အခန်း ၅
Vol. 1 Ch. 5
အခန်း ၅ ဈေးဝယ်ထွက်ခြင်း
စူးယောင်ကွမ်းက ပြောင်းဖူးမုန့်ပြားနှင့် မှိုစွပ်ပြုတ်ကို ကိုင်ဆောင်ကာ ထင်းတဲထဲသို့ ဝင်လာခဲ့သည်။
သူမ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျိုးဝမ်ရှူ၏မျက်လုံးများ ပွင့်လာသည်။
မှိန်ပျပျ အလင်းရောင်အောက်တွင် သူက စူးယောင်ကွမ်း ချဉ်းကပ်လာနေသည်ကို သားရဲတွင်းထဲမှ ဝံပုလွေပေါက်လေးတစ်ကောင်ကဲ့သို့ သတိကြီးစွာ စောင့်ကြည့်နေသည်။
"နင် ဗိုက်ဆာနေပြီလား... နင့်ဘာသာနင် စားနိုင်လား၊ နင် စားနိုင်တယ်ဆိုရင် ငါ နင့်ကို ထိုင်နိုင်အောင် ကူညီပေးမယ်၊ မစားနိုင်ရင်တော့ ငါ ခွံ့ကျွေးမယ်လေ"
စူးယောင်ကွမ်းက အစားအစာများကို သူမဘေးရှိ ကျိုးပဲ့နေသော ထိုင်ခုံပုလေးပေါ်သို့ အရင်တင်ထားလိုက်သည်။
"ကျွန်တော့်ကို ထူပေးပါ"
ထိုကောင်လေးက ငယ်ရွယ်သော်လည်း စကားပြောဆိုပုံက လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်တည်ငြိမ်လှသည်။
စူးယောင်ကွမ်းက သူ ထိုင်နိုင်စေရန် တွဲထူပေးလိုက်သည်။
ကျိုးဝမ်ရှူဆီမှ ခပ်တိုးတိုး ညည်းသံလေး ထွက်ပေါ်လာသည်။
"ဒဏ်ရာ ပြန်ပွင့်သွားလို့လား"
"မဟုတ်ပါဘူး"
ကျိုးဝမ်ရှူက နာကျင်မှုကို အောင့်အည်းသည်းခံရင်း ပြန်ဖြေလိုက်သည်။
စူးယောင်ကွမ်းက ပြောင်းဖူးမုန့်ပြားနှင့် မှိုစွပ်ပြုတ်ကို သူ့ရှေ့တွင် ချပေးရင်း ထပ်ပြောလိုက်သည်။
"ဖြည်းဖြည်းချင်း စားနော်၊ ပန်းကန်တွေကိုတော့ မနက်ဖြန်ကျမှ ငါ လာသိမ်းပေးမယ်၊ စားပြီးရင် ကောင်းကောင်း အနားယူလိုက်ဦး"
ကျိုးဝမ်ရှူက စူးယောင်ကွမ်း ထွက်ခွာသွားသည်ကို ငေးကြည့်နေပြီးမှ ပန်းကန်ထဲရှိ မုန့်ပြားကို သူ့လက်ချောင်းများဖြင့် ထိကြည့်နေသည်။
သူ တစ်နေကုန် ဆေးရည်နှင့် ဆန်ပြုတ်များသာ သောက်ထားရသောကြောင့် သူ့ဗိုက်ထဲတွင် ရေများသာ ပြည့်နေပြီး အလွန်အမင်း ဆာလောင်နေခဲ့ပြီ ဖြစ်သည်။
ကျိုးဝမ်ရှူ စားရန် ပြင်လိုက်စဉ်မှာပင် စူးယောင်ကွမ်းက ပြန်ဝင်လာပြီး ထပ်ပြောနေသည်။
"နင်ရဲ့ ကျင်ငယ်အိုးက ပြည့်နေလောက်ပြီ... ငါ သွားသွန်ပေးမယ်"
ကျိုးဝမ်ရှူ : "..."
သူ့ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီး သူ့မျက်နှာအမူအရာကလည်း ပြောမပြတတ်အောင် ထူးဆန်းသွားသည်။
သို့သော် အလင်းရောင်က မှိန်ဖျော့လွန်းလှသဖြင့် သူ၏ ခံစားချက်များကို အမှောင်ထုထဲတွင် ဖုံးကွယ်ထားနိုင်ခဲ့သည်။
"မင်း..."
