အခန်း ၉
Vol. 1 Ch. 9
အခန်း ၉ နောက်၌ ကျန်နေခဲ့ခြင်း
စူးယောင်ကွမ်း အပြင်သို့ လှမ်းထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျိုးဝမ်ရှူ၏ မျက်နှာပေါ်ရှိ ရှက်ရွံ့ထိတ်လန့်မှုအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။
'ဒီမိန်းမ ပြောပုံဆိုပုံကတော့ နားထောင်လို့ကောင်းသားပဲ၊ ဒါပေမဲ့ သူမက တကယ်ပဲ စိတ်ကောင်းရှိတာလား၊ ဒါမှမဟုတ် ငါ့ကို ယာယီချော့မော့ဖို့ ကြိုးစားနေတာလားဆိုတာတော့ မသေချာဘူး'
‘ဘာပဲဖြစ်ဖြစ် သေချာတဲ့ အချက်တစ်ချက်ကတော့ သူမက သာမန်ရွာသူလေးတစ်ယောက်ပဲ’
'ငါ့ဒဏ်ရာတွေ ပျောက်ကင်းသွားတာနဲ့ ဒီလိုအားနွဲ့တဲ့ မိန်းမမျိုးကို ကြောက်နေစရာ အကြောင်းမရှိတော့ဘူး'
ကျန်းကျောက်တိကလည်း အိမ်တွင်မရှိသလို စူးယောင်ကွမ်းကိုယ်တိုင်ကလည်း ရှုပ်ရှုပ်ထွေးထွေး ညစာကို မပြင်ဆင်ချင်သဖြင့် အိမ်သန့်ရှင်းရေး လုပ်ရင်း နံရိုးခေါက်ဆွဲလုပ်ရန်အတွက် ဝက်နံရိုးအနည်းငယ်ကို ပြုတ်ထားလိုက်သည်။
သူမက မွှေးကြိုင်လှသော နံရိုးခေါက်ဆွဲပန်းကန်ကို ကိုင်ဆောင်ကာ ထင်းရုံဆီသို့ လျှောက်လှမ်းလာပြန်သည်။
မျက်လုံးမှိတ် အနားယူနေသည့် ကျိုးဝမ်ရှူက ဟင်းနံ့မွှေးမွှေးကို ရသွားပြီး သူ့ဝမ်းဗိုက်ထဲမှ တဂွီဂွီနှင့် မြည်သံများ ထွက်လာတော့သည်။ သူက ဖြည်းညင်းစွာ ထထိုင်လိုက်ပြီး သူမ ကမ်းပေးလာသည့် ခေါက်ဆွဲပန်းကန်ကို လှမ်းယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ယောင်ကွမ်း"
ကျိုးဝမ်ရှူက ပြောလိုက်သည်။
စူးယောင်ကွမ်းက လက်ကာပြရင်း ပြန်ပြောလိုက်သည်။
"ရပါတယ်၊ အေးအေးဆေးဆေး စားပါ၊ တကယ်လို့ ဗိုက်မဝသေးရင် နောက်ထပ် ရှိသေးတယ်နော်"
"ဒီလောက်ဆို ရပါပြီ။ ကျွန်တော့်တစ်သက်မှာ ဒီလောက်အရသာရှိတဲ့ အစားအစာမျိုး တစ်ခါမှ မစားဖူးဘူး"
စူးယောင်ကွမ်း ရင်ထဲတွင် အတိုင်းထက်အလွန် ကျေနပ်ပီတိဖြစ်သွားရသည်။
'ဟုတ်တယ်၊ အသက်သခင်ကျေးဇူးရှင်အပေါ် ထားရမယ့် အမူအရာက ဒီလိုမျိုးဖြစ်နေရမှာ'
ကျိုးဝမ်ရှူအတွက် ခေါက်ဆွဲပန်းကန်ကို ပို့ပေးပြီးနောက် စူးယောင်ကွမ်းက သူမ၏ဝေစုကို စားသောက်ရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
