အခန်း ၄
Vol. 1 Ch. 4
အခန်း ၄ အဘွား
အဘွားစူး၏ ခက်ထန်လှသော မျက်နှာတွင် စိတ်မရှည်မှုများ ပြည့်နှက်နေသည်။
"နင်က ဒီနေရာမှာ စကားပြောခွင့်ရှိလို့လား၊ အပြင်ကနေ ယောက်ျားကို ဝယ်လာတဲ့ အစုတ်အပြတ်မလေးကများ လူရှေ့မှာ အော်ပြောနေသေးတယ်၊ နည်းနည်းလေးမှ မရှက်ဘူးလား"
"ကျွန်မ ယောက်ျားဝယ်တာ ဘာမှားနေလို့လဲ"
စူးယောင်ကွမ်းက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ကျွန်မ ယောက်ျားဝယ်ခဲ့တယ်၊ သူက ဘယ်လိုလူပဲဖြစ်ဖြစ် ကျွန်မ သဘောကျလို့ ဝယ်ခဲ့တာ၊ အဘွားကရော... မြေးအရင်းခေါက်ခေါက်ကို အရူးတစ်ယောက်နဲ့ ပေးစားဖို့ ကြံနေတယ်၊ အဒေါ်အရင်းဆီမှာ ချွေးမ လုပ်ခိုင်းပြီး အဲ့ဒီအရူးရဲ့ အညစ်အကြေးတွေကို သိမ်းခိုင်းဖို့ ကြံစည်နေတာပဲ၊ အဘွားက ဘယ်လိုတောင် နှလုံးသားမရှိတဲ့ အဘွားမျိုးလဲ"
အဘွားစူးက ဒေါသအလိပ်လိုက် ထွက်လာပြီး ကျန်းကျောက်တိကို ဘေးသို့ တွန်းဖယ်ကာ အနားရှိ တံမြက်စည်းကို ဆွဲယူပြီး စူးယောင်ကွမ်းကို ရိုက်ရန် ဝှေ့ယမ်းလိုက်သည်။
"နင်လို မိန်းမယုတ်လေးကို... သုံးရက်လောက်... နင် ရိုက်ခံချင်နေတာမလား၊ နင်က အရိုက်ခံချင်လို့ အသားယားနေတာပဲ၊ ငါ နင့်ကို သေအောင်ရိုက်မယ်၊ ကောင်မစုတ်၊ နင့်အဖေ မရှိတဲ့အချိန်မှာ အဘွားဖြစ်တဲ့ ငါကပဲ သူ့ကိုယ်စား ဆုံးမပေးရမှာပေါ့၊ လူကြီးကို မရိုသေတဲ့ အရိုင်းအစိုင်းမ၊ ဒီနေ့ ရိုသေကိုင်းရှိုင်းမှုဘာလဲ ဆိုတာ နင့်ကို သင်ပေးရမှာပေါ့"
"ရိုက်လေ... သေအောင် ရိုက်လိုက်စမ်းပါ၊ ကျွန်မအဖေ မရှိတာနဲ့ အဖေမရှိတဲ့ ကလေးဆိုပြီး အနိုင်ကျင့်နေတာ မဟုတ်ဘူးလား၊ ကျွန်မအမေကလည်း အဘွားတို့မိသားစုကို ဆယ်စုနှစ်တစ်ခုကျော်အောင် လုပ်ကျွေးပြုစုလာခဲ့ရတာ၊ အမေ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ၊ အဲ့ဒါတောင် အနိုင်ကျင့်ပြီး မြေယာတွေကို သိမ်းဖို့ ကြံနေကြသေးတယ်၊ ကျွန်မတို့ သားအမိနှစ်ယောက်လုံး သေသွားအောင် လုပ်ပြီး မုတ်ထုတ်ဖို့ကြံနေတာမလား၊ လာပါ... သေအောင်သာ ရိုက်လိုက်စမ်းပါ၊ ဒီနေ့ စူးမိသားစုက မုဆိုးမနဲ့ မိဘမဲ့ကလေးကို ဘယ်လိုမျိုး ရက်ရက်စက်စက် နှိပ်စက်နေလဲဆိုတာ တစ်ရွာလုံး သိသွားအောင် ကျွန်မ လုပ်ပြမယ်"
စူးယောင်ကွမ်းက တစ်ရွာလုံး ကြားစေရန် အသံကုန် အော်ဟစ်လိုက်သည်။
