← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂ ဝမ်ရှူ

ကျန်းကျောက်တိတစ်ယောက် လူ အရောင်းအဝယ် လုပ်နေသည့် ရွာထိပ်ဆီသို့ စိုးရိမ်တကြီး ပြေးသွားခဲ့သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိတော့ချေ။

မိခင်ဖြစ်သူ၏ ကျန်းမာရေးကို စိုးရိမ်သဖြင့် နောက်မှ ပြေးလိုက်လာခဲ့သော စူးယောင်ကွမ်းလည်း ကျွန်ကုန်သည် ထွက်သွားသည်ကို အတည်ပြုနိုင်ခဲ့ပြီး သူမရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

“ဟယ်... ယောင်ကွမ်းအမေ၊ ဘယ်သူ့ကို လိုက်ရှာနေတာလဲ”

လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ရုပ်ရည်အသင့်အတင့်ရှိသော အမျိုးသမီးတစ်ဦးက အပြုံးမျက်နှာဖြင့် ချဉ်းကပ်လာသည်။

ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် ကျန်းကျောက်တိ၏ မျက်နှာတွင် ရွံရှာမှုများ ပြည့်နှက်သွား၏။

“နင့်အလုပ် မဟုတ်ဘူး၊ လာပြီး ပြဿနာ မရှာနဲ့”

“ဘာလို့ ဒီလောက်တောင် ရိုင်းနေရတာလဲ၊ နင် ငယ်ငယ်ကတည်းက ဒေါသကြီးတာ အခုထိ မပြောင်းသေးဘူးနော်၊ ဒါနဲ့... နင့်သမီးက အိမ်ပါသမက်တစ်ယောက် ဝယ်လိုက်တယ်လို့ ငါ ကြားတယ်၊ ငါလည်း တစ်ယောက် ဝယ်လိုက်တယ်လေ၊ ဒါပေမယ့် ငါက သမက်အနေနဲ့ မဟုတ်ဘဲ လယ်လုပ်သားတစ်ယောက်အနေနဲ့ ဝယ်လိုက်တာ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ သားတစ်ယောက်ရှိတယ်၊ အိမ်ပါသမက်တစ်ယောက် မလိုဘူးလေ၊ ငါ့ရဲ့ဟွေ့အာက စာသင်ရမှာဆိုတော့ အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ လူလိုတယ်လေ”

ကျန်းကျောက်တိက ထိုအမျိုးသမီး၏ စကားများကို ဆက်နားမထောင်ချင်ပုံဖြင့် စူးယောင်ကွမ်းကို ဆွဲခေါ်ကာ လမ်းလျှောက်လာရင်း တတွတ်တွတ် ဆဲဆိုနေတော့သည်။

“နင် အိမ်ရောက်မှ... ငါနဲ့ တွေ့မယ်”

စူးယောင်ကွမ်းက ကျုံးလန်ဟွားဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဘယ်သူ့ကို လယ်လုပ်ဖို့ ဝယ်ခဲ့တာလဲ”

‘စောစောက အဲ့နေရာမှာ ကျုံးလန်ဟွားကို မတွေ့ခဲ့ရဘူးလေ၊ သူ ငါ ထွက်သွားပြီးမှ ရောက်လာပြီး ရှောင်းယန်ချီကို ဝယ်လိုက်တာလား’

ထိုအတွေးက ဖြစ်နိုင်ချေများသောကြောင့် စူးယောင်ကွမ်းတစ်ယောက် စိုးထိတ်သွားရပြန်သည်။

“နင်က သူ့ကို ဘာသွားပြောနေတာလဲ”

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ လက်မောင်းမှ အသားနုနုလေးကို ဆွဲဆိတ်လိုက်သည်။

“နင်က တကယ့်ကို ကျောရိုးမရှိတဲ့ကောင်မလေးပဲ၊ အဲ့ဒီမိသားစုနဲ့ စကားမပြောဖို့ ငါ နင့်ကို မမှာထားဘူးလား”

ကျုံးလန်ဟွားက နောက်မှ တစ်ခုခု လှမ်းပြောနေသော်လည်း မိခင်ဖြစ်သူ၏ ဆဲဆိုသံများက ကျယ်လောင်လွန်းသဖြင့် စူးယောင်ကွမ်းအနေဖြင့် ကျုံးလန်ဟွား၏စကားသံကို သေသေချာချာ မကြားလိုက်ရချေ။ သို့သော် သူမ၏ ရင်ထဲတွင်တော့ နိမိတ်မကောင်းသလို ခံစားနေရသည်။

