← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) - ပြဇာတ်နှင့် နယ်မြို့လေး (၁)

တုန်ရှင်းကျီသည် တုန်ယွိပိုင်ကိုကျောပိုးကာ ချူချင်းတို့မြင်ကွင်းမှ လွတ်မြောက်သွားပြီးနောက် တစ်ဟုန်ထိုးထွက်ပြေးလေတော့သည်။

သူသည် မိမိ၏ကိုယ်ဖော့သိုင်းကို အစွမ်းကုန်အသုံးချကာ တစ်ဟုန်ထိုးပြေးလွှားခဲ့ရာ မိုင်နှစ်ဆယ်ကျော်ခန့်ရောက်ရှိသွားမှသာ အတွင်းအားကုန်ခမ်းသွားသဖြင့် တုန်ယွိပိုင်နှင့်အတူ ဘုန်းခနဲမြေပြင်ပေါ်သို့ လိမ့်ကျသွားချေသည်။

တုန်ယွိပိုင်၏မျက်နှာမှာ ဖြူလျော်နေပြီး ပြင်းထန်စွာ လဲကျသွားသည့်ဒဏ်ကြောင့် နာကျင်စွာညည်းတွားရင်း သတိပြန်လည်လာလေသည်။

သူက ပတ်ဝန်းကျင်ကို ဇဝေဇဝါကြည့်ရှုနေစဉ် မျက်နှာတစ်ခုက ရှေ့သို့ရုတ်တရက် တိုးကပ်လာချေသည်။

"ဦးလေးနှစ်..."

အစပိုင်းတွင် သူလန့်ဖျပ်သွားသော်လည်း ရှေ့မှလူမှာ တုန်ရှင်းကျီဖြစ်ကြောင်း သဲသဲကွဲကွဲမြင်လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။

ထို့နောက် သူက ငိုသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"ဦးလေးနှစ်... ကျွန်တော်... ကျွန်တော် အရမ်းနာတယ်..."

"ဟိုအဖိုးကြီးက ကျွန်တော့်ကို ထင်းခုတ်ဓားနဲ့ခုတ်လိုက်တာ..."

"ကျွန်တော့်ရင်ဘတ်ထဲမှာ... ရင်ဘတ်ထဲမှာ တစ်ခုခု ရှိနေသလိုပဲ..."

တုန်ရှင်းကျီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ သူတို့မှာ တိတ်ဆိတ်အေးချမ်းပြီး လူသူကင်းမဲ့သော ရေကန်ငယ်တစ်ခုအနီးသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအခါမှသာ သူစိတ်အေးသွားပြီး တုန်ယွိပိုင်၏ပါးကို သာသာယာယာပုတ်လိုက်ရင်း ပြောလိုက်သည်။

"ယွိပိုင်မကြောက်နဲ့... ဦးလေးနှစ်ရှိတယ်..."

"ရင်ဘတ်... ရင်ဘတ်ထဲက..."

တုန်ယွိပိုင်က ငိုယိုကာအော်ဟစ်လိုက်ပြန်သည်။

"ဦးလေးနှစ်... ကျွန်တော့်ရင်ဘတ်က ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက်တောင် နာနေရတာလဲ..."

"ဘာမှမဖြစ်ပါဘူး... ဦးလေးနှစ်က မင်းရင်ဘတ်ထဲကို ပစ္စည်းလေးတစ်ခု ထည့်ထားလိုက်လို့ပါ..."

တုန်ရှင်းကျီ၏လေသံက ရုတ်တရက် အေးစက်ခြောက်ကပ်သွားချေသည်။

"ယွိပိုင် မကြောက်နဲ့နော်... ခဏနေရင် ဦးလေးနှစ်ပြန်ထုတ်ပေးမယ်..."

"ဘာ... ဘာပြောတယ်..."

တုန်ယွိပိုင်သည် အလွန်ထိတ်လန့်သွားသဖြင့် နာကျင်မှုကိုပင် မေ့လျော့သွားပြီး မေးလိုက်သည်။

"ဦးလေးနှစ်... ဦးလေး ဘာတွေပြောနေတာလဲ... ဘာပစ္စည်းမို့လို့လဲ... ဘယ်လိုထုတ်မှာလဲ..."

