အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) - လွန့်ရှန်ဓားနှင့် ရှန်ယင်ဓား (၁)
"ဒီလူတွေက ဘယ်ကနေ ဘယ်လိုထွက်လာကြတာလဲ... နေ့ဘက်ကျတော့ ဘာလို့မတွေ့ရတာလဲ... သရဲခြောက်နေတာလား..."
မျက်စိရှေ့မှမြင်ကွင်းကို ကြည့်ရင်း တုဟန်ယန်ပင်လျှင် စိတ်ထဲ၌ ထူးဆန်းဆန်းပြားသော သရဲတစ္ဆေကိစ္စရပ်များကို မတွေးဘဲ မနေနိုင်ဖြစ်သွားရလေသည်။
ချူချင်းက သူမကို လှည့်ကြည့်လိုက်သည်။
"မိန်းကလေးတု... အပြင်ကမြူတွေက တကယ့်အင်းကွက်ဖြစ်ပြီး သရဲတစ္ဆေတွေ လမ်းမှားအောင် လုပ်ထားတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..."
"သေချာပါတယ်..."
တုဟန်ယန်က ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါဆိုရင်တော့ ဒါကလူလုပ်တာပဲ ဖြစ်ရမယ်..."
ချူချင်းအနေဖြင့် ထူးဆန်းဆန်းပြားသော သရဲတစ္ဆေကိစ္စရပ်များကို လုံးဝဥဿုံ မငြင်းပယ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ကူးပြောင်းလာသူဖြစ်ပြီး ဝိညာဉ်ကူးပြောင်းလာခြင်း ဖြစ်သောကြောင့်ပင်။
ဤအကြောင်းတရားကို မည်သို့မျှရှင်းပြ၍ မရနိုင်သဖြင့် ဤလောက၌ သာမန်ထက်လွန်ကဲသော ကိစ္စရပ်များ ရှိနေခြင်းမှာလည်း လက်မခံနိုင်စရာ မရှိပေ။
သို့သော် အင်းကွက်ကို လူစီရင်ထားခြင်းဖြစ်ပါက ဤကိစ္စမှာ လူနှင့်သာ သက်ဆိုင်ပေလိမ့်မည်။
တစ်စုံတစ်ဦးက အပြင်ဘက်တွင် အင်းကွက်ကို စီစဉ်ထားပြီး ရွာထဲ၌ ညဉ့်နက်ချိန်တွင် အလောင်းကောင်များကဲ့သို့ လှုပ်ရှားနေသောရွာသားများ ရှိနေသည်။ ဤအချက်နှစ်ခုကို ပေါင်းစပ်ကြည့်လျှင် စုံစမ်းစရာ အချက်အလက်များစွာ ရှိနေချေပြီ။
သို့သော် ဤကိစ္စများကို နောက်မှသာ စူးစမ်းရပေမည်။ လက်ရှိတွင်မူ ဤအလောင်းကောင်များက သူတို့ကို အလွယ်တကူ ထွက်ခွာခွင့်ပေးမည့်ပုံမပေါ်ချေ။
အဘိုးအို အိမ်ထဲသို့ဝင်ရောက်တိုက်ခိုက်ခဲ့ပုံကို ချူချင်း သေချာစွာမြင်တွေ့လိုက်ရသည်။
ဤလူများ၏အခြေအနေအသေးစိတ်ကို သူ မသိသော်လည်း သူတို့ သိုင်းပညာမတတ်မြောက်ကြသည်မှာ ထင်ရှားလှပေသည်။
တစ်ခုတည်းသော သတိထားရမည့်အချက်မှာ သူတို့ လက်နက်များကို ဝှေ့ယမ်းလိုက်သည့် အခိုက်အတန့်တွင် ဓားအရှိန်အဝါတစ်ခု ကိန်းအောင်းနေသကဲ့သို့ ခံစားရခြင်းပင်။ သို့သော် ၎င်းမှာ ထင်ထားသလောက် အစွမ်းမထက်ချေ။
ထို့အပြင် သူတို့၏ သေဆုံးခြင်းမရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံလည်း ရှိသေးသည်။ ထိုအဘိုးအိုသည် တုန်ရှင်းကျီ၏လက်ဝါးချက်ကို ထိမှန်ပြီး အရိုးများ ကြေမွသွားသော်လည်း ဘာမှမဖြစ်သကဲ့သို့ ရှိနေခဲ့သည်။
နောက်ထပ် လက်သီးခုနစ်ချက် ဆက်တိုက်ထိမှန်ပြီးမှသာ ပျော့ခွေကျသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်သည့်တိုင် သူ၏ခန္ဓာကိုယ်မှာ ဆက်လက်လှုပ်ရှားရန် ကြိုးစားနေဆဲဖြစ်ပြီး သေဆုံးသွားခြင်း မရှိသေးချေ။
ဤအချက်များက ဤလူစုမှာ စိုးရိမ်စရာမရှိကြောင်း သက်သေပြနေသည်။ အကယ်၍ အစွမ်းကုန်တိုက်ခိုက်မည်ဆိုပါက သူတို့တစ်စုကို မည်သို့မျှယှဉ်နိုင်မည် မဟုတ်ချေ။
တစ်ခုတည်းသော စိုးရိမ်စရာမှာ...