ကျန်းကျောက်တိကလည်း ဒေါသအလိပ်လိုက် ထွက်နေပြီး အိမ်ရောက်သည်နှင့် ခေါင်းကိုက်သည်ဟု ညည်းညူကာ အနားယူရန် သူမ၏ အခန်းထဲ၌ ဝင်သွားတော့သည်။

စူးယောင်ကွမ်းက မိခင်ဖြစ်သူ အနားယူနိုင်ရန် ကူညီပေးပြီးနောက် ရွာထဲမှ ဆေးဆရာလင်းကို သွားခေါ်လိုက်ပြီး ကျန်းကျောက်တိ၏ ကျန်းမာရေးကို စစ်ဆေးပေးရန် တောင်းဆိုလိုက်သည်။ ထို့အပြင် သူမက ကောင်လေးအတွက် ဆေးညွှန်းရေးခိုင်းရန်လည်း စီစဉ်ထားသေးသည်။

ထိုကောင်လေး၏ ဒဏ်ရာက ပြင်းထန်ပုံရသော်လည်း သူ့အခြေအနေက ချက်ချင်း အသက်အန္တရာယ်ရှိသည့်ပုံ မပေါ်သေးပေ။ အကယ်၍ သူ ချက်ချင်း သေနိုင်လောက်အောင် ဒဏ်ရာရနေပါက အတိတ်ဘဝတွင် ပြည့်တန်ဆာအိမ်မှ ခေါင်းဆောင်အမျိုးသမီးကြီး၏ နှိပ်စက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

သူ နိုးလာပြီးနောက် သူ ဆက်နေမည် သို့မဟုတ် ထွက်သွားမည် ဆိုသည်ကလည်း သူ့ဆန္ဒအတိုင်းသာ ဖြစ်မည်။ စူးယောင်ကွမ်းကတော့ မည်သူ့ကိုမျှ အတင်းအကျပ် မလုပ်လိုတော့ပေ။

အတိတ်ဘဝတွင်လည်း စူးယောင်ကွမ်းက ရှောင်းယန်ချီကို အတင်းအကျပ် မခိုင်းစေခဲ့ဖူးပေ။ သူမက သူ ထွက်သွားချင်သလားဟု မေးခဲ့ဖူးပြီး သူကိုယ်တိုင်က မထွက်သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာကြောင့်ပင် သူမတို့နှစ်ဦး အပြန်အလှန် ချစ်မြတ်နိုးကြသည်ဟု သူမ ထင်မှတ်မိခဲ့ပြီး နောက်ဆုံးမှသာ သူမတစ်ယောက်တည်း၏ စိတ်ကူးယဉ်မှု ဖြစ်နေမှန်း နားလည်လာခဲ့ရခြင်းပင်။

“ဒီကောင်လေးက ပြင်ပဒဏ်ရာတွေ အပြင်းအထန် ရထားပေမယ့် ကံကောင်းတာက အတွင်းဒဏ်ရာ မရှိဘူး။ သေချာ အနားယူခိုင်းပြီး စောင့်ရှောက်ပေးလိုက်ရင် တစ်ပတ်ကနေ ဆယ်ရက်အတွင်း အိပ်ရာကနေ ပြန်ထနိုင်မှာပါ”

ဆေးဆရာလင်းက အခြေအနေကို ရှင်းပြပြီး ထပ်မေးလိုက်ပြန်သည်။

“ငါ ကြားတာတော့ မင်းတို့က အိမ်မှာနေမယ့် သမက်တစ်ယောက် ဝယ်လိုက်တယ်ဆို... အဲဒါက ဒီကောင်လေးပဲ ဖြစ်ရမယ်”

“ကျေးဇူးတင်ပါတယ် ဦးလေးလင်း၊ ဒါနဲ့ သမီးအမေရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိလဲဟင်”

