← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) - ကြောက်ရွံ့ခြင်း (၂)

အစပိုင်းတွင် လူတိုင်းက အလွန်ဝမ်းသာခဲ့ကြရသည်။

လောကတွင် အကောင်းဆုံးသိုင်းပညာရှင် မဖြစ်လိုသူမှာ ထူးချွန်သူတစ်ဦး မဟုတ်သကဲ့သို့ပင် ဖြစ်၏။

လောကတွင် အကောင်းဆုံးပန်းပဲဆရာ မဖြစ်လိုသူမှာလည်း ထူးချွန်သော ပန်းပဲသမားတစ်ဦး မဟုတ်ပေ။

လူတိုင်း၏အင်အားကို စုစည်းပြီး မကြုံစဖူးထူးခြားသည့် နတ်ဓားတစ်လက်ကို သွန်းလုပ်နိုင်ခြင်းက သူတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့သည်။

သို့သော် ဤအချိန်သို့ရောက်ရှိလာသောအခါ သွန်းလုပ်မှုတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

"အဲဒီသံတုံးက ရုတ်တရက် အရမ်းမာကျောသွားပြီး ကျွန်တော်တို့ ဘယ်လောက်ပဲ ထုရိုက်နေပေမဲ့ ဘာမှမထူးခြားတော့ဘူး... အဲဒီအချိန်မှာ ရွာသူကြီးအသစ်က ပေါ်လာပြီး ဒီဓားက မိသားစုပေါင်းများစွာရဲ့သွေးတွေကို စုစည်းပြီး သွေးဆေးရမယ်…”

“ဒါမှသာ ဓားက အောင်မြင်နိုင်မယ်လို့ ပြောခဲ့တယ်... ပြီးတော့ ရွာသူကြီးအသစ်က လက်ချောင်းထိပ်က သွေးတစ်စက်ပဲ လိုအပ်တယ်လို့ပြောတော့ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် လာပြီး လက်ချောင်းကိုဖောက်ခဲ့ကြတယ်…”

“အဲဒီနောက်မှာတော့ ဓားရုပ်သေးတွေ ဖြစ်သွားခဲ့ကြရတယ်..."

ချောင်ချိုးဖူက ထိုစကားလုံးကို ကြားလိုက်ရသောအခါ အသက်မရှိသော လူသေများကဲ့သို့ လှုပ်ရှားနေသည့် ရွာသားများကို ပြန်လည်သတိရသွားရင်း မေးလိုက်သည်။

"ဓားရုပ်သေးတွေလား..."

"သွေးနဲ့လက်နက်ဆန်းကို ပေါင်းစပ်ပြီး စိတ်ဝိညာဉ်ကို ထိန်းချုပ်တာပဲ... အဲဒီတုန်းက ကျွန်တော်တို့ရဲ့သွေးတွေကို လွန့်ရှန်ဓားထဲထည့်လိုက်တာက ကိုယ့်ရဲ့ အသက်ဓာတ်နဲ့ စိတ်ဝိညာဉ်ကို ဓားအတွက် ပူဇော်လိုက်တာဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး…”

“အဲဒီအချိန်ကစပြီး ဓားရုပ်သေးတွေ ဖြစ်သွားပြီး ရှင်ရှင်သေသေ မကြောက်တော့ဘဲ ဓားရုပ်သေးရုပ်တွေ လုံးလုံးဖြစ်သွားခဲ့ရတယ်…”

“အဲဒီသံတုံး…”

“အဲဒီဓားက လူ့လောကမှာ ရှိရမဲ့ဓားမဟုတ်ဘူး..."

