အခန်း ၆
Vol. 1 Ch. 6
အခန်း ၆ ဒုက္ခများ ရောက်လာခြင်း
စူးယောင်ကွမ်းတစ်ယောက် ကျောပိုးခြင်းတောင်းကို လွယ်ကာ ပြန်လျှောက်လာခဲ့သည်။
သူမက နွားလှည်းရှိရာသို့ ပထမဆုံး ရောက်ရှိလာသူ ဖြစ်သည်။
ဦးလေးဝမ်က သူမ၏ ခြင်းတောင်းထဲတွင် ပစ္စည်းများ အပြည့်ပါလာသည်ကို မြင်သွားပြီး ကူမပေးရန် အနားသို့ ရောက်လာခဲ့သည်။
“အိုက်ယား..."
ဦးလေးဝမ်တစ်ယောက် ပစ္စည်းများကို နွားလှည်းပေါ်သို့ မတင်ရန် ရုန်းကုန်နေရပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ယောင်ကွမ်း... မင်းက တော်တော်ခွန်အားကြီးတာပဲ၊ ဒီလောက်အလေးကြီးကို ဘယ်လိုများ သယ်လာတာလဲ"
ထိုအချိန်မှသာ စူးယောင်ကွမ်းလည်း သူမ၏ ခွန်အားများ သိသိသာသာ တိုးလာသည်ကို သတိထားမိတော့သည်။
သူမ၏ ယခင်ဘဝတွင် သူမ ဤမျှအထိ ခွန်အားမရှိခဲ့သည်မှာ သေချာနေသည်။ ကျင်းနှစ်ဆယ်၊ သုံးဆယ်ခန့်ကို သယ်ရန် ပြဿနာမရှိသော်လည်း ယနေ့ သူမ သယ်လာသည့် ခြင်းတောင်းက ကျင်းခြောက်ဆယ်ခန့် လေးလံနေသည်။ ဦးလေးဝမ်သာ ထောက်မပြလျှင် သူမအနေဖြင့် သူမ ဤမျှအလေးကြီးကို အားစိုက်စရာမလိုဘဲ သယ်လာနိုင်သည်ကို သတိပြုမိမည်မဟုတ်ပေ။
"တစ်နေကုန် အလုပ်လုပ်နေရတော့လည်း ခွန်အားတွေ တိုးလာတာပေါ့ ဦးလေးဝမ်ရယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"ဟူး... မင်းတို့ သားအမိနှစ်ယောက်၊ မုဆိုးမနဲ့ အဖမဲ့ကလေး... မင်းတို့ရဲ့ ဘဝကလည်း တော်တော်လေး ခက်ခဲရှာမှာပဲ၊ မင်းရဲ့ အဘွားနဲ့ ဒုတိယဦးလေးတို့၊ တတိယဦးလေးတို့ကလည်း တကယ့်ကို အသည်းနှလုံးမရှိတဲ့လူတွေပဲ၊ မင်းတို့ကို ကူညီရကောင်းမှန်းတောင် မသိကြဘူး"
စူးယောင်ကွမ်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
'သူတို့ဆီကနေ အကူအညီရဖို့လား...'