‘အရင်ဘဝတုန်းက မကျေနပ်ချက်မှန်သမျှကို မျိုသိပ်လိုက်ရင် အားလုံးအဆင်ပြေပြီလို့ ငါ တွေးခဲ့တယ်၊ လူတွေရှေ့မှာ မျက်နှာရစေဖို့ ကျိတ်မှိတ်သည်းခံခဲ့မိတယ်၊ နောက်ဆုံးတော့ ငါပဲ ဒုက္ခရောက်ခဲ့ရတာလေ။ အခုတစ်ကြိမ် ငါ ပြန်မွေးဖွားလာပြီဆိုမှတော့ ဘာကို ဂရုစိုက်နေရဦးမှာလဲ’
‘ငါနဲ့ ငါ့အမေကို အနိုင်ကျင့်ဖို့ ကြိုးစားတဲ့သူတွေ ရှိလာရင် ငါကလည်း ပြန်ပြီး ပြသနာရှာမယ်။ မုဆိုးမနဲ့ မိဘမဲ့သမီးလေးကို အနိုင်ကျင့်ပါတယ်ဆိုတဲ့ အမည်းစက်ကို ဘယ်သူက လက်ခံချင်မှာလဲ၊ စောင့်ကြည့်ကြသေးတာပေါ။’
ကျန်းကျောက်တိကလည်း ဗြုန်းခနဲ ငိုချလိုက်ရင်း အော်ဟစ်ညည်းတွားနေသည်။
"ငါ့ရဲ့ သနားစရာ သမီးလေး.... နင့်အဖေက ဘာလို့ စောစောစီးစီး ထွက်သွားရတာလဲ၊ မုဆိုးမနဲ့ မိဘမဲ့သမီးလေးကို ချန်ထားခဲ့ပြီးမှ အခုတော့ အရူးတစ်ယောက်ကို ပြုစုဖို့ အတင်းအကျပ် အခိုင်းခံနေရပြီ"
"နင်... နင်တို့ သားအမိနှစ်ယောက်ကတော့.... တကယ်ကိုပဲ..."
အဘွားစူးက အပြင်တွင် ဝိုင်းအုံကြည့်နေသော အိမ်နီးချင်းများကို မြင်လိုက်ရသဖြင့် အရှက်ရသွားကာ တံမြက်စည်းကို ပစ်ချပြီး ထွက်သွားတော့သည်။
စူးယောင်ကွမ်းက တံခါးကို ပိတ်လိုက်ရင်း ထပ်အော်လိုက်ပြန်သည်။
"အမေ... အမေ... မိုက်မဲတာတွေ မလုပ်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံပါနဲ့ဦး အမေရဲ့..."
ထရပ်ရန် ပြင်နေသည့် ကျန်းကျောက်တိတစ်ယောက် သမီးဖြစ်သူ၏ စကားကြောင့် ဆွံ့အသွားရသည်။
သို့သော် သူမက စူးယောင်ကွမ်း ပိတ်လိုက်သော တံခါးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လှဲနေလည်း အပိုပဲဟု တွေးကာ ထိုနေရာတွင် မတ်တတ်ရပ်လျက် ခေါင်းကိုမော့ကာ အော်ဟစ်ငိုယိုလိုက်သည်။
"ငါ့ကို သေခွင့်ပေးလိုက်ပါတော့.... တာဝန်မကျေတဲ့ နင့်အဖေနောက်ကိုပဲ လိုက်သွားတော့မယ်၊ ပြီးရင် ဒီနှစ်တွေမှာ ငါတို့သားအမိ ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရလဲဆိုတာ သူ့ကို ပြောပြမယ်၊ သူက ငါတို့ အိမ်ထောင်ကျကာစမှာ စစ်တပ်ထဲလိုက်သွားခဲ့ရတာ၊ တကယ်တော့ သူက စစ်မှုထမ်းရမယ့်စာရင်းမှာ ပါတာတောင် မဟုတ်ဘူး၊ သူ့ညီကိုယ်စား စစ်ထဲဝင်ဖို့ ဖိအားပေးခံရပြီး ငါတို့သားအမိကို ထားသွားခဲ့တာ..."
