← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇ အချင်းချင်း ရန်သူဖြစ်သွားကြခြင်း

ဘေးနားမှ ဦးလေးဝမ်က ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။

“ယောင်ကွမ်း... မင်းရဲ့ ဒုတိယဦးလေးကို အရင်ဆုံး ပတ်တီးသွားစည်းခိုင်းလိုက်ပါဦး”

စူးယောင်ကွမ်းက သူမ ဒုတိယဦးလေး ဒဏ်ရာကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။

“ဒီလောက် ဒဏ်ရာအသေးအမွှားလေးနဲ့တော့ မသေနိုင်ပါဘူး”

“နင်... ဒီကောင်မစုတ်လေး၊ ငါက မင်းရဲ့ ဒုတိယဦးလေးကွ၊ ဒါက လူကြီးမိဘကို မလေးမစား စော်ကားတာပဲ၊ လူကြီးသူမကို ရိုသေမှုမရှိတဲ့ကောင်မစုတ်”

သူမ၏ ဒုတိယဦးလေးက ဒဏ်ရာကို ဖိထားရင်း နာကျင်စွာ ညည်းတွားအော်ဟစ်နေသည်။

စူးယောင်ကွမ်းက အထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ကျိုးဝမ်ရှူ၏ ဒဏ်ရာကို ပတ်တီးပြန်စည်းပေးရန် လိုအပ်နေသည်ကို သတိပြုမိသွား၏။

“ဒုတိယဦးလေးက ဒဏ်ရာရထားတာဆိုတော့ ဒီမှာပဲ ခဏစောင့်နေလိုက်ပါ၊ ကျွန်မ သမားတော်လင်းကို သွားခေါ်ပေးမယ်”

သူမ၏ ဒုတိယဦးလေးက ခဏမျှ စဉ်းစားလိုက်သည်။

'ငါ့ကို စူးချွန်နဲ့ထိုးလိုက်တာက စူးယောင်ကွမ်းရဲ့ ယောက်ျားပဲ၊ သူကပဲ တာဝန်ယူရမှာပေါ့'

သူက ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး အော်ဟစ်လိုက်သည်။

“မြန်မြန်လုပ်စမ်း”

စူးယောင်ကွမ်းက ဦးလေးဝမ်ကို လှမ်းပြောလိုက်သည်။

“ဦးလေးဝမ်... ဒီနေ့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်၊ ဦးလေးမှာလည်း ဦးလေးရဲ့အလုပ်တွေ ရှိတာဆိုတော လုပ်စရာရှိတာ သွားလုပ်ပါ၊ ကျွန်မဘာသာပဲ အဆင်ပြေအောင် လုပ်လိုက်ပါ့မယ်”

“နင့်အမေလည်း အိမ်မှာ မရှိတဲ့ပုံပဲ၊ နင်တစ်ယောက်တည်း တကယ် အဆင်ပြေရဲ့လား”

ဦးလေးဝမ်က စိုးရိမ်တကြီးဖြင့် မေးနေသေးသည်။

“အဆင်ပြေပါတယ်ရှင့်”

စူးယောင်ကွမ်းက ပြောပြောဆိုဆိုနှင့် သမားတော်လင်းကို သွားခေါ်ရန် ပြင်လိုက်သည်။ သူမ ခြံပြင်သို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် ဘေးအိမ်မှ စူးရှောင်ဟွားက ချောင်းမြောင်းကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် လှမ်းမေးလိုက်သည်။

“အစ်မရှောင်ဟွား... ကျွန်မရဲ့အမေ အိမ်မှာ မရှိလို့၊ သူ ဘယ်သွားလဲဆိုတာ သိလားဟင်”

စူးရှောင်ဟွားသည် သူမနှင့် မတော်ဘဲ ပွယောင်းနေသည့် အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားပြီး အလွန် ပိန်လှီနေရှာသည်။ သူမက တစ်ဖက်သားနှင့် စကားပြောလျှင် ကြောက်ရွံ့တုန်လှုပ်နေတတ်ပြီး နောက်သို့ ဆုတ်ကာ ပုန်းကွယ်နေတတ်သည်။

“ဘေးရွာက... လူတစ်ယောက်က ကလေးမွေးပေးဖို့ လာခေါ်သွားတာ၊ ဒီည ပြန်မလာဖြစ်လောက်ဘူး ထင်တယ်”

သူမက ပြောပြီးသည်နှင့် စူးယောင်ကွမ်း၏ ကျေးဇူးတင်စကားကိုပင် ဆုံးအောင်နားမထောင်ဘဲ ထွက်ပြေးသွားတော့သည်။