သူမတို့ သားအမိနှစ်ယောက်က ထိုလူများထံမှ အကူအညီရရန် စိတ်တောင်မကူးဝံ့ကြဘဲ သူမတို့ကို မနှိပ်စက်လျှင်ပင် ကျေးဇူးတင်နေပြီဖြစ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ ရွာသားများလည်း တဖြည်းဖြည်း ပြန်ရောက်လာကြသည်။ စူးယောင်ကွမ်း၏ ခြင်းတောင်းထဲမှ ပစ္စည်းများကို မြင်သောအခါ သူတို့က ဝိုင်းရယ်နေကြပြီး လှောင်ပြောင်သည့်စကားများ ပြောဆိုနေကြသည်။
စူးယောင်ကွမ်းကတော့ မကြားချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
"ဘာတွေဝယ်လာတာလဲ"
ရွာမှ အဒေါ်ကြီးတစ်ယောက်က ပစ္စည်းများကို ဖုံးအုပ်ထားသည့် စုတ်ပြတ်နေသောအဝတ်ကို လှန်ကြည့်ရန် လက်လှမ်းလိုက်သည်။
စူးယောင်ကွမ်းက အချိန်မီ တားဆီးလိုက်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်မတို့အိမ်က ငတ်လုနီးပါး ဖြစ်နေတာလေ၊ နှံစားပြောင်းမှုန့်နဲ့ ပြောင်းဖူးမှုန့်ကလွဲလို့ တခြားဘာရှိဦးမှာလဲ"
"ကြည့်ရုံကြည့်တာကို ဘာဖြစ်လို့လဲ"
ထိုအဒေါ်ကြီးက မကျေမနပ် ပြောလိုက်သည်။
"အဒေါ်ပြောတာ မှန်ပါတယ်၊ ကျွန်မတို့က အိမ်နီးချင်းတွေပဲ၊ မကြည့်နိုင်တာ ဘာရှိမှာတုန်း၊ ခဏနေရင် ကျွန်မလည်း အဒေါ်တို့အိမ်ကို လိုက်ခဲ့မယ်လေ"
"နင်ကတော့... တကယ့်ကို စကားပြော တတ်လွန်းတယ်"
"ရိဟွမ်းအမေနဲ့ ရိဟွမ်းတို့ ပြန်လာကြပြီဟေ့"
လူတိုင်းက ကျောပိုးခြင်းတောင်းကိုယ်စီ လွယ်ထားသည့် သားအမိနှစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။
မိခင်နှင့် သမီး အနားသို့ ရောက်လာချိန်တွင် လူတိုင်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဘာဝယ်လာလဲဟု ဝိုင်းမေးနေကြသည်။
ကျုံးလန်ဟွာက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"တခြား ဘာရှိမှာလဲ၊ အိမ်မှာ လူအသစ်တစ်ယောက် ထပ်တိုးလာတော့ စားစရာတွေ ပိုဝယ်ရတာပေါ့၊ ဆိုင်ရှင်က ပြောတယ်... ရိဟွမ်းနဲ့ ကျွန်မက ပန်းထိုးတာ တော်လို့တဲ့၊ ဒါကြောင့် ပန်းထိုးထည်တွေကို အကုန်ဝယ်သွားပြီး နောက်တစ်ခါလည်း ပိုပြီးထိုးလာခဲ့ဖို့ ပြောလိုက်သေးတယ်၊ ကျွန်မသမီးက အလိုလိုက်ထားရတာလေ၊ နှံစားပြောင်းမှုန့်က သူ့လည်ချောင်းအတွက် ကြမ်းလွန်းတယ်၊ ပြောင်းဖူးမှုန့်ကလည်း သူ့အတွက် မကောင်းဘူး၊ သူက ဆန်နဲ့ ဂျုံမှုန့်ကိုပဲ ကြိုက်တာ၊ ဒါကြောင့် ဒီတစ်ခါ အများကြီး ဝယ်လာခဲ့တယ်၊ ပြီးတော့ သူ အားရှိအောင် ဝက်သားလည်း နည်းနည်း ဝယ်ခဲ့တယ်၊ သူ့ရဲ့ နုနုနယ်နယ် ခန္ဓာကိုယ်လေးကို ကြည့်ဦးလေ၊ သူက ဗိုက်ဆာတဲ့ဒဏ်ကို လုံးဝ မခံနိုင်ရှာဘူး"
"နင်တို့မိသားစုကတော့ တကယ်ကို ကောင်းကောင်းမွန်မွန် နေနိုင်ကြတာပဲ၊ နင်ကလည်း တော်တယ်၊ ရိဟွမ်းကလည်း နင့်ဆီက ပညာတွေ အကုန်ရထားတာပဲ၊ နင်တို့ကတော့..."