ကျိုးဝမ်ရှူက အနေရခက်စွာဖြင့် ကြောင်အမ်းအမ်း ဆက်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
စူးယောင်ကွမ်းက အပြုံးဖြင့် ပြောလာပြန်သည်။
"အားနာမနေပါနဲ့... နင်လည်း ကြားလိုက်မှာပါ၊ ငါ့မှာရှိတဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ နင့်ရဲ့ အထောက်အထားကို ငါ လိုအပ်နေတုန်းပဲ"
စူးယောင်ကွမ်းက ကျင်ငယ်အိုးကို သွားသွန်ပေးပြီးနောက် မူလနေရာတွင် ပြန်ထားပေးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူမ ဘာမှထပ်မပြောတော့ဘဲ ထင်းတဲတံခါးကိုသာ သေသေချာချာ ပြန်ပိတ်ပေးသွားသည်။
ကျိုးဝမ်ရှူက သူမ၏ ခြေသံများ ဝေးကွာသွားသည်အထိ နားစွင့်နေပြီးမှ ပြောင်းဖူးမုန့်ကို ကောက်ယူကာ စားလိုက်တော့သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးသည့်နောက် ဤနေရာက ဝေးလံခေါင်သီပြီး ဆင်းရဲနွမ်းပါးသော ကျေးရွာလေးတစ်ရွာ ဖြစ်ကြောင်း သူ သိခဲ့ရသည်။ ဤနေရာရှိ လူများက သူ ဘယ်သူဘယ်ဝါဖြစ်သည်ကို မသိကြသဖြင့် လောလောဆယ်တွင် သူ ဘေးကင်းနိုင်သေးသည်။
ထို့အပြင် သူ၏ လက်ရှိအခြေအနေအရ သူတို့အတွက် သူ့အသက်ကို ရန်ရှာချင်လျှင်ပင် ဤမျှအထိ ဒုက္ခခံနေစရာ အကြောင်းမရှိပေ။
ကျိုးဝမ်ရှူ ပြောင်းဖူးမုန့်ပြားကို စားကြည့်လိုက်ရာ အလွန်ကြွပ်ရွပြီး အရသာရှိနေသည်ကို ခံစားလိုက်ရသည်။ အနံ့အရသာနှင့် ပြည့်စုံသော မှိုစွပ်ပြုတ်နှင့် တွဲဖက်လိုက်ချိန်တွင် ဤရိုးရှင်းလှသော ကျေးလက်အစားအစာက မမျှော်လင့်ဘဲ အရသာထူးကဲနေသည်။
‘ငါ ကောင်းကောင်းမွန်မွန် အစားမစားခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ’
နောက်တစ်နေ့ နံနက်တွင် စူးယောင်ကွမ်းတစ်ယောက် ကျောပိုးခြင်းတောင်းကို လွယ်ကာ နွားလှည်းစောင့်ရန် ရွာထိပ်သို့ ထွက်လာခဲ့သည်။
သူမ ရောက်ပြီး မကြာမီမှာပင် ကျန်းရိဟွမ်းနှင့် ကျုံးလန်ဟွာတို့ သားအမိနှစ်ယောက်အတူ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ရွာသားများက ထိုသားအမိနှစ်ယောက်ကို နွေးထွေးစွာ နှုတ်ဆက်နေကြသည်။
"ယောင်ကွမ်း... နင်လည်း မြို့တက်မလို့လား"
ကျုံးလန်ဟွာက အပြုံးတုဖြင့် နှုတ်ဆက်နေသည်။
"နင့်အမေရော နေကောင်းရဲ့လား"
"အဒေါ်က ကျွန်မအမေအပေါ် တကယ်ကို စိတ်ရင်းနဲ့ ဂရုစိုက်တာပဲနော်"
စူးယောင်ကွမ်းက ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။
"ကျွန်မအမေသာ သိရင် အဒေါ်ကို ကောင်းကောင်းဆူပူမှာ သေချာတယ်"
'အမေက ရှင့်ရဲ့ ဘိုးဘေး ရှစ်ဆက်စာလောက်အထိ ဆဲဆိုကြိမ်းမောင်းနေမှာ သေချာတယ်'