ယခု သူမ အသက်ဆယ့်ငါးနှစ်အရွယ်သို့ ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုစဉ်က သူမနှင့် သူမ၏မိခင်တို့ အလွန်အမင်း ချွေတာခဲ့ကြရပြီး ခြောက်လခန့်အထိ အသားဟင်းဟူ၍ မမြည်းစမ်းခဲ့ရပေ။ သူမ၏ ယခင်ဘဝတွင် ယခုကဲ့သို့အချိန်၌ သူမ မိသားစုပိုင်ငွေအားလုံးကို ပုံအောကာ ရှောင်းယန်ချီကို ဝယ်ယူခဲ့သဖြင့် အိမ်တွင် ပြာပုံအတိဖြစ်ခဲ့ရပြီး တောင်ပေါ်သို့ တက်ကာ တောဟင်းသီးဟင်းရွက်များ လိုက်လံရှာဖွေစားသောက်ခဲ့ရသည်။
ကျန်းကျောက်တိက နောက်ထပ် ကလေးတစ်ယောက်မွေးပေးခဲ့ပြီး ငွေကြေးနည်းနည်းရရှိလာမှသာ ဆန်ဝယ်ရန် ငွေရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ရှောင်းယန်ချီ၏ မျက်နှာအမူအရာက အလွန်ကြည့်ရဆိုးနေခဲ့သည်။ သူ မည်သည့်စကားမျှ ထုတ်မပြောခဲ့သော်လည်း ထိခိုက်လွယ်သော သူမ၏စိတ်အခံကြောင့် စူးယောင်ကွမ်းတစ်ယောက် သူ၏အထင်မြင်သေးမှုများကို အတိုင်းသား အာရုံခံမိခဲ့သည်။
ဤဘဝတွင်တာ့ သူမက ထိုငွေများကို ရှောင်းယန်ချီအား ဝယ်ယူရန် အသုံးမပြုခဲ့ပေ။ ဆန်၊ ဂျုံနှင့် အသားအမျိုးမျိုးကို ဝယ်ယူပြီးနောက်တွင်ပင် သူမ၌ ငွေကြေးအမြောက်အမြား ကျန်ရှိနေသေးသည်။
အကယ်၍ စေ့စေ့စပ်စပ် သုံးစွဲမည်ဆိုပါက နှစ်လ၊ သုံးလခန့်အထိ အေးဆေးစွာ အသုံးခံပေလိမ့်မည်။ ထို့ပြင် သူမ မနက်ဖြန်မှ စပြီး နှုတ်ခမ်းဆိုးဆေးနှင့် မျက်နှာချေမှုန့်များ စတင်ပြုလုပ်ပြီး မြို့ထဲသို့ သွားရောက်ရောင်းချရန် စီစဉ်ထားသောကြောင့် ၎င်းက သူမနှင့် သူမ၏မိခင် အခြေအနေကို ပိုအဆင်ပြေချောမွေ့လာစေမည် ဖြစ်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ကျန်းကျောက်တိတစ်ယောက် ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်ပြန်ရောက်လာခဲ့သည်။
"ငါတော့ ပင်ပန်းလို့ သေတော့မှာပဲ"
ကျန်းကျောက်တိက ညည်းညူရင်း ဆက်ပြောလိုက်သည်။
"ငါ ခဏလောက် အိပ်လိုက်ဦးမယ်။ ငါ့အတွက် မနက်စာ တစ်ခုခု လုပ်ပေးစမ်းပါဦး"
"အမေ... အရင်စားလိုက်ဦးလေ၊ မနက်စာက အဆင်သင့်ဖြစ်နေပါပြီ"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"အေး အေး... ယူခဲ့လိုက်တော့"
ကျန်းကျောက်တိကလည်း အမှန်တကယ် ဗိုက်ဆာနေသောကြောင့် အခန်း၏အလယ်တွင် ဝင်ထိုင်လိုက်သည်။
