်ပေ။

သို့သော်...

ချူချင်းနှင့် ဝမ်ရိုတို့ ဒုတိယအိမ်ထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည့်အခါ အခြေအနေက ပုံမှန်မဟုတ်တော့ကြောင်း သတိပြုမိသွားကြချေသည်။

ဤအိမ်တွင်လည်း ဝိညာဉ်ပြားများကို ပူဇော်ထားပြီး စုစုပေါင်းလေးခုရှိကာ အားလုံးက အိမ်ရှိသားသမီးများ၏ ဝိညာဉ်ပြားများသာ ဖြစ်ကြပေသည်။

"ဒါက..."

ချူချင်းနှင့် ဝမ်ရိုတို့ အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် တတိယမြောက်အိမ်ထဲသို့ ထပ်မံဝင်ရောက်ကြည့်လိုက်ကြသည်။ ထိုအိမ်တွင်လည်း ထပ်တူပင် ရှိနေပြန်လေသည်။

သူတို့နှစ်ဦးသည် တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုခဲ့ရာ အချို့အိမ်များတွင် သားသမီးများ၏ဝိညာဉ်ပြားများ မရှိသော်လည်း အိမ်အများစုတွင်မူ ရှိနေကြပေသည်။ ဤအရာက လုံးဝယုတ္တိမရှိလှပေ။

"ချင်းရှီးရွာက သိုင်းလောကဘေးဒုက္ခတွေကို မကြုံတွေ့ခဲ့ရသလို ဒီမှာလည်း ဘာတိုက်ပွဲအကြွင်းအကျန်မှ မရှိဘူး..."

ချူချင်းက ဝမ်ရိုကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

"ဒါဆို ဘာလို့ ဒီလောက်များတဲ့လူငယ်တွေက အကြောင်းရင်းမရှိဘဲ သေဆုံးသွားရတာလဲ..."

ဝမ်ရိုက သူမ၏နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။

"မိုးချုပ်တော့မယ်..."

သူတို့သည် တစ်မွန်းလွဲလုံး ရွာထဲတွင် လှည့်ပတ်ကြည့်ရှုနေခဲ့ကြသဖြင့် ယခုအခါ နေဝင်ချိန်သို့ရောက်ရှိနေပြီ ဖြစ်သည်။

ချူချင်းနှင့် ဝမ်ရိုတို့သည် လောလောဆယ်တွင် အဖြေရှာမတွေ့သေးသဖြင့် ရွာလယ်ရှိနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပေသည်။

တုဟန်ယန်နှင့် အခြားသူများလည်း ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။ ချူချင်းသည် ပိုင်ကောဟုခေါ်သော မြင်းဖြူကြီးကိုလည်း မြင်တွေ့လိုက်ရပြီး ယန်ယွီ‌မျှော်စင်မှ အမျိုးသမီးများနှင့် မြင်းဖြူတို့သည် တစ်ဖက်တစ်ချက်စီတွင် သီးခြားရပ်နေကြသည်။

မိန်းကလေးများက ထိုမြင်းဖြူကို စူးစိုက်ကြည့်နေကြပြီး ပိုင်ကောကမူ စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးကို ကုတ်ခြစ်နေချေသည်။

မလှမ်းမကမ်းရှိ အိမ်မကြီးတစ်ခုအတွင်းမှ မီးရောင်များလင်းလက်နေသည်ကို မြင်တွေ့ရပေသည်။

ချူချင်းနှင့် ဝမ်ရိုတို့သည် အိမ်မကြီးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားရာ တုဟန်ယန်၊ ချောင်ချိုးဖူနှင့် တုန်ရှင်းကျီတို့နှစ်ယောက် ရှိနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

ချူချင်းနှင့် ဝမ်ရိုတို့ကို မြင်တွေ့လိုက်ရသည့်အခါ တုဟန်ယန်က ပြုံးရင်း မေးမြန်းလိုက်သည်။

"မင်းတို့နှစ်ယောက် ပြန်လာပြီလား... ဘာများ ထူးခြားတာတွေ့ခဲ့လဲ..."

ဝမ်ရိုက ချူချင်းကို တစ်ချက်လှည့်ကြည့်လိုက်ရာ ချူချင်းက မေးမြန်းလိုက်သည်။

"မိန်းကလေးတုမှာ ဒီကနေ လွတ်မြောက်ဖို့ အစီအစဉ်ရှိပြီလား..."

