← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) - အသုံးဝင်လှပေသည် (၁)

ကြောက်ရွံ့နေသည်လော။

ချူချင်း၏မျက်နှာအမူအရာက တစ်ဖန်ဆန်းကြယ်သွားပြန်လေသည်။

ဤဓားတွင် ကိုယ်ပိုင်အတွေးအခေါ်နှင့် အသိစိတ်များ ရှိနေဆဲဖြစ်သလော။

သို့သော် ဤကဲ့သို့ဘေးဒုက္ခပေးနိုင်သော လက်နက်ဆိုးမျိုးကိုမူ သူသည် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိချေ။

အမှန်တကယ်တော့ ဤအချက်က သိပ်အရေးမကြီးလှပေ။

သူ့မျက်စိရှေ့တွင် ပေါ်လာသောစနစ်၏ အချက်ပြစာသားကသာ ပို၍အရေးကြီးပေသည်။

[တာဝန်အသစ် စတင်ပြီ... ချင်းရှီးရွာ လူသတ်ပွဲကြီးကို ဖန်တီးခဲ့သော တရားခံအစစ်အမှန်ကို လုပ်ကြံသတ်ဖြတ်ရန်...]

[လက်ခံမည်လော...]

ချူချင်းက မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ဤအချက်ပြချက်က အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

သူ၏စိတ်ထဲတွင်လည်း ချောင်ချိုးဖူနှင့် တုဟန်ယန်တို့ကဲ့သို့ပင် ထိုလူငယ်၏စကားတစ်ခွန်းတည်းဖြင့် ဤကိစ္စကိုလုပ်ဆောင်ခဲ့သူမှာ ချီကွမ်းဖြစ်သည်ဟု ရာနှုန်းပြည့်မယုံကြည်နိုင်သေးချေ။

ထို့ကြောင့် သူသည် ဤတာဝန်ကိုတောင်းဆိုစဉ်က ဝေဝေဝါးဝါးစကားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

ချီကွမ်းကို တိုက်ရိုက်သတ်ရန်ဟုမပြောဘဲ တရားခံအစစ်အမှန်ကိုသတ်ရန်ဟုသာ ပြောခဲ့သည်။

အကျိုးဆက်အနေဖြင့် စနစ်ကလည်း ဤနည်းလမ်းအတိုင်း တာဝန်သတ်မှတ်ပေးခဲ့လေသည်။

ထို့ကြောင့် ဤတာဝန်ကို ပြီးမြောက်အောင်မြင်ရန်အတွက် သူသည် ဤတရားခံအစစ်အမှန်မှာ ချီကွမ်းဟုတ်မဟုတ်ကို ဦးစွာစုံစမ်းရဦးမည်။

ခေတ္တမျှ တွေးတောပြီးနောက် ချူချင်းက တာဝန်ကိုလက်ခံရန် ရွေးချယ်လိုက်လေသည်။

သူ့စိတ်ထဲတွင် အနည်းငယ် ပြောစရာစကားမဲ့သွားရချေသည်။

အလွန်တရာ ရိုးရှင်းလှသောစနစ်တစ်ခုဖြစ်သော်လည်း လှည့်ကွက်များကမူ အလွန်များပြားလှပေသည်။

တစ်ခါတရံ တရားခံအစစ်အမှန်ဟုဆိုလိုက်...

တစ်ခါတရံ သတ်ဖြတ်ခြင်းအမိန့်တော်ဟုဆိုလိုက်နှင့် ဖြစ်နေသည်။

သို့သော် တာဝန်ရှိလာလျှင် လက်လွှတ်၍မဖြစ်ပေ။

ချင်းရှီးရွာသို့ရောက်ရှိလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုဖြစ်သော်လည်း တာဝန်တစ်ခုရရှိလိုက်ခြင်းမှာမူ မမျှော်လင့်ထားသောဝမ်းမြောက်စရာ ဖြစ်ပေသည်။

ချက်ချင်းပင် ချူချင်းက ခေါင်းကိုအသာအယာညိတ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ဒီအတိုင်းပဲ သတ်မှတ်လိုက်ရအောင်..."