"ကျွန်မနဲ့ ကျွန်မသမီးက ပိုက်ဆံအများကြီး ရှာနိုင်တာလေ၊ ကောင်းကောင်းနေနိုင်ရုံတင်မကဘူး၊ စာသင်သားတစ်ယောက်ကိုပါ ပြုစုပျိုးထောင်ထားနိုင်သေးတယ်"
"အခုဆိုရင် လယ်လုပ်သားတောင် ရနေပြီ"
ဘေးမှတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
"နောက်နှစ်အနည်းငယ်ကြာရင် နင်တို့မိသားစုက အိမ်ကြီးအိမ်ကောင်း ဝယ်နိုင်ပြီး အစေခံတွေ၊ ကျေးကျွန်တွေ အများကြီးနဲ့ နေနိုင်တော့မှာ သေချာတယ်"
"အဲ့လောက်အထိလည်း မဟုတ်ပါဘူး"
ကျုံးလန်ဟွာက သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်မတို့လည်း စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတာပါ၊ အဒေါ်တို့နဲ့ ယှဉ်ရင်တော့ အများကြီး နောက်ကျနေပါသေးတယ်"
"အမျိုးသမီးချင်းတူတူ ကလေးတွေကို ပြုစုပျိုးထောင်ရတာချင်းအတူတူ ဘဝတွေကတော့ ကွာခြားလိုက်တာနော်"
ဘေးနားရှိ အဒေါ်ကြီးတစ်ယောက်က သရော်သလို ပြောလာပြန်သည်။
"ဟုတ်ပါ့၊ ရိဟွမ်းအမေက ကလေးနှစ်ယောက်တောင် ပြုစုရတာဆိုတော့ ပိုတောင် ခက်ခဲဦးမယ်၊ ဒါပေမဲ့ ဟွေ့အာက ကျောင်းတက်နေပြီး အနာဂတ်ကောင်း ရှိတယ်၊ နင်ကတော့ နောင်တစ်ချိန်မှာ သက်သောင့်သက်သာနဲ့ စံစားရတော့မှာ အသေအချာပဲ"
"ကောင်းမွန်တဲ့ စကားလေးတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်"
ကျုံးလန်ဟွာက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"အမေတစ်ယောက်အနေနဲ့ ကျွန်မမှာ တခြားဆန္ဒမရှိပါဘူး၊ ကျွန်မရဲ့ ကလေးနှစ်ယောက်လုံး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ဖို့ပဲ မျှော်လင့်တာပါ"
ကျန်းရိဟွမ်းက လေသံပျော့ပျော့လေးဖြင့် မေးလာခဲ့သည်။
"အစ်မယောင်ကွမ်း... ဘာတွေဝယ်လာတာလဲဟင်၊ အများကြီးပဲနော်"
စူးယောင်ကွမ်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။
"ငါ့အမေမှာ သမီးဆိုလို့ ငါတစ်ယောက်ပဲရှိတာ၊ လာပြီး အစ်မတွေ၊ ညီမတွေ တော်မနေနဲ့"
"နင်က ဘာလို့ ဒီလောက်တောင် စူးစူးဝါးဝါး ဖြစ်နေရတာလဲ"
ကျုံးလန်ဟွာက မကျေမနပ် ဝင်ပြောလိုက်သည်။
"ငါ့သမီးက နင့်ကို 'အစ်မ' လို့ ခေါ်တယ်ဆိုတာ နင့်ကို လေးစားလို့ ခေါ်တာလေ"
"သူက ကျွန်မကို အဲ့လောက်တောင် လေးစားနေမှတော့ အဒေါ်ဝယ်လာတဲ့ အသားတွေကို ကျွန်မကို နည်းနည်းလောက် ခွဲပေးပါလား"
စူးယောင်ကွမ်းက ခပ်မှိန်မှိန် အပြုံးဖြင့် တောင်းဆိုလိုက်သည်။
"ပြီးတော့ ဒီနွားလှည်းပေါ်မှာလည်း သူ့ရဲ့ လူကြီးသူမတွေချည်းပဲလေ၊ သူက လူတိုင်းကို လေးစားရမှာ မဟုတ်ဘူးလား၊ အဒေါ်တို့ ဆန်တွေ၊ ဂျုံမှုန့်တွေ အများကြီး ဝယ်လာတာပဲ၊ လူတိုင်းကို နည်းနည်းစီ ခွဲပေးလိုက်ပါလား"
လူတိုင်း၏ အကြည့်များက ကျုံးလန်ဟွာတို့ သားအမိဆီသို့ ရောက်ရှိသွားကြသည်။
ကျုံးလန်ဟွာနှင့် သူမ၏သမီး : "..."