"မင်းရဲ့ဒဏ်ရာထဲကို လက်လျှိုသွင်းပြီး ဆွဲထုတ်လိုက်ရုံပေါ့..."

တုန်ရှင်းကျီက ပြုံးရွှင်စွာဖြင့် နှစ်သိမ့်လိုက်သည်။

"စိတ်ချပါ... အရမ်းလွယ်ပါတယ်..."

သူက ပြောပြောဆိုဆိုဖြင့် စိတ်မရှည်နိုင်တော့ဘဲ ဒဏ်ရာပေါ်တွင် စည်းနှောင်ထားသော ပတ်တီးစကိုပင်ဖြည်မနေတော့ဘဲ အတင်းအဓမ္မ ဆွဲခွာပစ်လိုက်လေသည်။

တုန်ယွိပိုင်၏ရင်ဘတ်ဒဏ်ရာမှာ မူလကတည်းကပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ထင်းခုတ်ဓားဖြင့်ခုတ်ခံထားရခြင်း ဖြစ်ပေသည်။

တစ်ညလုံး ဒဏ်ရာကိုမကုသရသေးသည့်အပြင် ယခုအခါ ပိုမိုဆိုးရွားကာ သွေးချင်းချင်းနီလျက် ရှိနေချေသည်။

တုန်ရှင်းကျီက ဤသည်ကို ဂရုမစိုက်ဘဲ တုန်ယွိပိုင်၏ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများရှေ့တွင်ပင် သူ၏လက်ကို ဒဏ်ရာအတွင်းသို့ အတင်းအဓမ္မ ထိုးသွင်းလိုက်တော့သည်။

"အား..."

တုန်ယွိပိုင်၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး မိမိကို အမြဲတစေ အလိုလိုက်ခဲ့သော ဦးလေးနှစ်က ယခုကဲ့သို့ ရက်စက်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

သူသည် တစ်ကိုယ်လုံးတုန်ရီနေအောင် နာကျင်လှသဖြင့် တုန်ရှင်းကျီကို အစွမ်းကုန်တွန်းဖယ်ရန် ကြိုးစားလေသည်။

သို့သော် တုန်ရှင်းကျီ၏ခန္ဓာကိုယ်မှာ ကျောက်ဆောင်ကဲ့သို့ ခိုင်မာလှသဖြင့် မည်သို့မျှတွန်းဖယ်၍မရဘဲ အသနားခံရန်သာ တတ်နိုင်တော့သည်။

"ဦးလေးနှစ်... တော်ပါတော့... ကျွန်တော် အရမ်းနာနေပြီ... အရမ်းနာနေပြီဗျာ..."

"နာစမ်း... နာစမ်း..."

"နေသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်... ငါ စမ်းမိပြီ... ငါ စမ်းမိပြီ..."

"ငါတို့ အဲဒီလျှို့ဝှက်အခန်းထဲကို အရင်ဆုံးဝင်နိုင်ခဲ့လို့ တော်သေးတာပေါ့... မင်းသတိမေ့နေလို့လည်း တော်သေးတယ်..."

"သူတို့တွေ မရိပ်မိခင်မှာ ဒီပစ္စည်းကို မင်းရဲ့ဒဏ်ရာထဲ ငါထည့်ထားနိုင်ခဲ့လို့ပေါ့..."

"မဟုတ်ရင် သူတို့သာသိသွားရင် ငါတုန်ရှင်းကျီအတွက် ဘာကျန်တော့မှာလဲ..."

"ဒီမှာ... ဒီမှာပဲ..."