စူးယောင်ကွမ်း မနက်စာ သွားယူနေသည့်အချိန်အတွင်း သူမ စားပွဲပေါ်သို့ အာမရှိသလို မှောက်ချလိုက်သည်။ သူမ ရောဂါအပြင်းအထန် ခံစားခဲ့ရပြီး ပြန်လည်သက်သာခါစသာ ရှိသေးသော်လည်း ယခုကဲ့သို့ တစ်ညလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသဖြင့် သူမ၏ ရုပ်သွင်က ပိုကြည့်ရဆိုးနေခဲ့သည်။
စူးယောင်ကွမ်းက ဝက်နံရိုးခေါက်ဆွဲတစ်ပန်းကန်ကို သယ်ဆောင်လာသည်။
"နင် မနေ့က ဂျုံမှုန့်တွေ ဝယ်ခဲ့တာလား"
ကျန်းကျောက်တိက မျက်မှောင်ကြုတ်ကာ စတင်ဆူပူနေသည်။
"ဝယ်ခဲ့ရင်တောင် ဒီလောက်အထိ ဖြုန်းတီးလို့ မရဘူးလေ။ အိမ်မှာ ဧည့်သည်တွေရှိရင်တော့ တစ်မျိုးပေါ့၊ အခုဟာက ငါတို့အမေနဲ့သမီး နှစ်ယောက်နဲ့ ဟိုတစ်ဝက်သေနေတဲ့ ကောင်လေးရယ်ပဲ ရှိတာကို ဒီလောက်ကောင်းတဲ့ စားစရာမျိုး ဘယ်ကပိုက်ဆံနဲ့ သွားဝယ်တာလဲ၊ နင် မနေ့က မြို့ထဲမှာ ဘာတွေ ထပ်ဝယ်ခဲ့သေးလဲ၊ ဘယ်လောက် ကုန်သွားလဲ"
"အမေကလည်း... အမေက နေမကောင်းဖြစ်နေသေးတာလေ၊ ဘာလို့ အစားအစာကောင်းကောင်း မစားရမှာလဲ။ အရင်ဆုံး စားလိုက်ဦး၊ ပြီးရင် တစ်ရေးလောက်အိပ်လိုက်၊ ကျန်တာတွေကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ပြောကြတာပေါ့"
စူးယောင်ကွမ်းက မိခင်ဖြစ်သူကို ချော့မော့လိုက်သည်။
“နင်... နင်... ငါ အိပ်ရာကနိုးလာမှ နင့်ကို ကိုင်တယ်မယ်”
ကျန်းကျောက်တိက စိတ်မသက်မသာဖြစ်နေသော မျက်နှာအမူအရာဖြင့် ခေါက်ဆွဲကို စားရင်း မေးနေပြန်သည်။
“နင်ရော စားပြီးပြီလား”
“သမီး စားပြီးပြီ”
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
“ဒါတွေအကုန်လုံးက အမေ့အတွက်ချည်းပဲ”
ကျန်းကျောက်တိက ခေါက်ဆွဲကို မြိန်ရေရှက်ရေ စားသောက်ရင်း တစ်ယောက်တည်း တတွတ်တွတ် ညည်းညူနေပြန်သည်။
“မနေ့ညက အဲ့ဒီမိန်းမက ကလေးမွေးရတာ ခက်ခဲလို့ သွေးတွေ အများကြီး ထွက်သွားတာအေ။ တော်သေးတာပေါ့... နောက်ဆုံးတော့ သူ သက်သာသွားလို့၊ မဟုတ်ရင် ငါလည်း ပိုက်ဆံရမှာ မဟုတ်ဘဲ ဒုက္ခလှလှကြီး တွေ့နေဦးမယ်။ အိမ်ရှင် သခင်ကြီးက ပိုက်ဆံပေးပေမယ့် အဲ့ဒီမိန်းမက ကလေးမွေးရခက်ခဲပြီး သမီးမိန်းကလေး မွေးခဲ့လို့တဲ့လေ... အစက သဘောတူထားတဲ့ အခကြေးငွေရဲ့ တစ်ဝက်ပဲ ပေးတော့တယ်။ ကံဆိုးလိုက်တာဟယ်၊ ကလေးက ငါ့ဗိုက်ထဲက ထွက်တာလည်း မဟုတ်ဘဲနဲ့ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလားဆိုတာကို ငါက တာဝန်ယူပေးရဦးမှာလား။ သူတို့က အဲ့ဒီမိန်းမကို ဝဖီးနေအောင် ကျွေးမွေးထားတာကိုး... ကလေးမွေးရတာ ခက်ခဲတာ မဆန်းတော့ဘူး”