"ဘယ်သူမဆို စကားကောင်းတွေ ပြောနိုင်တာပဲလေ"
စူးယောင်ကွမ်းက အေးအေးဆေးဆေး ဆက်ပြောလိုက်သည်။
"မိသားစုဝင် မဟုတ်ရင် ဆွေမျိုးလာတော်မနေနဲ့"
"ထားလိုက်ပါတော့ အမေရယ်၊ အစ်မယောင်ကွမ်းက ကျွန်မကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘူးလေ"
ကျန်းရိဟွမ်းက ဝမ်းနည်းပက်လက်ဟန်လေးဖြင့် မိခင်ဖြစ်သူကို တားဆီးနေသည်။
"အေးပါ... သူ့ကို ဂရုမစိုက်နဲ့တော့"
ကျုံးလန်ဟွာက အေးစက်စက် ပြောလိုက်သည်။
စူးယောင်ကွမ်းတို့ သားအမိနှင့် ကျန်းရိဟွမ်းတို့ သားအမိ မတည့်ကြသည်မှာ ရွာလုံးကျွတ် သိကြသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် စူးယောင်ကွမ်းဘက်မှ ကျုံးလန်ဟွာတို့ကို မျက်နှာသာမပေးသည်ကလည်း ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း ယခင်က အနည်းဆုံးအနေဖြင့် စူးယောင်ကွမ်းက ဟန်ဆောင်ပန်ဆောင် ရှိခဲ့ဖူးပြီး ယခုလောက်လည်း မရဲတင်းခဲ့ပေ။ ကျန်းရိဟွမ်းတို့ သားအမိနှင့် ထိပ်တိုက်တွေ့လျှင် သူမက အမြဲတမ်း အရှုံးပေးခဲ့ရသူဖြစ်သည်။ ယနေ့တွင်တော့ ဤမိန်းကလေးက တစ်ခြားလူတစ်ယောက် ဖြစ်သွားသည့်အလား၊ တိုက်ခိုက်လိုစိတ် ပြင်းထန်ရုံတင်မကဘဲ လူအများကို အလိုလို ဖိအားပေးနိုင်သည့် မောက်မာသော အရှိန်အဝါမျိုးလည်း ရှိနေလေသည်။
နွားလှည်းပေါ်မှ လူများကတော့ စကားတပြောပြောဖြင့် ရယ်ရင်းမောရင်း လိုက်ပါလာကြသည်။
စူးယောင်ကွမ်းလည်း အနှောင့်အယှက်ကင်းကင်းနှင့် အေးအေးဆေးဆေး လိုက်ပါလာခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် နွားလှည်းက ရွာဝင်ပေါက်သို့ ဆိုက်ရောက်လာခဲ့သည်။ ဦးလေးဝမ်က တခြားလူများကို အရင်ပို့ပေးပြီး စူးယောင်ကွမ်းကို နောက်ဆုံးမှ ပို့ပေးခဲ့သည်။
"ဦးလေးဝမ်... ကျေးဇူးတင်ပါတယ်ရှင်"
စူးယောင်ကွမ်းက ကျေးဇူးတင်စကားပြောရင်း ကြေးပြားများကို ကမ်းပေးလိုက်သည်။ ဦးလေးဝမ်ကလည်း ပိုက်ဆံယူရင်း လှမ်းပြောနေသည်။
"ယောင်ကွမ်း... မင်းနဲ့ မင်းအမေ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ကြပါ၊ ရွာထဲက အတင်းအဖျင်း ပြောတတ်တဲ့လူတွေရဲ့ စကားကို နားမယောင်နဲ့ဦး"
"ကျွန်မ သိပါတယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
သူမ ခြင်းတောင်းကို လွယ်ရန် ပြင်လိုက်စဉ်မှာပင် ခြံဝင်းထဲမှ ရင်ကွဲမတတ် အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။ စူးယောင်ကွမ်းလည်း မှင်တက်သွားပြီး ခြင်းတောင်းကို ချကာ ခြံထဲသို့ အပြေးအလွှား ဝင်သွားရသည်။
ဦးလေးဝမ်က စူးယောင်ကွမ်း၏ ခြင်းတောင်းကို မကာ သူမနောက်သို့ အပြေးအလွှား လိုက်လာခဲ့သည်။
"ဘာဖြစ်တာလဲ"