လူငယ်၏လေသံမှာ ဤနေရာသို့ရောက်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်လာခဲ့သည်။

ချောင်ချိုးဖူက သူ့ကိုဖိထားပေးသောကြောင့်သာ ထမခုန်ခဲ့ခြင်း ဖြစ်ပေသည်။

ချူချင်း၏မျက်ဝန်းများလည်း အနည်းငယ်ကျုံ့သွားရသည်။ သွေးတစ်စက်ချရုံဖြင့် ဓားရုပ်သေး ဖြစ်သွားနိုင်သည်လော။ ဤအရာက သာမန်ထက် လွန်ကဲလွန်းလှပေသည်။

လောကကြီးတွင် ဤမျှဆန်းကြယ်ပြီး ယုတ်မာသောအရာမျိုး ရှိနိုင်ပါ့မလား။

ထို့နောက် ထိုလူငယ်က အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ချူချင်းနှင့် အခြားသူများကို မော့ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက မပြီးသေးဘူး... လွန့်ရှန်ဓားကို တကယ်သွန်းလုပ်ဖို့အတွက် လူ့အသက်တွေကိုပါ ထည့်သွင်းရဦးမှာ... အစပိုင်းတုန်းကတော့ ကျွန်တော်တို့က သူတို့တွေ ဓားသွန်းလုပ်ရတာ ပင်ပန်းလွန်းလို့ ထွက်ပြေးသွားကြတယ်လို့ပဲ ထင်ခဲ့တာ…”

“ဒါပေမဲ့ သူတို့တွေ ထွက်ပြေးတာမဟုတ်ဘဲ သေသွားခဲ့ကြတာကို ဘယ်သူမှမသိခဲ့ကြဘူး... အမှန်တရားက မကြာခင်မှာပဲ ပေါ်လာခဲ့တယ်... လူ့အသက်တွေနဲ့ သွန်းလုပ်ရတဲ့ဓားက နတ်ဓားတစ်လက် ဖြစ်နိုင်ပါ့မလား... ဒါက မိစ္ဆာဓားတစ်လက်ပဲ... အဲဒီအချိန်မှာ ချီကွမ်းကလည်း သူ့ရဲ့သရုပ်မှန် ပေါ်လာတော့တာပဲ…”

“သူက ရွာထဲက လူငယ်တွေအားလုံးကို ဖမ်းဆီးပြီး ရွာပြင်မှာ အင်းကွက်တွေ လုပ်ခိုင်းခဲ့တယ်... ရွာထဲက ဘယ်သူ့ကိုမှ ထွက်ပြေးခွင့်မပေးဘဲ ကျွန်တော်တို့ရှေ့မှာတင် သန်မာတဲ့လူတွေကို မီးဖိုထဲကို တစ်ယောက်ပြီးတစ်ယောက် ပစ်ထည့်ခဲ့တယ်…”

“သွေးတွေနဲ့ ဓားကိုသွန်းလုပ်ပြီး လူ့အသက်တွေနဲ့ ပူဇော်ခဲ့တာပဲ... ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် လူတိုင်းက မျှော်လင့်ချက်မဲ့လာတယ်… အော်ဟစ်ငိုယိုပြီး ချီကွမ်းကို အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့ကြတယ်…”

“ဒါပေမဲ့ မထူးခြားခဲ့ပါဘူး... သူ့မျက်လုံးထဲမှာ အဲဒီဓားပဲ ရှိနေခဲ့တာ... မီးဖိုထဲက ဓားက ပိုပြီးတော့ နက်မှောင်လာခဲ့တယ်... လွန့်ရှန်... လွန့်ရှန်... အဲဒီစာလုံးနှစ်လုံးကို ကျွန်တော်ကိုယ်တိုင် ထွင်းထုခဲ့ရတာ... ဟားဟားဟား..."

သူက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်ရာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ၏ပုံစံမှာ ရူးသွပ်နေသကဲ့သို့ ဖြစ်နေချေပြီ။

သူက တိုးညင်းစွာ ပြောလိုက်သည်။

"ဘယ်နှစ်ရက် ကုန်လွန်သွားလဲဆိုတာ ကျွန်တော်မသိတော့ဘူး... မီးဖိုဘေးမှာ မီးခိုးလုံးတွေ ဖုံးလွှမ်းနေပြီး မူလက မြူမရှိတဲ့ ချင်းရှီးရွာရဲ့ပတ်ဝန်းကျင်မှာ မြူထူတွေ တဖြည်းဖြည်း ပေါ်လာခဲ့တယ်…”

