အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) - ကြောက်ရွံ့ခြင်း (၁)
အရာအားလုံးက ဖြတ်ပြေးသွားသော အရိပ်အယောင်များကဲ့သို့ပင် ဖြစ်ပြီး စိတ်ကူးတစ်ချက်အတွင်းမှာတင် အပြောင်းအလဲများစွာ ဖြစ်ပျက်သွားချေပြီ။
ချောင်ချိုးဖူ၏လက်ထဲမှ ရှန်ယင်ဓား လွင့်စင်သွားသည့်အချိန်တွင် တုဟန်ယန်၏စိတ်ထဲ၌ ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးတောပုံဖော်ပြီး ဖြစ်လေသည်။
ထိုလူငယ်က ချောင်ချိုးဖူကို ဓားဖြင့်မခုတ်မီ သူမအနေဖြင့် ဦးစွာလှုပ်ရှားပြီး နောက်ဆုတ်သွားအောင် ဖိအားပေးရန် လိုအပ်ပေသည်။
ချောင်ချိုးဖူက သူမကိုကယ်တင်စဉ်က ပြုလုပ်ခဲ့သည့်အတိုင်းပင် ဖြစ်၏။
ထို့နောက်တွင် မည်သို့ဆက်လုပ်ရမည်နည်း။
ဂိုဏ်းတူညီမငယ်များကို ရှန်ယင်ဓားအား ပြန်လည်ကောက်ယူခိုင်းပြီး ချောင်ချိုးဖူထံသို့ ပေးအပ်ရမည် ဖြစ်ပေသည်။
သူ့အနေဖြင့် ရှန်ယင်ဓားကို ပြန်လည်ကိုင်စွဲနိုင်ပြီး ခုနစ်သံစဉ်ကောင်းကင်ဂီတဓားသိုင်းကို ထုတ်သုံးနိုင်သရွေ့ ထိုလူငယ်မှာ သူ့ကိုယှဉ်နိုင်မည်မဟုတ်ချေ။
ဤတိုက်ပွဲတွင် ရှုံးနိမ့်လုနီးပါးဖြစ်ခဲ့ရခြင်းမှာ ချောင်ချိုးဖူက လူကိုကယ်တင်ချင်စိတ် ပြင်းထန်လွန်းသောကြောင့်သာ ဖြစ်၏။
အကယ်၍ ဂရုဏာစိတ်ကိုသာ ဖယ်ရှားလိုက်မည်ဆိုပါက ထိုသူ့လက်ထဲမှဓားက စိတ်အာရုံကိုခြောက်ခြားစေနိုင်သော်လည်း ချောင်ချိုးဖူ၏ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော် သူမအနေဖြင့် ဤအစီအစဉ်များကို မလုပ်ဆောင်နိုင်သေးမီမှာပင် အပြောင်းအလဲတစ်ခုက ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
ဝမ်ရိုနှင့်အတူ အမြဲရပ်နေခဲ့သော သခင်လေးသုံးက လှုပ်ရှားလိုက်ခြင်းပင် ဖြစ်ချေသည်။
ဓားအိမ်ထဲတွင် ငြိမ်သက်နေသော ဓားတစ်လက်က ရုတ်တရက် ဓားအိမ်မှဆွဲထုတ်လိုက်သကဲ့သို့ တုဟန်ယန်က သူ့ကို အထင်ကြီးထားပြီးဖြစ်သော်လည်း ယခုမူ အလွန်အမင်းလျှော့တွက်မိသွားကြောင်း သိလိုက်ရလေသည်။
၎င်းမှာ ခန့်မှန်းရခက်ခဲလှသော ဓားသိုင်းတစ်ခုဖြစ်ပြီး ဓားသွား၏ရွေ့လျားမှုလမ်းကြောင်းက လူကိုရင်အေးသွားစေနိုင်ပေသည်။
ဓားချက်တစ်ချက်တည်းဖြင့်ပင် ဓားကိုကိုင်ထားသော လူငယ်၏လက်ကို ဖြတ်တောက်လိုက်ချေပြီ။
ထိုဓားမှာ ဖြတ်တောက်ခံလိုက်ရသော လက်နှင့်အတူ လေထဲသို့ လွင့်စင်သွားတော့သည်။
နောက်ဆုံးတွင်တော့ "ချလွင်"ဟူသော အသံနှင့်အတူ မြူထူများထဲသို့ ကျရောက်သွားလေတော့သည်။
ထိုအချိန်မှသာ အခြေအနေအားလုံးက ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပျက်သွားပြီး ချောင်ချိုးဖူမှာ မျက်စိမှိတ်ကာ သေမင်းကိုစောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာသည်အထိ သေဆုံးမသွားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော ချူချင်းကို မြင်တွေ့လိုက်ရလေသည်။
ထပ်မံမေးမြန်းနေရန် မလိုတော့ဘဲ ညာဘက်လက်ပြတ်တောက်ကာ သတိလစ်မေ့မြောနေသော လူငယ်ကပင် အဖြေပေးပြီးသား ဖြစ်နေချေသည်။