လူငယ်က သက်ပြင်းအသာချလိုက်လေသည်။

လွန့်ရှန်ဓားကိုကိုင်ဆောင်ထားသဖြင့် သူ၏အာရုံခံစားမှုအချို့က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယနေ့ညတွင် ရောက်ရှိလာသောလူအုပ်စုထဲ၌ သူအကြောက်ရွံ့ဆုံးသောသူမှာ ချူချင်းဖြစ်ပေသည်။

ထို့နောက်မှ ချောင်ချိုးဖူဖြစ်ပြီး နောက်ဆုံးမှ တုဟန်ယန်နှင့် ဝမ်ရိုတို့ဖြစ်ကြသည်။

ဝမ်ရိုက ချူချင်း၏ဘေးနားတွင် အမြဲရှိနေသဖြင့် သူပထမဆုံး သတ်ရန်ရွေးချယ်ခဲ့သူမှာ တုဟန်ယန်ဖြစ်သည်။

သို့သော် ချောင်ချိုးဖူက ကြားထဲမှ ဝင်ရောက်တားဆီးခဲ့သဖြင့် ပစ်မှတ်ကပြောင်းလဲသွားခဲ့ရခြင်း ဖြစ်ပေသည်။

ယခုအခါ သူအကြောက်ရွံ့ဆုံးသောသူက ချင်းရှီးရွာအတွက် ကလဲ့စားချေပေးရန် ကတိပြုလိုက်သဖြင့် သူ၏ရင်ထဲတွင် တင်းကျပ်နေသောစိတ်အာရုံများက ရုတ်တရက်လျော့ကျသွားခဲ့ရချေသည်။

ချူချင်းက ထိုလူငယ်၏အသက်ရှူသံများ အားနည်းလာသည်ကို သတိပြုမိလိုက်သည်။

သူဆက်တောင့်ခံနိုင်စွမ်းမရှိတော့သည်ကို သိလိုက်ရချေသည်။

လွန့်ရှန်ဓား၏တန်ပြန်တိုက်ခိုက်မှုကို ခံထားရသဖြင့် လူလည်းမကျ တစ္ဆေလည်းမကျသောအခြေအနေဖြင့် အသက်တစ်မျှင်သာ ကျန်ရှိတော့ရာ ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာပင် အံ့ဖွယ်တစ်ခုဖြစ်နေချေပြီ။

ချူချင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏ ဖြည်းညင်းစွာပိတ်ကျသွားသော မျက်လုံးများကိုကြည့်ကာ ဖြည်းဖြည်းချင်းမတ်တတ်ရပ်လိုက်လေသည်။

သူရရှိမည့်ဆုလာဘ်ကို သွားရောက်ကြည့်ရှုရန် ပြင်လိုက်စဉ် မလှမ်းမကမ်းမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ဒီနားမှာပဲရှိရမှာကို... ဘာလို့မရှိတာလဲ..."

ပြောလိုက်သူမှာ တုဟန်ယန်ဖြစ်ပေသည်။

ထို့နောက်မှ လူရိပ်အချို့ ဖြည်းဖြည်းချင်းပေါ်လာခဲ့ရာ ၎င်းတို့မှာ ချောင်ချိုးဖူ၊ တုဟန်ယန်နှင့် ယန်ယွီမျှော်စင်မှမိန်းကလေးအချို့ ဖြစ်ကြသည်။

ထိုလူငယ် မျက်လုံးပိတ်သွားသည်ကို မြင်လိုက်ရသဖြင့် ချောင်ချိုးဖူ၏မျက်နှာအရောင်အသွေးက အနည်းငယ်ပြောင်းလဲသွားပြီး ရှေ့သို့တိုးကာ စစ်ဆေးကြည့်ရှုပြီးနောက် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"သူဆုံးသွားပြီ..."

ချူချင်းက မေးလိုက်သည်။

"လွန့်ရှန်ဓား ပျောက်သွားပြီလား..."