"နင့်အမေနဲ့ ငါနဲ့က တစ်ရွာတည်းသားချင်းတွေလေ၊ အိမ်ထောင်ကျပြီး အန်းနင်ရွာကို ရောက်လာကြတာလည်း အတူတူပဲ၊ ဘယ်လောက် တိုက်ဆိုင်သလဲ... ငါက သူ့ကို ဂရုစိုက်ရမှာပေါ့"
ကျုံးလန်ဟွာက သူမ၏ လက်ကိုင်ပဝါကို ကစားရင်း ပြုံးစစ ပြောနေသည်။
"ဒါနဲ့... နင်ရဲ့ ဆယ်ပြားတန်ယောက်ျားရော... အသက်ရှင်သေးရဲ့လား၊ သေသေချာချာ စောင့်ကြည့်ထားဦးနော်၊ သူက ဆယ်ပြားတောင် တန်တာလေ၊ သူ သေသွားရင် နင်ပဲ ခေါင်းတလားဖိုး စိုက်ထုတ်ပေးရဦးမှာ"
စူးယောင်ကွမ်းက နွားလှည်းပေါ်တက်ကာ ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး အေးစက်စက် တုံ့ပြန်လိုက်သည်။
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်၊ အဒေါ်ကတော့ အဒေါ်ရဲ့လူအတွက်ပဲ စိတ်ပူလိုက်ပါ၊ စာတတ်ပေတတ်ဆိုတာ ဘာမှ အသုံးမကျဘူး၊ စာသင်သားတွေက အမြဲတမ်း အားနည်းကြတယ်လေ၊ အဒေါ်က သူ့ကို လယ်လုပ်ဖို့ ဝယ်လာတာဆိုတော့ သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်ပါ့မလား၊ ဘယ်သူသိမှာလဲ... ဒုက္ခရောက်မှာက အဒေါ်ကိုယ်တိုင်လည်း ဖြစ်သွားနိုင်သေးတယ်"
"အိုက်ယား.... ဒီကောင်မလေးကတော့ အပြောအဆို ဆင်ခြင်ပါဦးအေ၊ နင်တို့ အဒေါ်ကျုံးရဲ့သား ကျန်းယီဟွေ့ကလည်း စာသင်သားတစ်ယောက်လေ၊ နင် ပြောလိုက်တာက သူ့ကိုပါ စော်ကားလိုက်သလို ဖြစ်နေပြီ"
ဘေးနားမှ အဒေါ်ကြီးတစ်ယောက်ကလည်း မီးလောင်ရာလေပင့် ဝင်ပြောလိုက်သည်။
"အိုး... ကျွန်မ သတိမထားမိလိုက်ဘူး၊ ဒါပေမဲ့ ကျန်းယီဟွေ့ သူ့တစ်သက်မှာ အပင်ပန်းဆုံး လုပ်ခဲ့ဖူးတဲ့ အလုပ်က သူ့ပါးစပ်ထဲကို စားစရာထည့်တာပဲ ဖြစ်လိမ့်မယ်၊ ဒါကြောင့် သူ့အပေါ်မှာလည်း ကျွန်မရဲ့ အမြင်ကတော့ အတူတူပါပဲ"
"အစ်မယောင်ကွမ်းက စိတ်ဆိုးနေပုံပဲ၊ စကားပြောတာတွေက ဆူးတွေ အချွန်တွေလိုပဲနော်၊ ဒါပေမဲ့ ငါတို့တွေက နားလည်ပေးနိုင်ပါတယ်၊ ကံကောင်းလို့ ငါတို့တွေက ရွာတူသားတွေ ဖြစ်နေပြီး တစ်ယောင်အကြောင်း တစ်ယောက်သိနေလို့ပေါ့၊ တကယ်လို့ မသိတဲ့သူဆိုရင် အစ်မယောင်ကွမ်းကို အထင်လွဲသွားကြမှာပဲ"
ကျန်းရိဟွမ်းက ကျုံးလန်ဟွာ၏ လက်မောင်းကို တွဲထားရင်း စူးယောင်ကွမ်းကို ပရိယာယ်ကြွယ်ကြွယ် ရန်စလိုက်သည်။
"အစ်မယောင်ကွမ်း... အဘွားစူးက နင့်ကို ကျန်းမုထုန်နဲ့ ပေးစားဖို့ ကြံနေသေးတယ်လို့ ငါတို့ ကြားတယ်၊ တကယ်လို့ နင် ဝယ်လာတဲ့ ကောင်ငယ်လေး အသက်ရှင်မယ်ဆိုရင်လည်း အမြန်ဆုံး လက်ထပ်စာချုပ် လုပ်ထားလိုက်ဦး"
