← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀ ရေခပ်ခြင်း

ရှောင်းယန်ချီက စူးယောင်ကွမ်းအနေဖြင့် သူ့ကို ရေခပ်ကူလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမက ယခင် အခြေအနေများအတိုင်းသာ ထပ်မံပြုလုပ်ခဲ့ပြီး မည်သည့်အကူအညီအစစ်အမှန်ကိုမျှ မပေးခဲ့ချေ။

သူ့မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး သူမထံမှ ရေပုံးကို အေးစက်စက်မျက်နှာဖြင့် လှမ်းယူလိုက်သည်။

သူ အလွန်အမင်း ရုန်းကန်လှုပ်ရှားပြီးနောက်မှသာ နောက်ဆုံးတွင် ရေပုံးကို မတင်နိုင်ခဲ့ဘူး။ သူ စူးယောင်ကွမ်းအား အထက်စီးဆန်ဆန် စိုက်ကြည့်လိုက်စဉ်မှာပင် ရုတ်တရက် နောက်သို့ လန်ကျသွားပြီး ရေများအားလုံးက သူ့ကိုယ်ပေါ်သို့ တည့်တည့်ကြီး မှောက်ကျသွားတော့သည်။

လူနှင့် ရေပုံး မြေပြင်ပေါ်သို့ ကျသွားပြီးနောက် ရေပုံးကလည်း ဝုန်းကနဲအသံနှင့်အတူ လုံးဝ ပျက်စီးသွားခဲ့သည်။ သူ ဖရိုဖရဲဖြစ်နေကာ နီရဲသောမျက်လုံးများဖြင့် ရှေ့မှမြင်ကွင်းကို လုံးဝ စိတ်ပျက်အားငယ်စွာ ငေးကြည့်နေမိသည်။

စူးယောင်ကွမ်းက နှာခေါင်းရှုံ့လိုက်ပြီး ရေပုံးကို မလိုက်ကာ လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်၏။

"ငါ နင့်ကို မဝယ်ခဲ့မိတာ တကယ့်ကို ကံကောင်းတာပဲ၊ မဟုတ်ရင် အကြီးအကျယ် အရှုံးပေါ်မှာ သေချာတယ်။ နင့်လို ကျောရိုးမရှိတဲ့ ငတုံးကိုမှ ဟိုပွဲစားက ငွေနှစ်လျန်တောင် တောင်းချင်နေသေးတယ်၊ တကယ့်ကို လောဘကြီးလွန်းတာပဲ"

"နင် အတင့်မရဲနဲ့"

ရှောင်းယန်ချီက သူမကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြန်အော်လိုက်သည်။

"ငါ့ဘာသာငါ အမှန်အတိုင်းတောင် ပြောခွင့်မရှိဘူးလား"

စူးယောင်ကွမ်းက နှုတ်ခမ်းကို မဲ့လိုက်ရင်း ပြောလိုက်ပြန်သည်။

"စိတ်ကြီးလိုက်တာလည်း လွန်ရော... တကယ်လို့ ကျန်းရိဟွမ်းသာ နင့်ကို ဒီလိုပုံစံနဲ့ မြင်ရင် ပိုက်ဆံအကုန်ခံပြီး ဝယ်ခဲ့မိတာအတွက် နောင်တရသွားလိမ့်မယ်။ သူက အလုပ်ကြမ်းလုပ်ဖို့ လယ်လုပ်သားတစ်ယောက် ဝယ်ချင်ခဲ့တာလေ၊ ဒါပေမယ့် နင့်ခန္ဓာကိုယ် တည်ဆောက်ပုံကို ကြည့်ရတာ ကျန်းရိဟွမ်းနဲ့ သိပ်တောင် မထူးခြားဘူး။ သူတို့ နင့်ကို ဝယ်လိုက်တာ... ဘယ်သူက ဘယ်သူ့ကို ပြန်ပြုစုပေးရမလဲဆိုတာ စဥ်းစားရခက်လိုက်တာ"