တုဟန်ယန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"မှောင်လွန်းလို့ ဖြစ်လိမ့်မယ်... ခဏနေရင် မီးတုတ်တွေနဲ့ ထပ်ရှာကြည့်ရအောင်... ဒီလက်နက်က အလွန်ဆန်းကြယ်ပြီး ထူးဆန်းလွန်းတယ်... ချန်ထားခဲ့ရင် ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားနေရတယ်..."

"ရှာစရာမလိုတော့ဘူး..."

ဘေးဘက်မှဝမ်ရို၏ အသံထွက်ပေါ်လာလေသည်။

ထိုအခါမှ ချူချင်းသည် ဤမိန်းကလေးမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်ကို သတိရလိုက်မိသည်။

သူက ဝမ်ရိုကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"တစ်ယောက်ယောက်က ယူသွားတာလား..."

"အင်း..."

ဝမ်ရိုက ခေါင်းအသာအယာညိတ်ရင်း ပြောလိုက်သည်။

"ခုနက ကျွန်မ အဲဒီဓားရဲ့အနံ့နောက်ကို လိုက်ရှာကြည့်သေးတယ်... ဒါပေမဲ့ အဲဒီဓားက ကျွန်မနဲ့ပိုပိုဝေးသွားတယ်... ကျွန်မ ရွာအစပ်အထိလိုက်သွားပေမဲ့ ရှေ့ဆက်သွားဖို့ မရဲတော့ဘူး..."

လူတိုင်းက ဤစကားကိုကြားသောအခါ တစ်ဖန်ဆွံ့အသွားကြပြန်သည်။

အထူးသဖြင့် ချောင်ချိုးဖူနှင့် တုဟန်ယန်တို့မှာ ဝမ်ရို၏စကားကို အနည်းငယ်နားမလည်နိုင်ဖြစ်နေကြရသည်။

အနံ့နောက်သို့လိုက်ရှာသည်ဟူသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။

ထိုဓားတွင် မည်သည့်အနံ့ ရှိနေသနည်း။

သို့သော် ဝမ်ရိုကို ရှေ့ဆက်မလိုက်ခဲ့သည့်အတွက် မည်သူမျှ အပြစ်မတင်ကြချေ။

ရန်သူနှင့် မိမိတို့၏အခြေအနေကို မသိနိုင်သေးသည့်အပြင် ရွာပြင်ပတွင်လည်း အင်းကွက်များရှိနေသဖြင့် ဤကဲ့သို့သောအခြေအနေမျိုးတွင် စွန့်စားဝင်ရောက်သွားပါက အသက်အန္တရာယ်ရှိနိုင်ပေသည်။

ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာနိုင်ခြင်းကပင် အလွန်ကောင်းမွန်လှပေ၏။

ချောင်ချိုးဖူက မျက်ခုံးများကို တင်းကျပ်စွာစုကြုံ့ရင်း ပြောလိုက်သည်။

"အဲဒီလူ ဖြစ်နိုင်မလား..."

သူပြောသောသူမှာ မည်သူဖြစ်သည်ကို လူတိုင်းနားလည်ကြပေသည်။

ထိုသူမှာ ကျောက်စာတိုင်ပေါ်တွင် လက်ဝါးရာချန်ထားခဲ့သော်လည်း ယခုအချိန်အထိပေါ်မလာသေးသောသူ ဖြစ်သည်။

ချူချင်းက သမ်းဝေရင်း ပြောလိုက်သည်။

"ဒါတွေက မရေးကြီးတော့ပါဘူး... လွန့်ရှန်ဓားကို တစ်ယောက်ယောက်က လုယူသွားပြီဆိုတော့ ဒီရွာထဲမှာ လောလောဆယ် ထူးဆန်းတာတွေ ရှိတော့မှာ မဟုတ်ဘူး... အရင်ဆုံး အနားယူကြရအောင်... မနက်ဖြန်မနက်ကျမှ အင်းကွက်ကိုဖျက်ပြီး ထွက်ခွာကြတာပေါ့..."

