အခန်း ၈၈
Vol. 9 Ch. 88
အခန်း (၈၈) - အသုံးဝင်လှပေသည် (၂)
ချူချင်းက ရုတ်တရက်မေးလိုက်သည်။
"မင်းတို့ ဝင်လာပြီး တစ်ခုခုကို တွေ့ခဲ့သေးလား..."
တုန်ရှင်းကျီက ချက်ချင်းပင် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"မတွေ့ပါဘူး... ဒီမှာဘာမှမရှိပါဘူး..."
"အော်..."
ချူချင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"အပြင်ကကိစ္စတွေ ပြီးသွားပြီ... ဒီဂူထဲက လေဝင်လေထွက်မကောင်းဘူး... သူ့ကို အပြင်ကို ခေါ်သွားလိုက်ပါ..."
"ကောင်းပါပြီ... ကောင်းပါပြီ..."
တုန်ရှင်းကျီက လက်အုပ်ချီရင်း ပြောလိုက်သည်။
"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ထို့နောက် သူက တုန်ယွိပိုင်ကိုပွေ့ချီကာ ဂူအပြင်ဘက်သို့ လျှောက်လှမ်းသွားလေသည်။
ချူချင်းတို့သုံးဦးက သူ၏ကျောပြင်ကို ကြည့်လိုက်ကြပြီး တုဟန်ယန်က တိုးတိုးလေးပြောလိုက်သည်။
"သူ တစ်ခုခုကိုဖုံးထားပုံရတယ်..."
"တကယ်လို့ ဘာမှမရှိဘူးဆိုရင် ဘာလို့ ဒီလောက်အထိဖုံးနေမှာလဲ..."
ချောင်ချိုးဖူကလည်း သံသယဝင်စွာ မေးလိုက်သည်။
ချူချင်းကမူ နံရံပေါ်ရှိပန်းချီကားကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာပြောလိုက်သည်။
"ဒီချင်းရှီးရွာက တကယ်ကိုမရိုးရှင်းဘူးလို့ ခံစားနေရတယ်..."
ချောင်ချိုးဖူက ရယ်မောရင်း ပြောလိုက်သည်။
"ညီသုံး ပြောတာမှန်ပါတယ်... ဒီချင်းရှီးရွာက တကယ်ကို မရိုးရှင်းဘူး... ဒါပေမဲ့ စုံစမ်းချင်ရင်တောင် ဘာမှစုံစမ်းစရာ ကျန်တော့မှာမဟုတ်ဘူး... သိုင်းလောကဆိုတာ ဒီလိုပါပဲ... ဘာနဲ့တွေ့မလဲ... ဘာကိုမြင်မလဲဆိုတာ သတ်မှတ်ချက်မရှိဘူး…”
“တိုက်ဆိုင်မှုတွေအောက်မှာ အံ့ဩစရာကိစ္စတွေ... အံ့ဩစရာပစ္စည်းတွေကို မြင်တွေ့ရတတ်ပြီး နေရာတိုင်းမှာ ထူးဆန်းမှုတွေရှိနေတာကမှ သိုင်းလောကရဲ့လမ်းစဉ်ပဲ..."
‘ညီသုံးတဲ့လော…’
ချူချင်းက မျက်ခုံးကို အနည်းငယ်စုကြုံ့လိုက်မိသည်။
တကယ်ကို နားဝင်မချိုလှပေ။
"ချောင်သိုင်းသမားကြီး ပြောတာမှန်ပါတယ်... ဒါပေမဲ့ သခင်လေးသုံးအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် နောင်ကျရင် ကျွန်မတို့ယန်ယွီမျှော်စင်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်..."
တုဟန်ယန်က အခွင့်ကောင်းယူကာ ဖိတ်ခေါ်ရင်း ပြောလိုက်သည်။
"ကျွန်မတို့ ယန်ယွီမျှော်စင်မှာ စာအုပ်ပေါင်းအများကြီးရှိတယ်... ဒီနံရံဆေးရေးပန်းချီရဲ့သဲလွန်စကို ရှာတွေ့နိုင်မလား မသိဘူး..."