ထိုအချိန်တွင် ဝမ်ရှူက ထင်းရုံထဲရှိ သစ်သားခုတင်လေးပေါ်တွင် လဲလျောင်းရင်း အပြင်ဘက်မှ သားအမိနှစ်ယောက်၏ ငိုသံများကို နားစွင့်နေသည်။ သူ၏ တင်းမာနေသော ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သည်။
သူက အကြောင်းပြချက်မရှိဘဲ လာရောက်ကူညီတတ်သည့် စေတနာမျိုး သို့မဟုတ် နားလည်ရခက်သော ကြင်နာမှုမျိုးကို မယုံကြည်တတ်ပေ။ ယခုလို ထိုသားအမိနှစ်ယောက်က သူ့ဆီမှ တစ်ခုခု လိုချင်နေကြသည်ဟူသောအချက်က သူ့ကို ပို၍ စိတ်အေးစေသည်။
ဝမ်ရှူက ဘေးနားရှိ ယာဂုကျဲကျဲလေးကို လှမ်းကြည့်လိုက်ပြန်သည်။ ထို့နောက် သူ ထိုပန်းကန်ဆီသို့ ခက်ခက်ခဲခဲ လက်လှမ်းလိုက်ပြီး ဂရုတစိုက် ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး လက်ချောင်းလေးတစ်ချောင်း လှုပ်လိုက်ရုံနှင့်ပင် အလွန်အမင်း နာကျင်နေသည်။ သို့သော် မည်မျှပင် နာကျင်ပါစေ၊ သူ အသက်ရှင်မှ ဖြစ်မည်ကို သူ နားလည်နေသေးသည်။
‘ငါ သေချာပေါက် အသက်ရှင်ရက် ပြန်သွားရမယ်။ ပြီးရင် ငါ့ကို အနိုင်ကျင့် စော်ကားခဲ့တဲ့သူအားလုံးကို သတ်ပစ်မယ်’
နောက်ဆုံးတွင် အပြင်ဘက်မှ ဆူညံသံများ ငြိမ်သက်သွားသည်။
စူးယောင်ကွမ်းက ကျန်းကျောက်တိကို အိမ်ထဲသို့ တွဲခေါ်သွားရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"အမေ... အခုနက အဘွား အမေ့ကို တွန်းလိုက်တာ တစ်ခုခု ဖြစ်သွားသေးလား"
"နင်ကတော့လေ... ဒီနေ့မှ ဘာလို့ ဒီလောက်တောင် သတ္တိတွေ ကောင်းနေရတာလဲ"
ကျန်းကျောက်တိက သမီးဖြစ်သူကို မျက်စောင်းထိုးရင်း ဆူပူလိုက်သည်။
"နင့်အဘွား... နင့်ကို ပြဿနာရှာမှာ မကြောက်ဘူးလား"
"သမီး အရင်က အဘွားကို အမြဲရိုသေခဲ့တာ မဟုတ်ဘူးလား၊ ဒါပေမဲ့ သူကမှ သမီးကို ဘယ်တုန်းကမှ မြေးတစ်ယောက်လို မဆက်ဆံခဲ့ဘူး၊ အခုလည်း သမီးကို အဲ့ဒီအရူးနဲ့ ပေးစားဖို့ လုပ်နေပြီ၊ ဘာလို့ သူ့မျက်နှာကို ကြည့်နေရဦးမှာလဲ"
စူးယောင်ကွမ်းက နှုတ်ခမ်းလေးစူရင်း ထပ်ပြောလိုက်သည်။