စူးယောင်ကွမ်းက ရှောင်းယန်ချီကို လှောင်ပြောင်သရော်ပြီးနောက် ဒေါသတချို့ ပြေလျော့သွားသဖြင့် သူမ၏ ရေပုံးကို မကာ ပြန်ထွက်လာခဲ့သည်။

သူမ ဝေးဝေးမရောက်သေးခင်မှာပင် ရွာထဲမှ အခြားမိန်းကလေးတစ်ဦး ရေလာယူသည်ကို တွေ့လိုက်ရသည်။ ရှောင်းယန်ချီ၏ အခြေအနေကို မြင်လိုက်ရသာ ထိုမိန်းကလေးက စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်၏။

"ရှင် ဘာဖြစ်လို့လဲ၊ အဆင်ပြေရဲ့လား"

စူးယောင်ကွမ်း နောက်လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးက ရှောင်းယန်ချီကို ဂရုတစိုက် တွဲထူပေးနေပြီး သူမ၏ လက်ကိုင်ပုဝါဖြင့် သူ့အင်္ကျီပေါ်က ရေစွန်းကွက်များအား သုတ်ပေးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက သူ့အတွက် ရေပုံးကို စတင်လှည့်ပေးနေလေသည်။

"ဟက်..."

စူးယောင်ကွမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီမျက်နှာက တကယ်ကို အသုံးဝင်တာပဲ၊ အူတူတူ မိန်းကလေးတွေတောင် ဆွဲဆောင်ခံလိုက်ရတယ်"

ရေကို အိမ်သို့ ထမ်းပို့ပြီးနောက် စူးယောင်ကွမ်းတစ်ယောက် ဒုတိယအကြိမ် ရေခပ်ရန် ပြန်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရှောင်းယန်ချီနှင့် ထပ်မဆုံတော့ချေ။ ရေအိုးကြီး ပြည့်သွားချိန်တွင် သူမက ထင်းကောက်ရန်နှင့် ဟင်းသီးဟင်းရွက်အချို့ ခူးဆွတ်ရန် တောင်ပေါ်သို့ တက်လာခဲ့သည်။

တောင်ပေါ်တွင် တောဟင်းသီးဟင်းရွက်များ သိပ်မကျန်တော့သော်လည်း ပင်ပန်းရုန်းကန်ရမှုများပြီးနောက် သူမ၏ ခွန်အားနှင့် သတ္တိများ တိုးပွားလာခဲ့သဖြင့် စူးယောင်ကွမ်းက သားကောင်များ ဖမ်းယူရန် ထောင်ချောက်များဆင်ကာ စောင့်ဆိုင်းနေခဲ့သည်။

တောင်ပေါ်တွင် တောယုန်၊ တောကြက်နှင့် ဝါးကြွက် စသည့် သားကောင်များစွာ ရှိနေသည်ကို သူမ မြင်တွေ့နေရသော်လည်း မဖမ်းမိခဲ့ချေ။ သူမထံတွင် အမဲလိုက်ပစ္စည်းများ မရှိခြင်းကြောင့် ထိုသားကောင်များ ပြေးလွှားနေသည်ကိုသာ ငေးကြည့်နေရသည်။

ကံကောင်းထောက်မစွာဖြင့် သူမ ကြွက်နားရွက်မှို(သစ်သားမှို)နှင့် တောမှို အတော်များများ ဆွတ်ခူးနိုင်ခဲ့သည်။ စူးယောင်ကွမ်းက ကောက်ယူထားသော ထင်းများကို အတူတူ ပူးချည်လိုက်ပြီး ကြွက်နားရွက်မှိုနှင့် တောမှိုများကို ခြင်းတောင်းထဲတွင် ဝှက်ကာ ချည်နှောင်ထားသော ထင်းစည်းကို ခြင်းတောင်း၏ အပေါ်ဆုံးတွင် တင်ထားလိုက်သည်။

......။.....။....