ချောင်ချိုးဖူက ဤအခြေအနေကို မြင်သောအခါ သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ရင်း ချူချင်းကို ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ချူချင်းက သူ့ကိုလှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားမိသည်။ တိုက်ခိုက်စဉ်က တွန့်ဆုတ်နှေးကွေးပြီး စိတ်ထားနူးညံ့လွန်းနေသဖြင့် မိမိ၏လက်ချက်က ပြင်းထန်လွန်းသည်ဟု အပြစ်တင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
ယခုကဲ့သို့ ကျေးဇူးတင်စကားတစ်ခွန်းကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ချူချင်း၏မျက်ဝန်းထဲမှ အဓိပ္ပာယ်ကို ရိပ်မိသွားပုံရသဖြင့် ချောင်ချိုးဖူက ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။
"ငါစိတ်နုနေတော့ သူ့အသက်ကို တတ်နိုင်သမျှ ကာကွယ်ပေးချင်မိလို့ အမှားကြီးမှားလုနီးပါး ဖြစ်ခဲ့ရတာပါ... မိတ်ဆွေက အရေးကြီးတဲ့အချိန်မှာ ကူညီပေးပြီး ငါ့အသက်ကို ကယ်တင်ပေးခဲ့တာပဲ... ငါ့ဘက်က ဘယ်လိုလုပ် ရိုင်းစိုင်းတဲ့စကား ပြောရဲပါ့မလဲ..."
ချူချင်းက နှုတ်ခမ်းကိုမဲ့လိုက်မိပြီး ပါးစပ်ဖျားတွင် လူသားချင်းစာနာထောက်ထားမှုအကြောင်း အမြဲပြောဆိုတတ်သော သိုင်းသမားကြီးများကို စိတ်ဝင်စားခြင်းမရှိပေ။
သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ထိုလူငယ်၏အနီးသို့ လျှောက်လှမ်းသွားကာ အခြေအနေကို အကဲခတ်ကြည့်လိုက်ရာ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားရလေသည်။
သူ့အနေဖြင့် ဆေးပညာကို ကျွမ်းကျင်စွာမတတ်မြောက်သော်လည်း ဤလူငယ်၏အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်းကိုမူ သိရှိနိုင်ပေသည်။
သွေးကြောများအားလုံး ပျက်စီးနေပြီး ကိုယ်တွင်းအင်္ဂါငါးပါးလုံး အားနည်းနေသဖြင့် လက်ရှိတွင် အသက်ရှင်နေသေးသော်လည်း လူသေတစ်ဦးကဲ့သို့သာ ဖြစ်နေချေပြီ။
သူ၏အသက်ဓာတ်မှာ လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေပြီး အချိန်မရွေးငြိမ်းသတ်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပေသည်။
ချူချင်းက မျက်မှောင်ကြုတ်လိုက်ရင်း ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံမှတ်အချို့ကို နှစ်ချက်မျှတို့ထိလိုက်လေသည်။
ထိုလူငယ်မှာ ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီးမှ မျက်လုံးများကို ဖွင့်ကြည့်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏မျက်ဝန်းထဲ၌ ယခင်ကကဲ့သို့ နက်မှောင်သော အရောင်အဝါများ ရှိမနေတော့ပေ။
သူက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ရင်း လက်ကောက်ဝတ်မှ နာကျင်မှုကိုပင် သတိမထားမိတော့ဘဲ ချူချင်းကို ဇဝေဇဝါကြည့်ကာ မေးလိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ..."
ချူချင်းက အေးစက်စက်လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ဒီလမ်းကနေ ဖြတ်သွားရင်း မင်းသတ်တာကို ခံရလုနီးပါးဖြစ်ခဲ့တဲ့ သိုင်းဆရာတစ်ယောက်ပဲ..."