“မင်းအမေက အလုပ်တွေ အရမ်းပင်ပန်းနေလို့ပါ၊ စိတ်ပူတာတွေကို လျှော့ပြီး အလုပ်ကိုလည်း နားနားနေနေ လုပ်မယ်ဆိုရင်တော့ ပိုဆိုးလာမှာ မဟုတ်ပါဘူး၊ သူ့ရောဂါက စိတ်ကြောင့်ဖြစ်တာဆိုတော့ မင်းကပဲ သူ့ကို စိတ်ချမ်းသာအောင် ထားပေးရမယ်”

ဆေးဆရာလင်းကို ပြန်လိုက်ပို့ပြီးနောက်တွင် ကျန်းကျောက်တိ၏ ချောင်းဆိုးသံကို ကြားလိုက်ရသဖြင့် စူးယောင်ကွမ်းက ရေတစ်ခွက် ငှဲ့ကာ အခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။ ကျန်းကျောက်တိက သူမကို စိုက်ကြည့်နေသော်လည်း သူမကတော့ ချိုချိုသာသာ ပြန်ပြုံးပြလိုက်၏။

“အမေရယ်... စိတ်မဆိုးပါနဲ့တော့၊ ဦးလေးလင်းက ပြောသွားပြီးပြီ၊ သူ့ဒဏ်ရာတွေက ကြည့်ရတာ ကြောက်စရာကောင်းပေမယ့် တကယ်တမ်းကျတော့ မစိုးရိမ်ရဘူးတဲ့၊ ဆယ်ရက်လောက်နေရင် ပြန်ကောင်းသွားမှာပါ၊ အမေ စဉ်းစားကြည့်လေ၊ သမီး သူ့ကို ကြေးပြား ၁၀ ပြားတည်းနဲ့ ဝယ်ခဲ့တာ၊ သမားတော်ခနဲ့ ဆေးဖိုးကလည်း ကြေးပြား ၁၀၀ လောက်ပဲ ကုန်တယ်။ သမီးတို့ တကယ့်ကို အမြတ်ကြီး မြတ်လိုက်တာနော်၊ သမီးက အမေ့သမီးပါ၊ ပိုက်ဆံကို ဘယ်လို ချွေတာရမလဲဆိုတာ ကောင်းကောင်း သိတာပေါ့”

စူးယောင်ကွမ်းက သူမကိုယ်သူမ ကျေနပ်သလို ခေါင်းတငြိမ့်ငြိမ့် လုပ်ပြနေသည်။

ကျန်းကျောက်တိက ဆက်ဆူပူချင်နေသော်လည်း သမီးဖြစ်သူ၏ မျက်နှာချိုသွေးနေသော အမူအရာကို မြင်လိုက်ရသည်နှင့် ဆက်မပြောရက်တော့ချေ။ သူမ၏ ခင်ပွန်းက စစ်တပ်ထဲသို့ ဝင်သွားရပြီး ပြန်မလာနိုင်ခဲ့ပေ။ သူမတို့ အမေနှင့်သမီး နှစ်ယောက်သား နှစ်ပေါင်းများစွာ အချင်းချင်း အားကိုးလာခဲ့ကြရသည်။ ယခုတစ်ကြိမ်တွင် သူမ အပြင်းအထန် နာမကျန်းဖြစ်လာပြီး သေဆုံးသွားသော ခင်ပွန်းကိုလည်း မကြာခဏ အိပ်မက်မက်နေသဖြင့် သူက သူမကို လာခေါ်မည်အား စိုးရိမ်လာမိသည်။ ထို့ကြောင့်လည်း သမီးဖြစ်သူအတွက် အားကိုးရာရစေရန် ရှိသမျှ ငွေကို ထုတ်ပေးပြီး အိမ်ပါသမက်တစ်ယောက် ဝယ်ခိုင်းခဲ့ခြင်းပင်။

လက်ရှိ ဥပဒေအရ အိမ်ပါသမက်ဆိုသည်က ဇနီးသည်၏ အိမ်ထောင်စုစာရင်းသို့ ဝင်ရောက်ရပြီး ဇနီးဖြစ်သူကသာ အိမ်ထောင်ဦးစီးအဖြစ် အိမ်၏ အတွင်းအပြင်ကို အပြည့်အဝ စီမံပိုင်ခွင့်ရှိသည်။

“သူ ပြန်ကောင်းလာရင်တော့ ဒီကိစ္စကို ငါ ဒီအတိုင်း ထားပေးလိုက်မယ်၊ တကယ်လို့ သူ ပြန်မကောင်းလာရင်တော့ နင်နဲ့ ငါနဲ့ တွေ့ကြသေးတာပေါ့”