ချောင်ချိုးဖူနှင့် တုဟန်ယန်တို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့သည် ဤနေရာ၏အခြေအနေကို ကောင်းစွာမသိရှိကြသဖြင့် ယခုအချိန်တွင် သတိကြီးစွာထားရမည်ဖြစ်သည်။

မည်သည့်အကြံအစည်မဆို ဤနေရာမှထွက်ခွာပြီးမှသာ စဉ်းစားရပေမည်။

ယန်ယွီမျှော်စင်ဘက်တွင် တပည့်တစ်ဦး သေဆုံးသွားခဲ့သဖြင့် တုဟန်ယန်၏စိတ်အခြေအနေမှာလည်း မကောင်းလှချေ။

ကျန်ရှိသော ဂိုဏ်းတူညီမငယ်များမှာလည်း ငိုယိုနေကြရရှာသည်။

သူတို့အိမ်မကြီးသို့ ပြန်လည်ရောက်ရှိလာသောအခါ တုန်ရှင်းကျီနှင့် တုန်ယွိပိုင်တို့ကို မတွေ့ရတော့ချေ။

သူတို့သည် အိမ်မကြီးအတွင်းရှိ လျှို့ဝှက်လမ်းကြောင်းအတိုင်း ဝင်ရောက်သွားခဲ့ပြီဟု ခန့်မှန်းလိုက်ကြပြီး လူတိုင်းက ခေတ္တမျှတွေးတောကာ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။

အတွင်းသို့ ဝင်ရောက်သွားသူများမှာ ချူချင်း၊ ချောင်ချိုးဖူနှင့် တုဟန်ယန်တို့သုံးဦး ဖြစ်ကြသည်။

ဝမ်ရိုနှင့် ယန်ယွီမျှော်စင်မှ အခြားတပည့်မလေးများမှာမူ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။

မီးတုတ်များကို ကိုင်ဆောင်ကာ သုံးဦးသား လျှို့ဝှက်လမ်းကြောင်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်ကြသည်။

အတွင်းသို့ရောက်ရှိသွားသောအခါ သုံးဦးလုံး ဆွံ့အသွားကြရပြန်သည်။

ဤအိမ်မကြီးကို တောင်စောင်းတွင်မှီ၍ ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ယခင်က ဤနေရာတွင် လျှို့ဝှက်အခန်းတစ်ခုရှိနေသည်ကို မည်သူမျှ သတိမထားမိခဲ့ကြခြင်း ဖြစ်ပေသည်။

"ကြည့်ရတာ ဒီနေရာမှာ အရင်ကတည်းက ဂူတစ်ခုရှိနေပုံရတယ်... အိမ်ဆောက်တုန်းက ဒီဂူကိုအမှီပြုပြီး ဆောက်ခဲ့တာပဲ... လျှို့ဝှက်တံခါးတစ်ခုပဲ ထပ်တိုးထားတာ..."

ချောင်ချိုးဖူက ချူချင်းနှင့် တုဟန်ယန်တို့ မြင်တွေ့ပြီးသားအရာကို ပြောလိုက်လေသည်။

ချူချင်းက မြေပြင်ပေါ်ရှိသွေးကွက်များကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဒါ တုန်ယွိပိုင်သွေးတွေ ဖြစ်ရမယ်..."

ကျန်ရှိသောနှစ်ဦးက ခေါင်းညိတ်လိုက်ကြပြီး ချူချင်းက သွေးခြေရာများအတိုင်း ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားလေသည်။

ဤဂူမှာမနက်ရှိုင်းဘဲ အောက်ဘက်သို့ အနည်းငယ် နိမ့်ဆင်းသွားကာ ခြေလှမ်းတစ်ရာခန့်လျှောက်ပြီးနောက် လူတို့ပြုပြင်ထားသော အမှတ်အသားများကို တွေ့ရှိလိုက်ရသည်။

သူတို့ရှေ့တွင် စတုရန်းပုံစံကျောက်ခန်းမတစ်ခု ရှိနေသည်။

ကျောက်နံရံသုံးဖက်ပေါ်တွင် နံရံဆေးရေးပန်းချီများ ရှိခဲ့ဖူးပုံရသော်လည်း ယခုအခါ နံရံနှစ်ဖက်ရှိပန်းချီများမှာ ဝေဝါးပျက်စီးနေခဲ့ပြီ ဖြစ်သည်။

