← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃ လုပ်ငန်းခွင် စတင်ခြင်း

စူးယောင်ကွမ်းက စိတ်ထဲမှ လှောင်ပြောင်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

'ဒီဘဝမှာတော့ ရှောင်းယန်ချီနဲ့ ကျန်းရိဟွမ်းက သခင်နဲ့ အစေခံ ဖြစ်သွားကြပြီပေါ့’

‘သူတို့နှစ်ယောက် နေ့တိုင်း အတူတူရှိနေရင်း ဘယ်လိုဇာတ်လမ်းမျိုးတွေ ဆက်ဖြစ်ကြမယ်ဆိုတာကို ငါ တကယ်ပဲ သိချင်နေမိပြီ’

စူးယောင်ကွမ်း သိထားသလောက် ကျုံးလန်ဟွာက ရည်မှန်းချက်ကြီးသူ ဖြစ်ပြီး သမီးဖြစ်သူကိုလည်း အလိုလိုက်ထားကာ ချမ်းသာသည့်ယောက်ျားတစ်ယောက်နှင့် လက်ထပ်ပေးရန်သာ ကြံစည်နေသူဖြစ်သည်။

ကျန်းရိဟွမ်းကလည်း မိခင်ဖြစ်သူ၏ သွန်သင်မှုကို အလကားမဖြစ်စေဘဲ သူမ၏ ငါးဖမ်းပိုက်ကွန်ထဲတွင် ငါးအတော်များများ မွေးမြူထားခဲ့သည်။ အပြင်လူများ၏အမြင်တွင် ကျန်းရိဟွမ်းက နူးညံ့သိမ်မွေ့ကာ အေးအေးဆေးဆေးရှိပြီး ပညာတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမက လူအများ၏ စိတ်ကူးယဉ်အိမ်မက်ထဲမှ မိန်းကလေး ဖြစ်လာခဲ့သည်။

သူမကို နေ့တိုင်း စောင့်ကြည့်နေသည့် ကမ္ဘာမကြေရန်သူတော်ကြီး စူးယောင်ကွမ်း တစ်ယောက်သာလျှင် ထိုမိန်းကလေး၌ မျက်နှာနှစ်ဖက်ရှိပြီး မည်မျှ ရာဂစိတ်ကြီးမားကာ အကျင့်ပျက်သူ ဖြစ်ကြောင်း ကောင်းကောင်းသိထားခြင်း ဖြစ်သည်။

“ဖတ်... ဖတ်... ဖတ်...”

စူးယောင်ကွမ်းက သူမ၏ အဝတ်များကို အားပြင်းပြင်းဖြင့် ရိုက်ကာ လျှော်ဖွတ်လိုက်သည်။

"အား... အစ်မယောင်ကွမ်းရယ်၊ နည်းနည်းလောက် လျှော့ရိုက်လို့ မရဘူးလား၊ ကျွန်မ မျက်နှာပေါ်ကို ရေတွေ စင်ကုန်ပြီ"

ကျန်းရိဟွမ်းက နစ်နာသူလေးအလား ပြောလာခဲ့သည်။

"ကျွန်မ ကြားတာတော့ အစတုန်းက အစ်မ ကျွန်မတို့ဆီက အလုပ်သမားလေးကို မျက်စိကျနေတာဆို၊ ဒါပေမယ့် ငွေမလောက်လို့ မဝယ်နိုင်ဘဲ သေလုနီးပါးဖြစ်နေတဲ့ လူတစ်ယောက်ကိုပဲ ဝယ်သွားရတယ်တဲ့လေ၊ အဲ့ဒါလေးကြောင့်နဲ့တော့ စိတ်မဆိုးပါနဲ့ အစ်မရယ်၊ အစ်မ ငွေအလုံအလောက် စုမိတဲ့အချိန်ကျရင် ကျွန်မတို့ သူ့ကို ပြန်ရောင်းပေးပါ့မယ်၊ အခုလောလောဆယ်တော့ တခြားလူတွေ ဝယ်မသွားအောင် ကျွန်မတို့ကပဲ သေချာစောင့်ရှောက်ထားပေးပါ့မယ်”