ကျန်းကျောက်တိက သမီးဖြစ်သူ၏ နဖူးကို လက်ညှိုးဖြင့် တို့ကာ ထပ်ကြိမ်းမောင်းလိုက်သေးသည်။

စူးယောင်ကွမ်းက ကျန်းကျောက်တိ နှုတ်ကြမ်းသော်လည်း စိတ်ထားကောင်းကြောင်း သိထားပြီး ဖြစ်သည်။ နောက်ဆုံးတွင်တော့ မိခင်ဖြစ်သူက သူမ အလိုကျသာ လိုက်လျောပေးပေလိမ့်မည်။ သူမက ကျန်းကျောက်တိ၏ ခါးကို ဖက်ကာ မိခင်ဖြစ်သူ၏ပခုံးပေါ် ခေါင်းမှီလိုက်ရင်း တိုးတိုးလေး ပြောနေပြန်သည်။

“အမေ... သမီးက အမေရှိနေရင် ကျေနပ်ပါပြီ”

ကျန်းကျောက်တိ၏ မျက်ဝန်းထဲတွင်လည်း ဝမ်းနည်းရိပ်တချို့ ဖြတ်ပြေးသွားသည်။

'ဒီအူတူတူနဲ့ မိုက်မဲတဲ့ ကောင်မလေးကတော့.... ဒီအမေက ဘယ်လို လုပ်ပြီး နင်နဲ့ တစ်သက်လုံး အတူနေသွားနိုင်လဲ'

ကျန်းကျောက်တိက လက်သည်တစ်ဦး ဖြစ်ပြီး လူအများက သူမကို ‘မသန့်ရှင်းသူ’ဟု သတ်မှတ်ကြသည်။ ထို့ကြောင့်လည်း သူမ၏ သမီးလေး အသက် ၁၅ နှစ် ပြည့်ပြီးသည်အထိ မည်သူကမျှ လာရောက် တောင်းရမ်းမှု မရှိခြင်းပင်။

ကျန်းကျောက်တိ အိပ်ပျော်သွားပြီးနောက် စူးယောင်ကွမ်းက ထင်းရုံထဲသို့ သွားကာ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမက ကောက်ညှင်းထုတ်ကြီးကဲ့သို့ ပတ်တီးများ ပတ်ထားသော ကောင်လေးကို စိုက်ကြည့်နေမိသည်။

ထိုအချိန်အထိ တင်းတင်း မှိတ်ထားသော ကောင်လေး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။ ထိုအကြည့်များက အိမ်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ စူးရှလွန်းနေ၏။

“မင်းက ဘယ်သူလဲ”

စူးယောင်ကွမ်းက သူမကိုယ်သူမ လက်ညှိုးပြန်ထိုးပြရင်း စကားစပြောလိုက်သည်။

“ငါ့နာမည်က စူးယောင်ကွမ်း၊ ဒါက ငါတို့အိမ်၊ အခု နင် ရောက်နေတာက အန်းနင်ရွာ၊ ဒီနေ့အစောပိုင်းမှာ ငါ နင့်ကို ကြေးပြား ၁၀ ပြား ဝယ်ခဲ့တာ၊ နင့်ဒဏ်ရာတွေ ပျောက်သွားရင် နင် သွားချင်တဲ့နေရာကို သွားလို့ရတယ်၊ တကယ်လို့ နင့်မှာ သွားစရာနေရာ မရှိဘူးဆိုရင်တော့ ငါတို့တွေ မောင်နှမတွေအဖြစ် အတူတူ နေလို့ ရတယ်၊ အခုကစပြီး မောင်နှမဖြစ်သွားပြီလို့ သတ်မှတ်လိုက်”

သူမ၏ အတိတ်ဘဝတွင် သူ့ကို ပြန်ခေါ်သွားကြပြီး သိပ်မကြာခင် သေဆုံးသွားပြီဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ အချို့ကလည်း သူ ပြည့်တန်ဆာအလုပ်ကို မလုပ်လိုသဖြင့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်ဟု ဆိုကြသည်။ ထိုစဉ်က စူးယောင်ကွမ်း အံ့သြခဲ့ရဖူးသည်။