ထိုလူငယ်က မှင်တက်သွားပြီးမှ မိမိ၏ညာဘက်လက်ကို မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်ရင်း ပြောလိုက်သည်။
"တောင်း... တောင်းပန်ပါတယ်..."
လက်ကောက်ဝတ်မှ ဒဏ်ရာကို မြင်လိုက်ရသောအခါ သူက မယုံကြည်နိုင်ဟန်ဖြင့် ချူချင်းကို မေးလိုက်ပြန်သည်။
"ဒါ... မင်းလုပ်လိုက်တာလား..."
ငြင်းဆိုစရာမရှိသဖြင့် ချူချင်းက တိုက်ရိုက်ပင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ လူငယ်၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာခဲ့ပြီး ၎င်းတွင် လွတ်မြောက်သွားခြင်းနှင့် နောင်တရခြင်းတို့ ရောပြွမ်းနေသော်လည်း နာကျည်းမုန်းတီးမှု လုံးဝရှိမနေခဲ့ပေ။
ချူချင်းက သူ့ကို တည်ငြိမ်စွာကြည့်ရင်း ပြောလိုက်သည်။
"မင်း သေတော့မယ်..."
လူငယ်၏လေသံက အလွန်အေးဆေးတည်ငြိမ်နေခဲ့ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ရွာသားများ၏ အလောင်းများကို မြင်တွေ့ရသောအခါ မျက်ဝန်းထဲ၌ ဝမ်းနည်းပူဆွေးမှုများ ဖြတ်သန်းသွားကာ ညင်သာစွာ ပြောလိုက်သည်။
"ကျွန်တော် အဲဒီမိစ္ဆာဓားကို ကိုင်မိကတည်းက အသက်ဆက်မရှည်တော့ဘူးဆိုတာ သိခဲ့ပါတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက ချင်းရှီးရွာကနေ ထွက်မသွားနိုင်ခဲ့တာပဲ…”
“သူတို့က ရွာပြင်မှာ အင်းကွက်တွေ လုပ်ထားကြတယ်... အစပိုင်းကတော့ ကျွန်တော်တို့ကို ထွက်မပြေးနိုင်အောင် တားဆီးဖို့ဖြစ်ပြီး နောက်ပိုင်းကျတော့ ကျွန်တော့်ကို အပြင်ထွက်မသွားစေချင်လို့ပဲ... အဟွတ်... အဟွတ်..."
သူက ဤနေရာသို့ပြောပြီးသောအခါ ရုတ်တရက် ပြင်းထန်စွာချောင်းဆိုးလိုက်ပြီး သွေးအန်ထုတ်လိုက်ပြန်သည်။
ထိုအချိန်တွင် ချောင်ချိုးဖူ၊ တုဟန်ယန်နှင့် ဝမ်ရိုတို့လည်း အနီးသို့တိုးကပ်လာကြလေသည်။
သူ့စကားကိုကြားရသောအခါ တုဟန်ယန်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"ရွာပြင်မှာ ဒီလိုမျိုး မြူထူအင်းကွက်ကို ဘယ်သူတွေလုပ်ထားတာလဲဆိုတာ မင်းသိလား..."
ဤအကြောင်းကိုပြောလိုက်သောအခါ လူငယ်၏မျက်ဝန်းထဲ၌ နက်ရှိုင်းသော နာကြည်းမုန်းတီးမှုများ ပေါ်ပေါက်လာပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ရှင်တောက်အန်းဂိုဏ်းပဲ..."
တုဟန်ယန်နှင့် ချောင်ချိုးဖူတို့ အပြန်အလှန်ကြည့်လိုက်ကြရာ မျက်ဝန်းထဲ၌ အံ့အားသင့်မှုများ ဖြတ်သန်းသွားကြလေသည်။
ရှင်တောက်အန်းဂိုဏ်း၏အတွင်းပိုင်းတွင် အာဏာလုပွဲများ ပြင်းထန်နေပြီး နေ့စဉ်နှင့်အမျှ အသေအလဲတိုက်ခိုက်နေကြရာ မည်သူက ဤကဲ့သို့အားလပ်ချိန်ရှိပြီး ချင်းရှီးရွာသို့လာရောက်ကာ ပြဿနာရှာနေရသနည်း။
ချောင်ချိုးဖူက တည်ကြည်သောမျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ..."