ကျန်းကျောက်တိက ထင်းရုံထဲမှ ထွက်လာခဲ့သည်။

ထိုအရာကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက ခြင်းတောင်းကို ခပ်သွက်သွက် ချလိုက်ပြီး ကျန်းကျောက်တိထံသို့ အပြေးလှမ်းသွားကာ ပြောလိုက်သည်။

"အမေ... ဝမ်ရှူက တကယ် လူကောင်းလေးပါ၊ သူက သူ့ဒဏ်ရာတွေ ပျောက်သွားရင် လယ်ထဲဆင်းပြီး အလုပ်ပြန်လုပ်ပေးမယ်လို့ ပြောတယ်"

ကျန်းကျောက်တိက စိတ်မရှည်သော လေသံဖြင့် ပွစိပွစိ ပြန်ပြောလာတော့သည်။

"နင်က ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ။ နင့်အမေကို ကြည့်ရတာ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ပုံ ပေါက်နေလို့လား။ ငါက သေခါနီးဖြစ်နေတဲ့ လူတစ်ယောက်ကို ဒုက္ခပေးပါ့မလား"

"အဲ့လို မဟုတ်ပါဘူးအမေရယ်။ သမီးအမေက ကမ္ဘာပေါ်မှာ အကြင်နာဆုံးပါ"

"ငါ ခုလေးတင် မီးဖိုချောင်ထဲ သွားခဲ့တယ်။ နင် တော်တော်လေး သတ္တိကောင်းနေပါလား၊ ဂျုံမှုန့်တွေရော အသားတွေပါ ဒီလောက်အများကြီး ဝယ်ရဲတယ်ပေါ့"

ကျန်းကျောက်တိက သမီးဖြစ်သူ၏ နားရွက်ကို ခပ်နာနာလေး ဆွဲလိမ်ရင်း ပြောလိုက်ပြန်သည်။

"ငါတို့မှာ ရှိတဲ့ပိုက်ဆံက ဒီလောက်ပဲကို၊ နင်က ချွေတာရမှန်းလည်း လုံးဝမသိဘူး"

"အမေ... နာတယ်၊ နာတယ်..."

ကျန်းကျောက်တိက သမီးဖြစ်သူ၏ နားရွက်ကို ပြန်လွှတ်ပေးလိုက်သည်။

"အမေ... အမေ နေမကောင်းသေးဘူးလေ၊ အနားယူရဦးမယ်။ အိမ်ကအလုပ်တွေကို သမီးဆီပဲ လွှဲထားလိုက်ပါ။ အမေ အလုပ်တွေ အရမ်းပင်ပန်းနေပြီမလို့ ခန္ဓာကိုယ်အားရှိအောင် ကောင်းကောင်းမွန်မွန် စားသောက်ရမယ်"

"ငါ နေကောင်းပါပြီဟဲ့၊ ဖျားလည်းမဖျားတော့ဘူး"

ကျန်းကျောက်တိက ဆက်ပြောလိုက်သည်။

"ဒါနဲ့ စောစောက ငါကြည့်လိုက်တော့ သူ့ဒဏ်ရာတွေက ပိုဆိုးလာသလိုပဲ၊ ဘာဖြစ်လို့လဲ"

"မနေ့က အမေ ထွက်သွားပြီးတဲ့နောက် သမီး မြို့ထဲကို နောက်တစ်ခေါက် ထပ်သွားခဲ့သေးတယ်။ ပြီးတော့ အိမ်မှာ ကိစ္စတချို့ ဖြစ်ခဲ့လို့"

စူးယောင်ကွမ်းက ဘာမှကွယ်ဝှက်မထားဘဲ မနေ့က ဖြစ်ပျက်ခဲ့သမျှကို အကုန်အစင် ပြောပြလိုက်သည်။