'တော်တော်ခေါင်းမာတဲ့ လူငယ်လေးပဲ၊ သူ့ရဲ့ ကိုယ်ကျင့်တရား ကန့်သတ်ချက်တွေကို ချိုးဖောက်မယ့်အစား သေဖို့ ဆန္ဒရှိတယ်၊ သူက လူဆိုးတစ်ယောက် မဖြစ်နိုင်ဘူး'

အတိတ်တွင် သူမ ထိုသို့ တွေးခဲ့ဖူးသည်။ လက်ရှိအချိန်တွင် မိခင်ဖြစ်သူ စိတ်အေးစေရန်အတွက် လူတစ်ယောက် လိုအပ်နေပြီး သူမက ဤကောင်လေးကို ယာယီ အကာအကွယ်အဖြစ် အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းပင်။ သူမ၏ မိခင် ပြန်ကျန်းမာလာပါက သူမအတွက် ယောကျာ်းတစ်ယောက် မလိုအပ်ကြောင်း သေချာရှင်းပြမည်ဟု ဆုံးဖြတ်ထားသည်။

“နင့်နာမည် ဘယ်လိုခေါ်လဲ”

“........”

“နင် မပြောဘူးဆိုရင်တော့ ငါကပဲ နာမည်ပေးရတော့မှာပေါ့၊ အခုကစပြီး ငါက နင့်ကို ပြုစုပေးနေရတော့လေ၊ ငါ နင့်ကို တချိန်လုံး 'အအလေး' လို့ပဲ ခေါ်နေလို့တော့ မရဘူးမလား”

“ကျိုးဝမ်ရှူ”

“ကောင်းပြီ... ဝမ်ရှူ”

စူးယောင်ကွမ်းက သူ အလွန် သတိထားနေမှန်း သိနေသဖြင့် သူမ တစ်ခုခု မလှုပ်ရှားမီ သူ့ကို ကြိုတင် အသိပေးလိုက်သည်။

“နင် အခု လှုပ်လို့ မရသေးဘူး၊ ငါ နင့်ကို ဆေးတိုက်ပေးမယ်”

စူးယောင်ကွမ်းက ဇွန်းဖြင့် ဆေးတိုက်ပေးနေသည်ကို ကျိုးဝမ်ရှူက ငြိမ်ငြိမ်လေး စောင့်ကြည့်နေသည်။

သူ့၏ရုပ်ရည်သွင်ပြင်က ရှောင်းယန်ချီ၏ နုနယ်ပျော့ပျောင်းသော ပုံစံနှင့် ကွဲပြားသည်။ သူ့မျက်နှာသွင်ပြင်က ထင်ရှားပြတ်သားပြီး နှာတံပေါ်ကာ နှုတ်ခမ်းနီနီလေးများ ရှိသည်။ သူ့မျက်ဝန်းအိမ်များက မက်မွန်ပွင့်လေးများကဲ့သို့ လှပနေပြီး မျက်လုံးထောင့်တွင် မှည့်နီလေးတစ်လုံး ရှိနေသေးသည်။ ယခုကဲ့သို့ အားနည်းနေသည့် အချိန်တွင်ပင် သူ၏ ရုပ်ရည်က မြေခွေးငယ်လေးကဲ့သို့ ဆွဲဆောင်မှုရှိနေကာ မြင်ရသူကို ရင်ခုန်စေလောက်သည်။

ပြည့်တန်ဆာအိမ်၏ ပိုင်ရှင်မိန်းမကြီး သူ့ကို သဘောကျသွားခဲ့သည်မှာ မဆန်းတော့ချေ။

စူးယောင်ကွမ်းက သေခါနီးလူကို ကြေးပြား ၁၀ ပြားဖြင့် ဝယ်ခဲ့ရုံသာမက ဆေးဆရာပါ ခေါ်ပေးခဲ့သည်ဆိုသော သတင်းကြောင့် ရွာသားများမှာ နောက်ထပ် ဘာဖြစ်လာမည်ကို သိချင်နေကြသည်။

စူးယောင်ကွမ်းကတော့ ရေဇလုံကို ကိုင်ကာ မြစ်ဆိပ်ဆီသို့ အေးအေးဆေးဆေး ထွက်လာခဲ့သည်။ အဝတ်လျှော်နေသော အမျိူးသမီးကြီးများက သူမကို မြင်သည်နှင့် သူမအနီးသို့ ချက်ချင်း ဝိုင်းအုံလာကြတော့သည်။

