အခန်း ၈
Vol. 1 Ch. 8
အခန်း ၈ သနားစဖွယ်ကောင်လေး
ကျိုးဝမ်ရှူ၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် ရွာသားများ အံ့ဩတုန်လှုပ်ကာ အသက်ရှူမှားသွားကြရသည်။
ထိုကောင်လေး၏ ချောမောလှပသော မျက်နှာထက်တွင် ခေါင်းမာမှု၊ နာကျည်းမှုနှင့် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များ ယှက်သန်းနေသည်။ သူက အလွန် နုနယ်အားနည်းနေပုံရပြီး တစ်စစီ ကြေမွပျက်စီးတော့မည့်အတိုင်း အကာအကွယ်မဲ့နေခဲ့၏။
ဤမျှပြင်းထန်သော ဒဏ်ရာများ ရထားသည့် ကောင်လေးတစ်ယောက်က သားသတ်သမားလက်ထဲမှ သိုးသူငယ်လေးတစ်ကောင်နှင့် ထပ်တူကြနေသည်။ လူကြီးတစ်ယောက် မဆိုထားနှင့် ကလေးတစ်ယောက်ကပင် သူ၏ ကံကြမ္မာကို အလွယ်တကူ ဆုံးဖြတ်နိုင်လောက်သည်။
ကျိုးဝမ်ရှူ၏ အခြေအနေကို မြင်လိုက်ရသည်နှင့် ရွာသူကြီးက ဦးလေးစူးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အော်မေးလိုက်သည်။
"ဒါက မင်းတူမ အိမ်ပါသမက်အဖြစ် ဝယ်လာတဲ့သူလေ၊ သူ့ကံကြမ္မာကို ဆုံးဖြတ်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ၊ သူ့ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားမယ်လို့ ပြောတာကတော့ တကယ်ကို ရက်စက်လွန်းရာကျတယ်။ ဒီကလေးက ဒုက္ခတွေ အများကြီး ခံစားခဲ့ရပြီးမှ လွတ်မြောက်လာတာကွ။ မင်းက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"
"ရွာသူကြီး... မဟုတ်ရပါဘူး၊ ဒီကောင် လိမ်နေတာ။ သူ ကျွန်တော့်ကို ဓားနဲ့ထိုးတာ တကယ်ပါ။ ကျွန်တော်ဘာသာ လဲကျတာ မဟုတ်ပါဘူး"
ဦးလေးစူးက သူ့ဒဏ်ရာမှ တဆစ်ဆစ် နာကျင်မှုကို အောင့်အည်းည်းခံရင်း အလောတကြီး ရှင်းပြနေသည်။
ကောင်လေးက လက်ကို ဆန့်ထုတ်ကာ မျက်လုံးထောင့်စွန်းမှ မျက်ရည်တစ်စက်ကို သုတ်လိုက်သည်။
သူ လက်မြှောက်လိုက်သည့်အချိန်တွင် ဖူးရောင်နေသော လက်ကောက်ဝတ်လေး ပေါ်လာခဲ့ပြန်သည်။
"ရွာသူကြီးဦးလေး... ကြည့်ပါဦး၊ ဒါက သူ ကျွန်မယောက်ျားအပေါ် လုပ်ခဲ့တဲ့ ဒဏ်ရာသက်သေပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ကောက်ဝတ်မှ ကြိုးချည်နှောင်ခံရသောကြောင့် ဖြစ်လာသည့်အရာများကို ညွှန်ပြရင်း ပြောလိုက်သည်။
ကျိုးဝမ်ရှူကတော့ ဖူးရောင်နေသော သူ့လက်ကောက်ဝတ်ကို ပြန်ဖုံးကွယ်ရန် သူ့အင်္ကျီလက်စကို အမြန် ပြန်ဆွဲချလိုက်သည်။
