အခန်း ၁
Vol. 1 Ch. 1
အခန်း ၁ ကျွန်မကို သူ့ကို လိုချင်တယ်
“ယောင်ကွမ်း... ငွေပေးတော့လေ!”
အဒေါ်လီက ကြောင်စီစီ ဖြစ်နေသော မိန်းကလေးကို လက်တို့ကာ တိုက်တွန်းလိုက်သည်။
“နင့်အဖေ စစ်မြေပြင်ကို ထွက်သွားပြီးကတည်းက သူ့သတင်းကို လုံးဝ မကြားရတော့ဘူး၊ နင်နဲ့ နင့်အမေ၊ အဖမဲ့ကလေးတစ်ယောက်နဲ့ မုဆိုးမတစ်ယောက်ရဲ့ ဘဝက ခက်ခဲလွန်းတယ်... နင်တို့ဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးမယ့် ယောက်ျားတစ်ယောက် လိုအပ်နေတာ အသေအချာပဲ။ ပွဲစားကြီးက အချိန်အကြာကြီး ရွေးချယ်ပေးပြီးမှ ဒီလောက် ကောင်းတဲ့လူကို ရအောင်ရှာပေးထားတာ၊ နင်က ဘာတွေတွေဝေနေတာလဲ”
အသက်ကြီးကြီး အမျိုးသမီးတစ်ဦးကလည်း ဝင်ထောက်ခံလိုက်သည်။
“ဟုတ်ပါ့... နင်က ရုပ်ချောတဲ့လူကို ကြိုက်တာမလား? ကြည့်စမ်း... ဒီတစ်ယောက်က တော်တော်လေး ရုပ်ချောတယ်မလား”
ဘေးလူများက တတွတ်တွတ် ပြောနေကြသဖြင့် စူးယောင်ကွမ်းတစ်ယောက် ခေါင်းပင် မူးနောက်နေချေပြီ။
သူမ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်ရာ ဤနေရာက သူမ ပြန်မရောက်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော 'အန်းနင်ရွာလေး' ဖြစ်နေသည်ကို သတိထားမိသွား၏။
ရင်းနှီးနေသော မျက်နှာများကို ကြည့်ရင်း အတိတ်မှ မှတ်ဉာဏ်များက သူမ၏ဦးနှောက်ထဲသို့ ဒီရေအလား တိုးဝင်လာသည်။
'ငါ အတိတ်ကို ပြန်ရောက်လာတာလား... '
သူမကိုယ်သူမ နာကျင်အောင် ပြန်ဆိတ်ကြည့်လိုက်ရာ မျက်ရည်ဝဲလာသည်အထိ နာကျင်သွားပြီး အိပ်မက်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူမ ပြန်ရောက်လာသည့်အချိန်က အင်မတန် အရေးကြီးသည့်အချိန် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်က သူမဘဝ၏ ငရဲခန်းများ စတင်ရာ အချိန်ဖြစ်သောကြောင့်ပင်။
သူမ၏ ရှေ့တွင် ရွာသားများနှင့် မလိုက်ဖက်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် ကျွန်ကုန်သည်တစ်ဦး ရှိနေပြီး ထိုလူ၏ ဘေးတွင်တော့ အရပ်ရှည်ရှည်နှင့် အေးစက်စက် အရှိန်အဝါရှိသည့် လူငယ်လေးတစ်ယောက် ရပ်နေသည်။
ပိန်လိန်နေသော်လည်း ရုပ်ရည်က ချောမောနေဆဲဖြစ်သည့် လူငယ်လေး ရှောင်းယန်ချီ ကို ကြည့်ရင်း စူးယောင်ကွမ်း၏ မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှုများ ဖြတ်ပြေးသွားသည်။
သူမက နှုတ်ခမ်းကို မဲ့လိုက်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်၏။
“ဒီလောက် ပိန်ကပ်နေတဲ့လူကို ငွေနှစ်လျန်တောင် ပေးရမယ်ဟုတ်လား၊ အရမ်းဈေးကြီးလွန်းတယ်၊ ကျွန်မကို ငတုံးမလို့ ထင်နေတာလား”