"ရယ်စရာကောင်းလိုက်တာ၊ ငါ မဝယ်နိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ၊ ပြီးတော့ ငါက သူ့ကို ဝယ်ချင်တယ်လို့ရော ဘယ်သူက ပြောတာလဲ"

စူးယောင်ကွမ်းက တည်တည်ငြိမ်ငြိမ် တုန့်ပြန်လိုက်သည်။

ကျန်းရိဟွမ်းကတော့ ရေဇလုံကို ဘေးသို့ ရွှေ့လိုက်ရင်း စူးယောင်ကွမ်းကို ရန်စကားများ ထပ်ပြောနေလေသည်။

"ကျွန်မတို့ကို ထပ်ပြီး ဖုံးကွယ်မနေပါနဲ့တော့၊ အကုန်လုံး ကြားခဲ့တာပဲလေ၊ အစပိုင်းမှာ အစ်မက ရှောင်းယန်ချီကို မျက်စိကျနေတာပဲလေ၊ ဒါပေမယ့် ပိုက်ဆံမလောက်လို့ စိတ်မဝင်စားချင်ယောင်ဆောင်ခဲ့တာ မဟုတ်ဘူးလား၊ တကယ်လို့ ပိုက်ဆံမလောက်ရင်လည်း ထပ်စုပြီး ဝယ်လို့ရနေတာပဲ၊ အခုတော့ အသက်ငင်နေတဲ့လူကို ဝယ်လိုက်တာက တကယ့်ကို မတန်ဘူးနော်"

စူးယောင်ကွမ်းက သူမ လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး ကျန်းရိဟွမ်းကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

"ပညာတတ်တွေက မာနကြီးတတ်ကြတာဟဲ့၊ နင်က သူ့ကို လယ်လုပ်ဖို့ ဝယ်ခဲ့တာလို့ ပြောပေမယ့် သူ့ကို တကယ်ခိုင်းလို့ ရမလား၊ ငါ ကြည့်ရတာတော့ နင်ကပဲ အဲ့ဒီစာကြမ်းပိုးကို ပြန်ပြုစုနေရမယ့်ပုံ ဖြစ်နေပြီ၊ နင် ဝယ်လိုက်တာက အလုပ်သမားမဟုတ်ဘဲ အကြီးအကဲတစ်ပါး ပင့်လာသလို ဖြစ်နေပါဦးမယ်ဟယ်"

"လယ်လုပ်သမားအဖြစ် ဝယ်ထားတာဆိုတော့ သူ အလုပ်လုပ်ရမှာပေါ့၊ ကျွန်မရဲ့အမေက သူ့အတွက် ငွေတစ်လျန်ခွဲတောင် ပေးခဲ့ရတာ၊ သူ အလုပ်မလုပ်ရင် ဘာအတွက် ဝယ်ထားရမှာလဲ"

"အဲ့လိုလား... ဒါဆိုရင်တော့ ငါတို့အားလုံး စောင့်ကြည့်ရတော့မှာပေါ့၊ ကျန်းမိသားစုရဲ့ သခင်မလေးကျန်းမှာ အခု အလုပ်သမားတစ်ယောက် ရှိသွားပြီဆိုတော့ နင့်အလုပ်သမားကို နင် ဘယ်လို ခိုင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့"

'ရှောင်းယန်ချီ... ရှင့်ရဲ့ ကျေးကျွန်ဘဝလေးကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါဦး'

စူးယောင်ကွမ်းက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

သူ၏ ယခင်ဘဝ သူမတို့အိမ်၌ ရှိနေစဉ်က သူ ဘာမှ လုပ်စရာ မလိုခဲ့ပေ။ သူမနှင့် သူမ၏အမေတို့က ပင်ပန်းခံရှာဖွေပြီး သူ့ပညာရေးအတွက် ထောက်ပံ့ပေးခဲ့သောကြောင့် သူ မည်သည့်အခက်အခဲကိုမှ မကြုံခဲ့ရပေ။

ယခုတစ်ကြိမ်တွင်တော့ သူ၏ လရောင်ဖြူလေးက သူ့ကို မည်သို့ ဂရုစိုက်ပေးမည်ကို စောင့်ကြည့်ရပေတော့မည်။