တုန်ရှင်းကျီ၏လေသံမှာ ရူးသွပ်နေပုံရပြီး အချိန်အတော်ကြာ စမ်းသပ်ရှာဖွေပြီးနောက် ရုတ်တရက် ဝမ်းသာအားရဖြစ်သွားကာ အပြင်သို့ ဆတ်ခနဲဆွဲထုတ်လိုက်လေသည်။

တုန်ယွိပိုင်၏ရင်ဘတ်မှ သွေးများပန်းထွက်လာပြီး သူသည် အနည်းငယ်မျှသာ ရုန်းကန်နိုင်ကာ အသက်ပျောက်သွားတော့သည်။

သေဆုံးသွားသည့်တိုင်အောင် သူ၏မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် မယုံကြည်နိုင်မှုများအပြည့် ရှိနေချေသည်။

တုန်ရှင်းကျီက သူ့ကိုတစ်ချက်မျှပင် လှည့်မကြည့်ဘဲ လက်ထဲမှပစ္စည်းကိုသာ စိုက်ကြည့်နေလေသည်။

၎င်းမှာ သံပေချပ်တစ်ခု ဖြစ်ပေသည်။

သွေးများစိုရွှဲနေသဖြင့် ကြည့်ရသည်မှာ အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေချေသည်။

တုန်ရှင်းကျီသည် အဖိုးတန်ရတနာကို ရရှိလိုက်သကဲ့သို့ ဝမ်းသာအားရဖြစ်ကာ ရေကန်နံဘေးသို့သွား၍ သံပေချပ်ပေါ်ရှိသွေးများကို ဆေးကြောလိုက်လေသည်။

ထိုအခါ အတွင်းဘက်ရှိစာသားများ ပေါ်ထွက်လာချေသည်။

အမည်းဆုံးနှင့် အကြီးဆုံးစာလုံးလေးလုံးမှာ ညာဘက်အစွန်တွင်ရှိပြီး အထက်မှအောက်သို့ "ကျိုရွှမ်နတ်သိုင်း"ဟု ရေးသားထားလေသည်။

"ကျိုရွှမ်နတ်သိုင်း... တကယ်ပဲ ကျိုရွှမ်နတ်သိုင်းပဲ..."

တုန်ရှင်းကျီသည် သံပေချပ်ကိုကိုင်ထားရင်း လက်များတုန်ရီနေကာ ပြောလိုက်သည်။

"ဒဏ္ဍာရီလာ ရွှမ်ဧကရာဇ်ရှန်းချိုးယွီ ကျင့်ကြံခဲ့တဲ့ ကျိုရွှမ်နတ်သိုင်းပဲ..."

"ချင်းရှီးရွာရဲ့ လျှို့ဝှက်အခန်းထဲမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ..."

"ဟားဟားဟား... ကောင်းကင်ဘုံက ငါတုန်ရှင်းကျီကို ကြီးပွားတိုးတက်စေချင်တာပဲ..."

"တုန်မိသားစု... အစ်ကိုကြီး... မရီး... မင်းတို့က ငါ့ကို ခွေးတစ်ကောင်လိုဆက်ဆံခဲ့ကြတယ်... မင်းတို့ပြောသမျှကိုလည်း မြေဝယ်မကျ နားထောင်ခဲ့ရတယ်..."

"ဘာမှနားမလည်တဲ့ တုန်ယွိပိုင်လိုကောင်မျိုးကိုတောင် ငါက ရိုရိုသေသေပြုစုပေးခဲ့ရသေးတယ်..."

"ဒါပေမဲ့ အားလုံးကပြီးဆုံးသွားတော့မှာပါ... ငါသာ ကျိုရွှမ်နတ်သိုင်းကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင် တုန်မိသားစုဆိုတာ လက်ဖျောက်တစ်ချက်တီးရုံနဲ့ ပျက်စီးသွားစေရမယ်..."

"မင်းတို့ ငါ့အပေါ်လုပ်ခဲ့သမျှကို အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်..."

သူ၏ရင်ထဲမှ လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် လှည့်ကြည့်လိုက်ရာ တုန်ယွိပိုင်၏အလောင်းမှာ ရေကန်နံဘေးတွင်ရှိနေဆဲ ဖြစ်ပေသည်။

သူက ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ယွိပိုင်... မင်းတစ်သက်လုံးမှာ အသုံးဝင်ဆုံးအချက်က မင်းရဲ့ဒဏ်ရာကိုသုံးပြီး ဒီကျိုရွှမ်နတ်သိုင်း သံပေချပ်ကို ဝှက်ပေးခဲ့တာပဲ..."