"ဒီနေ့ကစပြီး သမီး အမေ့ရဲ့ ပျော်ရွှင်မှုကိုပဲ ဂရုစိုက်တော့မယ်၊ တခြားသူတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး"
ယခင်ဘဝက အဖြစ်အပျက်များက အတန်ငယ် ကြာမြင့်ခဲ့ပြီသောကြောင့် အချို့အရာများကို သူမ သေချာမမှတ်မိတော့ပေ။ ယခု ပြန်တွေးကြည့်ချိန်တွင် ယခင်ဘဝ သူမ ရှောင်းယန်ချီကို ဝယ်လာခဲ့စဉ်ကလည်း အဘွားဖြစ်သူက ယခုလို ပြသနာလာရှာခဲ့ဖူးသည်။ ထိုစဉ်က အဘွားဖြစ်သူ ကျေနပ်အောင်လုပ်ပေးရန် ရှောင်းယန်ချီကို အတင်းတောင်းပန်ကာ နာမည်ခံ လင်မယားအဖြစ် လက်မှတ်ထိုးခိုင်းခဲ့ရသည်။ ထိုအခြေအနေ ပြီးမြောက်သွားမှသာ အဘွားက သူမကို ဖိအားပေးခြင်း ရပ်တန့်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမက ဝမ်ရှူနှင့် လက်ထပ်စာချုပ် မချုပ်ချင်တော့ပေ။
ကျန်းကျောက်တိက နဂိုကတည်းက နေမကောင်းဖြစ်နေသူ ဖြစ်ပြီး အဘွားစူးနှင့် စကားများပြီးနောက် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ခေါင်းလည်း ပိုကိုက်လာခဲ့သည်။
စူးယောင်ကွမ်းက သူမ အနားယူနိုင်ရန် ကူညီပေးလိုက်သည်။
"အမေ ခဏလောက် အိပ်လိုက်ဦးနော်၊ သမီး စားစရာတစ်ခုခု သွားချက်ပြီး ယူလာပေးမယ်"
သူမ မီးဖိုချောင်ထဲသို့ ဝင်ကာ မွှေနှောက်ရှာဖွေလိုက်ပြီး ဆားအိုးတစ်ဝက်၊ ကုန်ခါနီးနေသော ပြောင်းဖူးမှုန့်များ၊ ဝက်ဆီအနည်းငယ်၊ မှိုခြောက်အချို့နှင့် လတ်ဆတ်နေဆဲဖြစ်သော တောကြက်သွန်မြိတ် အနည်းငယ်ကို တွေ့လိုက်ရသည်။
ခြံထဲသို့ထွက်လာပြီး ကြက်ခြံကို စစ်ဆေးကြည့်လိုက်ချိန်တွင် ကြက်ဥတစ်လုံး ဥထားသည်ကို တွေ့လိုက်ရသည်။
သူမတို့အိမ်တွင် ကြက်နှစ်ကောင်သာ ကျန်တော့သဖြင့် တစ်ခါတလေမှသာ ကြက်ဥတစ်လုံး ရလေ့ရှိသည်။ အမေဖြစ်သူက ထိုကြက်ဥကို သူမအတွက်သာ အမြဲသိမ်းထားတတ်သော်လည်း ယနေ့တွင် သူမက အမေ့အတွက် ထူးထူးခြားခြား တစ်ခုခု လုပ်ပေးချင်နေသည်။ ချက်ပြုတ်နေသည့် အနံ့ကြောင့် ကျန်းကျောက်တိ ပြန်နိုးလာခဲ့သည်။