စူးယောင်ကွမ်းလည်း ရွာလမ်းလေးအတိုင်း သမားတော်လင်း၏ အိမ်ဆီသို့ လျှောက်လာခဲ့သည်။ လမ်းတွင် ရှောင်းယန်ချီ တစ်ယောက် တောင်ပေါ်မှ ထင်းများ သယ်ကာ ပြန်ဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ ခြေလှမ်းများ တုန့်ဆိုင်းသွားရသည်။

သူမက သူမရှေ့မှ ချောမောပြေပြစ်သော အမျိုးသားကို အကဲခတ်သလို စိုက်ကြည့်နေခဲ့သည်။

သူမ၏ မှတ်ဉာဏ်ထဲမှ ထိုလူ၏ အေးစက်စက် အရှိန်အဝါက ယခုထိ ရှိနေဆဲပင်။ ထင်းများ သယ်ထားရသည့်တိုင်အောင် သူ့ကျောပြင်က မတ်မတ် ရှိနေသေးသည်။ သူ၏ မျက်ဝန်းများက အေးစက်ပြီး ကြည်လင်နေကာ ရွာထဲမှ လယ်သမားများ၊ ရွာသူရွာသားများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

'အော်... နောက်ဆုံးတော့လည်း သူက အလျှော့ပေး ဒူးထောက်တတ်သားပဲ...'

'ငါ့ရဲ့ အတိတ်ဘဝတုန်းက ဘာလို့ ဒီလောက်တောင် မိုက်မဲခဲ့ရတာလဲ... သူ့ကို ကောင်းကင်ပေါ်က လမင်းကြီးလို သတ်မှတ်ပြီး ညှိုးနွမ်းသွားမှာ စိုးလို့ ဘာတစ်ခုမှ မခိုင်းရက်ခဲ့ဘူး။ ကြည့်စမ်း... အခုတော့ သူလည်း အကောင်းအတိုင်း ရှိနေပြီး အလုပ်လုပ်နိုင်တာပဲကို'

ရှောင်းယန်ချီကလည်း စူးယောင်ကွမ်းကို မြင်သွားခဲ့သည်။ ထိုမိန်းကလေးက သူ့ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်ခဲ့သည့် ရွာသူလေးဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်သည်။

ထိုရွာသူလေးကို မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းထဲ၌ စက်ဆုပ်ရွံရှာမှုများ ဖြတ်ပြေးသွားသည်။

'တကယ့်ကို ကြမ်းတမ်းပြီး မိုက်မဲတဲ့ မိန်းမပဲ... တော်သေးတာပေါ့၊ အဲ့တုန်းက သူ ငါ့ကို မဝယ်ခဲ့လို့ပဲ၊ မဟုတ်ရင် အခြေအနေတွေက ဒီထက်မက ပိုဆိုးသွားမှာ သေချာတယ်'

စူးယောင်ကွမ်းက ရှောင်းယန်ချီ၏ ဘေးမှ အေးအေးဆေးဆေး ကျော်ဖြတ်လျှောက်လှမ်းသွားခဲ့သည်။ ရှောင်းယန်ချီက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။

စူးယောင်ကွမ်းတစ်ယောက် သမားတော်လင်းကို ခေါ်ပြီး အိမ်သို့ ပြန်ရောက်လာချိန်တွင် ခြံဝင်းထဲမှ စူးစူးဝါးဝါး အော်ဟစ်သံ နှစ်ခု ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသည်။ တစ်ခုက အဘွားစူး၏ အသံဖြစ်ပြီး နောက်တစ်ခုကတော့ ဒေါ်လေးစူး၏ အသံပင် ဖြစ်သည်။

“အဲ့ဒီ ကျိန်စာသင့်ပြီး အသုံးမကျတဲ့ ကောင်မစုတ် ဘယ်မှာလဲ၊ ဘာလို့ အခုထိ သမားတော်လင်းကို ခေါ်မလာသေးတာလဲ၊ ငါ့သားသာ တစ်ခုခုဖြစ်ရင်တော့ နင့်ကို ငါကိုယ်တိုင် သတ်ပစ်မယ်”

“ကျွန်မတို့ရဲ့ ယောင်းမကြီးကရော ဘယ်ရောက်နေတာလဲ၊ ဒါကို ဒီအတိုင်း အပြီးမခံနိုင်ဘူးနော်၊ ကျွန်မယောက်ျားက စေတနာနဲ့ သူတို့ကို လာကြည့်ပေးတာလေ၊ အဲ့ဒါကို သူတို့က ကျွန်မယောက်ျားကို ဒီလိုမျိုး လုပ်ရက်တယ်လား”