"ဒါ ဦးလေးရဲ့ အမှား မဟုတ်ပါဘူး။ ကျွန်တော်က မရုန်းကန်ခဲ့သင့်တာပါ။ အကူအညီလည်း မတောင်းခဲ့သင့်သလို၊ ထွက်ပြေးဖို့လည်း မကြိုးစားခဲ့သင့်ဘူး"
"ဒါပေမဲ့ ကျွန်တော်က ယောင်ကွမ်းရဲ့လူ ဖြစ်နေပြီလေ။ သူ ကျွန်တော့်ကို ရောင်းစားချင်တယ်ဆိုရင်တောင် ယောင်ကွမ်း ပြန်လာတာကို စောင့်ရမှာပေါ့။ ကျွန်တော် ဒါကို ဒီအတိုင်း မကျေနပ်နိုင်လို့ပါ။ ဒုက္ခပေးတဲ့ ဒီမျက်နှာကြောင့်ပဲ လူတွေက ကျွန်တော့်ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းဖို့ လုပ်ခဲ့ကြတယ်။ နောက်ဆုံး ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ လူကုန်ကူးသူတွေနဲ့ပဲ ပြန်ဆုံခဲ့ရတယ်။ ကျွန်တော့်ဘဝ ပြီးသွားပြီလို့ ထင်ခဲ့တာ... ဒါပေမဲ့ ယောင်ကွမ်းက ကျွန်တော့်ကို ဝယ်လာခဲ့တယ်။ ကျွန်တော့်ဒဏ်ရာတွေ ပျောက်သွားတာနဲ့ ယောင်ကွမ်း ခိုင်းသမျှအကုန် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အိမ်က အညစ်အကြေးတွေ သိမ်းတာကအစ ပင်ပန်းတဲ့အလုပ်မှန်သမျှ အကုန်လုပ်ပေးမှာပါ။ သူ့ကို ဘယ်တော့မှ ဒုက္ခမရောက်စေရပါဘူး"
စူးယောင်ကွမ်း ဘာမှမပြောရသေးခင်မှာပင် တံခါးဝဆီမှ ရှိုက်ကြီးတငင် ငိုသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စူးယောင်ကွမ်း လှည့်ကြည့်လိုက်ရာ အကဲခတ်နေကြသည့် ရွာသားများအားလုံး မျက်ရည်များကိုယ်စီ သုတ်နေကြသည်ကို မြင်လိုက်ရသည်။
"သူ လိမ်နေတာ"
ဦးလေးစူးက အော်ဟစ်လိုက်သည်။
"ရွာသူကြီး... ဒီကောင်က တစ်ခုခု မှားနေတယ်။ စောစောက သူ့ပုံစံက ဒီလိုမျိုး မဟုတ်ဘူး။ သူ ကျွန်တော်ကို ဓားနဲ့ ထိုးတုန်းက..."
"ဦးလေး... သူ့ကို မဟုတ်မမှန် စွပ်စွဲမနေပါနဲ့တော့။ သူက ဒီလိုအခြေအနေမျိုးနဲ့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး၊ ပန်းကန်တစ်လုံးတောင် မ မနိုင်တဲ့သူက ဦးလေးကို ဘယ်လိုလုပ် ဓားနဲ့ထိုးနိုင်မှာလဲ"
စူးယောင်ကွမ်းက ဒေါသတကြီး ဝင်ပြောလိုက်သည်။
"ယောင်ကွမ်း... ကျွန်တော်ကြောင့် မင်း အခက်တွေ့နေရပြီ"
ကျိုးဝမ်ရှူက နီရဲဖူးရောင်နေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ တောင်းပန်နေရှာသည်။
"ကျွန်တော့်ကို ပြန်မရောင်းပါနဲ့နော်။ ကျွန်တော် အခကြေးငွေမယူဘဲ အစေခံအဖြစ် နာနာနာခံခံ နေပေးပါ့မယ်"
"နင့်ကို မရောင်းဘူး၊ မကြောက်နဲ့"