ချောင်ချိုးဖူနှင့် တုဟန်ယန်တို့မှာ နာမည်ကျော်ဂိုဏ်းကြီးများမှ ဖြစ်ကြသည်။
ချောင်ချိုးဖူမှာ နာမည်ကျော်သိုင်းသမားကြီးဖြစ်ပြီး ယန်ယွီမျှော်စင်မှာလည်း သိုင်းလောက၏တရားမျှတမှုမဏ္ဍိုင် ဖြစ်သည်။ ဤရွာသားများကို တိုက်ခိုက်ရန် သူတို့ စိတ်ပိုင်းဆိုင်ရာအရ ဝန်လေးနေမည်လော။
ဤအတွေးဝင်လာသည့် အခိုက်အတန့်တွင်ပင် ချောင်ချိုးဖူက လူအုပ်ထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရလေသည်။
မျက်စိတစ်မှိတ်အတွင်း ဓားခုနစ်ချီ၊ ရှစ်ချီခန့်က သူ့ထံသို့ဦးတည်ကာ ခုတ်ပိုင်းလာချေသည်။
သူ၏ကိုယ်ဟန်မှာ နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်လှသဖြင့် ဓားအလင်းတန်းများကို ရှောင်တိမ်းကာ အဘွားအိုတစ်ဦး၏ ဓားကိုင်ထားသောလက်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူမ၏နှာခေါင်းဝတွင် စမ်းသပ်ကြည့်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
"သူတို့မှာ အသက်ရှူသံရော သွေးခုန်နှုန်းပါ မရှိတော့ဘူး... သူတို့က အလောင်းကောင်တွေပဲ..."
ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မြူထူများက ပိုမိုထူထပ်လာသည်။
ချောင်ချိုးဖူ၏စကားသံကို ကြားလိုက်ရသောအခါ ချူချင်းနှင့် ဝမ်ရိုတို့က ဘာမှမဖြစ်သော်လည်း လောကအတွေ့အကြုံ နုနယ်သေးသော ယန်ယွီမျှော်စင်မှ မိန်းကလေးအချို့မှာမူ ချမ်းစိမ့်ကာ တုန်လှုပ်သွားကြရလေသည်။
'သေလူတွေက ဘယ်လိုလုပ် မတ်တတ်ရပ်ပြီး လူသတ်နိုင်မှာလဲ... ဒါက သရဲခြောက်တာမဟုတ်လို့ ဘာလဲ...'