တုဟန်ယန်က သူ၏မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးမြန်းမှုကို စိတ်ထဲမထားဘဲ ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"ဒီအင်းကွက်က သိပ်ထူးထူးခြားခြားတော့မဟုတ်ဘူး... ကျွန်မကို အချိန်တစ်ခုပေးရင် ဖြေရှင်းနိုင်ပါတယ်..."

"ဒါပေမဲ့ အခုက မိုးချုပ်တော့မယ်... တောင်ပေါ်က မြူခိုးတွေနဲ့ ညအမှောင်ထု ပေါင်းစပ်သွားရင် လက်တစ်ကမ်းကိုတောင် မြင်ရမှာ မဟုတ်ဘူး... ဒီလိုအခြေအနေမျိုးမှာ အင်းကွက်ကို ဖြေရှင်းဖို့ခက်ခဲလိမ့်မယ်... မနက်ဖြန်ကျမှပဲ ဆက်လုပ်ရလိမ့်မယ်..."

ချူချင်းက ထိုစကားကို ကြားရသောအခါ သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ဒါဆိုရင်တော့ မိန်းကလေးတုကိုပဲ အားကိုးရတော့မှာပေါ့..."

"သခင်လေးသုံးကတော့ အားနာနေပြန်ပြီ။"

သူမသည် ချူချင်း၏အမည်ရင်းကို မသိရှိပေ။ ဝမ်ရိုက "အစ်ကိုသုံး" ဟုခေါ်သော်လည်း သူမကမူ လိုက်လံခေါ်ဆိုရန် မသင့်တော်ပေ။

ချူချင်း၏အသက်အတိအကျကို မသိသော်လည်း သူမထက် အနည်းငယ် ငယ်ရွယ်ကြောင်း သိသာသဖြင့် "သခင်လေးသုံး"ဟုသာ ခေါ်ဆိုလိုက်ခြင်း ဖြစ်ပေသည်။

တုန်ယွိပိုင်သည် တုဟန်ယန်ကို စွဲလန်းစွာ ကြည့်ရှုနေသော်လည်း တုဟန်ယန်ကမူ သူ့ကို လုံးဝအဖက်မလုပ်ပေ။ ယခုအခါ ချူချင်းပြန်ရောက်လာကာ တုဟန်ယန်နှင့် စကားလက်ဆုံကျနေသည်ကို မြင်တွေ့ရသဖြင့် သူ၏စိတ်ထဲတွင် ဒေါသထွက်လာကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။

"မိန်းကလေးတုက အင်းကွက်ကို ဖြေရှင်းဖို့အတွက် အစွမ်းကုန် ကြိုးစားနေရတာ... တချို့လူတွေကျတော့ နှုတ်ကပဲ အားနာပြပြီး တကယ်တမ်းကျတော့ ဘာအကူအညီမှ မပေးနိုင်ဘူး..."

"ဟန်ဆောင်ပန်ဆောင် လုပ်ဖို့ပဲ သိတယ်... မင်း တစ်‌နေ့လယ်လုံး လိုက်ရှာတာ အဲဒီလူဆိုတာကို ရှာတွေ့ခဲ့လို့လား..."

ထိုစကားကြောင့် ချောင်ချိုးဖူက ချူချင်းကို ရုတ်တရက်လှည့်ကြည့်လိုက်ရင်း မေးမြန်းလိုက်သည်။

"သခင်လေးသုံးက လူတစ်ယောက်ကို မြင်လိုက်တာလား..."

ချူချင်းက သူ၏နေရာတွင် ဝင်ထိုင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်လေသည်။

"ခုနက တစ်ယောက်ယောက်က ကျုပ်တို့ကို တိတ်တဆိတ် စောင့်ကြည့်နေသလို ခံစားလိုက်ရတယ်... ဒါပေမဲ့ လိုက်သွားတဲ့အချိန်မှာ အဲဒီလူက မြူခိုးတွေထဲ ပျောက်သွားပြီ..."

"ကျုပ်လည်း ဝေ‌ဝေဝါးဝါးနဲ့ မရေမရာပုံရိပ်တစ်ခုကိုပဲ မြင်လိုက်ရတာ..."