ကျွန်ကုန်သည်က မကျေမနပ် ဖြစ်သွားပုံရသည်။ သူက ရှောင်းယန်ချီ၏ အင်္ကျီကို ဆွဲဟပြလိုက်ပြီး ဖြူဖျော့နေသော ရင်ဘတ်ကို ပေါ်လွင်သွားစေသည်။
“ကောင်မလေး... သေချာကြည့်စမ်းပါ။ ဒီကျွန်က ပိန်နေပေမယ့် သူ့ခန္ဓာကိုယ်က အကောင်းကြီး ရှိသေးတယ်၊ နင် ဈေးပေါတာ လိုချင်ရင်တော့ ငါ့လှည်းထဲမှာ တစ်ယောက်ရှိသေးတယ်၊ သေခါနီးဖြစ်နေလို့ ကြေးပြား ၁၀ ပြားပဲ ပေး။ နင် လိုချင်လား”
ရှောင်းယန်ချီက မျက်လွှာချလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက သူ၏ ခံစားချက်များကို အစွမ်းကုန် ထိန်းချုပ်နေပုံရသည်။
ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ဤမျှ သနားစရာ ဖြစ်နေခြင်းကြောင့် ရွာသူရွာသားများပင် စိတ်မကောင်းဖြစ်နေကြသည်။ သူမ၏အတိတ်ဘဝတွင် စူးယောင်ကွမ်းက ထိုသနားစရာ မျက်နှာလေးကို မြင်ရုံဖြင့် တုန့်ဆိုင်းခြင်း မရှိဘဲ သူ့ကို ဝယ်ယူခဲ့မိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမက ရွံရှာသော အမူအရာဖြင့် လှည့်ထွက်သွားခဲ့သည်။ သူမက ဘေးနားတွင် ရပ်ထားသော ရထားလုံး၏တံခါးကို ဆွဲဖွင့်လိုက်ပြီးစ ကြေးပြား ၁၀ ပြားတန် ဈေးသက်သာသည့် ပစ္စည်းကိုသာ စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။
ရထားလုံးအတွင်း၌ သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာဗရပွဖြစ်နေသော ကောင်လေးတစ်ဦး ကွေးကွေးလေး ရှိနေခဲ့သည်။ သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကို မှတ်မိသွားခဲ့သည်။ ထိုလူငယ်က သူမ၏အတိတ်ဘဝတွင် ပြည့်တန်ဆာအိမ်သို့ ရောင်းချခြင်းခံခဲ့ရသော ကောင်ငယ်လေးပင်။
သူမ သူ့နာမည်ကို မသိခဲ့သလို တစ်ကြိမ်သာ ဆုံဖူးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူ ပြည့်တန်ဆာအိမ်မှ ထွက်ပြေးလာချိန်ဖြစ်ပြီး လမ်းကြားထဲသို့ ရောက်ခါနီးမှ ပြန်ဖမ်းမိသွားခဲ့ခြင်းပင်။ သူ့၏ မျက်ဝန်းများထဲမှ နာကြည်းမှုများကို ပြန်မြင်ယောင်တိုင်း စူးယောင်ကွမ်း စိတ်မကောင်းဖြစ်ခဲ့ရဖူးသည်။ အချိန်များအား နောက်ပြန်လှည့်နိုင်လျှင် သူမ ထိုလူဆိုးများ လက်ထဲမှ သူ့ကို ကယ်တင်ပေးချင်ပြီး ထိုသို့ ကယ်တင်ပေးနိုင်ရန် အကြိမ်ကြိမ်အခါခါ ဆုတောင်းခဲ့ဖူးသည်။
လက်ရှိအချိန်တွင် သူမ၏ မိခင်က နာမကျန်းဖြစ်နေပြီး သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့မည်ကို စိုးရိမ်သဖြင့် သမက်တစ်ယောက် ဝယ်ယူရန် တိုက်တွန်းနေခြင်း ဖြစ်သည်။
‘ကဲ.... သမက်တစ်ယောက် ဝယ်မှ ရမယ်ဆိုရင်တော့ ဒီကောင်လေးကို ကယ်တင်ပေးပြီး သူ့ဘဝကို ပြောင်းလဲပေးလိုက်တာက အကောင်းဆုံးပါပဲ’