ချူချင်းက အသာအယာပြုံးရင်း ပြောလိုက်သည်။
"ကျုပ်ကက ဒီအတိုင်း ပြောလိုက်တာပါ... အဆုံးအထိစုံစမ်းဖို့ မလိုပါဘူး... ထားလိုက်ပါတော့... ဒီနေရာမှာ တကယ်ပဲ တစ်ခုခုရှိခဲ့ရင်တောင် တုန်ဦးလေးနဲ့ သူ့တူနှစ်ယောက် ယူသွားလောက်ပြီ... တကယ်လို့ စိတ်မဝင်စားဘူးဆိုရင် ဒီညကိစ္စက ဒီလောက်နဲ့ပဲ ပြီးပါစေတော့..."
ထိုနှစ်ဦးထဲမှ တစ်ဦးမှာ ဖြောင့်မတ်တည်ကြည်သော သိုင်းသမားကြီးဖြစ်ပြီး ကျန်တစ်ဦးမှာ နာမည်ကြီးဂိုဏ်း၏တပည့်ကြီး ဖြစ်ပေသည်။
သူတို့သည် ဤနေရာမှပစ္စည်းများကို အမှန်တကယ်ပင် စိတ်ဝင်စားခြင်းမရှိကြချေ။
စကားအနည်းငယ်ပြောဆိုပြီးနောက် ဤကိစ္စကို ဘေးဖယ်ထားလိုက်ကြသည်။
သူတို့သုံးဦးက ဤလျှို့ဝှက်ခန်းမှ ထွက်ခွာလာသောအခါ တုန်ရှင်းကျီနှင့် တုန်ယွိပိုင်တို့နှစ်ဦးမှာ ဘေးတွင်မှီ၍ အနားယူနေသည်ကို တွေ့လိုက်ရသည်။
သူတို့ထွက်လာသည်ကို မြင်သောအခါ ထိုနှစ်ဦးက စိုးရိမ်တကြီးကြည့်လိုက်ကြသည်။
ချူချင်းတို့သုံးဦးက သူတို့ကိုဂရုမစိုက်သည်ကို မြင်မှသာ သက်ပြင်းချနိုင်ကြတော့သည်။
ယနေ့ညတွင် ထပ်စကားပြောဆိုခြင်းမရှိတော့ဘဲ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အနားယူလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
လူစုက အိမ်မကြီးထဲမှ ထွက်လာခဲ့ကြပြီး တုဟန်ယန်ဦးဆောင်ကာ ချင်းရှီးရွာအစပ်သို့ ရောက်ရှိလာခဲ့သည်။
သူမက ချူချင်းတို့ကို အပြင်ဘက်တွင် စောင့်ဆိုင်းစေပြီး သူမတစ်ဦးတည်း အင်းကွက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
တစ်မောင်းခန့်စောင့်ဆိုင်းပြီးနောက် သူမက ပြန်လည်ရောက်ရှိလာခဲ့သည်။
"ရပြီ..."
တုဟန်ယန်က လူတိုင်းကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
ချူချင်းက ပတ်ဝန်းကျင်ကို အံ့ဩစွာကြည့်လိုက်သော်လည်း ယခင်ကထက် ထူးခြားသော ပြောင်းလဲမှုမရှိသကဲ့သို့ ခံစားရသည်။
သို့သော် ယန်ယွီမျှော်စင်၏တပည့်ကြီးက အကြောင်းမဲ့ပြောဆိုမည် မဟုတ်သဖြင့် ချက်ချင်းပင် လက်အုပ်ချီကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်... မိန်းကလေးတု..."
"သခင်လေးသုံးက ဘယ်ကိုဆက်သွားမှာလဲ..."
တုဟန်ယန်က မေးလိုက်သည်။
"ကျုပ်ညီမလေးကို အိမ်ပြန်ပို့မလို့ပါ..."