ကျန်းရိဟွမ်းက သစ်သားရေဇလုံကို မပြီး ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

သူမထံတွင် ဖြူဝင်းသော အသားအရေနှင့် လှပသော မျက်နှာလေးရှိပြီး အားနည်းနွဲ့နှောင်းသည့် ပုံစံရှိသည်။ ယခုလည်း အသက်ကို ခပ်ပြင်းပြင်းရှူရင်း မျက်နှာတစ်ခုလုံးတွင် ချွေးစက်များ ပြည့်နှက်နေ၏။

အဝတ်အစားအသစ် လဲပြီးကာစဖြစ်သော ရှောင်းယန်ချီက အပြင်သို့ ထွက်လာရင်း သူမကို မြင်သွားကာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက သူမဆီသို့ လျှောက်သွားလိုက်ပြီး ရေဇလုံကို ကူမပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ အစ်ကိုရှောင်း"

ကျန်းရိဟွမ်းက ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

"တော်သေးတာပေါ့ အစ်ကို ရှိနေလို့၊ မဟုတ်ရင် ကျွန်မတော့ လဲကျတော့မှာပဲ"

ရှောင်းယန်ချီက ခဏတာ ကြောင်အသွားပြီးနောက် သူ၏ မျက်နှာထားက နေရခက်သွားသည့်ပုံ ပေါ်လာသည်။

"အစ်ကိုရှောင်း၊ ကျွန်မ နေလို့ သိပ်မကောင်းဘူး ဖြစ်နေတယ်၊ အခုဆို ပိုတောင် ဆိုးလာသလိုပဲ၊ ကျွန်မကို အဝတ်လှမ်းဖို့ ကူညီပေးလို့ ရမလားဟင်"

ရှောင်းယန်ချီက အလွယ်တကူ လက်ခံလိုက်သည်။

"ကောင်းပါပြီ"

"အိုး.... ဟုတ်သားပဲ၊ ဒီနေ့ အိမ်မှာ ထင်းကုန်နေတာပဲ၊ ခြံထဲမှာ ထင်းခွဲ ပေးပါဦးနော်၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ အစ်ကိုက တကယ်ကို ဝီရိယရှိတာပဲ၊ အမေ အစ်ကို့ကို ခေါ်လာပေးတာ ကျွန်မတို့အတွက် တကယ့်ကို အကူအညီ ဖြစ်စေတယ်"

ရှောင်းယန်ချီက မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။

ထိုအချိန်တွင် ကျုံးလန်ဟွာက အပြင်မှ ပြန်လာပြီး နေကြာစေ့ကို တဖောက်ဖောက် ကိုက်ရင်း လှမ်းပြောလိုက်သည်။

"နင်က ဘာလို့ သူ့ကို ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလဲ၊ သူက ငါတို့ ပိုက်ဆံပေးဝယ်ထားတဲ့ အလုပ်သမားပဲ၊ အိမ်မှုကိစ္စ အားလုံးကို သူပဲ လုပ်ရမှာပေါ့"

"အမေကလည်း... အစ်ကိုရှောင်းကို အဲ့လိုမပြောပါနဲ့၊ အစ်ကိုရှောင်း... အမေ့ရဲ့စကားတွေကို စိတ်ထဲမထားနဲ့နော်၊ အိမ်မှာက အမေနဲ့ ကျွန်မ နှစ်ယောက်တည်း ရှိတာလေ၊ အစ်ကိုကြီးကလည်း ကျောင်းမှာ စာသင်နေရတော့ ကျွန်မတို့ အမြဲ အလုပ်ရှုပ်နေလို့ပါ၊ အစ်ကိုက အရည်အချင်းရှိတဲ့သူဆိုတော့ ကျွန်မတို့ကို အများကြီး ကူညီနိုင်မှာပါ"

ကျန်းရိဟွမ်းက ချိုသာသောအသံလေးဖြင့် ဆက်ပြောနေသေးသည်။

"ကျွန်မနဲ့ အမေက ပိုက်ဆံရအောင် အပ်ချုပ်ပန်းထိုးအလုပ်တွေကို လုပ်နေရတာဆိုတော့ အိမ်မှုကိစ္စတွေကို သိပ်မလုပ်နိုင်ကြဘူးလေ"