"တကယ်လို့ လက်ထပ်စာချုပ် ချုပ်ပြီးမှ အဲ့ဒီကောင်လေးက အသက်မရှင်ဘဲ သေသွားရင် ယောင်ကွမ်းက မုဆိုးမ ဖြစ်သွားမှာပေါ့၊ ဟုတ်လား"
ဘေးမှ အဒေါ်ကြီးက ဝင်ပြောလာပြန်သည်။
"ယောင်ကွမ်းက ငယ်သေးတော့ ဘာမှ သိပ်နားမလည်ဘူး၊ မနေ့က ရှောင်းမျိုးရိုး လယ်လုပ်သားကို အလွယ်တကူ ဝယ်လို့ ရနေတာကို နှမြောပြီး ဈေးလျှော့ခိုင်းဖို့ ဇွတ်အတင်း ဈေးဆစ်နေတာ၊ အဲ့ဒီလူကိုသာ ဝယ်လိုက်ရင် ရုပ်ရည်ကလည်း ချောလိုက်တာ၊ ခန္ဓာကိုယ်ကလည်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့... အရေးကြီးဆုံးက သူက စာတတ်တယ်လေ၊ အဲ့ဒီလို ယောကျ်ားမျိုး အိမ်မှာရှိရင် သူက တစ်နေ့ မိသားစုကို ပြန်အလုပ်အကျွေး ပြုမှာ သေချာတယ်"
"ကျွန်မကတော့ ကျွန်မဝယ်လာတဲ့သူကိုပဲ ပိုသဘောကျတယ်"
စူးယောင်ကွမ်းက မလျှော့သော အမူအရာဖြင့် ပြန်ရန်တွေ့လိုက်သည်။
"အဲ့ဒီရှောင်းမျိုးရိုးဆိုတဲ့လူက ဘာကောင်းလို့လဲ၊ သူ့မျက်လုံးတွေကို ကြည့်တာနဲ့ သူက မရိုးသားဘူးဆိုတာ ကျွန်မ သိသာနေတာပဲ၊ သူ့ကိုသာ ဝယ်လိုက်ရင် အချိန်မရွေး ထွက်ပြေးသွားနိုင်တယ်၊ အဒေါ်ကျုံး... အဒေါ် သူ့ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရဲတယ်နော်၊ သူ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား"
ကျုံးလန်ဟွာက မျက်မှောင်ကြုတ်သွားပြီး ကျန်းရိဟွမ်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"အဲ့ဒီကောင်မလေး ပြောတာ ဟုတ်နေသလိုပဲ၊ ငါတို့ထဲက တစ်ယောက်ယောက် အိမ်မှာ နေပြီး သူ့ကို စောင့်ကြည့်ဖို့ ကျန်ခဲ့သင့်တာ"
"သူ့ရဲ့ ကျွန်စာချုပ်က သမီးဆီမှာ ရှိနေတာပဲ၊ သူ ထွက်ပြေးရင် ဒီစာချုပ်နဲ့ သူ့ကို ပြန်လိုက်ဖမ်းလို့ ရတယ်၊ အစိုးရက ထွက်ပြေးတဲ့ကျွန်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်လေ... အမေရဲ့"
ကျန်းရိဟွမ်းကလည်း လေသံတိုးတိုးဖြင့် ပြန်ရှင်းပြနေသည်။
"ပြီးတော့ သမီး မထွက်လာခင် ဘေးအိမ်က အစ်ကိုချွမ်းရွှေ့ကို ဒီနေ့ တစ်ရက်လောက် ကြည့်ပေးဖို့ ပြောထားခဲ့တယ်၊ သမီးတို့ ထွက်လာတာက သူ့ကို စမ်းသပ်သလိုလည်း ဖြစ်သွားတာပေါ့၊ သူ ဘယ်လို ပြုမူတယ်ဆိုတာ ကြည့်ကြမယ်လေ၊ တကယ်လို့ သူက မနာခံဘူးဆိုရင်တော့ သူ့ကို သင်ခန်းစာပေးပြီး ငြိမ်သွားအောင် လုပ်ရမှာပေါ့"
သားအမိနှစ်ယောက်၏ စကားများတိုင်း စူးယောင်ကွမ်း အကုန်ကြားလိုက်ရသည်။
ရလဒ်အနေဖြင့် စူးယောင်ကွမ်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုပေါ်လာသည်အထိ ကွေးညွတ်သွားသည်။
'ရှောင်းယန်ချီ... ကြည့်လိုက်စမ်း၊ ဒါက ရှင့်ရဲ့ လရောင်ဖြူလေးလေ...'