“တစ်ခါတလေကျရင် ဒါတွေက မြူတွေလား၊ မီးခိုးတွေလား၊ ဒါမှမဟုတ် မီးဖိုထဲမှာ သေဆုံးသွားခဲ့တဲ့ ဝိညာဉ်တွေလားဆိုတာ ကျွန်တော် မခွဲခြားနိုင်တော့ဘူး... ချီကွမ်းက ကျွန်တော်တို့ကို ပိတ်လှောင်မထားခဲ့ဘူး... ကျွန်တော်တို့ အိမ်ပြန်လို့ရပြီး ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်တဲ့”

“သားသမီးတွေ သေဆုံးသွားတဲ့ သက်ကြီးရွယ်အိုတွေက သင်္ဂြိုဟ်ဖို့ အလောင်းမရှိတော့ဘဲ ဝိညာဉ်ပြားတွေကိုပဲ ကိုးကွယ်ပြီး မျှော်လင့်ချက်မဲ့မဲ့နဲ့ ထိုင်ငိုနေခဲ့ကြရတယ်…”

“နောက်ဆုံးတော့ အဲဒီနေ့က ကျွန်တော့်အလှည့် ရောက်လာခဲ့တယ်..."

ထိုနေ့တွင် လူငယ်က ချီကွမ်း၏စိုးရိမ်ပူပန်နေမှုကို သတိပြုမိခဲ့သည်။

ရွာထဲရှိ လူငယ်များအားလုံးကို ဓားအတွက်ပူဇော်ခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

ချင်းရှီးရွာသည်လည်း လူ့ငရဲဘုံတစ်ခုကဲ့သို့ ဖြစ်ပျက်နေခဲ့ချေပြီ။

သို့သော် လွန့်ရှန်ဓားမှာ မီးဖိုထဲမှ ထွက်မလာနိုင်သေးဘဲ ထပ်ပူဇော်ရန် လိုအပ်နေခဲ့သည်။

မီးဖိုထဲသို့ ပစ်ချခံရမည့်လူငယ်မှာ မီးဖိုရှေ့သို့ ကိုယ်တိုင်လျှောက်လှမ်းသွားခဲ့ပြီး ၎င်းထဲသို့ခုန်မဝင်ဘဲ လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် လွန့်ရှန်ဓားကို မီးဖိုထဲမှ ဆွဲထုတ်လိုက်လေသည်။

ရေတံခွန်မှ စီးဆင်းလာသောရေအားဖြင့် လည်ပတ်နေသည့် စက်ယန္တရားများက မီးဖိုကို အဆက်မပြတ်တောက်လောင်စေခဲ့သည်။

တောက်လောင်နေသော မီးတောက်များနှင့်အတူ လွန့်ရှန်ဓားမှာ လူတိုင်း၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ချေပြီ။

အုံ့မှိုင်းနေသော ကောင်းကင်ပြင်တွင် ရုတ်တရက် မိုးကြိုးသံတစ်ချက် ဟိန်းထွက်သွားပြီး ချီကွမ်း၏ ပျာယာခတ်နေသောအသံလည်း ထွက်ပေါ်လာခဲ့သည်။

"သူ့ကို မီးဖိုထဲ ပစ်ထည့်လိုက်စမ်း..."

သို့သော် နောက်ကျသွားခဲ့ချေပြီ...

အချိန်မမီတော့ပေ။

ချီကွမ်းမှာ ပန်းပဲသမားတစ်ဦး မဟုတ်သဖြင့် သွန်းလုပ်ပြီးသော လက်နက်များကို ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်ပြီး ဓားက အလိုအလျောက် ထွက်လာမည်မဟုတ်ကြောင်းကို မသိရှိခဲ့ပေ။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွန့်ရှန်ဓားမှာ လျင်မြန်စွာအောင်မြင်သွားခဲ့သည်။

ထိုဓားကို ကိုင်ထားသောလူငယ်မှာလည်း တစ်စုံတစ်ခုကို ရိပ်မိနားလည်သွားခဲ့လေသည်။

၎င်းမှာ လူသားများကို ဝါးမြိုနိုင်သော မိစ္ဆာဓားတစ်လက် ဖြစ်ပေသည်။

ဓားပိုင်ရှင်က ဓားကိုကိုင်ဆောင်သည့်အချိန်တွင် ၎င်းကိုမထိန်းချုပ်နိုင်ပါက ဓား၏ဝါးမြိုခြင်းကို ပြန်လည်ခံရမည် ဖြစ်၏။