ရှောင်းယန်ချီတစ်ယောက် အရင်ဆုံး အဝတ်များကို လှမ်းလိုက်ရပြီး ထင်းခွဲရန် ပြင်ဆင်ရပြန်သည်။

သူ ယခင်က ထိုကဲ့သို့သော အလုပ်ကြမ်းများကို တစ်ခါမျှ မလုပ်ဖူးခဲ့သဖြင့် ယောင်လည်လည် ဖြစ်နေရသည်။ သူ အမှားလုပ်မိတိုင်း ကျုံးလန်ဟွာက သူ့ကို ဆူပူကြိမ်းမောင်းတတ်သည်။ ထိုအခါမျိုးတွင် ကျန်းရိဟွမ်းက သူ့ကို ဘေးမှ နှစ်သိမ့်ပေးလေ့ရှိသည်။

အလုပ်အားလုံး ပြီးသွားချိန်တွင် သူ၏ လက်ချောင်းဆယ်ချောင်းစလုံး၌ အရည်ကြည်ဖုများ ထနေချေပြီ။

ထိုညတွင် ရှောင်းယန်ချီ စုတ်ပြတ်နေသော အဝတ်ဟောင်းများကို ခြုံကာ ထင်းရုံထဲ၌ လဲလျောင်းခဲ့ရသည်။ သူ၏ အဖျက်ဆီးခံလိုက်ရသော အိမ်ကြီးအိမ်ကောင်း၊ ယခင်က ခံစားခဲ့ရသော စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေများ၊ ဒုက္ခရောက်နေကြမည့် မိသားစုဝင်များအကြောင်း သူ တွေးတောနေမိသည်။

'ရှောင်းယန်ချီ... နောက်ဆုံးတော့ မင်း... မင်းနဲ့ ထိုက်တန်တာကို ရှာတွေ့သွားပြီပေါ့'

‘ငါ့လိုမျိုး ရှောင်းမိသားစုရဲ့ ဂုဏ်သရေရှိ အကြီးဆုံးသားတစ်ယောက်က အခုလိုမျိုးအခြေအနေအထိ ကျဆင်းသွားခဲ့ရပြီ’

‘လယ်ကူလီ လုပ်ရမယ့် အလုပ်သမားတစ်ယောက်တဲ့လား’

‘ငါ အခု အရမ်းနိမ့်ကျတဲ့ ဘဝကို ရောက်သွားခဲ့ပြီ’

“ဒေါက်... ဒေါက်...”

သူ အတွေးထဲ နှစ်ဝင်နေချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

"အစ်ကိုရှောင်း... ကျွန်မပါ၊ စောင်လာပေးတာပါ"

ရှောင်းယန်ချီက တံခါးထဖွင့်ပေးလိုက်သည်။

အဝတ်အစားပါးပါးလေးများသာ ဝတ်ဆင်ထားပြီး နူးညံ့နက်မှောင်နေသည့် ဆံနွယ်များကို ဖားလျားချထားသည့် ကျန်းရိဟွမ်းက မခို့တရို့ ရပ်နေပြီး သူမ၏မျက်နှာလေးပေါ်တွင် ဝမ်းနည်နေသည့်အမူအရာနှင့် တောင်းပန်ရိပ်များ ရှိနေလေသည်။

"ကျွန်မ တောင်းပန်ပါတယ်၊ အစ်ကိုရှောင်းရယ်၊ ကျွန်မတို့အိမ်ရဲ့ အခြေအနေက ဒီလောက်ပဲဆိုတော့ အစ်ကို ညည်းခဲပြီး နေပေးပါနော်၊ ကျွန်မနဲ့ အမေ ပန်းထိုးပြီး ပိုက်ဆံရလာတာနဲ့ လက်သမားကို အစ်ကို့အတွက် ခုတင်တစ်လုံး လုပ်ခိုင်းပေးပါ့မယ်"