ကျန်းကျောက်တိကတော့ ဒေါသတကြီး ဆဲဆိုနေပြန်သည်။

"သေချင်းဆိုးတွေ.... ဓားနဲ့တစ်ချက်တည်း အထိုးခံရတာ သူတို့အတွက် အသက်ရှူချောင်လွန်းသေးတယ်။ သူတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူးများ မှတ်နေလား။ သမီး... ဒီကောင်လေး ဒဏ်ရာပျောက်တာနဲ့ နင်တို့နှစ်ယောက် ချက်ချင်း လက်ထပ်စာချုပ် အမြန်ရေးကြ။ အဲ့ဒါဆိုရင် နာမည်အရပဲဖြစ်ဖြစ် နင်တို့က လင်မယား ဖြစ်သွားပြီ။ အဲ့ဒီအချိန်ကျရင် ဘယ်သူက စော်စော်ကားကား လာအနိုင်ကျင့်ရဲဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"အမေရယ်... သမီးက အမေ့သမီးပဲဟာကို၊ သူတို့ သမီးတို့ကို အတင်းအကျပ် သဘောတူခိုင်းလို့ မရပါဘူး။ သမီးတို့ဘက်က သဘောမတူသရွေ့ သူတို့ရဲ့ လှည့်ကွက်တွေက ဘာမှအသုံးမဝင်ဘူး"

"နင်ပြောတာ ဟုတ်ပါတယ်။ ငါက သူတို့တွေ ကွယ်ရာမှာ တစ်ခုခု မဟုတ်တာ လုပ်မှာ စိုးရိမ်လို့ပါ။ ဒီရက်ပိုင်းတွေမှာ နင် ပိုသတိထားဦး။ အိမ်နဲ့သိပ်မဝေးတဲ့နေရာမှာပဲ နေ၊ ပြီးတော့ တစ်ယောက်တည်း အပြင်မထွက်နဲ့"

ထိုအချိန်တွင် အပြင်ဘက်မှ ရွာထဲရှိ မိန်းကလေးနှစ်ဦး၏ ရယ်မော စကားပြောသံများ ပျံ့လွင့်လာခဲ့သည်။

"ကျန်းရိဟွမ်းတို့အိမ်က ဝယ်လာတဲ့ အဲ့ဒီအစေခံကောင်လေးကလေ ရေသွားခပ်တာတဲ့၊ ရေပုံးကို ခွဲပစ်လိုက်ရုံတင်မကဘူး တစ်ကိုယ်လုံးလည်း ရေတွေ ရွှဲလို့။ စောစောက ငါ သူတို့အိမ်ရှေ့က ဖြတ်လာတော့ အဒေါ်ကျန်းက သူ့ကို တရားလွန် ဆဲဆိုနေတာကို ငါ ကြားခဲ့တယ်။ ကျန်းရိဟွမ်းကတော့ ဘေးကနေ ဝင်တားပေးနေလေရဲ့။ ကျန်းရိဟွမ်းက အဲ့ဒီအစေခံလေးကို သဘောကျနေတာများလား။ သူက ရုပ်လေးတော့ ချောပါရဲ့၊ ဒါပေမယ့် နောက်ခံက နိမ့်ကျလွန်းတယ်"

"ကျန်းရိဟွမ်းကတော့ ကံကောင်းလွန်းပါတယ်ဟယ်၊ သူက သူ့အမေဆီကနေ ပညာသင်ယူထားတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုဘဲ ပိုက်ဆံရှာနိုင်တယ်လေ။ အခုဆို သူ့ကို ပြုစုပေးမယ့် အစေခံတွေတောင် ရှိနေပြီ၊ သူဌေးအိမ်က သခင်မလေးတွေအတိုင်းပဲ။ ငါတို့တွေနဲ့ သက်တူရွယ်တူချင်း အတူတူ မွေးတာတောင် သူကတော့ အလုပ်ကြမ်း လုံးဝမလုပ်ရဘူး၊ သူ့လက်ကလေးတွေဆိုတာ ကြက်သွန်မြိတ်အပင်ပေါက်လေးတွေလို နူးညံ့နေတာပဲ။ နွေရာသီရောက်တိုင်းလည်း အလုပ်လုပ်စရာမလိုတော့ နေပူထဲလည်း မထွက်ရဘူး၊ ဒါကြောင့် သူ့မျက်နှာလေးက မုန့်ပေါင်းဖြူဖြူလေးလို ဖြူဝင်းနေတာ။ ငါတို့တွေကိုတော့ ကြည့်ပါဦး... မျက်နှာတွေက ခြေချောင်းတွေလို မည်းတူးနေတာပဲ"