ကျန်ရှိသောမှတ်ဉာဏ်များမှာ ရှင်းရှင်းလင်းလင်းမရှိတော့ဘဲ ရွာလယ်ကွင်းပြင်တွင် ဝိုင်းရံနေကြသော လူများအားလုံး၏ပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားသည်ကိုသာ ရေးရေးမျှ မှတ်မိတော့သည်။

သူတို့၏အသက်ဓာတ်နှင့် စိတ်ဝိညာဉ်များ ကွယ်ပျောက်သွားပြီး လွန့်ရှန်ဓား၏ အရှိန်အဝါမှာ ပိုမိုပြင်းထန်လာခဲ့သည်။

မိမိ၏စိတ်ထဲတွင် သတ်ဖြတ်ရန်ဟူသော စိတ်စွဲလမ်းမှုတစ်ခုသာ ရှိနေခဲ့ကြောင်း လူငယ်က မှတ်မိနေခဲ့သည်။

ချင်းရှီးရွာသို့ လာရဲသောသူအားလုံးကို သတ်ဖြတ်ရန်နှင့် ရှင်တောက်အန်းဂိုဏ်းဝင်အားလုံးကို အမြစ်ပြတ်သတ်ဖြတ်ရန်သာ ဖြစ်ပေသည်။

အရေးကြီးဆုံးအချက်မှာ...

ချီကွမ်းကို သတ်ဖြတ်ရန်ဖြစ်၏။

ချင်းရှီးရွာရှိ လူပေါင်းခြောက်ရာကျော်အတွက် ဤသွေးကြွေးကို ပြန်လည်တောင်းခံရန် ဖြစ်ပေသည်။

ထို့နောက်တွင်တော့ သူ၏မျက်ဝန်းများမှာ နက်မှောင်သော အရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ယနေ့ည ဤအချိန်သို့ရောက်ရှိမှသာ သတိပြန်လည်လာခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ရေးရေးလေး မှတ်မိတာကတော့…”

“နေ့ဘက်မှာ ဓားရုပ်သေးတွေက မလှုပ်ရှားနိုင်ကြဘူး... ဒါကြောင့် ကျွန်တော်တို့က ညဘက်မှာပဲ လှုပ်ရှားနိုင်ကြတာ... လူအားလုံးကို သတ်ချင်တဲ့ စိတ်စွဲလမ်းမှုကြောင့်သာ ကျွန်တော် ဒီဓားရဲ့ဝါးမြိုခြင်းကို လုံးဝမခံခဲ့ရတာ ဖြစ်လိမ့်မယ်... နေ့ဘက်တုန်းက ကျွန်တော် ဒီနားမှာ မင်းကိုမြင်ခဲ့တယ်..."

လူငယ်က ဤနေရာသို့ပြောပြီးသောအခါ ချူချင်းကို ကြည့်လိုက်လေသည်။

ချူချင်းက ခေါင်းညိတ်ပြလိုက်သည်။ အလောင်းများမှာ ဓားရုပ်သေး ဖြစ်သွားသော်လည်း နေ့ဘက်တွင် မလှုပ်ရှားနိုင်သဖြင့် နေ့ဘက်တွင် လှုပ်ရှားနိုင်သူမှာ ဤလူငယ်တစ်ဦးတည်းသာ ရှိပေသည်။

ယနေ့ မိမိမြင်တွေ့ခဲ့ရသောလူရိပ်မှာ သူပင် ဖြစ်ချေသည်။

ချောင်ချိုးဖူနှင့် တုဟန်ယန်တို့မှာ အဖြစ်အပျက်အားလုံးကို ကြားသိရပြီးနောက် အပြန်အလှန်ကြည့်လိုက်ကြလေသည်။

နှစ်ဦးလုံး၏မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များကို မြင်တွေ့လိုက်ရသည်။