စူးယောင်ကွမ်းက သမားတော်လင်းကို ကြည့်ကာ တောင်းပန်လိုက်သည်။
"ဦးလေးလင်း... သူ့ကို ပတ်တီးလေး ပြန်စည်းပေးပါဦးရှင်"
သမားတော်လင်းကလည်း ညင်ညင်သာသာ သက်ပြင်းချရင်း ညည်းညူလိုက်သည်။
"ဒီကောင်လေးရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်လွန်းတယ်။ သူ့ကို ထပ်ပြီး နှိပ်စက်လို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် နတ်ဘုရား ဆင်းလာတာတောင် သူ့အသက်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး"
သမားတော်လင်း၏ စကားက ကျိုးဝမ်ရှူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ မည်သူ့ကိုမျှ ပြင်းထန်သော ဒဏ်ရာ မပေးနိုင်ကြောင်း ရွာသူကြီးအတွက် သက်သေ ဖြစ်သွားခဲ့သည်။
ရွာသူကြီးက ဦးလေးစူး၏ ဆင်ခြေများကို ဆက်နားမထောင်တော့ဘဲ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ချမှတ်လိုက်သည်။
"စူးအာ့ရှစ်... မင်းက ရည်ရွယ်ချက်ရှိရှိနဲ့ လူကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ဆေးကုသစရိတ်ကို မင်းပေးရမယ်။ ပြီးတော့ သူ အနားယူပြီး ခွန်အားဖြည့်နိုင်ဖို့အတွက် ကြေးပြားတစ်ရာလည်း လျော်ကြေးပေးရမယ်။ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင်တော့ စည်းကမ်းအတိုင်း ပြတ်ပြတ်သားသား အရေးယူမယ်။ ဒီတစ်ကြိမ်တော့ မှားယွင်းမှုလို့ သတ်မှတ်ပြီး သတိပေးရုံနဲ့ပဲ မင်းကို လွှတ်ပေးလိုက်မယ်"
"ရွာသူကြီး... ကျွန်တော်လည်း ဒဏ်ရာရထားတာလေ၊ ပြီးတော့ သူက..."
"အဲ့ဒါက မင်းကိုယ်ပိုင်လုပ်ခဲ့တဲ့ အပြစ်ပဲ"
ရွာသူကြီးက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မင်းရဲ့အစ်ကိုက မင်းကိုယ်စား စစ်ထဲဝင်ပေးခဲ့လို့ သူ့ရဲ့မုဆိုးမဇနီးနဲ့ သမီးလည်း ဒုက္ခရောက်ခဲ့ရတယ်၊ မင်းမှာသာ အသိတရား နည်းနည်းရှိရင် မင်းရဲ့မုဆိုးမရီးနဲ့ တူမအပေါ် ဒီလိုမျိုး နိုင်ထက်စီးနင်း အနိုင်ကျင့်ရက်မှာ မဟုတ်ဘူး"
စူးယောင်ကွမ်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဝင်ပြောလိုက်သည်။
"ကျွန်မတို့အတွက် တရားမျှတမှု ရှာပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေးရွာသူကြီး"
အဘွားစူးနှင့် ဒေါ်လေးစူးတို့လည်း မကျေမနပ်ဖြစ်နေကြသည့်တိုင် ကောင်လေး၏ဒဏ်ရာက ပြင်းထန်လွန်းလှသဖြင့် သူတို့ကိုယ်တိုင် ဦးလေးစူး၏စကားကို သံသယဝင်လာကြပြီး ဆက်ငြင်းခုံရန် သတ္တိမရှိကြတော့ပေ။