ယခင်ဘဝတုန်းကဆိုလျှင် စူးယောင်ကွမ်းက ကျန်းကျောက်တိကို စိတ်ကြီးပြီး ပေါင်းသင်းရခက်သောလူ၊ သမီးဖြစ်သူကို အမြဲတမ်း ဆဲဆိုနေတတ်သူတစ်ဦးဟုသာ အမြဲ တွေးမြင်ခဲ့ပြီး ကြင်နာတတ်ပြီး မေတ္တာရှိလှသော ကျုံးလန်ဟွာနှင့် လုံးဝ မတူညီဟု ထင်မှတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်တော့ သူမကိုယ်တိုင် မိခင်ဖြစ်သူ၏ တတွတ်တွတ် ဆဲဆိုသံများ၊ အပြင်ပန်းက အေးစက်သော်လည်း ရင်ထဲက နွေးထွေးတတ်သည့် စိတ်ထားနှင့် ဘဝဒဏ်ကြောင့် ရှိရင်းစွဲအသက်အရွယ်ထက် ပိုအိုစာနေသော မိခင်၏ မျက်နှာကို အထူးတလည် လွမ်းဆွတ်တမ်းတခဲ့ရသည်။
“အမေ.... အရသာရှိရဲ့လား”
“ဒီလောက် အသားတွေ အများကြီး ပါနေတာ... ဘယ်လိုလုပ်ပြီး အရသာမရှိဘဲ နေမှာလဲ”
“အမေက တစ်ညလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ထားရတာလေ၊ အမေ့ကိုယ်အမေ ဆုချတဲ့အနေနဲ့ အစားကောင်းကောင်း စားရမှာပေါ့။ ဒီလောက် ပင်ပန်းအောင် လုပ်ထားပြီးမှ အဝတ်ကောင်းကောင်းမဝတ်၊ အစားကောင်းကောင်းမစားရရင် ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”
ကျန်းကျောက်တိက စူးယောင်ကွမ်း၏ နဖူးကို လှမ်းစမ်းလိုက်ရင်း ပြန်မေးလိုက်သည်။
“နင် ဒီနေ့ ဘာဖြစ်နေတာလဲ ကောင်မလေး။ ဘာလို့ ရုတ်တရက်ကြီး ပါးစပ်က ပျားရည်လောင်းထားသလို စကား ချိုချိုတွေ ထွက်နေရတာလဲ။ ဒီတစ်ခါရော ဘာပြဿနာတွေ ရှာထားပြန်ပြီလဲ”
“အမေကလည်း... သမီးအပေါ် ကောင်းတာလေး တစ်ခုတောင် တွေးပေးလို့ မရဘူးလား”
စူးယောင်ကွမ်းက ဘာမှ မတတ်နိုင်စွမ်းဟန်ဖြင့် ပြောလိုက်သည်။
ကျန်းကျောက်တိက အမှန်တကယ် အိပ်ငိုက်နေချေပြီ။ သူမက ခေါက်ဆွဲကို အမြန်ဆွဲယူကာ အဝစားလိုက်သော်လည်း ဝက်နံရိုးများကိုတော့ ပန်းကန်ထဲတွင် ချန်ထားခဲ့ပြီး ရွံရှာသော အမူအရာဖြင့် ပြောလိုက်သည်။
“ဒါ အရသာမရှိဘူး၊ နင်ပဲ စားလိုက်တော့”
စူးယောင်ကွမ်းက ဝက်နံရိုးတစ်တုံးကို ကောက်ကိုင်လိုက်ပြီး ကျန်းကျောက်တိ၏ ပါးစပ်နားသို့ တေ့ပေးလိုက်၏။
“ရော့... သမီး ကျွေးတာကို စားနော်။ သမီးကျွေးတဲ့ နံရိုးက ပိုပြီး အရသာရှိမှာ သေချာတယ်”
“နင် တကယ့် ကောင်မဆိုးလေး...”