“ယောင်ကွမ်း... နင် ဝယ်လိုက်တဲ့ နင့်ယောကျာ်းငယ်လေး အသက်ရှင်နေသေးရဲ့လား”

စူးယောင်ကွမ်းက အပြုံးလေးဖြင့် ပိုပိုသာသာ ပြန်ပြောလိုက်သည်။

“သူ အသက်ရှင်နေတာပေါ့၊ ဒီနေ့တင် မဟုတ်ဘူး၊ နောင်လည်း အသက်ရှင်နေဦးမှာပဲ၊ ဦးလေးလင်း လာကြည့်ပေးပြီးပြီလေ၊ ဦးလေးလင်း ပြောတာက သူ မသေနိုင်ဘူးတဲ့”

“ဒါဆိုရင်တော့ နင် တကယ် အမြတ်ထွက်တာပဲ”

ထိုအချိန်တွင် သွယ်လျသည့် မိန်းခလေးတစ်ဦးက ရေဇလုံကို ကိုင်ကာ သူမတို့ဆီသို့ ချဉ်းကပ်လာခဲ့သည်။

ထိုလူကို မြင်လိုက်ရသည်နှင့် စူးယောင်ကွမ်း၏ မျက်ဝန်းများ ချက်ချင်း အေးစက်သွားသည်။

‘ကျန်းရိဟွမ်း........

ကျုံးလန်ဟွားရဲ့ သမီး.....

သူမရဲ့ ကမ္ဘာမကြေ ရန်သူ....’

ကျုံးလန်ဟွားနှင့် ကျန်းကျောက်တိတို့က ငယ်စဉ်ကတည်းက မတည့်ကြသလို သူမနှင့် ကျန်းရိဟွမ်းကလည်း ငယ်စဉ်ကတည်းက ရန်ဖြစ်လာကြသူများ ဖြစ်သည်။

‘မဟုတ်သေးဘူး... မဟုတ်သေးဘူး၊ ကျန်းရိဟွမ်းရဲ့ လှည့်ကွက်တွေအောက်မှာ ငါ တစ်ဖက်သတ် အနိုင်ကျင့်ခံခဲ့ရတာ’

ကျန်းရိဟွမ်းက အမြဲတမ်း နူးနူးညံ့ညံ့ ပြောဆိုပြုမူတတ်ပြီး မိုးမခကိုင်းလေးကဲ့သို့ နုနယ်သိမ်မွေ့ဟန် ပေါ်နေကာ ထိလိုက်သည်နှင့် မူးလဲတတ်သူမျိုး ဖြစ်သည်။ ရွာသားများ၏အမြင်တွင် စူးယောင်ကွမ်းက ကျန်းရိဟွမ်းကို အနိုင်ကျင့်တတ်သည့် လူဆိုးမကြီး ဖြစ်ခဲ့ရသည်။

ရှောင်းယန်ချီနှင့် လက်ထပ်လိုက်ခြင်းကြောင့် သူမ အနိုင်ရပြီဟု စူးယောင်ကွမ်း ထင်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူမ အရှုံးကြီး ရှုံးခဲ့ရသည်။

ကျန်းရိဟွမ်းက ညင်ညင်သာသာ လျှောက်လှမ်းလာပြီး စူးယောင်ကွမ်း၏ ဘေးနားတွင် တမင်တကာ နေရာယူလိုက်ပြီး အဝတ်လျှော်နေလေသည်။

“ဟွမ်းဟွမ်း... နင်တို့အိမ်ကလည်း လယ်ကူလုပ်ဖို့ လူတစ်ယောက် ဝယ်လိုက်တယ်ဆို၊ သူက ရုပ်လည်းချောတယ်၊ စာလည်း တတ်တယ်ဆို... အဲ့ဒါ ဟုတ်လား”

ကျန်းရိဟွမ်းက ရှက်သွေးဖြာဟန်လေးဖြင့် ပြန်ပြောလိုက်၏။

“ဟုတ်တယ်၊ သူကို ကြည့်ရတာ အရမ်းသနားဖို့ ကောင်းလို့ အမေက ကယ်တင်ပေးတဲ့အနေနဲ့ သူ့ကို အိမ်ခေါ်လာဖို့ ဆုံးဖြတ်လိုက်တာပါ”

All Chapters