"ဒီကောင်မစုတ်လေး ဘာတွေချက်နေတာလဲ၊ အနံ့က အရမ်းမွှေးတာပဲ"
ကျန်းကျောက်တိက ထထိုင်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။
"နင်လို ဖြုန်းတီးတတ်တဲ့ကောင်မလေးကတော့... ဆီတွေကို အများကြီး သုံးလိုက်ပြန်ပြီ မဟုတ်လား"
စူးယောင်ကွမ်းက ပြောင်းဖူးမုန့်ပြားလေးများကို ယူဆောင်လာရင်း ကြွားဝါလိုက်သည်။
"အမေ... သမီးလက်ရာလေး မြည်းကြည့်ပါဦး"
"ဘာတွေချက်ထားတာလဲ၊ အနံ့က အရမ်းမွှေးတာပဲ"
ကျန်းကျောက်တိက ကမ်းပေးလာသည့် ပန်းကန်ကို လှမ်းကြည့်လိုက်သည်။
"နင်ကတော့ ဖြုန်းတီးလိုက်တာမှလွန်ရော၊ ရှိတဲ့ပြောင်းဖူးမှုန့်က နည်းနည်းလေးလေ၊ အဲ့ဒါကိုတောင် မုန့်ပြားလုပ်ရဲသေးတယ်ပေါ့၊ ကြည့်စမ်း... ဒီအရောင်ကို ကြည့်ရုံနဲ့တင် နင် ဆီတွေ အများကြီးသုံးထားမှန်း သိသာနေပြီ၊ နင်ကတော့ ငါ့ကို ရူးအောင်လုပ်နေတာပဲ"
"အမေကလည်း... သမီး ဒီနေ့ ငွေနှစ်လျန်တောင် သက်သာအောင် လုပ်ပေးထားတာနော်"
စူးယောင်ကွမ်းက မိခင်ကို ချော့မော့လိုက်သည်။
"မနက်ဖြန်ကျရင် သမီး မြို့ထဲသွားပြီး လိုတာတွေ ဝယ်လာခဲ့ပါ့မယ်၊ အမေ့ကို လုံးဝ ဗိုက်မဆာစေရဘူး"
"နင်က အဲ့ဒီအကြောင်းကို ပြောရဲသေးတယ်ပေါ့"
ကျန်းကျောက်တိက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ဒါက မှိုစွပ်ပြုတ်နော်၊ လတ်လတ်ဆတ်ဆတ်ပဲ၊ အမေ မြည်းကြည့်လိုက်ဦး"
စူးယောင်ကွမ်းက ဟင်းချိုကို ဇွန်းဖြင့် ခပ်ကာ ကျန်းကျောက်တိ၏ အနားအထိ ကပ်သွားပြီး ခွံ့ပေးရန် ပြင်လိုက်သည်။ ကျန်းကျောက်တိက စွပ်ပြုတ်ပန်းကန်ကို လှမ်းဆွဲလိုက်ပြီး အော်ဟစ်လိုက်ပြန်သည်။
"ငါ့မှာ လက်တွေ ခြေထောက်တွေ ကျိုးနေလို့လား၊ ဘာလို့ နင်က လာတိုက်နေရတာလဲ၊ သွား... သွားစားတော့၊ ဒီမှာ ငါ စားနေတာကို လာကြည့်မနေနဲ့"
ကျန်းကျောက်တိက စွပ်ပြုတ် တစ်ငုံ သောက်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့သြနေသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
"မဆိုးဘူးပဲ..."