သို့သော် ထို့နောက်တွင် ချောင်ချိုးဖူက ထိုအဘွားအို၏ကျောရိုးပေါ်သို့ လက်ဝါးတစ်ချက်ရိုက်ချလိုက်ရာ အဘွားအို၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး ပြန်မတ်တတ်မရပ်နိုင်တော့ချေ။
ဤအချက်က လူတိုင်းကို သတ္တိရှိသွားစေသည်။ အကယ်၍ တကယ်ပင် သရဲခြောက်နေသည်ဆိုစေဦးတော့ သိုင်းပညာက အသုံးဝင်နေသရွေ့ ကြောက်စရာမလိုတော့ချေ။
မိန်းကလေးများစုက တစ်ဦးကိုတစ်ဦးကြည့်ကာ အားပေးလိုက်ကြပြီးနောက် လူအုပ်ထဲသို့ တိုးဝင်သွားကြလေသည်။
ချူချင်းလည်း ဤသည်ကိုမြင်သောအခါ စိတ်အေးသွားရသည်။
သိုင်းလောကတွင် သူရဲကောင်းဖြစ်လာနိုင်သူများမှာ ဦးနှောက်မရှိဘဲ ခွန်အားသက်သက်သာ သုံးတတ်သောလူမိုက်များ မဟုတ်ကြသည်မှာ ထင်ရှားလှပေသည်။
သူတို့တွင် ပါးနပ်သောစိတ်ကူးစိတ်သန်းများ ရှိရမည့်အပြင် ပြတ်သားသောနည်းလမ်းများလည်း ရှိရပေမည်။ သို့မဟုတ်ပါက မည်သည့်နေရာတွင် သေဆုံးသွားခဲ့မှန်းပင် သိနိုင်မည် မဟုတ်ချေ။
သူက ဝမ်ရိုကိုလှည့်ကြည့်လိုက်ရာ နှစ်ဦးသား တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြလေသည်။
ချူချင်း ထင်ထားသကဲ့သို့ပင် သူတို့အကြားရှိ ကွာခြားချက်မှာ အလွန်ပင် ထင်ရှားလှသည်။ အကယ်၍ ပျာပျာသလဲဖြစ်ကာ လက်တွန့်နေပါက ဒဏ်ရာရရှိနိုင်သော်လည်း အစွမ်းကုန်တိုက်ခိုက်လိုက်လျှင်မူ ဤလူစု၏စွမ်းဆောင်ရည်မှာ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။
ချောင်ချိုးဖူက လူတိုင်းကို လမ်းပြပေးခဲ့သည်။ ဤလူများမှာ သေဆုံးပြီးသားလူများဖြစ်ပြီး မည်သည့်နည်းလမ်းဖြင့် လှုပ်ရှားနေသည်ကို မသိရသဖြင့် သူတို့၏ကျောရိုးများကို ရိုက်ချိုးကာ မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်ရုံသာ ဖြစ်သည်။
တစ်ခဏမျှ တိုက်ခိုက်ပြီးနောက် ပတ်ဝန်းကျင်တွင် မလှုပ်ရှားနိုင်တော့သော အလောင်းကောင်များ မြေပြင်ပေါ်၌ ပြန့်ကျဲနေခဲ့ချေပြီ။
ချူချင်းက ထိုလူများ၏အခြေအနေကို အကဲခတ်ကြည့်လိုက်ရာ ၎င်းတို့ထဲတွင် အများစုမှာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ သို့မဟုတ် အမျိုးသမီးများသာဖြစ်ပြီး သန်မာသော လူငယ်လူရွယ်တစ်ဦးမျှ မပါဝင်သည်ကို တွေ့လိုက်ရလေသည်။
အိမ်တိုင်းရှိ ဝိညာဥ်ပြားများကို ပြန်လည်တွေးတောမိရင်း ချူချင်း၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဤချင်းရှီးရွာသည် ရွာလယ်တွင် ဤမျှကြီးမားသော စက်ယန္တရားကြီးများကို တည်ဆောက်ထားသဖြင့် လက်နက်သွန်းလုပ်ခြင်းဖြင့် အသက်မွေးကြပုံရသည်။ သို့သော် လက်နက်သွန်းလုပ်ရုံမျှဖြင့် အဘယ်ကြောင့် ဤမျှများပြားသော လူငယ်လူရွယ်များ အကြောင်းမဲ့သေဆုံးသွားရသနည်း။
သူစဉ်းစားနေစဉ်အတွင်း နက်မှောင်လှသော ဓားအရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလေသည်။
ချူချင်းက အလိုအလျောက် လှည့်ကြည့်လိုက်ရာ ယန်ယွီမျှော်စင်မှ မိန်းကလေးတစ်ဦးမှာ ထိုဓားအလင်းတန်းကြောင့် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်ကို မြင်လိုက်ရသည်။
ထိုမိန်းကလေး ပြန်မထနိုင်မီမှာပင် သွေးတစ်လုပ်အန်ထုတ်လိုက်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားချေသည်။
“ဂိုဏ်းတူညီမလေးကျိုး..."
ဤအပြောင်းအလဲမှာ မြန်ဆန်လွန်းသဖြင့် ဤရွာသားများထဲတွင် အစွမ်းထက်သူတစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
တုဟန်ယန်က အော်ဟစ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ထိုဓားသွားမှာ သူမ၏ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ချူချင်းတို့တစ်စုကြည့်နေစဉ်အတွင်း ရှောင်တိမ်းသင့်သော တုဟန်ယန်မှာ မည်သည့်အတွက်ကြောင့်မသိ ထိုဓားသွားနှင့် ရင်ဆိုင်ရချိန်တွင် ဆွံ့အသွားသကဲ့သို့ မလှုပ်မယှက်ဖြစ်နေပြီး ဓားသွားက သူမ၏လည်ပင်းသို့ ဦးတည်ကာ ခုတ်ပိုင်းလာသည်ကို ငေးကြည့်နေမိတော့သည်။
...