ထိုမိန်းကလေး၏ ဖြူစင်ရိုးသားသော မျက်နှာလေးကို ကြည့်နေရင်း ရှောင်းယန်ချီ၏ စိတ်ထဲတွင် နွေးထွေးမှုလေးတစ်ခု ခံစားလာရသည်။

"ကျေးဇူးတင်ပါတယ်"

"ကျွန်မ အထဲကို မဝင်တော့ဘူးနော်၊ ဘာပဲဖြစ်ဖြစ် ယောက်ျားနဲ့ မိန်းမဆိုတာက ခပ်ကွာကွာ နေသင့်တယ်လေ၊ အစ်ကိုပဲ ဒီစောင်ကို အထဲယူသွားလိုက်ပါတော့နော်"

ပြောပြောဆိုဆိုဖြင့် ကျန်းရိဟွမ်းက စောင်ကို ရှောင်းယန်ချီ၏ရင်ခွင်ထဲသို့ ထိုးထည့်ကာ ထွက်ပြေးသွားတော့သည်။

သူမ၏ အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် ကျန်းရိဟွမ်းက တံခါးကို မှီလိုက်ပြီး သူမ၏မျက်ဝန်းထဲတွင် ဝင့်ကြွားသော အပြုံးတစ်ခု တောက်ပနေသည်။

'အဲ့ဒီ ငတုံးမစူးယောင်ကွမ်းကတော့ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ယောက်ျားတစ်ယောက်က ငါ့အတွက် သူ့ဘာသာ အစေခံချင်လာအောင် လုပ်တဲ့နေရာမှာ အင်အားသုံးတာတို့ ဖိအားပေးတာတို့ မလိုဘူး၊ နည်းဗျူဟာပဲ လိုတာလေ'

........။........။........

စူးယောင်ကွမ်းက သူမရှေ့မှ ငွေနှစ်လျန်နှင့် ကြေးပြားရှစ်ရာကို စိုက်ကြည့်နေသည်။ ထို့နောက် ဗလာဖြစ်နေသော ဆန်အိုးနှင့် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်အိုကြီးကို ကြည့်ကာ သူမ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိနေတော့သည်။ ၎င်းက 'ပိုက်ဆံရှာရန်' ပင် ဖြစ်သည်။

ယခင်ဘဝတွင် သူမ၏အမေက ဝမ်းဆွဲသည်အလုပ်ကို ဆက်လုပ်ခဲ့ပြီး သူမကတော့ အလှကုန်ဆိုင်တစ်ဆိုင်တွင် ဆိုင်အကူအဖြစ် အလုပ်လုပ်ခဲ့ရသည်။ ထိုစဉ်က သူမတို့နှစ်ယောက်လုံး ရှာဖွေပြီး ရလာသမျှငွေများက သူမ၏ အမည်ခံခင်ပွန်းဖြစ်သူ ရှောင်းယန်ချီ၏ ပညာသင်စရိတ်အတွက်သာ လုံလောက်ခဲ့ပြီး စားဝတ်နေရေးအတွက် အနိုင်နိုင် ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင် သူမက ထိပ်တန်းပညာရှင်၏ ဇနီးအဖြစ် နှစ်အတော်ကြာ နေထိုင်ခဲ့ရသည်။ သူမက ကျေးလက်တောရွာက ရောက်လာသူဖြစ်သောကြောင့် မြို့ပေါ်မှ မျိုးရိုးမြင့်အမျိုးသမီးများက သူမကို အထင်သေးကြပြီး ဖိတ်စာပင် မပို့ကြချေ။ ရှောင်းယန်ချီကလည်း အပြင်တွင်သာ အမြဲရှိနေတတ်ပြီး အိမ်ပြန်ရောက်သည့် အချိန်မျိုးတွင်လည်း စာကြည့်ခန်းထဲတွင်သာ အချိန်ကုန်ဆုံးနေတတ်သည်။ ထို့ကြောင့် သူမ ပို၍ အထီးကျန်ခဲ့ရသည်။