သို့သော် ချက်ချင်းဆိုသလိုပင် သူမ၏ မျက်နှာက ပြန်မှောင်ကျသွားပြန်သည်။
"နင် ဆားတွေကို အလဟဿ သုံးလိုက်ပြန်ပြီ မဟုတ်လား၊ ငါ နင့်ကို ပြောထားတယ်နော်၊ မလိုအပ်ရင် ဆားမသုံးနဲ့လို့၊ သုံးရင်တောင် သုံးရက်မှ တစ်ခါလောက်ပဲ သုံးရမှာ၊ ဆီဆိုရင်လည်း အပေါ်ယံလေး တင်ရုံပဲ သုံးရမှာဟဲ့"
"အမေရယ်... သမီး ပိုက်ဆံရှာဖို့ နည်းလမ်း စဉ်းစားထားပြီးပါပြီ၊ နောင်ကျရင် အမေ့ကို ကောင်းကောင်းမွန်မွန် ထားနိုင်အောင် သမီး သေချာပေါက် လုပ်ပေးမှာပါ"
ကျန်းကျောက်တိ : "..."
'ဒီနေ့ ဒီကောင်မလေး ဘာဖြစ်နေတာလဲမသိဘူး၊ သူ့စကားတွေက ပျားသကာလို ချိုနေတော့ ငါ့မှာဖြင့် ဆူရတာတောင် ခက်နေပြီ'
"အဲ့မှာ ရပ်မနေနဲ့၊ သွားစားတော့"
"ဒါဆို သမီး ဝမ်ရှူကို အရင်သွားကျွေးလိုက်ဦးမယ်၊ ပြီးမှ အမေနဲ့အတူ လာစားမယ်နော်"
"နင် ကောက်လာတဲ့ တစ်ယောက်လား"
ကျန်းကျောက်တိက လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"နာမည်ကတော့ မဆိုးဘူးပဲ၊ ဒါပေမဲ့ အဲ့ဒီလောက် အရိုက်ပြီးမှ ရောင်းလိုက်တာဆိုတော့ သူက ဘယ်လိုလူမှန်း ဘယ်သူသိမှာလဲ"
"အမေ.... ဝမ်ရှူက သမီးထက်တောင် ငယ်ဦးမယ့်ပုံပါပဲ၊ အဲ့ဒီအရွယ်ကောင်လေးတစ်ယောက်က ဘာမကောင်းတာ လုပ်နိုင်မှာလဲအမေရယ်... ဘာပဲဖြစ်ဖြစ် သမီး သူ့ကို ဆယ်ပြားတည်းနဲ့ ဝယ်လာတာပဲလေ၊ ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ"
ကျန်းကျောက်တိက မုန့်ပြားကို တစ်ကိုက် ကိုက်လိုက်ပြီး စားကောင်းလွန်းသောကြောင့် တတွတ်တွတ် ရေရွတ်နေပြန်သည်။
"ဒီကောင်မလေးရဲ့ လက်ရာက တိုးတက်လာတာပဲ၊ နေပါဦး... နင် ကြက်ဥ ထည့်လိုက်တာလား၊ နင်... နင်... နင်..."
အခြေအနေ မဟန်တော့သည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းတစ်ယောက် ခပ်သွက်သွက်လေး နောက်ဆုတ်လိုက်သည်။
"ကြက်ဥက တစ်လုံးတည်းရှိတာလေ၊ အမေစားလိုက်မှ မိသားစုတစ်ခုလုံး အားရှိမှာပေါ့"
ငါးရှဉ့်တစ်ကောင်လို လျှောခနဲ ပြေးသွားသည့် စူးယောင်ကွမ်းကို ကြည့်ပြီး ကျန်းကျောက်တိတစ်ယောက် စိတ်တိုရမလို၊ ရယ်ရမလို ဖြစ်ကျန်ခဲ့သည်။ ဤနှစ်များအတွင်း သားအမိနှစ်ယောက် ဖြတ်သန်းခဲ့ရသည့် အခက်အခဲများနှင့် သူမနှင့်အတူ ဒုက္ခခံခဲ့ရသည့် သမီးဖြစ်သူအကြောင်းကို ပြန်တွေးမိချိန်တွင် သူမ၏ ရင်ထဲသို့ စိတ်မကောင်းခြင်းများ လှိုက်တက်လာကာ ရင်ကွဲပက်လက်ဖြစ်သွားရသည်။