ချောင်ချိုးဖူက တစ်ခုခုပြောရန် ပြင်လိုက်စဉ် တုန်ယွိပိုင်က ထပ်မံ၍ ကြားဖြတ်ပြောဆိုလိုက်ပြန်လေသည်။

"ဒီလိုအချိန်အထိ မင်းက ဟန်ဆောင်ကောင်းနေတုန်းပဲလား..."

"ဒီနေရာမှာ ငါတို့ကလွဲလို့ တခြားဘယ်သူရှိဦးမှာလဲ..."

ချူချင်းက ထိုစကားကို ဂရုမစိုက်သော်လည်း ဝမ်ရိုကမူ ဆက်နားမထောင်နိုင်တော့သဖြင့် သူ့ကို စောင်းကြည့်လိုက်လေသည်။

ချူချင်းက မြေကြီးပေါ်မှ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ ချိုးဖဲ့၍ မီးပုံထဲသို့ထည့်လိုက်ရင်း ပြောလိုက်လေသည်။

"မဟုတ်ဘူး... ကျုပ် နေ့ခင်းကမြင်ခဲ့တာက လူမဟုတ်ခဲ့ရင်တောင် ဒီနေရာမှာ တခြားတစ်ယောက်ယောက် ရှိနေသေးတယ်..."

တုန်ယွိပိုင်က ပြန်လည်ငြင်းခုံရန် ပြင်လိုက်စဉ် ချောင်ချိုးဖူက ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်လေသည်။

"ဟုတ်တယ်... ငါလည်း ဒီနေ့ အကြာကြီးလိုက်ရှာခဲ့ပေမဲ့ အဲဒီလူရဲ့ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ဘူး..."

"မင်းတို့ပြောနေတာက ကျောက်စာတိုင်ပေါ်မှာ လက်ဝါးရာ ချန်ထားခဲ့တဲ့လူကို ပြောတာလား..."

တုဟန်ယန်က ဝင်ရောက်မေးမြန်းလိုက်သည်။

ချူချင်းနှင့် ချောင်ချိုးဖူတို့သည် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြလေသည်။

ထိုလူ၏လက်ဝါးစွမ်းအားက အလွန်ထူးခြားလှသဖြင့် ချူချင်းသည် ချောင်ချိုးဖူနှင့် တုဟန်ယန်တို့ကို စတင်တွေ့ဆုံစဉ်က ၎င်းတို့ချန်ထားခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မူ မဟုတ်နိုင်ကြောင်း သိရှိသွားခဲ့ပေသည်။

ချောင်ချိုးဖူသည် မြင်းဖြူနောက်သို့ လိုက်လံဖမ်းဆီးရင်း ရောက်လာသဖြင့် ဤနေရာတွင် အင်းကွက်ရှိနေသည်ကိုပင် မသိရှိပေ။ ထိုသို့ဆိုလျှင် ကျောက်စာတိုင်ပေါ်တွင် မည်သို့လက်ဝါးရာ ချန်ထားနိုင်မည်နည်း။ တုဟန်ယန်အတွက်မူ ပို၍ပင် မဖြစ်နိုင်ပေ။

ကျောက်စာတိုင်ပေါ်တွင် လက်ဝါးရာချန်ထားခဲ့သူ၏ လက်ဖဝါးက အလွန်ကျယ်ပြန့်လှပြီး တုဟန်ယန်၏ သွယ်လျသောလက်ချောင်းလေးများဖြင့် ထိုကဲ့သို့သော လက်ဝါးရာကြီးကို ချန်ထားနိုင်စွမ်း မရှိပေ။

တုန်ရှင်းကျီနှင့် တုန်ယွိပိုင်တို့နှစ်ဦးတွင်မူ ထိုကဲ့သို့သော အတွင်းအားမျိုးမရှိကြပေ။ အကယ်၍ တုန်ရှင်းကျီသာ ပြုလုပ်ခဲ့ပါက တုဟန်ယန်၏စကားအဆုံးတွင် တုန်ယွိပိုင်က သူ၏ဦးလေး ပြုလုပ်ခဲ့ကြောင်း အလုအယက် ကြွားဝါပြောဆိုပေလိမ့်မည်။

ယခုအခါ ထိုဦးလေးနှင့်တူနှစ်ဦး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များသာ ရှိနေကြသဖြင့် လက်ဝါးရာချန်ထားခဲ့သူမှာ တခြားတစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

All Chapters