ထိုလူငယ်က ဘေးပတ်ဝန်းကျင်ရှိလူများကို ကြည့်လိုက်ပြီးနောက် အဖြစ်အပျက်များကို ဖြည်းညင်းစွာ ပြောပြလေတော့သည်။
ချင်းရှီးရွာသည် မျိုးရိုးစဉ်ဆက်လက်နက်သွန်းလုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသောရွာတစ်ရွာ ဖြစ်သော်လည်း သွန်းလုပ်သော လက်နက်များကို ရှင်တောက်အန်းဂိုဏ်းသို့ တိုက်ရိုက်ပေးပို့ရခြင်း ဖြစ်ပေသည်။
ရှင်တောက်အန်းဂိုဏ်းက ထိုလက်နက်များကို ရရှိပြီးနောက် အရပ်ရပ်သို့ ပြန်လည်ရောင်းချကာ ရရှိလာသောငွေကြေးများကို ရွာသားများနှင့် ခွဲဝေယူကြသည်။
နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း...
ကျန်းနတ်ဓား၏ 'သက်တမ်းကုန်ဆုံးတော့မည်'ဟူသော ကောလာဟလများ ထွက်ပေါ်လာပြီးနောက်တွင်မူ ရှင်တောက်အန်းဂိုဏ်းက ချင်းရှီးရွာနှင့် ဆက်သွယ်မှုကို ရုတ်တရက် တစ်ဖက်သတ်ဖြတ်တောက်လိုက်လေသည်။
လွန်ခဲ့သောသုံးလခန့်တွင် ရွာထဲသို့ လူတစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
ရွာသူကြီးမှာ ထိုသူကိုသိရှိကြပြီး ၎င်းမှာ ရှင်တောက်အန်းဂိုဏ်း၏ တတိယခေါင်းဆောင်ချီကွမ်း ဖြစ်ကြောင်း သိကြပေသည်။
"အဲဒီတုန်းက ရွာသူကြီးနဲ့ ချီကွမ်းတို့ အခန်းထဲမှာ အကြာကြီးစကားပြောခဲ့ကြပေမဲ့ နောက်ဆုံးတော့ သဘောထားချင်း မတိုက်ဆိုင်ဘဲ လမ်းခွဲခဲ့ကြတယ်... ရွာသူကြီးက ဒေါသအကြီးအကျယ်ထွက်ပြီး ရှင်တောက်အန်းဂိုဏ်းနဲ့ ဘယ်တော့မှ ပတ်သက်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်…”
“ဒါပေမဲ့ အဲဒီညမှာပဲ ရွာသူကြီးက အိမ်မှာ ရုတ်တရက်ဆုံးသွားခဲ့တယ်... အဲဒီနောက်မှာ ရွာသူကြီးအသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး သူ ရာထူးရရချင်းမှာပဲ ချီကွမ်းက ပြန်ရောက်လာခဲ့တယ်…”
“ပြီးတော့ ရွာသူကြီးအသစ်က ကျွန်တော်တို့ ရွာထဲကလူငယ်တွေအားလုံးကို ရွာလယ်ကွင်းပြင်မှာ စုဝေးခိုင်းပြီး အတုမရှိတဲ့ ရတနာဓားတစ်လက်ကို သွန်းလုပ်ဖို့ ပြောခဲ့တယ်..."
လူငယ်က ဤနေရာသို့ပြောလိုက်သောအခါ မျက်ဝန်းထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့သည်။
တုဟန်ယန်က တိုးညင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
"လွန့်ရှန်ဓားလား..."
ထိုလူငယ်က အားနည်းသောမျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"အဲဒီနေ့ကစပြီး ကျွန်တော်တို့အားလုံး အဲဒီလွ့န်ရှန်ဓားကို သွန်းလုပ်ဖို့အတွက် အလုပ်ရှုပ်ခဲ့ကြရတယ်... အဲဒီဓားရဲ့ ကုန်ကြမ်းက အရမ်းထူးခြားပြီး အပူချိန်အများကြီးပေးမှ ပုံသွင်းလို့ရတာ…”
“ဒါပေမဲ့ သွန်းလုပ်ရတာက သိပ်မလွယ်ကူဘူး... သန်သန်မာမာလူငယ်တွေ နေ့ရောညပါ အကြိမ်ကြိမ် ထုရိုက်ခဲ့ရတယ်... ပြီးတော့ လျှို့ဝှက်နည်းလမ်းတွေနဲ့ သွန်းလုပ်ခဲ့ရလို့ နှစ်လကျော်လောက်ကြာမှ ပုံဖော်နိုင်ခဲ့တယ်... အဲဒီနောက်မှာတော့ အိပ်မက်ဆိုးတွေ စတင်ခဲ့တာပဲ..."