“ကျွန်မ ဒီကြေးပြား ၁၀ ပြားတန်ကိုပဲ ယူလိုက်တော့မယ်”
“ဘာ”
ဘေးနားမှ အဒေါ်ကြီးတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ယောင်ကွမ်း... နင် ရူးသွားပြီလား၊ အဲ့ဒီကောင်က သေခါနီးနေပြီလေ၊ သူ့ကို ဘယ်နေရာမှာ သွားသုံးမှာတုန်း”
“သူ မသေသေးဘူးလေ”
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ၁၀ ပြားတည်းနဲ့ ဝယ်ရမှာလေ၊ အရှုံးမရှိပါဘူး။ ကံကောင်းလို့ သူ ပြန်ရှင်လာရင် ကျွန်မအတွက် အကောင်းဆုံး ဖြစ်လာမှာ”
“နင်.... တကယ့်ကို ကပ်စေးနှဲတဲ့ မိန်းခလေးပဲ။ ကဲ... ဒီလိုလုပ်၊ ငါ ဈေးလျှော့ပေးမယ်၊ ငွေ တစ်လျန်ခွဲပဲ ပေးတော့”
ပွဲစားက ရှောင်းယန်ချီ၏ အပေါ်အင်္ကျီကို အကုန်ချွတ်ချလိုက်ပြီး သူ့ရင်ဘတ်ကို ပုတ်ပြကာ ထပ်ဆွဲဆောင်နေပြန်သည်။
“စူးမိသားစုက ကောင်မလေး... ဒီခန္ဓာကိုယ်ကို ကြည့်စမ်းပါ၊ တကယ် တန်တာနော်”
“မယူဘူး၊ ဟိုအတွင်းထဲက ကောင်လေးလို ၁၀ ပြားပဲ ပေးရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်”
စူးယောင်ကွမ်းက ရှောင်းယန်ချီကို အထင်သေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ရှောင်းယန်ချီကလည်း သူ့မျက်လုံးများကို ပင့်ကြည့်လာပြီး သူ၏ မျက်ဝန်းနက်နက်များထဲတွင် ခေါင်းမာမှုများ ပြည့်နှက်နေသည်။
အတိတ်ဘဝတုန်းကဆိုလျှင် စူးယောင်ကွမ်းက ထိုအကြည့်မျိုးကို အကြောက်ဆုံးပင်။ ထိုအကြည့်ကို မြင်လိုက်ရလျှင် သူမဘက်မှ အလျှော့ပေးကာ သူ့ကို အကောင်းဆုံးအရာများ ပုံအောပေးချင်ခဲ့ဖူးသည်။
သို့သော် ယခုတွင်မူ သူမ၏ မျက်ဝန်းထဲ၌ တွက်ချက်မှုနှင့် ဟန်ဆောင်မှုများကိုသာ မြင်ယောင်နေတော့သည်။
"ငါ... စာဖတ်တတ်တယ်"
ရှောင်းယန်ချီ၏ အမူအရာတွင် အရှက်ရရိပ်တို့ ဖြတ်သန်းနေ၏။
ဘေးနားရှိ ရွာသူရွာသားများလည်း အံ့အားသင့်သွားကြသည်။
"ဟယ်... သူက စာတတ်တယ်လား၊ ငွေတစ်လျန်ခွဲက တကယ်ကို တန်နေပြီ၊ ယောင်ကွမ်းရယ်... ဒီတစ်ယောက်ကိုပဲ ယူလိုက်ပါဟယ်၊ သူက ရုပ်လည်းချောတယ် စာလည်းတတ်တယ်"
"ဒါဆိုရင် ပိုတောင် မဝယ်ချင်တော့ဘူး။ ကျွန်မက အလုပ်လုပ်နိုင်မယ့်သူပဲ လိုချင်တာ၊ စာဖတ်တတ်တဲ့လူက ဘာအသုံးကျမှာလဲ၊ ကြည့်ဦး... ဒီလောက် နုဖတ်နေတာ သူ ဘယ်လောက်တောင် အားနည်းနေမလဲ၊ ကျွန်မက သူ့ကို ပြန်ပြုစုပေးရမှာလား"
စူးယောင်ကွမ်းက ပြောပြောဆိုဆိုနှင့် ကြေးပြား ၁၀ ပြားကို ထုတ်ကာ ပွဲစား၏လက်ထဲသို့ ထိုးထည့်လိုက်သည်။
"ကဲ... ကျွန်မ ဆုံးဖြတ်ပြီးပြီ၊ နောက်ထပ်ငြင်းခုံစရာမလိုတော့ဘူး၊ လှည်းထဲကလူက ကျွန်မလူပဲ"