အိမ်တံခါးဝတွင်လည်း ရွာသားများစွာ ဝိုင်းအုံကြည့်ရှုနေကြပြီ ဖြစ်သည်။ စူးယောင်ကွမ်းက သမားတော်လင်းအား ခေါ်ဆောင်ပြီး ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် ရွာသားများက အထဲသို့ လှမ်းအော်ပြောလိုက်ကြသည်။

“ယောင်ကွမ်း သမားတော်လင်းကို ခေါ်လာပြီ”

အဘွားစူးနှင့် ဒေါ်လေးစူးတို့က ပြိုင်တူ လှည့်ကြည့်လာကြပြီး သူမတို့၏ မျက်လုံးများက ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်များကဲ့သို့ စူးရဲနေလေသည်။

အဘွားစူးက ချက်ချင်း ဟစ်အော်ကြိမ်းမောင်းလိုက်သည်။

“နင်... ကောင်မစုတ်လေး၊ သမားတော် ရောက်ပြီဆိုလဲ ဘာလို့ အထဲကို ခေါ်မလာသေးတာလဲ၊ နင့်ရဲ့ ဒုတိယဦးလေး သွေးလွန်ပြီး သေသွားတာကို ထိုင်စောင့်နေတာလား”

သမားတော်လင်းက သူ့၏ ဆေးသေတ္တာကို ကိုင်ကာ စူးယောင်ကွမ်း၏ အနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာသည်။ သူက ဆေးသေတ္တာကို ချပြီး ဦးလေးစူး၏ လက်မောင်းကို ပတ်တီးစည်းပေးရန် ပြင်လိုက်သော်လည်း စူးယောင်ကွမ်းက တားမြစ်လိုက်၏။ သမားတော်လင်းက မေးလာခဲ့သည်။

“ယောင်ကွမ်း... မင်း ငါ့ကို မင်းဦးလေးရဲ့ ဒဏ်ရာကို ပတ်တီးလာစည်းပေးဖို့ ခေါ်ခဲ့တာ မဟုတ်ဘူးလား”

“ပတ်တီးစည်းဖို့တော့ လိုတာပေါ့၊ ဒါပေမဲ့ မလောပါနဲ့ဦး”

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

“ဦးလေးလင်း... ခဏလောက် စောင့်ပေးပါဦး”

“ဘာကို စောင့်ရမှာလဲ”

အဘွားစူးက ဆတ်ခနဲ မတ်တတ်ထရပ်လိုက်ပြီး သူမ၏ ခြောက်သွေ့တွန့်လိမ်နေသော လက်ကြီးဖြင့် စူးယောင်ကွမ်း၏ လက်မောင်းကို လှမ်းဆွဲရန် လက်ဆန့်လိုက်သည်။

စူးယောင်ကွမ်းက ယခင်ဘဝကကဲ့သို့ မိုက်မဲစွာဖြင့် ငြိမ်ခံမနေတော့ဘဲ ဘေးသို့ အသာရှောင်တိမ်းလိုက်၏။

“မလောပါနဲ့၊ ကျွန်မ လူတစ်ယောက်ကို စောင့်နေတာ၊ သူ ရောက်လာမှပဲ ဒဏ်ရာကို စည်းပေးလို့ရမယ်”

“ဘယ်သူ့ကို စောင့်တာလဲ၊ သမားတော်လင်းတောင် ရောက်နေပြီဟာကို၊ နင်က ဘယ်သူ့ကို စောင့်နေဦးမှာလဲ”

ဒေါ်လေးစူးကပါ ဆဲဆိုငေါက်ငမ်းလိုက်သည်။

“နင်က နင့်ဦးလေး ဒီမှာ ဒုက္ခရောက်ပြီး နာကျင်နေတာကို တမင်တကာ ထိုင်ကြည့်နေတာပဲ ဖြစ်ရမယ်”

“ဘာတွေဖြစ်နေကြတာလဲ”

ရွာသူကြီးက အိမ်ထဲသို့ လှမ်းဝင်လာရင်း တစ်ဆက်တည်း မေးလိုက်သည်။

“ရွာသူကြီး ရောက်လာပြီဟေ့”