ချူချင်းက ဝမ်ရိုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
တုဟန်ယန်က ခေတ္တမျှ ဆွံ့အသွားရသည်။
"အမျက်မထွက် သံလက်သီး"ချွေ့ပုနူ၏ တပည့်ဖြစ်သူက အခြားသူတစ်ဦး၏လိုက်လံပို့ဆောင်မှုကို လိုအပ်နေသေးသလော။
သို့မဟုတ်လျှင် မည်သူက သူ၏တပည့်ကို လိုက်လံပို့ဆောင်နိုင်စွမ်းရှိသနည်း။
သူမ၏စိတ်ထဲတွင် ချူချင်းအပေါ် ပိုမို၍အထင်ကြီးလေးစားသွားရချေသည်။
သို့သော် မနေ့ညက သူမသည် ချူချင်းကို ယန်ယွီမျှော်စင်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ချူချင်းကငြင်းပယ်ခဲ့သဖြင့် ယခုအချိန်တွင် ထပ်မပြောရဲတော့ချေ။
တုန်ရှင်းကျီက ရှေ့သို့တစ်လှမ်းတိုးကာ လက်အုပ်ချီရင်း ပြောလိုက်သည်။
"ဒီနေရာက အင်းကွက်ပျက်သွားပြီဆိုတော့ ကျွန်တော်တို့နှစ်ယောက် အရင်ဆုံးထွက်ခွာပါရစေဦး..."
"မင်းတို့ရော ထျန်းရှာရီဖင်ညီလာခံကို သွားမလို့လား..."
ချူချင်းက သူတို့ကိုတစ်ချက်ကြည့်ကာ မေးလိုက်သည်။
တုဟန်ယန်က ရုတ်တရက်သဘောပေါက်သွားရင်း ပြောလိုက်သည်။
"ရှင်တို့ကလည်း ထျန်းရှာရီဖင်ညီလာခံကို သွားမလို့ပဲကိုး... တိုက်ဆိုင်လိုက်တာ... ကျွန်မလည်း ဒီညီလာခံကို ဖိတ်ကြားခံရလို့ ဂိုဏ်းတူညီမလေးတွေကို လောကအမြင်ကျယ်အောင် ခေါ်လာခဲ့တာ... တကယ်လို့ ရည်ရွယ်ချက်တူရင် အတူတူသွားကြမလား..."
တုန်ရှင်းကျီက လက်ခါယမ်းရင်း ပြောလိုက်သည်။
"မဖြစ်ပါဘူး... မဖြစ်ပါဘူး... ယွိပိုင်က ဒဏ်ရာပြင်းပြင်းရထားလို့ ဒီထျန်းရှာရီဖင်ညီလာခံကို ကျွန်တော်တို့သွားနိုင်တော့မှာ မဟုတ်ဘူး... အခု သူ့ကို အိမ်ကို အမြန်ဆုံးပြန်ပို့ရမှာ…”
“တကယ်လို့ သူတစ်ခုခုဖြစ်သွားရင် ကျွန်တော် ရှင်းပြနိုင်မှာ မဟုတ်ဘူး... ကောင်းပါပြီ... နောင်တစ်ချိန် ပြန်ဆုံကြတာပေါ့... ဒီမှာတင် နှုတ်ဆက်ပါတယ်..."
ပြောပြီးနောက် သူက တုန်ယွိပိုင်ကိုကျောပိုးကာ အလျင်အမြန်ထွက်ခွာသွားလေသည်။
တုဟန်ယန်က တုန်ရှင်းကျီ၏ကျောပြင်ကို သေချာစွာကြည့်ရှုပြီးနောက် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"ကြည့်ရတာ အဲဒီလျှို့ဝှက်ခန်းထဲက ပစ္စည်းက တကယ်ကို မရိုးရှင်းဘူးပဲ... ထျန်းရှာရီဖင်ညီလာခံကိုတောင် လက်လွှတ်နိုင်တယ်ဆိုတော့..."
ချူချင်း၏အကြည့်ကမူ အလွန်ထူးဆန်းနေသည်။
သူသည် တုန်ရှင်းကျီတို့နှစ်ဦးအပေါ်တွင် အာရုံမရှိဘဲ အခြားသောအရပ်မျက်နှာတစ်ခုသို့ တစ်ချက်ကြည့်လိုက်လေသည်။
ထို့နောက် မေးလိုက်သည်။
"ဒီထျန်းရှာရီဖင်ညီလာခံက ဘာလဲ..."
တုဟန်ယန်က ပြုံးရင်း ပြောလိုက်သည်။
"ရှင်တောက်အန်းရဲ့ ဒုတိယခေါင်းဆောင်က ထျန်းရှာရီဖင်ညီလာခံကို ကျင်းပတာပါ... ကြားရသလောက်တော့ လောကမှာ အကောင်းဆုံးရတနာတစ်ခု ပေါ်ထွက်လာလို့တဲ့…”
“ဒါကြောင့် ဖိတ်စာတွေ အများကြီးပို့ပြီး ဂိုဏ်းအသီးသီးက သိုင်းပညာရှင်တွေကို ရှင်တောက်အန်းကိုဖိတ်ခေါ်ပြီး ဒီရတနာကို အတူတူကြည့်ရှုဖို့ ဖိတ်ကြားထားတာ... ပြီးတော့ ကံပါတဲ့သူကို ဒီရတနာလက်ဆောင်ပေးမယ်လို့လည်း ပြောထားတယ်..."