စူးယောင်ကွမ်းက ရှောင်းယန်ချီ၏ ဟန်ဆောင်မျက်နှာကို ဆက်မကြည့်ချင်တော့သလို အချိန်လည်း အကုန်မခံချင်တော့ပေ။ သူမက အိမ်တွင် ကျန်နေခဲ့သည့် အမေဖြစ်သူကိုသာ ပြေးတွေ့ချင်နေပြီး လှည်းထဲမှ ကောင်လေးကလည်း ဆေးကုသမှု လိုအပ်နေသေးသည်။
"ယောင်ကွမ်းတစ်ယောက် ဒီနေ့ ဘာဖြစ်နေတာလဲမသိဘူး၊ အိပ်ရေးမဝသေးလို့များလား။ မဟုတ်ရင် ဘယ်သူက သေခါနီးလူကို ရွေးမှာလဲ"
"ဒဏ်ရာတွေက ဒီလောက်များနေတာ၊ မသေရင်တောင် ဆေးဆရာ ခေါ်ပြီး ကုပေးရဦးမယ်။ ဆေးဖိုးဝါးခက လူကောင်းတစ်ယောက်ကို ဝယ်တာထက်တောင် ပိုကုန်ဦးမယ်၊ ဒီကောင်မလေးက အရင်က တော်တော်လေး ပါးနပ်ပါတယ်၊ ဒီနေ့မှ ဘာတွေ ဖြစ်နေလဲ မသိဘူး"
စူးယောင်ကွမ်းက ရွာထဲမှ အမျိုးသားများကို အကူအညီတောင်းလိုက်ပြီး ထိုကောင်လေးကို သူမအိမ်အထိ ထမ်းပို့ခိုင်းလိုက်သည်။
သူမက ကောင်လေး၏ ကျွန်စာချုပ်ကို ကိုင်ကာ ရှေ့မှလူများနောက်သို့ ခပ်သွက်သွက် လိုက်သွားခဲ့ပြီး ရှောင်းယန်ချီကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ပေ။
'ရှောင်းယန်ချီ... ဒီဘဝမှာတော့ နင့်ကို ဘယ်သူကယ်ဦးမလဲ ကြည့်ရသေးတာပေါ့ '
"အမေ..."
စူးယောင်ကွမ်း တစ်ယောက် အိမ်ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားသည်။
ဟောင်းနွမ်းစုတ်ပြတ်နေသော ခြံဝင်းလေးနှင့် ပရိဘောဂ အစုတ်အပဲ့တိုင်းက သူမ၏ စိတ်ထဲ၌ စွဲထင်နေဆဲပင်။
သူမ၏အတိတ်ဘဝတွင် သူမ ရှောင်းယန်ချီ ပညာသင်နိုင်ရန် ငါးနှစ်တိုင်တိုင် ရုန်းကန်ထောက်ပံ့ခဲ့သည်။ ရှောင်းယန်ချီ တော်ဝင်စာမေးပွဲကို အမြင့်ဆုံးအဆင့်မြင့် အောင်မြင်ပြီးနောက် သူမ သူမ၏အမေကို ခေါ်ရန် လူလွှတ်ခဲ့သည်။ သို့သော်လည်း လမ်းခရီးတွင် ဓားပြတိုက်ခံရကာ သူမ၏မိခင် အသက်ဆုံးရှုံးခဲ့ရသည်။ မိခင်ဖြစ်သူ၏ နောက်ဆုံးအချိန်လေးကို မမီလိုက်ရခြင်းက သူမအတွက် အကြီးမားဆုံးသော နောင်တပင်။ ယခု သူမ၏ အမေ အသက်ရှင်လျက် ရှိနေသေးသဖြင့် ဤတစ်ကြိမ်တွင်တော့ သူမ မိခင်ဖြစ်သူကို အချိန်မတိုင်မီ သေဆုံးခွင့် ပေးတော့မည် မဟုတ်ပေ။
"ခေါ်... ခေါ်... အဲ့လောက်တောင် အော်ခေါ်နေရတာလား၊ ငါ မသေသေးဘူးဟဲ့"
အခန်းထဲမှ စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးပြီး မျက်နှာတွင် သွေးမရှိသလို ဖြူဖျော့နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး အိမ်ထဲမှ ထွက်လာခဲ့သည်။
"နင်... လူကို ပြန်ခေါ်လာပြီလား"
စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