အပြင်ဘက်ရှိ ရွာသားများက အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

စူးမိသားစုဝင်များကလည်း စူးယောင်ကွမ်း စောင့်နေသည့်လူက ရွာသူကြီး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ စူးယောင်ကွမ်းက ဖျတ်လတ်သော အမူအရာဖြင့် ဝုန်းခနဲ ဒူးထောက်ချလိုက်သည်။ သူမ၏ ခေါင်းမာလှသော မျက်နှာငယ်လေးကို မော့လျက် နာကျည်းမှုများ အကြီးအကျယ် ခံစားရသော်လည်း အစွမ်းကုန် အောင့်အည်းသည်းခံနေရသည့်အလား သူမ၏ မျက်ဝန်းအိမ်များတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။

“ဦးလေးရွာသူကြီး... ကျွန်မတို့အတွက် တရားမျှတအောင် ဆုံးဖြတ်ပေးပါဦးရှင်”

ရွာသူကြီးက မျက်မှောင်ကုတ်လိုက်သည်။

“ဘာကိစ္စမလို့လဲ”

“ဦးလေးရွာသူကြီးလည်း ကျွန်မတို့ မိသားစုရဲ့ အခြေအနေကို ကြားဖူးမှာပါ၊ ကျွန်မရဲ့ အဖေနဲ့ အမေ လက်ထပ်တဲ့နှစ်တုန်းက နန်းတွင်းကနေ စစ်သားအသစ်တွေ စုဆောင်းခဲ့တယ်၊ ဥပဒေအရဆိုရင် အိမ်ထောင်အသစ်ကျပြီးစ လူတွေကို စစ်ထဲမခေါ်ရပေမယ့် ကျွန်မအဘွားက ဒုတိယဦးလေး ဒုက္ခရောက်မှာကို မကြည့်ရက်လို့ ကျွန်မအဖေကို ဒုတိယဦးလေးကိုယ်စား စစ်မြေပြင်ကို အတင်းအကျပ် သွားခိုင်းခဲ့တယ်၊ အဖေက သွားပြီးကတည်းက ပြန်မလာနိုင်တော့ဘူး၊ ကျွန်မက အဖေ့ရဲ့ တစ်ဦးတည်းသော သွေးသားပါ၊ အမှန်ဆိုရင် အဖေ့ရဲ့ မျက်နှာကို ထောက်ပြီး မုဆိုးမနဲ့ မိဘမဲ့ကလေး ဖြစ်နေတဲ့ ကျွန်မတို့ သားအမိကို သူတို့ ကောင်းကောင်း စောင့်ရှောက်ပေးသင့်တာပေါ့၊ ဒါပေမဲ့ ဒီနှစ်တွေ အကြာကြီးမှာ.... သူတို့က အရင်ဆုံး ကျွန်မတို့ လယ်မြေတွေကို သိမ်းခဲ့တယ်၊ ပြီးတော့ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ခိုးတယ်၊ နောက်ဆုံး အမေ့ကို မိဘအပေါ် သိတတ်ရမယ်ဆိုပြီး ငွေတွေကိုပါ အတင်းအကျပ် တောင်းကြသေးတယ်၊ ဒါတွေက ထားပါတော့... အတိတ်က ကိစ္စအသေးအဖွဲလေးတွေမလို့ ကျွန်မ ဒီနေ့ ဦးလေးရွာသူကြီးကို အိမ်အထိ လာခိုင်းပြီး အရေးဆိုနေမှာ မဟုတ်ပါဘူး၊ ကျွန်မ အသက်အရွယ် ရောက်လာတော့ အဘွားက ကျွန်မကို ဒေါ်လေးရဲ့ စိတ်မမှန်တဲ့ အရူးသားနဲ့ ပေးစားဖို့ လုပ်တယ်၊ အဲ့ဒီလူက သူ့ကိုယ်သူတောင် မပြုစုနိုင်တဲ့လူလေ၊ အမေက သမီးဖြစ်သူကို အဲ့လိုနေရာမျိုးဆီ မပို့ရက်လို့ပဲ ရှိသမျှ ပိုက်ဆံလေးကို စုဆောင်းပြီး အိမ်ပါသမက်တစ်ယောက် ဝယ်ပေးခဲ့တာပါ၊ ဒီနေ့ အမေနဲ့ ကျွန်မ တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်သွားကြတော့ အိမ်မှာ အားနည်းနေတဲ့ ကျွန်မရဲ့ ခင်ပွန်းတစ်ယောက်တည်း ကျန်ခဲ့တယ်၊ အဲ့ဒါကို ဒုတိယဦးလေးက သူ့ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားဖို့အထိ လုပ်ရက်တယ်၊ ဦးလေးရွာသူကြီး... ကျွန်မတို့ကို တရားမျှတမှု ရှိအောင် ကယ်တင်ပေးပါဦးရှင်”

"သူပြောတာတွေက အမှန်ပဲလား"