"ငါ့အမေက ပြောတယ်၊ ငါ မကြာခင် လက်ထပ်ရတော့မှာမလို့ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ငါ့ကို အပြင်ထွက် အလုပ်မလုပ်ခိုင်းဘဲ အိမ်မှာ အေးအေးဆေးဆေး နားနေခိုင်းထားတာတဲ့"

ကျန်းကျောက်တိက စူးယောင်ကွမ်းကို လှမ်းကြည့်လိုက်သည်။ သူမ၏သမီးဖြစ်သူ စူးယောင်ကွမ်းက ကျန်းရိဟွမ်းနှင့် သက်တူရွယ်တူ တနှစ်တည်းမွေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏လက်ကလေးများက ကြမ်းတမ်းနေပြီး အသားအရေက ညိုမည်းနေကာ ဆံပင်များကလည်း ကျဲပါးနေပြီး ဝါကြောင်ကြောင် ဖြစ်နေခဲ့သောကြောင့် အမှန်တကယ့်ကို သာမန်ရွာသူမိန်းကလေးတစ်ဦးသာ ဖြစ်နေချေသည်။

အကယ်၍ သူမ ကျုံးလန်ဟွာ၏ မနာလိုမှုဖြင့် တိုက်ခိုက်ခြင်းကို မခံခဲ့ရပါက သူမ၏ ယောင်ကွမ်းလေးကလည်း ကံကောင်းခြင်းများ ပြည့်နှက်နေသည့် မိန်းကလေးတစ်ဦး ဖြစ်နေလောက်သည်။ အကယ်၍ သူမ၏ခင်ပွန်းဖြစ်သူ စစ်တပ်ထဲ ဝင်မသွားခဲ့ဘဲ မိသားစု‌ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးမည့် ဒေါက်တိုင်တစ်ခု ရှိနေခဲ့ပြီး ကိစ္စရပ်တိုင်းအတွက် ပူပန်နေစရာ မလိုခဲ့လျှင် သူမ၏ ယောင်ကွမ်းလေးလည်း ယခုထက် ပိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားနိုင်ပေလိမ့်မည်။

'ယောင်ကွမ်း' ဟူသော ထိုနာမည်ကို လှည့်လည်သွားလာနေသည့် ဘုန်းကြီးတစ်ပါးက ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူမ၏သမီးလေးက နို့စို့ကလေးအရွယ်သာ ရှိသေးပြီး အပြင်းအထန် နာမကျန်းဖြစ်နေခဲ့ရာ လူတိုင်းက သူမ အသက်ရှင်တော့မည် မဟုတ်ဟု ပြောခဲ့ကြသည်။

ထိုအချိန်တွင် လှည့်လည်ကြွချီလာသော ဘုန်းကြီးတစ်ပါး ရောက်ရှိလာပြီး သူမ၏ ဇာတာကို တွက်ချက်ကြည့်ကာ သူမတွင် ကြီးမားသော ဘေးဒုက္ခတစ်ခု ကြုံတွေ့ရမည့် ကံပါလာကြောင်း၊ သို့သော် အကယ်၍ ထိုဘေးဒုက္ခဆိုးကြီးကို ကျော်လွှားနိုင်ခဲ့ပါက ဤဘဝတွင် အလွန်တရာ ကြွယ်ဝချမ်းသာလာလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ထို့အပြင် ထိုဘုန်းကြီးက သူမကို 'ယောင်ကွမ်း' ဟူသော နာမည်ကိုပါ ပေးသနားခဲ့ခြင်းပင်။

"အမေ... အမေ..."