ဦးလေးစူးကတော့ သူ့ပုခုံးပေါ်ရှိ သံပြားဒဏ်ရာကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး နာကျင်စွာ အော်ဟစ်နေသည်။
"သမားတော်လင်း... ကျွန်တော်ရဲ့ ဒဏ်ရာကို အရင်ကုပေးပါဦး"
"ဒီကောင်လေးရဲ့ ဒဏ်ရာက ပိုပြင်းထန်တယ်။ သူ့ကို အရင် ပတ်တီးစည်းပေးရမယ်။ မင်းကတော့ ဒါတွေလုပ်နေတုန်း ကုသစရိတ်နဲ့ ယောင်ကွမ်းကို ပေးဖို့ရှိတဲ့ ကြေးပြားတစ်ရာကို အရင် ပေးချေလိုက်ဦး"
ရွာသူကြီးက ထိုနေရာတွင် ရှိနေဆဲဖြစ်သောကြောင့် ဦးလေးစူးလည်း စိတ်ထဲတွင် မည်မျှ နာကျည်းမုန်းတီးနေပါစေ အောင့်အည်းသည်းခံရုံမှတစ်ပါး ဘာမျှမတတ်နိုင်တော့ပေ။ ယနေ့တွင် သူ အသံကုန် အော်ဟစ်နေလျှင်တောင်မှ မည်သူမျှ သူ့ကို ယုံကြည်ကြတာ့မည်မဟုတ်ချေ။
သူက ဒေါသကို မျိုသိပ်ရင်း စူးယောင်ကွမ်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
"မင်းတို့အားလုံး ဘာရပ်ကြည့်နေကြတာလဲ။ ငွေပေးလိုက်လေ"
ရွာသူကြီးက ပြောလိုက်၏။
ဦးလေးစူးက ဒေါ်လေးစူးကို အော်ဟစ်လိုက်သည်။
"သူ့ကို ငွေပေးလိုက်စမ်း"
သမားတော်လင်းက ဝင်ပြောလိုက်သည်။
"သူ့ရဲ့ ကုသစရိတ်က ကြေးပြားသုံးဆယ်၊ ပတ်တီးစည်းတဲ့ဆေးက ကြေးပြားနှစ်ဆယ် ကျသင့်တယ်။ ပြီးတော့ နောက်ပိုင်းမှာလည်း ပတ်တီးတွေ၊ ဆေးတွေ ထပ်လိုဦးမယ်။ အားလုံးပေါင်း ကြေးပြားတစ်ရာ လိုတယ်"
ဒေါ်လေးစူးတစ်ယောက် အလွန်ဒေါသထွက်နေသော်လည်း ငွေပေးရန် ထွက်လာရတော့သည်။
ရွာသူကြီးက ဒေါ်လေးစူးက စူးယောင်ကွမ်းနှင့် သမားတော်လင်းတို့ထံ ငွေပေးနေသည်ကို စောင့်ကြည့်ပြီးနောက် အကြံပြုစကား အနည်းငယ် ထပ်ပြောကာ ပြန်ထွက်ခွာသွားခဲ့သည်။
သမားတော်လင်းက ကျိုးဝမ်ရှူကို အခန်းထဲသို့ တွဲခေါ်သွားကာ ပတ်တီးစည်းပေးပြီးနောက် ဦးလေးစူးကို ပတ်တီးစည်းပေးရန် အပြင်သို့ ပြန်ထွက်လာခဲ့သည်။
သူက ဦးလေးစူးကို ပတ်တီးစည်းပေးရာတွင် အကြင်နာတရား ကင်းမဲ့နေပြီး ဒဏ်ရာထဲမှ သံပြားစုတ်ကို အားကုန်သုံးပြီး ဆွဲနှုတ်လိုက်သည်။ ဦးလေးစူးလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ရ၏။
"အား..."
သံပြားစုတ်ကို ဆွဲနှုတ်ပြီးနောက် သမားတော်လင်းက ဒဏ်ရာပေါ်သို့ ဆေးမှုန့်တချို့ ဖြူးပေးလိုက်သည်။
"နာတယ်... အား... အရမ်းနာတာပဲ..."