နံရံတစ်ဖက်တည်းတွင်သာ ပန်းချီကားတစ်ချပ် ကျန်ရှိနေပြီး ၎င်းပေါ်တွင် ကြီးမားသောမီးဖိုကြီးတစ်ခု ရှိနေသည်။

မီးဖိုအတွင်း၌ တောက်ပနေသောအရာတစ်ခုကို အရည်ကျိုနေပြီး ပြင်းထန်သောမီးတောက်များက ကောင်းကင်တစ်ဝက်ကို နီရဲစေခဲ့သည်။

ကျောက်ခန်းမ၏အလယ်တွင် ကျောက်စားပွဲတစ်ခု ရှိနေသည်။

ယခုအခါ တုန်ယွိပိုင်က ကျောက်စားပွဲပေါ်တွင် လဲလျောင်းနေပြီး တုန်ရှင်းကျီက သူ၏ရင်ဘတ်မှ ဒဏ်ရာကို ပျာပျာသလဲပတ်တီးစည်းပေးနေလေသည်။

ခြေသံများနှင့် မီးရောင်ကို မြင်လိုက်ရသဖြင့် သူက ပျာပျာသလဲခေါင်းမော့ကြည့်လိုက်ရာ ချူချင်းတို့သုံးဦးဖြစ်သည်ကိုမြင်မှ သက်ပြင်းချနိုင်တော့သည်။

"မင်းတို့လည်း ဝင်လာကြတာလား..."

ယခင်ကပိတ်မိနေစဉ်အတွင်း တုန်ရှင်းကျီသည် အတင်းတိုးထွက်ရန် မရွေးချယ်ခဲ့ဘဲ ချူချင်းတို့က ရွာသားများကိုဆွဲဆောင်ထားစဉ် တုန်ယွိပိုင်ကို ခေါ်ဆောင်ကာ ဤလျှို့ဝှက်ခန်းအတွင်းသို့ လျင်မြန်စွာဝင်ရောက်ပုန်းအောင်းခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဤအရာက နည်းလမ်းကောင်းတစ်ခု မဟုတ်ပေ။

အကယ်၍ ချူချင်းတို့အဖွဲ့က အပြင်ဘက်မှ ပြဿနာများကို မဖြေရှင်းနိုင်ခဲ့ပါက ထိုဘေးဒုက္ခများသည် သူတို့ထံသို့ ရောက်ရှိလာမည် ဖြစ်သည်။

ထို့ကြောင့် တုန်ရှင်းကျီသည် ခြေသံကိုကြားလိုက်ရသောအခါ ပထမဆုံးတုံ့ပြန်မှုအဖြစ် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။

မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်မှသာ သူ၏စိတ်က အေးချမ်းသွားခဲ့ရချေသည်။

ချူချင်းတို့သည် တုန်ရှင်းကျီကို ဂရုမစိုက်ခဲ့ကြချေ။

အရေးကြီးသောအချိန်တွင် ကိုယ်လွတ်ရုန်းခဲ့သည့်အတွက်လည်း မဟုတ်ပေ။

ဤသည်မှာ လူသားတို့၏သဘာဝသာ ဖြစ်ပေသည်။

သို့သော် သူတို့သည် အပြင်ဘက်တွင် အသက်နှင့်ရင်း၍ တိုက်ခိုက်ခဲ့ကြရသော်လည်း တုန်ရှင်းကျီဦးလေးနှင့် တူနှစ်ဦးမှာမူ ဤနေရာတွင် ဘေးကင်းစွာ ပုန်းအောင်းနေခဲ့ကြသဖြင့် သူတို့အပေါ် အထင်အမြင်ကောင်း မရှိခြင်းမှာလည်း လူသားတို့၏သဘာဝပင် ဖြစ်သည်။

သူတို့သုံးဦးက ပတ်ဝန်းကျင်အခြေအနေကို သေချာစွာကြည့်ရှုပြီးနောက် တုန်ယွိပိုင်လဲလျောင်းနေသော ကျောက်စားပွဲကိုလည်း ကြည့်လိုက်ကြတော့သည်။

All Chapters