မျိုးရိုးမြင့်အမျိုးသမီးများက သူမ၏ အသားအရေ ညိုမည်းခြင်း၊ ဆံပင်များ ဝါကျင်ကျင်နှင့် ခြောက်သွေ့ခြင်း၊ ခေတ်မမီခြင်းတို့ကို လှောင်ပြောင်ခဲ့ကြသည်။ သူမ ထိုအကြောင်းကို တနုံနုံ့တွေးတောနေမိပြီး အလှအပနှင့် အသားအရေ ထိန်းသိမ်းမှုအတွက် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်လုပ်ဆောင်ခဲ့ဖူးသည်။

အံ့ဩစရာကောင်းသည်က အလှကုန်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့် နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သူမ၏ ပါရမီတို့ ပေါင်းစပ်မိသွားပြီး သူမ အသားအရေနှင့် ဆံကေသာကို အားဖြည့်ပေးနိုင်သည့် အလှကုန်ဖော်စပ်နည်း တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင်။

စူးယောင်ကွမ်းတစ်ယောက် စဉ်းစားရကြပ်နေစဉ်မှာပင် အိမ်ရှေ့တံခါးဝဆီမှ စကားပြောသံများကို ကြားလိုက်ရသည်။ အသံတစ်ခုက ကျန်းကျောက်တိ၏ အသံဖြစ်ပြီး နောက်ထပ်အသံတစ်ခုကတော့ ရင်းနှီးနေသလိုရှိသော်လည်း မည်သူမှန်း ချက်ချင်း မမှတ်မိနိုင်သေးချေ။

"အမေရယ်... ဆက်မပြောပါနဲ့တော့၊ ကျွန်မရဲ့သမီးက အဲ့ဒီအရူးကောင် မုထုန်နဲ့ လက်ထပ်မှာ မဟုတ်ဘူး၊ အခု သူ့မှာ ယောက်ျားရှိနေပြီ၊ သူ့အတွက် စိတ်မပူပါနဲ့တော့"

"မုထုန်က နည်းနည်းလေး ဉာဏ်နည်းတာမှန်ပေမယ့် သူက ယောင်ကွမ်းရဲ့ ဝမ်းကွဲလေ၊ သူ့ကို လက်ထပ်လိုက်ရင် ယောင်ကွမ်းရဲ့ ယောက္ခမက သူ့ရဲ့အဒေါ်အရင်း ဖြစ်နေမှာနော်၊ အဲ့ဒီတော့ သူ အနှိမ်ခံရပါ့မလား၊ နင်က နင့်သမီးကို ကောင်းကောင်းသိနေတဲ့ ဆွေမျိုးနဲ့ ပေးစားတာထက် ဘယ်ကလာမှန်းမသိတဲ့ လူတစ်ယောက်ကို ဝယ်တာက ပိုကောင်းမယ် ထင်နေတယ်ပေါ့၊ ငါ့ကို ရူးအောင်လုပ်နေတာပဲ"

စူးယောင်ကွမ်းက တံခါးဝသို့ ထွက်လိုက်ပြီး ထိုစကားများကို ကြားလိုက်ရမှ ထိုသူက မည်သူဖြစ်ကြောင်း သတိရသွားခဲ့သည်။

"အဘွား... အမေပြောတာ မှန်တယ်၊ ကျွန်မမှာ ယောက်ျားရှိပြီးသား၊ ကျွန်မကို တခြားသူနဲ့ ပေးစားဖို့ မကြိုးစားနဲ့တော့"

ထိုအရာကလည်း သူမ၏မိခင် သူမအတွက် သမက်တစ်ယောက် ဝယ်ပေးရန် လောနေရသည့် အကြောင်းပြချက်များထဲမှ တစ်ခု ဖြစ်သည်။

သူမ၏ အဘွားဖြစ်သူက သူမကို ထိုအရူးဝမ်းကွဲအစ်ကိုနှင့် အတင်းပေးစားချင်နေရခြင်းက သူမ အဒေါ်ဖြစ်သူဆီသို့ ရောက်သွားပြီးနောက်တွင် သူမတို့ ပိုင်ဆိုင်သည့် လယ်ယာမြေများကို ဒုတိယဦးလေးနှင့် တတိယဦးလေးတို့က ဆက်ခံပိုင်ဆိုင်ခွင့် ရရှိနိုင်မည်ဖြစ်သောကြောင့်ပင်။

All Chapters