"ဒုတိယခေါင်းဆောင်..."
ချူချင်းက ဤစကားကိုကြားသောအခါ ချင်းရှီးရွာကို တစ်ချက်ကြည့်လိုက်မိသည်။
တတိယခေါင်းဆောင်မှာ 'တိမ်ဖမ်းလက်ဝါး'ချီကွမ်းဖြစ်ပြီး ဒုတိယခေါင်းဆောင်မှာမူ သူမှတ်မိသရွေ့ 'သံခြေလှမ်း တောင်မြစ်'လော့ချန်ဖြစ်ရပေမည်။
ဤဒုတိယခေါင်းဆောင်နှင့် တတိယခေါင်းဆောင်တို့မှာ အပြင်ပန်းတွင်သာ သင့်မြတ်ဟန်ဆောင်ထားကြခြင်း ဖြစ်သည်။
အပြင်ပန်းတွင် ဆက်ဆံရေးကောင်းမွန်ပုံရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ချေ။
ယခုအခါ ရှင်တောက်အန်းအတွင်း၌ အချင်းချင်းတိုက်ခိုက်နေကြသော အခြားခေါင်းဆောင်များမှာ သူတို့နှစ်ဦး၏အုပ်စုများ ဖြစ်ကြသည်။
ဤလူနှစ်ဦးကြောင့်ပင် ရှင်တောက်အန်းမှာ ယခုကဲ့သို့ ဖရိုဖရဲပျက်စီးနေရခြင်း ဖြစ်ပေသည်။
ချီကွမ်းက လွန့်ရှန်ဓားကိုဖန်တီးခဲ့ပြီး လော့ချန်ကမူ ထျန်းရှာရီဖင်ကိုဖန်တီးခဲ့သည်။
ဤလူနှစ်ဦးမှာ တကယ်ကို လှည့်ကွက်မျိုးစုံ သုံးနိုင်ကြပေသည်။
"သခင်လေးသုံးအနေနဲ့ ဒီထျန်းရှာရီဖင်ညီလာခံကို စိတ်ဝင်စားလို့လား..."
တုဟန်ယန်က ထပ်မံ၍ ဖိတ်ခေါ်လိုက်ပြန်သည်။
ချူချင်းကမူ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
"ရပါတယ်... ကျုပ်မှာ အရေးကြီးကိစ္စရှိလို့ အချိန်မဆွဲချင်တော့ဘူး..."
တုဟန်ယန်က ခေါင်းညိတ်လိုက်ပြီး အတင်းအကျပ်မတိုက်တွန်းတော့ချေ။
"ဒါဆိုရင်လည်း ကျွန်မတို့ အရင်ဆုံးထွက်ခွာပါရစေဦး..."
သူတို့သည် ရှင်တောက်အန်းသို့သွားရမည်သာမက သေဆုံးသွားသော ယန်ယွီမျှော်စင်မှ ဂိုဏ်းတူညီမလေး၏နာရေးကိစ္စကိုလည်း စီစဉ်ရဦးမည်။
"ကောင်းပါပြီ... နောက်မှပြန်ဆုံကြတာပေါ့..."
"နှုတ်ဆက်ပါတယ်..."
တုဟန်ယန်ကပြောပြီးနောက် လူစုကိုဦးဆောင်ကာ ထွက်ခွာသွားလေသည်။
ချူချင်းက ဤနေရာတွင်ရပ်နေဆဲဖြစ်သော ချောင်ချိုးဖူကိုကြည့်ကာ မေးလိုက်သည်။
"ချောင်သိုင်းသမားကြီး မသွားသေးဘူးလား..."
"ညီသုံးက အရင်သွားနှင့်ပါ..."