"နာမှ ဒဏ်ရာအတွက် ကောင်းမှာပေါ့။ နောက်တစ်ခါ လူတွေကို နိုင်ထက်စီးနင်း ထပ်မလုပ်နဲ့တော့"
သမားတော်လင်းက အေးစက်စွာ ပြောလိုက်သည်။
"အဲ့လိုမှမဟုတ်ရင် မင်း ငါ့ကို ငွေတွေ ဘယ်လောက်ပဲ ပေးပေး၊ မင်းရဲ့ဒဏ်ရာကို ငါ ကုပေးမှာ မဟုတ်တော့ဘူး"
ဦးလေးစူးတစ်ယောက် ရင်ဖွင့်စရာ လူမရှိတော့ပေ။
‘ငါ လိမ်ညာနေတာ မဟုတ်ပါဘူးကွာ၊ အဲ့ကောင်လေးက တကယ်ကို အပြစ်ကင်းစင်တဲ့သူ မဟုတ်ဘူးကွ’
သို့သော် သူ မည်မျှပင် ပြောဆိုနေပါစေ မည်သူမျှ ယုံကြည်ကြမည် မဟုတ်တော့ပေ။ လူတိုင်းက ထိုကောင်လေးကိုသာ သနားစဖွယ် သားကောင်အဖြစ် သနားကြည့် ကြည့်နေကြပြီး ထိုလူများထဲတွင် သူ၏မိခင်နှင့် ဇနီးပင် ပါဝင်နေသည်။
"အခု ထွက်သွားကြပါတော့"
စူးယောင်ကွမ်းက အိမ်ဝင်းထဲမှ လူများကို နှင်ထုတ်လိုက်သည်။
အဘွားစူးတစ်ယောက် ခါးထောက်လျက် ကျိန်ဆဲရန် ပြင်လိုက်စဉ်မှာပင် စူးယောင်ကွမ်းက စူးရှသောအသံဖြင့် အော်ဟစ်လိုက်၏။
"အဖွား... ဦးလေးရွာသူကြီးက သိပ်မဝေးသေးဘူးနော်၊ အခုကိုပဲ ကျွန်မကို ရိုက်ဖို့ ကြိုးစားနေတာလား"
"နင်.....နင် အသုံးမဝင်တဲ့ မိန်းမယုတ်လေး"
အဘွားစူးက ဒေါသတကြီး ဆဲရေးလိုက်သည်။
"အမေ... သွားကြရအောင်"
ဒေါ်လေးစူးက အဘွားစူး၏ လက်မောင်းကို ဆွဲလိုက်ရင်း ဖျောင်းဖျနေသည်။
"ကလေးတွေ အဖေလည်း ဒဏ်ရာရထားတာဆိုတော့ ဒီနေ့အတွက် ပြဿနာမရှာဘဲ နေကြရအောင်။ နောက်နေ့မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
အဘွားစူးနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် သမားတော်လင်းကလည်း နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ စူးယောင်ကွမ်းက အိမ်ဝင်းတံခါးကို ချက်ချင်း ပိတ်လိုက်သည်။
ထို့နောက် စူးယောင်ကွမ်းက ထင်းတဲဆီသို့ လျောက်လာခဲ့သည်။
"ငါ ဟင်းချက်တော့မယ်။ တစ်ခုခုလိုရင် အကျယ်ကြီး အော်ခေါ်လိုက်နော်"
"စောစောက ကျွန်တော် လိမ်ပြောခဲ့တာပါ"
ကျိုးဝမ်ရှူက နံရံကို မှီထားရင်း အားနည်းသောအသံဖြင့် လှမ်းပြောနေသည်။
"သူ့ပုခုံးပေါ်က သံပြားက ကျွန်တော် လုပ်လိုက်တာ"
စူးယောင်ကွမ်းက မျက်မှောင်ကုတ်လိုက်ရင်း ပြန်ပြောလိုက်သ်ည။