နွားလှည်းက တရွေ့ရွေ့ လှုပ်ယမ်းနေပြီး နာရီဝက်ခန့်အကြာတွင် မြို့ထဲသို့ ရောက်ရှိလာခဲ့သည်။
စူးယောင်ကွမ်းက ကျောပိုးခြင်းတောင်းကို လွယ်ကာ နွားလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လှည်းမောင်းသည့် ဦးလေးဝမ်ကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
"ယောင်ကွမ်းက နည်းနည်းထူးဆန်းပြီး တစ်မျိုးပြောင်းသွားသလိုပဲ၊ နင်တို့ရော အဲ့လို မထင်ကြဘူးလား"
"သူ အရင်ကထက် စကားပြော ပိုသွက်လာသလိုပဲ၊ သူ့မျက်လုံးတွေကလည်း ပိုစူးရှလာတယ်၊ ကြည့်ရတာ တစ်မျိုးပဲ၊ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်"
စူးယောင်ကွမ်း မြို့ထဲသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပစ္စည်းဝယ်ရန် ဖြစ်သည်။ ပထမဆုံးအနေဖြင့် ကောက်နှံများ ဝယ်ရမည် ဖြစ်ပြီး သူမက ဂျုံမှုန့်ကို မကြိုက်သဖြင့် ပြောင်းမှုန့်နှင့် ဆန်ကွဲကိုသာ အဓိကထား ဝယ်လိုက်သည်။
ဆန်ကွဲဆိုသည်က ဆန်ပင် ဖြစ်သော်လည်း ကျောက်ခဲလေးများ ပါဝင်ပြီး အရည်အသွေး ညံ့ဖျင်းသည်။ ဆန်ချောတစ်ကျင်းလျှင် ကြေးပြားငါးပြား ပေးရသော်လည်း ဆန်ကွဲက သုံးပြားသာ ကျသင့်သည်။
(တစ်ကျင်း = ၅၀၀ ဂရမ်/တစ်ပေါင်နီးပါ)
ဂျုံမှုန့်ဈေးကလည်း ဆန်ချောကဲ့သို့ပင် တစ်ကျင်းလျှင် ကြေးပြားငါးပြား ဖြစ်ပြီး သူမက ဆယ်ကျင်း ဝယ်လိုက်သည်။ ပြောင်းဖူးမှုန့်နှင့် ဆန်ကွဲကိုတော့ ကျင်းနှစ်ဆယ်စီ ဝယ်ယူလိုက်ပြီး စုစုပေါင်း ကောက်နှံကျင်းငါးဆယ် ရရှိခဲ့သည်။
ထို့အပြင် သူမ ဝက်သားသည်ရှေ့မှ ဖြတ်သွားချိန်တွင် အရိုးကြီးများကို တွေ့သဖြင့် ဝယ်လိုက်သေးသည်။ ထိုအရိုးများပေါ်တွင် အသားသိပ်မပါသဖြင့် ကြေးပြားသုံးပြားသာ ပေးလိုက်ရသည်။ ဝက်သား ကျင်းဝက်ကိုလည်း ရွေးချယ်ကာ ဝက်ခြေထောက်၊ နှလုံးနှင့် အဆုတ်တို့ကို ပြင်ဆင်ပေးရန် ဝက်သားသည်ကို ပြောလိုက်ပြီး စုစုပေါင်းကြေးပြားနှစ်ဆယ့်ငါးပြား ကုန်ကျသွားခဲ့သည်။