သို့သော် တစ်ဖက်သတ်စကားကိုသာ ယုံကြည်ပြီး ချီကွမ်းတွင်အပြစ်ရှိသည်ဟု ဆုံးဖြတ်ရန်မဖြစ်နိုင်ပေ။

ဤကိစ္စတွင် အခြားလျှို့ဝှက်ချက်များ ရှိနေနိုင်သေးသည် မဟုတ်ပါလော။

ဤလူငယ်ပြောသမျှအားလုံးမှန်ကန်သည်ဟု မည်သူမျှအာမမခံနိုင်ဘဲ သူကိုယ်တိုင်လည်း လှည့်စားခံထားရခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ချောင်ချိုးဖူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ဒီကိစ္စကို ငါတို့ သေချာပေါက်စုံစမ်းပြီး မင်းအတွက် တရားမျှတမှု ရှာပေးပါ့မယ်..."

တုဟန်ယန်က ရုတ်တရက် မေးမြန်းလိုက်သည်။

"အဲဒီလွန့်ရှန်ဓားကော ဘယ်မှာလဲ..."

ချောင်ချိုးဖူက ချူချင်းကိုကြည့်လိုက်ရာ မကန့်ကွက်သည်ကို မြင်သဖြင့် ထရပ်ကာ ရှာဖွေရန်ပြင်ရင်း ပြောလိုက်သည်။

"ဟိုဘက်ကို လွင့်သွားတယ်လို့ ထင်တယ်..."

တုဟန်ယန်နှင့် အခြားသူများလည်း သူ့နောက်သို့ လိုက်ပါသွားကြလေသည်။

ဤနေရာတွင် ချူချင်းနှင့် ထိုလူငယ်နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ငယ်ရွယ်သော ပန်းပဲသမားမှာ ချောင်ချိုးဖူ၏စကားကြောင့် ဝမ်းသာခြင်းမရှိခဲ့ပေ။ တရားမျှတမှု...

မည်သို့သော တရားမျှတမှုမျိုး ဖြစ်လိမ့်မည်နည်း။

ထိုတရားမျှတမှုကိုရရှိချိန်တွင် မိမိမှာ သေဆုံးသွားခဲ့ပြီး ဖြစ်လိမ့်မည်။

ချူချင်း၏စကားသံက သူ၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"မင်း လိုအပ်မယ်ဆိုရင် ကျုပ် သူ့ကိုသတ်ပေးလို့ရတယ်..."

လူငယ်က ချူချင်းကို မသိစိတ်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"ဘယ်သူ့ကို သတ်မှာလဲ..."

ချူချင်းက ညင်သာစွာ ပြောလိုက်သည်။

"ချင်းရှီးရွာရဲ့အဖြစ်ဆိုးကို ဖန်တီးခဲ့တဲ့ တရားခံအစစ်ကိုပေါ့... ဒါပေမဲ့ မင်းအတွက် လူသတ်ပေးဖို့ဆိုရင် မင်းဘက်က တန်ဖိုးတစ်ခုခု ပေးရလိမ့်မယ်..."

လူငယ်က ပြုံးရင်းမေးလိုက်သည်။

"လွန့်ရှန်ဓားဆိုရင်ကော လုံလောက်ရဲ့လား..."

ချူချင်းက အံ့အားသင့်သွားရင်း ပြောလိုက်သည်။

"မင်းက ငါ့ကို ပြဿနာရှာနေတာပဲ..."

ထိုလူငယ်က ခေါင်းခါပြရင်း ပြောလိုက်သည်။

"မဟုတ်ပါဘူး... စောစောက ကျွန်တော် မပြောခဲ့တဲ့စကားတစ်ခွန်း ရှိသေးတယ်…”

“နေ့ဘက်မှာ မင်းကိုမြင်ပြီးတဲ့နောက် ကျွန်တော့်ရဲ့စိတ်စွဲလမ်းမှုအရ မင်းကို ချက်ချင်းတိုက်ခိုက်ရမှာဆိုပေမဲ့…”

“ကျွန်တော် မလုပ်ရဲခဲ့ဘူး…”

“ဘာဖြစ်လို့လဲဆိုတော့ လွန့်ရှန်ဓားက ကြောက်နေပုံရလို့ပဲ…”

All Chapters