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ ရှေ့တွင် လက်လေး ယမ်းပြရင်း မေးနေရှာသည်။

"ဘာဖြစ်လို့လဲဟင်"

"ဘာမှမဟုတ်ပါဘူး။ လျှော်ရမယ့် အဝတ်ဟောင်းတွေ ထုတ်ပေးလေ၊ ငါ သွားလျှော်လိုက်မယ်"

"သမီးဘာသာသမီး လျှော်လိုက်ပါ့မယ်"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"ဒါနဲ့ အမေ... အဖေ့ရဲ့ အဝတ်အစားတွေ ရှိသေးလားဟင်။ ဝမ်ရှူရဲ့ အဝတ်တွေက စုတ်ပြတ်နေလို့၊ အဖေ့အင်္ကျီတွေကို ခဏလောက် ငှားဝတ်ခိုင်းလို့ ရမလား"

"နင်ကတောင် ပြောပြီးပြီပဲ၊ ငါက မရဘူးလို့ ပြောလို့ ဖြစ်မလား။ အဲ့ဒီကောင်လေးက နင်ပြောသလို တကယ်ပဲ လိမ္မာရေးခြားရှိဖို့ပဲ ဆုတောင်း၊ မဟုတ်လို့ကတော့ ငါ သူ့ကို ပြန်ရောင်းပစ်မှာ"

ကျန်းကျောက်တိက ဆူပူကြိမ်းမောင်းနေပြန်သည်။ ကျန်းကျောက်တိက နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့ပြီး အလွန်သနားတတ်မှန်း စူးယောင်ကွမ်း အသိဆုံးဖြစ်သည်။ သူမက စကားချိုချိုလေးအချို့ ပြောလိုက်ရာ ကျန်းကျောက်တိ၏ မျက်နှာအမူအရာက ချက်ချင်း ပျော့ပြောင်းသွားတော့သည်။

နောက်ထပ်ရက်အနည်းငယ်အတွင်း ကျန်းကျောက်တိတစ်ယောက် မည်သည့်အလုပ်မျှ မရရှိခဲ့သဖြင့် သူမ၏စိတ်ထဲတွင် ပို၍ ပို၍ ပူပန်လာခဲ့သည်။ စိတ်ပူပန်မှုများလေလေ ရောဂါက ပိုမိုဆိုးရွားလာလေဖြစ်ပြီး နောက်ဆုံးတွင် ပါးစပ်အတွင်း၌ အနာဖုများပင် ပေါက်လာခဲ့ရသည်။

စူးယောင်ကွမ်းက မိခင်ဖြစ်သူ၏ အာရုံကို လွှဲပြောင်းပေးနိုင်ရန်အတွက် သူမကို ခေါ်ဆောင်ကာ နှုတ်ခမ်းနီနှင့် မျက်နှာချေမှုန့်များ ပြုလုပ်ရန် စီစဉ်တော့သည်။

အစပိုင်းတွင် ကျန်းကျောက်တိက လုံးဝ မယုံကြည်ခဲ့ပေ။

သူမ၏အမြင်တွင် စူးယောင်ကွမ်းက နှုတ်ခမ်းဆိုးဆေးနှင့် မျက်နှာချေမှုန့် ပြုလုပ်နည်းကို တစ်ခါမျှ သင်ယူခဲ့ဖူးခြင်းမရှိရာ မည်သို့မျှ တတ်မြောက်ထားနိုင်မည်မဟုတ်ချေ။ သို့သော်လည်း စူးယောင်ကွမ်းက အမှန်တကယ်ကို အရည်အသွေးကောင်းမွန်လှသည့် နှုတ်ခမ်းဆိုးဆေးကို လုပ်ပြသနိုင်ခဲ့ပြီး ထိုအချိန်ကျမှသာ သူမ လုံးဝ ယုံကြည်သွားခဲ့သည်။

All Chapters