ကျန်းကျောက်တိက ခဏတာမျှ မှင်တက်သွားပြီးမှ ခါတိုင်းကဲ့သို့ စူးစူးဝါးဝါး မျက်နှာပေးမျိုးမဟုတ်ဘဲ စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။
"ဒီတစ်ခါရော နင် ဘာပြဿနာတွေ ရှာလာပြန်ပြီလဲ"
"ဘာမှ မဟုတ်ပါဘူး၊ သမီး အမေ့ကို လွမ်းလို့ပါ"
"ဟက်... ပြဿနာ မရှာလာဘူး ဟုတ်လား၊ နင် ပြဿနာရှာလာတိုင်း နင့်ပါးစပ်က ပျားရည် လောင်းထည့်ထားသလို ချိုနေတတ်တာ ငါမသိဘူးများ မှတ်နေလား"
ကျန်းကျောက်တိက သမီးဖြစ်သူ၏ နားရွက်ကို ခပ်နာနာလေး ဆွဲလိမ်ရင်း ထပ်မေးလိုက်သည်။
"ပြောစမ်း... ဒီတစ်ခါ ဘာမဟုတ်တာတွေ လုပ်ခဲ့ပြန်ပြီလဲ"
"အား... အား... အမေ... လွှတ်ပါဦး၊ သမီးနားရွက် ပြတ်တော့မယ်"
စူးယောင်ကွမ်းတစ်ယောက် အော်ဟစ် တောင်းပန်နေရပြန်သည်။
သို့သော် ဤခံစားချက်က သူမအတွက်တော့ အလွန်ပင် ကောင်းမွန်လှသည်။
'အမေက ငါ့နားရွက်ကို ဆွဲနေတုန်းပဲ... ဒါက တကယ်ကြီးပေါ့ '
သူမ၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ရင်း ကျန်းကျောက်တိတစ်ယောက် ပို၍ပင် စိုးရိမ်လာရသည်။
ထိုအချိန်တွင် စူးတာ့နျိုက သွေးများပေလူးနေသည့် ကောင်လေးကို ခြံဝင်းထဲသို့ ထမ်းလာခဲ့သည်။
"အဒေါ်... ခင်ဗျားရဲ့ သမက် ရောက်လာပြီဗျို့"
ကျန်းကျောက်တိလည်း သေအံ့ဆဲဆဲ လူကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားကာ စူးယောင်ကွမ်းဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
"နင်... ဒီကောင်မဟုတ်လေး! ဒါက ဘာတွေဖြစ်လာတာလဲ၊ နင် အခု ချက်ချင်း ရှင်းပြစမ်း!"
"အစ်ကိုတာ့နျို... သူ့ကို ထင်းရုံထဲ ပို့ပေးပါဦး"
"အေး အေး..."
အမေနှင့် သမီးကြားမှ ရန်ပွဲ စတော့မည်မှန်း သိနေသည့် စူးတာ့နျိုက ကောင်လေးကို ထင်းရုံထဲမှ ခုတင်လေးပေါ် တင်ပေးပြီး ခပ်သွက်သွက် ထွက်ပြေးသွားတော့သည်။
စူးတာ့နျို ခြံထဲမှ ထွက်သွားသည်နှင့် ကျန်းကျောက်တိ၏ အော်သံကြီးနှင့် နားရွက်ဆွဲခံရ၍ နာကျင်စွာ အော်လိုက်သည့် စူးယောင်ကွမ်း၏ အော်သံများ ထွက်ပေါ်လာပြန်သည်။
“နင်... ဒီကောင်မစုတ်လေး! ငါက နင့်ကို အတူနေ သမက်တစ်ယောက် ဝယ်ခိုင်းတာလေ၊ နင်က ဒီတစ်ဝက်သေနေတဲ့ အရာကို ဝယ်လာတယ်ပေါ့လေ! အခုချက်ချင်း သွားပြန်ပို့စမ်း”
"သူက ဈေးပေါတယ် အမေရဲ့"
"ငါ နင့်ကို ငွေသုံးလျန် ပေးလိုက်တယ် မဟုတ်ဘူးလား"
"ငွေသုံးလျန်ဆိုတာက သမီးတို့မှာ ရှိသမျှ ပိုက်ဆံအကုန်လေ အမေရဲ့၊ အဲ့ပိုက်ဆံနဲ့ ယောက်ျားတစ်ယောက် ဝယ်လိုက်ရင် သမီးတို့ ဘာနဲ့ စားသောက်ကြမှာလဲ၊ ယောက်ျားမရှိ သမီးတို့ မသေနိုင်ဘူး၊ ဒါပေမယ့် စားစရာမရှိရင်တော့ သေမှာနော်။ အား... အမေ... ဖြည်းဖြည်း... နာတယ်... နာတယ်..."