သူမ ယခုတစ်ကြိမ် မြို့တက်လာရခြင်းအတွက် အခြားရည်ရွယ်ချက်လည်း ရှိနေသေးသည်။ ထိုအရာက ကိရိယာတန်ဆာပလာတချို့ ဝယ်ရန် ဖြစ်ပြီး ငွေရှာရန်အတွက် ရင်းနှီးမှုတချို့ လိုအပ်နေဆဲပင်။ ကုန်ကြမ်းအများစုကို တောင်ပေါ်မှ ရှာဖွေနိုင်သော်လည်း လိုအပ်သော ကိရိယာများနှင့် အရေးကြီးသည့် ပါဝင်ပစ္စည်းတချို့ကိုတော့ ဝယ်ယူရန် လိုအပ်နေသေးသည်။
ဆန်နှင့် ဂျုံမှုန့်အတွက် ကြေးပြားတစ်ရာတစ်ဆယ်၊ အသားအတွက် နှစ်ဆယ့်ငါးပြားနှင့် အခြားပါဝင်ပစ္စည်းများအတွက် ကြေးပြားသုံးရာ ကုန်ကျခဲ့သည်။
ခဏအတွင်းမှာပင် ငွေတစ်လျန်၏ တစ်ဝက်ခန့် ကုန်သွားခဲ့ချေပြီ။
(ငွေတစ်လျန် _ ကြေးပြားတစ်ထောင်)
စူးယောင်ကွမ်းတစ်ယောက် ပိုက်ဆံကုန်သွားသဖြင့် နှမြောစိတ်ကို ဖိနှိပ်ထားရင်း ငွေရှာချင်စိတ်များ ပိုပြင်းပြလာသလို ခံစားနေရသည်။
သူမ လှည့်ကြည့်လိုက်ချိန်တွင် အဝတ်အထည်ဆိုင်ထဲမှ ထွက်လာသည့် ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ကို တွေ့လိုက်ရသည်။ ကျုံးလန်ဟွာက အကြွေစေ့အတွဲကြီးကို ကြည့်ကာ မျက်နှာတစ်ခုလုံး ပြုံးဖြီးနေလေသည်။
ကျန်းရိဟွမ်းနှင့် ကျုံးလန်ဟွာတို့ သူမနှင့် သူမ၏အမေအပေါ် အမြဲတမ်း အသာစီးရနေသလို ခံစားနေကြရသည့် အကြောင်းအရင်းတစ်ခုကလည်း ဤအရာကြောင့် ဖြစ်သည်။ ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က ပန်းထိုးသမားများ ဖြစ်ကြပြီး သူမတို့၏ ကျွမ်းကျင်မှုကြောင့် ကိုယ့်ပိုင်ဝင်ငွေ ရှာဖွေနိုင်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ကျန်းကျောက်တိက ဝမ်းဆွဲသည်တစ်ဦး ဖြစ်ပြီး လူအများ၏ အမြင်တွင် ကျုံးလန်ဟွာတို့ထက် အဆင့်အတန်းနိမ့်ကျသည်ဟု သတ်မှတ်ခံထားရသည်။
ကျန်းကျောက်တိနှင့် ကျုံးလန်ဟွာတို့ မတည့်ကြသည့် အကြောင်းအရင်းကလည်း ထိုအရာကြောင့်ပင် ဖြစ်နေပြန်သည်။ ကျန်းကျောက်တိ ငယ်စဉ်က ပန်းထိုးပညာတွင် ထူးထူးခြားခြား ပါရမီပါခဲ့ပြီး ကျွမ်းကျင်ခဲ့ဖူးသည်။ သူမ ပန်းထိုးအလုပ်ရုံတစ်ခုတွင် အလုပ်သင်အဖြစ် အလုပ်ဝင်ရန် အခွင့်အရေး ရလာခဲ့သည်။ သူမ အဝတ်အစားများ ထုတ်ပိုးရန် အိမ်သို့ ပြန်လာချိန်တွင် ကျုံးလန်ဟွာက သူမကို ရေနွေးပူဖြင့် လောင်းခဲ့သောကြောင့် သူမ၏လက်များက နောက်ထပ် အပ်ချုပ်အလုပ်ကို မလုပ်နိုင် ဖြစ်သွားရသည်။