စူးယောင်ကွမ်းက တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် သူမ၏ ဒုတိယဦးလေး ထင်းရုံထဲမှ ယိမ်းထိုးလျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ပုခုံးတွင် သံချောင်းတစ်ချောင်း စိုက်ဝင်နေပြီး သွေးများမှာလည်း စီးကျနေဆဲပင်။
"လူသတ်နေတယ်... လူသတ်နေတယ်ဟေ့"
ဦးလေးစူးက ကြောက်လန့်တကြား အော်ဟစ်နေသည်။
"စူးယောင်ကွမ်း... မင်း ဝယ်လာတဲ့ ယောက်ျားက လူသတ်တော့မယ်၊ ဒါကို ဒီအတိုင်း အပြီးပေးနိုင်ဘူးနော်"
စူးယောင်ကွမ်းက ဦးလေးစူးကို ကျော်ဖြတ်ကာ ထင်းရုံထဲသို့ ပြေးဝင်သွားပြီး သစ်သားခုတင်လေးကို လှမ်းကြည့်လိုက်သည်။
ကျိုးဝမ်ရှူက ခုတင်ပေါ်တွင် ထိုင်နေပြီး ပတ်တီးများကြားမှ သွေးများ စိမ့်ထွက်နေသည်မှာ သိသာထင်ရှားနေသည်။ သူ့ဒဏ်ရာများ ပြန်ပွင့်သွားခဲ့ချေပြီ။
သူက တံခါးဝဆီသို့ စူးရှစွာ လှမ်းကြည့်လိုက်သော်လည်း စူးယောင်ကွမ်းကို မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲမှ လူသတ်လိုသည့် အရှိန်အဝါများ လျော့ပါးသွားခဲ့သည်။
"သူ နင့်ကို ဘာလုပ်လိုက်တာလဲ"
စူးယောင်ကွမ်းက မေးလိုက်သည်။
ကျိုးဝမ်ရှူက မျက်လွှာချလိုက်ပြီး ဖြူဖျော့နေသော သူ၏ မျက်နှာတွင် ခါးသီးသော အမူအရာတို့ ယှက်သန်းသွားသည်။
"သူက ကျွန်တော့်ကို လမ်းပိတ်နေတယ်တဲ့၊ ပြီးတော့ ကျွန်တော်က ရုပ်ရည်အတန်အသင့် ရှိနေတော့ ဈေးကောင်းရနိုင်တယ်လို့ ပြောတယ်၊ သူ ကျွန်တော့်ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားဖို့ ခေါ်သွားမယ်တဲ့”
"ဒီမှာ ခဏနားနေဦး၊ ငါ ပြန်လာရင် ပတ်တီးပြန်စည်းပေးမယ်"
စူးယောင်ကွမ်းက ပြောပြီးသည်နှင့် ချာခနဲ လှည့်ထွက်သွားသည်။
ဦးလေးဝမ်က သူမ၏ ခြင်းတောင်းကို သယ်လာပေးသည်။
သူက ဦးလေးစူးနှင့် စကားပြောနေပြီး ဦးလေးစူးက အော်ဟစ်နေသည်။
"ငါက သူ့ရဲ့ ဒုတိယဦးလေးလေ၊ သူ ယောက်ျားတစ်ယောက် ဝယ်လာတယ် ကြားလို့ လာကြည့်တာ၊ ငါက သူ ဘယ်လိုလူလဲဆိုတာ သိရအောင် တမင် စကားပြောပြီး စမ်းကြည့်လိုက်တာပါကွ၊ ကြည့်စမ်း... ဒီကောင်က တကယ်ကို သတ်ရဲဖြတ်ရဲတာပဲ၊ တကယ့် လူဆိုးလူမိုက်ပဲ ဖြစ်ရမယ်။ သွေးတွေ... သွေးတွေ အများကြီးပဲ၊ ငါတော့ မရတော့ဘူး၊ ငါ့ကို ဆေးဆရာဆီ အမြန်ပို့ပေးကြပါဦး"
စူးယောင်ကွမ်းက ဦးလေးစူး၏ လမ်းကို ပိတ်ရပ်လိုက်သည်။
"ဒုတိယဦးလေး အခု ထွက်သွားလို့ ရတယ်၊ ဒါပေမယ့် အရင်ဆုံး ရှင်းပြဖို့တော့ လိုသေးတယ်၊ ဘာလို့ ကျွန်မရဲ့ ခင်ပွန်းကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားဖို့ လုပ်ရတာလဲ"
"ဒီလို ဘယ်ကလာမှန်း မသိတဲ့လူကို နင်က ခင်ပွန်းလို့ ခေါ်နေတာလား၊ နင်ကတော့ အရှက်မရှိလိုက်တာ"
ဦးလေးစူးက သူမကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။
"နင့်အဖေ ဒီမှာ မရှိတော့ သူ့ရဲ့ ညီအရင်းဖြစ်တဲ့ ငါက ဒုတိယဦးလေးအနေနဲ့ နင့်ကို ဆုံးမရမှာပဲ"