ချောင်ချိုးဖူက ပြောလိုက်သည်။
"ကျွန်တော်က ဒီချင်းရှီးရွာက အလောင်းတွေကို အကုန်မြှုပ်နှံပြီးမှသွားဖို့ စိတ်ကူးထားတယ်... သူတို့ရဲ့ ဘဝတွေက သနားစရာကောင်းလွန်းတယ်... အလောင်းတွေကို ဒီအတိုင်းပစ်ထားလို့ မဖြစ်ဘူး…”
“ဒီနေရာက ဝေးလံခေါင်သီလွန်းတော့ သုဘရာဇာတွေလာပါ့မလားဆိုတာ မသိဘူး... စောင့်နေမဲ့အစား ကိုယ်တိုင်ပဲ မြှုပ်နှံပေးလိုက်တာ ပိုကောင်းပါတယ်..."
ချူချင်းက လက်အုပ်ချီကာ ပြောလိုက်သည်။
"လေးစားမိပါတယ်..."
"မပြောပါနဲ့... ဒါက ကျွန်တော် တတ်နိုင်တဲ့ကိစ္စလေးပါ... ညီသုံးက သိုင်းပညာ အလွန်မြင့်မားတယ်... မနေ့ညက ကယ်တင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်... နောင်တစ်ချိန် သိုင်းလောကမှာပြန်ဆုံရင် အတူတူသောက်ကြတာပေါ့..."
ချောင်ချိုးဖူက လက်အုပ်ချီကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ ဒီမှာတင် နှုတ်ဆက်ကြရအောင်..."
"နှုတ်ဆက်ပါတယ်..."
နှုတ်ဆက်ပြီးနောက် ချောင်ချိုးဖူက ပိုင်ကောကိုဦးဆောင်ကာ ချင်းရှီးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
ပတ်ဝန်းကျင်တွင် လူသူလုံးဝမရှိတော့သောအခါ ဝမ်ရိုက ရုတ်တရက်မေးလိုက်သည်။
"တကယ်ပဲ ဂရုစိုက်စရာမလိုဘူးလား..."
"သူများကိစ္စတွေက ငါတို့နဲ့မဆိုင်ဘူး..."
ချူချင်းက ခေါင်းခါယမ်းလိုက်ရင်း မေးလိုက်သည်။
"အဲဒီဓားနံ့ကို မှတ်မိသေးလား..."
ဝမ်ရိုက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"မမေ့ပါဘူး..."
ချူချင်းက ပြုံးလိုက်လေသည်။
လွန့်ရှန်ဓားက အကြောင်းမဲ့ပျောက်ဆုံးသွားခြင်း မဟုတ်ပေ။
ဓားကိုယူသွားသူမှာ ကျောက်စာတိုင်ပေါ်တွင် လက်ဝါးရာချန်ထားခဲ့သူ ဟုတ်မဟုတ်မသိရသော်လည်း အနည်းဆုံးတော့ သူသည် ဤချင်းရှီးရွာအကြောင်းကို ကောင်းစွာနားလည်ထားသူ ဖြစ်ရပေမည်။
မဟုတ်ပါက သူသည် ချူချင်း၊ ချောင်ချိုးဖူနှင့် တုဟန်ယန်တို့၏မျက်စိအောက်တွင် ဤမျှကောင်းမွန်စွာ ပုန်းအောင်းနိုင်မည်မဟုတ်ချေ။
ထိုသူသည် ချီကွမ်း သို့မဟုတ် ဤချင်းရှီးရွာ လူသတ်ပွဲကြီးကိုဖန်တီးခဲ့သူနှင့် မကင်းရာမကင်းကြောင်း ပတ်သက်နေသူ ဖြစ်ရပေမည်။
ဤကဲ့သို့သောလူမျိုးကို လွတ်မြောက်သွားစေ၍ မဖြစ်ချေ။
သို့သော် ဤအခြေအနေမျိုးတွင် အခြားသူတစ်ဦးသာဆိုလျှင် လိုက်လံဖမ်းဆီးရန် အလွန်ခက်ခဲပေလိမည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ဘေးတွင် ဝမ်ရိုရှိနေသေးသည်။
ချူချင်းသည် ဤမိန်းကလေးမှာ တကယ်ကို အသုံးဝင်လှသည်ဟု ရုတ်တရက်ခံစားလိုက်ရရင်း ပြောလိုက်သည်။
"သွားကြစို့... ငါတို့ အဲဒီဓားကိုသွားရှာရအောင်…”