"ငါ ရိပ်မိပါတယ်။ ဒါပေမဲ့ သူက နင့်ကို အရင် လာပြီးရန်စတာလေ၊ နင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လုပ်ခဲ့တာဆိုတော့ ငါ နားလည်ပေးနိုင်ပါတယ်"
"သူ ကျွန်တော့်ကို ပြည့်တန်ဆာအိမ်ဆီ ရောင်းစားဖို့ လုပ်ခဲ့တာကတော့ အမှန်ပါ။ သူ ကျွန်တော့်ကို အတင်းဆွဲခေါ်သွားဖို့ ကြိုးစားတော့ နာလွန်းလို့ ရုန်းကန်ရင်းနဲ့ အမှတ်မထင် သံပြားကို လှမ်းဆွဲလိုက်မိတာ၊ အဲ့ဒါနဲ့ပဲ သူ့ကို စိုက်မိသွားတာပါ"
"ရပါတယ်၊ မကြောက်ပါနဲ့"
ကျိုးဝမ်ရှူက ခါးသီးဟန်ဖြင့် ပြောလိုက်သည်။
"သူ မှားနေတာ။ ကျွန်တော်က လူသတ်သမားမဟုတ်သလို ဘာအမှားမှလည်း မလုပ်ခဲ့ဘူး။ အစ်မက ကျွန်တော့်ကို လင်ယောက်ျားအဖြစ် လိုချင်တယ်လို့ ပြောခဲ့တာ တကယ်ပဲလား"
စူးယောင်ကွမ်း : "..."
ရှောင်းယန်ချီကဲ့သို့ ကျေးဇူးကန်းတတ်သူမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသဖြင့် ယခုအချိန်တွင် သူမအနေဖြင့် လင်ယောက်ျားတစ်ယောက်ကို ဖြစ်သလို မရွေးချယ်ချင်တော့ပေ။
"နင်လည်း ငါ့အခြေအနေကို သိမှာပါ။ ငါ့အဖွားက ငါ့ကို ဉာဏ်ရည်မမှီတဲ့လူတစ်ယောက်နဲ့ ပေးစားဖို့ လုပ်နေတာလေ၊ အဲ့ဒါကို ငါ ဘယ်လိုမှ သဘောမတူနိုင်ဘူး။ သူတို့ပါးစပ်ပိတ်သွားအောင်လို့သာ နင့်ကို ငါ ဝယ်ခဲ့တာ။ စိတ်မပူပါနဲ့၊ နင့်ဒဏ်ရာတွေ ပျောက်ကင်းသွားလို့ သွားစရာနေရာရှိရင် အချိန်မရွေး ထွက်သွားနိုင်တယ်။ နင် မလုပ်ချင်တဲ့အရာကို ငါ အတင်းအကျပ် မခိုင်းပါဘူး။ တကယ်လို့ သွားစရာနေရာ မရှိဘူးဆိုရင်လည်း ငါတို့တွေ မောင်နှမတွေအဖြစ် ဆက်နေကြတာပေါ့"
ကျိုးဝမ်ရှူက မျက်နှာလေး ရဲတက်လာရင်း ပြောပြနေသည်။
"စောစောက ကျွန်တော်ပြောခဲ့တာတွေက အမှန်တွေပါ၊ ကျွန်တော့်မှာ သွားစရာနေရာ မရှိပါဘူး။ အစ်မဘက်က စိတ်မရှိရင် ကျွန်တော် သဘောတူပါတယ်"
"ဘာကို သဘောတူတာလဲ"
"ဒီမှာပဲ နေဖို့လေ၊ လင်မယားပဲဖြစ်ဖြစ်၊ မောင်နှမပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးမဆို ကျွန်တော် လက်ခံနိုင်ပါတယ်"
"အင်း..."
စူးယောင်ကွမ်းတစ်ယောက် အနည်းငယ် အနေရခက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"နင်က ငယ်သေးတယ်၊ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ နင် သွားစရာနေရာ မရှိရင်တော့ လောလောဆယ် ဒီမှာ နေလို့ရတယ်။ ငါ ဟင်းသွားချက်လိုက်ဦးမယ်"