ရွာသူကြီးက အဘွားစူးနှင့် အခြားသူများကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း မေးလိုက်သည်။

"ရွာသူကြီး... အဲ့လို မဟုတ်ရပါဘူး၊ ကျွန်တော်က ဒီကောင်မလေးကို စိတ်ပူလို့၊ သူ ဝယ်လာတဲ့ ယောက်ျားက ဘယ်လိုလူစားလဲ သိရအောင် လာကြည့်ပြီး စမ်းသပ်ရုံတင်ပါ၊ အဲ့ဒါကို ဒီကောင်က ကျွန်တော်ကို သတ်ဖို့အထိ ကြိုးစားခဲ့တာပါ"

ဦးလေးစူးက သူ့ဒဏ်ရာကို လက်ညှိုးထိုးပြရင်း သူ၏အပြစ်ကင်းစင်မှုကို အော်ဟစ်သက်သေထူနေသည်။

"ကြည့်ကြပါဦး... ဒါက သက်သေပါ"

အဘွားစူးက သူမ၏ပေါင်ကို တဖြန်းဖြန်းရိုက်ကာ ငိုကြွေးလေနေသည်။

"ငါ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ၊ ငါက သူ့အကျိုးအတွက်ပဲ တွေးပေးခဲ့တာလေ၊ သူကတော့ ဒီအဘွားအိုကို ဒီလို မဟုတ်မမှန် စွပ်စွဲရက်တယ်"

ဒေါ်လေးစူးကလည်း သူမ၏မျက်ရည်များကို သုတ်ရင်း ‌ရေရွတ်နေရှာသည်။

"ကျွန်မတို့ရဲ့ အကြီးဆုံးခဲအို မရှိကတည်းက ကျွန်မတို့က ဒီမုဆိုးမသားအမိကို သနားလို့ စောင့်ရှောက်ပေးခဲ့ကြတာပါ၊ သူတို့အိမ်ပါသမက်အဖြစ် ဝယ်လာတဲ့လူက ဘယ်လိုလူလဲဆိုတာ စိတ်ပူလို့ လာကြည့်ပေးရုံတင်ပါ၊ တကယ်လို့ သူက လူကောင်းဆိုရင် ဘာလို့ လူသတ်ဖို့အထိ လုပ်မှာလဲ၊ ဒီလူက လုံးဝကို လူကောင်းမဟုတ်ဘူး၊ ရာဇဝတ်ကောင်လည်း ဖြစ်နိုင်တယ်။ ရွာသူကြီး... စဉ်းစားကြည့်ပါဦး၊ ကျွန်မတို့ရွာက ရိုးသားတဲ့သူတွေချည်းပဲလေ၊ ရုတ်တရက်ကြီး လူသတ်သမားတစ်ယောက် ရောက်နေမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ"

ဒုန်း.....

ထိုအခိုက်အတန့်တွင် ထင်းတဲရှိရာဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေကာ စည်းထားသည့် ပတ်တီးများတွင်လည်း သွေးများပြန်စိုရွှဲနေသော ကောင်လေးတစ်ယောက် ယိုင်နဲ့စွာ မတ်တတ်ရပ်နေသည်ကို မြင်လိုက်ကြရသည်။

သူက ဖြူဖျော့နေပြီး အားကိုးရာမဲ့နေသော မျက်နှာလေးဖြင့် မြေပြင်ပေါ်သို့ တအိအိ ပြန်လဲကျသွားသည်။

"မဟုတ်ပါဘူး... သူက ကျွန်တော့်ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားဖို့ လုပ်ခဲ့တာပါ၊ ကျွန်တော် ကြောက်ပြီး သူ့ကို တွန်းလိုက်မိတာပါ၊ သူ မြေပြင်ပေါ်လဲကျသွားတော့ အဲ့ဒီသံပြားက စိုက်ဝင်သွားတာ... ကျွန်တော် သူ့ကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် မလုပ်ခဲ့ပါဘူး"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တွဲထူရန် အမြန်လျှောက်သွားလိုက်သည်။

ကျိုးဝမ်ရှူက သူ၏နုနယ်ပြီး သနားစဖွယ်ကောင်းသော မျက်နှာလေးဖြင့် မော့ကြည့်လာသည်။ သူ၏မျက်ဝန်းအိမ်များ နီရဲနေပြီး မျက်လုံးထောင့်စွန်းမှ မှဲ့နီလေးက သူ ခံစားနေရသည့် မတရားမှုကို တိုင်တည်နေသော သွေးမျက်ရည်တစ်စက်ကဲ့သို့ ဖြစ်နေလေသည်။

All Chapters