"မင်းလည်း... သေရကျိုးနပ်ပါတယ်..."

သူကပြောပြီးသည်နှင့် အလောင်းကိုပစ်ထားခဲ့ကာ သံပေချပ်ကိုသိမ်းဆည်းပြီး လမ်းကြောင်းကို သေချာကြည့်ရှုကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ဤတောနက်ကြီးထဲတွင် တောရိုင်းတိရစ္ဆာန်များစွာ ရှိသဖြင့် အလောင်းကို ဤနေရာတွင်ထားခဲ့ပါက မကြာမီပင် တောရိုင်းတိရစ္ဆာန်များ၏အစာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် တုန်မိသားစုဝင်များ ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်စရာမလိုတော့ပေ။

သို့သော် တုန်ရှင်းကျီမသိရှိသည်မှာ သူထွက်ခွာသွားပြီးနောက် မကြာမီမှာပင် သစ်ပင်တစ်ပင်၏နောက်ကွယ်မှ လူရိပ်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ထိုသူသည် ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး မျက်နှာတွင် အနက်ရောင်နှင့်ရွှေရောင်စပ်ထားသော မျက်နှာဖုံးကို တပ်ဆင်ထားချေသည်။

မျက်နှာဖုံး၏ဘယ်ဘက်မျက်လုံးအောက်တွင် "ပြဇာတ်"ဟူသော စာလုံးကို တစောင်းရေးသားထားလေသည်။

"ရက်စက်လိုက်တာ... တကယ်ကို သွေးအေးရက်စက်လွန်းတယ်..."

"ဒီလိုလူမျိုးက ငါတို့‌ကောင်းကင်မိစ္ဆာဂိုဏ်းကို မဝင်တာ တကယ့်ကိုနှမြောစရာပဲ..."

ထိုသူ၏လေသံမှာ အက်ရှရှဖြစ်ပြီး ရယ်မောသံ အနည်းငယ်ပါဝင်နေကာ ပြောလိုက်သည်။

"ဒါပေမဲ့ ကျိုရွှမ်နတ်သိုင်းဟုတ်လား... အိပ်မက်မက်နေလိုက်... တကယ်သာ ကျိုရွှမ်နတ်သိုင်းဖြစ်မယ်ဆိုရင် အဲဒီလို ရွာပျက်လေးက ဒီလိုကျမ်းစာမျိုးကို ဘယ်လိုလုပ်ပိုင်နိုင်မှာလဲ..."

"လူတွေရဲ့လောဘတရားက တကယ့်ကို ကြောက်စရာကောင်းတာပဲ... မျက်စိရှေ့မှာ သစ်ရွက်တစ်ရွက်ကွယ်ထားရင် တောင်ကြီးကိုတောင် မမြင်နိုင်တော့ဘူး... ဟဲဟဲ... မင်း ဒီကျင့်စဉ်ကိုကျင့်ပြီးရင် ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ..."

သူပြောပြီးနောက် အခြားလမ်းကြောင်းတစ်ခုသို့ လှည့်ကြည့်လိုက်ပြန်သည်။

သူက ခေတ္တမျှတွေးတောပြီးနောက် ရေရွတ်လိုက်သည်။

"သူတို့ဘက်က စတော့မယ် ထင်တယ်..."

"မိစ္ဆာနတ်ဆိုး ပေါ်ထွက်လာရင် လောကကြီးတစ်ခုလုံး လှုပ်ခတ်သွားလိမ့်မယ်..."

"ဒါပေမဲ့... ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်..."

"အင်း... အဲဒီလူရဲ့ဓားသိုင်းက တကယ့်ကို ရက်စက်တာပဲ..."

"သူ ငါ့ကို ရိပ်မိသွားတာလား..."

သူက ရေရွတ်ရင်းနှင့်ပင် ခန္ဓာကိုယ်မှာ တဖြည်းဖြည်းဝေဝါးသွားကာ ပျောက်ကွယ်သွားတော့သည်။

...

All Chapters