ကျန်းကျောက်တိလည်း ဘာမှမတတ်နိုင်တော့သဖြင့် သမီးဖြစ်သူ၏ လက်ထဲမှ တူကို လုယူကာ နံရိုးများကို ပလုပ်ပလောင်း စားလိုက်တော့သည်။ သူမ စားနေရင်းဖြင့် မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာပြီး ခေါက်ဆွဲပန်းကန်ထဲသို့ တဖြောက်ဖြောက် ကျဆင်းသွားခဲ့သည်။
စူးယောင်ကွမ်းက မမြင်ချင်ယောင်ဆောင်ကာ ထိုင်နေရာမှ ထပြီး အပြင်သို့ ထွက်လာခဲ့သည်။
“သမီး ကြက်တွေကို အစာကျွေးဖို့ မေ့သွားလို့။ အမေ အရင်စားနှင့်နော်... ပြီးရင် ပန်းကန်ကို ဒီအတိုင်းပဲ ထားလိုက်။ သမီး ပြန်လာမှ ဆေးလိုက်မယ်”
ကျန်းကျောက်တိက ထွက်ခွာသွားသော စူးယောင်ကွမ်း၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် ကြင်နာဂရုဏာရိပ်များ ဖြတ်ပြေးသွားသည်။
"ယောက်ျားရေ... ရှင် မြင်လား။ ကျွန်မတို့သမီးလေးက အခုဆို အရွယ်ရောက်နေပြီ။ ရှင်က သမီးလေးတွေကို အချစ်ဆုံးလို့ ပြောခဲ့တယ်မလား။ တကယ်လို့ ရှင်သာ သမီးကို မြင်ရင် ပိုချစ်မိမှာ သေချာတယ်"
စူးယောင်ကွမ်း ကြက်များအား အစာကျွေးပြီး ပြန်လာချိန်တွင်တော့ စားပွဲပေါ်၌ ဗလာကျင်းနေသော ပန်းကန်များကိုသာ တွေ့လိုက်ရသည်။ ကျန်းကျောက်တိကတော့ အနားယူရန် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားခဲ့ချေပြီ။
စူးယောင်ကွမ်းလည်း ပန်းကန်များကို သိမ်းဆည်းလိုက်ပြီး ရေခပ်ရန်နှင့် ထင်းကောက်ရန် အပြင်သို့ ထွက်လာခဲ့သည်။ ယခုအချိန်တွင် သူမက သန်မာနေပြီဖြစ်သဖြင့် ရေခပ်ရသည်က သူမအတွက် အလွန်လွယ်ကူနေပြီး အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားရချေ။
သူမ ရေခပ်နေစဉ်အတွင်း သူမ၏ ရှေ့မှ တန်းစီနေသည့် လူက အခြားသူမဟုတ်ဘဲ ရှောင်းယန်ချီ ဖြစ်နေခဲ့သည်။ ရှောင်းယန်ချီတစ်ယောက် ရေတွင်းမောင်းတံကို အားစိုက်လှည့်နေရပြီး ခဏအကြာတွင် ရပ်နားကာ အသက်ကို ပြင်းပြင်းရှူနေရရှာသည်။
စူးယောင်ကွမ်းလည်း စိတ်မရှည်တော့ဘဲ လှမ်းတိုက်တွန်းလိုက်သည်။
"နင် တကယ်လုပ်နိုင်ရဲ့လား။ မလုပ်နိုင်ရင် ငါ့ကို အရင်ပေးခပ်ပါ"