မြင်းဟီသံနှင့်အတူ ပိုင်ကောက ခြေတစ်ဖက်ကိုမြှောက်ကာ ကန်ထည့်လိုက်ရာ ပြင်းထန်သောအသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအချိန်အတွင်းမှာပင် ဓားကိုင်ထားသူမှာ ပိုင်ကော၏ကန်ချက်ကြောင့် လွင့်စင်သွားရလေသည်။
ပိုင်ကောကိုယ်တိုင်လည်း အရက်ပြင်းသောက်ထားရသကဲ့သို့ နောက်ခြေထောက်များ မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ခြေလေးဖက်လုံး ယိုင်ထိုးသွားပြီး လမ်းပျောက်နေသကဲ့သို့ ဖြစ်သွားချေသည်။
ချူချင်းက ဤသည်ကိုမြင်သောအခါ လက်ထဲမှ ပျံလွှားဓားမြှောင်ကို တိတ်တဆိတ် ပြန်လည်သိမ်းဆည်းလိုက်သည်။
တုဟန်ယန်ကို ပြန်ကြည့်လိုက်ရာ ရေနစ်နေသူတစ်ဦး ရုတ်တရက် အသက်ရှူခွင့်ရရှိသွားသကဲ့သို့ ဖြစ်နေချေသည်။
သူမက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ချွေးများစိုရွှဲနေကာ လွင့်စင်သွားသော ပုံရိပ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
"အဲဒီဓားက တစ်ခုခုပဲ... စိတ်ညှိုနိုင်ပုံရတယ်... သတိထားကြ..."
ပြောနေစဉ်အတွင်း ထိုပုံရိပ်မှာ ထပ်မံမတ်တတ်ရပ်လာပြန်သည်။
ချူချင်းတို့လည်း ယခုမှသာ ထိုသူမှာ လူငယ်တစ်ဦးဖြစ်ကြောင်း သေချာစွာ မြင်တွေ့လိုက်ရလေသည်။
သူ့ပုံစံမှာ အသက်နှစ်ဆယ်ကျော်ခန့်သာရှိဦးမည်ဖြစ်ပြီး ကိုယ်ပေါ်တွင် ပန်းပဲဆရာများ ဝတ်ဆင်သော အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြွက်သားများက တောင့်တင်းသန်မာလှသည်။
သို့သော် သူ၏မျက်နှာအမူအရာမှာ ထုံထိုင်းနေပြီး မျက်ဝန်းတစ်စုံမှာလည်း နက်မှောင်နေကာ မျက်ဖြူပင်မရှိချေ။
သူ၏ညာလက်မောင်းတွင် ကြောက်မက်ဖွယ်ရာ အမာရွတ်များ ရှိနေပြီး လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ ထိုဓားမှာ သူ၏လက်နှင့် ကပ်တွယ်နေသကဲ့သို့ ရှိနေသည်။
ဓားကိုယ်ထည်မှာ မှင်ကဲ့သို့နက်မှောင်နေပြီး ဓားသွားမှာမူ သွေးကဲ့သို့ရဲရဲနီနေကာ ဓားရိုးပေါ်တွင် ရွှေချည်ငွေချည်များ ရစ်ပတ်ထားသဖြင့် အလွန်ပင် ထူးခြားလှပေသည်။
ဓားအိမ်ဝတွင် သွေးရောင်စာလုံးနှစ်လုံးကို ရေးထွင်းထားပြီး ၎င်းမှာ 'လွန့်ရှန်'ဖြစ်ချေသည်။
ယခုအခါ သူက လက်ထဲမှဓားကို အနည်းငယ် လှည့်လိုက်ရာ ဓားကိုယ်ထည်မှ ဓားမြည်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
ထိုအသံက နားထဲသို့ ဝင်ရောက်လာသောအခါ လူကို မူးဝေနောက်ကျိသွားစေသည့် ခံစားချက်ကို ပေးစွမ်းလေသည်။
ဝမ်ရိုက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် နေမကောင်းသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ချူချင်းမှာမူ မင်ယွိကျမ်းစာကို ကျင့်ကြံထားသဖြင့် အတွင်းအားများမှာ ကြည်လင်အေးစိမ့်နေပြီး ဤအသံ၏သက်ရောက်မှုကို မခံရချေ။