ရှောင်းယန်ချီက မျက်နှာပျက်သွားပြီး သူ လှည့်တင်ထားသော ရေပုံးကို မတင်ရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ချေ။ သူက စူးယောင်ကွမ်းကို ကြည့်ကာ အကူအညီတောင်းချင်နေသော်လည်း ရှက်နေပုံလည်း ပုံပေါ်နေသေးသည်။ သူ့မျက်ခုံးများ တွန့်ချိုးနေပြီး အလွန်တရာ ဒုက္ခရောက်နေသည့် ဟန်ပန်ဖြင့် တွေဝေနှောင့်နှေးနေလေသည်။
ပုံမှန်အားဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်က လာရောက်ကူညီပေးလေ့ရှိပြီး သူကလည်း မဝံ့မရဲဖြင့် ခေါင်းငြိမ့်ပြကာ ဘေးလူ၏ အကူအညီကို လက်ခံလေ့ရှိသည်။ သို့သော်လည်း စူးယောင်ကွမ်းကတော့ သာမန်မိန်းကလေးများကဲ့သို့ မဟုတ်ချေ။ သူမက သူ့အခြေအနေကို မြင်သည်နှင့် ရှေ့သို့ ခပ်မြန်မြန် လှမ်းလာပြီး သူ့ရေပုံးထဲမှ ရေများကို ရေတွင်းထဲသို့ ပြန်သွန်ချလိုက်ကာ ပုံးကို အောက်သို့ ပစ်ချပြီး မောင်းတံကို ပြန်လှည့်နေလေသည်။
"မင်း... မင်း..."
ရှောင်းယန်ချီက ဒေါသတကြီး ပြောလိုက်သည်။
"ငါ့ရေတွေကို ဘာလို့ သွန်ပစ်တာလဲ"
"နင်က အလုပ်လုပ်တာ နှေးကွေးပြီး အချိန်ဆွဲနေတာကိုး။ ငါသာ နင့်ကို စောင့်နေရင် ဒီနေ့ ရေရပါဦးမလား"
စူးယောင်ကွမ်းက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ နင် ရေခပ်ဖို့အတွက်လည်း ငါ တစ်ပုံး ပြန်ဆွဲပေးမှာပါ"
ထိုအချိန်မှသာ ရှောင်းယန်ချီ၏ မျက်နှာအမူအရာက အနည်းငယ် ပြန်ကောင်းသွားတော့သည်။
‘ဒီရွာသူမလေးက သူ့အတွက်သူ ရေအရင်ခပ်ပြီးမှ ငါ့ကို ကူညီဖို့ ကြံရွယ်ထားပုံပဲ’
‘တွေးကြည့်တော့လည်း သူမက နည်းနည်း အတ္တကြီးတယ်လို့ ပြောလို့ရပေမယ့် အနည်းဆုံးတော့ ကြင်နာတတ်တဲ့ စိတ်ထားလေး ရှိနေသေးတယ်’
စူးယောင်ကွမ်းက သူမ၏ ရေပုံးနှစ်ပုံးကို အပြည့်ဖြည့်ပြီး ဘေးသို့ ချထားလိုက်သည်။ ထို့နောက် နောက်ထပ် ရေတစ်ပုံးကို ထပ်ဖြည့်လိုက်ပြီး ဘေးတွင်ရပ်နေသော ရှောင်းယန်ချီကို လှမ်းပြောလိုက်၏။
"လာဆွဲတင်တော့လေ။ အဲ့မှာ ဘာရပ်ကြည့်နေတာလဲ။ နင့်အတွက် ရေကို ဘာလို့ နင့်ဘာသာ မဆွဲတင်တာလဲ။ ငါက နင့်အတွက် အပြီးအစီး ထမ်းပို့ပေးရဦးမှာလား။ နင်က ယောက်ျားကြီးတန်မဲ့ မိန်းကလေးတစ်ယောက်လောက်တောင် မစွမ်းဆောင်နိုင်ဘူးလား"