အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁ ထောက်ပံ့ကူညီမှု
စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ နှုတ်ခမ်းပေါ်သို့ နှုတ်ခမ်းနီအနည်းငယ် ဆိုးပေးလိုက်ပြီး ကြေးမှန်ကို ပြလိုက်သည်။
မူလက သွေးမရှိသလို ဖြူဖျော့နေသော ကျန်းကျောက်တိ၏ မျက်နှာက ထိုအနီရောင်အစက်အပြောက်လေးကြောင့် ရုတ်တရက်ဆိုသလို သက်ဝင်လှုပ်ရှားပြီး စိုပြည်သွားသည်။
"ဒီရက်ပိုင်း ငါလည်း ဘာအလုပ်မှ မရှိတာနဲ့အတော်ပဲ၊ နင့်ကို ဒါတွေ ကူလုပ်ပေးလို့ ရတယ်။ ငါ့ကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးဦး"
ကျန်းကျောက်တိက ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
"သမီးက နှုတ်ခမ်းနီအပြင် မျက်ခုံးမွှေးဆွဲတံ၊ မျက်နှာချေမှုန့်၊ ပါးနီမှုန့်၊ အလှပန်းပွင့်လေးတွေနဲ့ မျက်နှာလိမ်းအလှဆီတွေကိုပါ လုပ်ချင်သေးတာ"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"အဲ့လိုပစ္စည်းတွေက အမျိုးအစားလည်း အများကြီး ရှိတာဆိုတော့ သမီးက တစ်မျိုးကို နှစ်ဗူး၊ သုံးဗူးလောက်စီနဲ့ အမျိုးအစားတစ်ခုစီအတွက် ဆယ်ဗူးစီ လုပ်မယ်။ အရေအတွက် အပြည့်အစုံ ရပြီဆိုမှ မြို့ထဲသွားပြီး ရောင်းမယ်လေ"
"အမေ ကူလုပ်ပေးပါ့မယ်"
"အမေ... ဒါတွေအားလုံးကို သမီး ဘယ်လိုလုပ်တတ်လဲဆိုတာ အမေ မမေးတော့ဘူးလားဟင်"
"ငါက အမြဲတမ်း အိမ်မှာရှိတာမဟုတ်ဘဲ၊ နင်ကလည်း အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာများတယ်လေ။ နင် စာသင်ကျောင်း အပြင်ဘက်မှာ ပုန်းနေပြီး ဆရာစာသင်တာကို သွားခိုးနားထောင်တတ်တယ်လို့လည်း ငါ ကြားဖူးခဲ့တယ်၊ ပြီးတော့ မြို့ထဲသွားတိုင်းလည်း နင် ပျောက်ပျောက်သွားတတ်တယ်မလား၊ ရွာထဲကလူတွေက နင် လျှောက်မလည်အောင် သေသေချာချာ စောင့်ကြည့်ထားပါလို့ ငါ့ကို လာပြောကြသေးတယ်။ အဲ့ဒါနဲ့ ငါလည်း နင့်နောက်ကို တိတ်တဆိတ် လိုက်ကြည့်ဖူးတယ်လေ၊ အဲ့ဒီတုန်းက နင် သခင်ကြီးလီတို့အိမ်က မီးဖိုချောင်ထဲမှာ ဝင်ကူလုပ်ပေးနေတာကို တွေ့ခဲ့ရတာ။ နင်တတ်ထားတဲ့ ပညာတွေအားလုံးက လူပေါင်းစုံဆီကနေ လိုက်လံသင်ယူထားတာ ဖြစ်မှာပေါ့။ ငါ နင့်ကို ဘာမှ မေးစရာမရှိပါဘူး၊ အမေကို နင့်ကို ယုံတယ်"
စူးယောင်ကွမ်းတစ်ယောက် ခေတ္တမျှ မှင်တက်သွားရသည်။
‘ဟုတ်သားပဲ။ အချိန်တွေ ဒီလောက်တောင် ကြာသွားခဲ့ပြီဆိုတော့ အမေ့ကို ကူညီနိုင်ဖို့အတွက် နေရာအနှံ့မှာ အလုပ်လိုက်ရှာရင်း အသက်မွေးဝမ်းကျောင်းပြုဖို့ ရုန်းကန်ခဲ့ရတဲ့ မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတာကို ငါ လုံးဝ မေ့လုနီးပါး ဖြစ်နေခဲ့ပြီပဲ’
ငါးရက်မြောက်သောနေ့တွင် ကျိုးဝမ်ရှူတစ်ယောက် အိပ်ရာမှထကာ ဟိုဟိုဒီဒီ လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။
သူ့၏ ပြင်ပဒဏ်ရာများက အနာဖေးတက်နေပြီဖြစ်ရာ နောက်ထပ် ထပ်မံဒဏ်ရာမရရှိသရွေ့တော့ အိမ်မှ အလုပ်ကြမ်းအချို့ကို ကူညီလုပ်ကိုင်ပေးနိုင်ချေပြီ။
ကျိုးဝမ်ရှူ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်ကို မြင်ရသဖြင့် ကျန်းကျောက်တိကလည်း သူ့အပေါ် အေးစက်စက် ဆက်ဆံခြင်း မရှိတော့ပေ။ သူမက လက်ထပ်စာချုပ် ရေးထိုးပြီး အစိုးရရုံးတွင် မှတ်ပုံတင်မည့် ကိစ္စကိုပင် အကြိမ်ကြိမ် ထုတ်ပြောခဲ့သေးသည်။ ကျိုးဝမ်ရှူက အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ပြောခဲ့သော်လည်း စူးယောင်ကွမ်းကတော့ သူမတို့နှစ်ဦးစလုံး အသက်ငယ်ရွယ်သေးသည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။
"နင်က ငါနဲ့အတူ တောင်ပေါ်ကို လိုက်ချင်တယ် ဟုတ်လား"
စူးယောင်ကွမ်းက သူမနောက်မှ တကောက်ကောက် လိုက်နေသော ကျိုးဝမ်ရှူကို အထက်အောက် အကဲခတ်ကြည့်လိုက်ရင်း ပြောလိုက်သည်။
"နင့်ဒဏ်ရာတွေက လုံးဝ အရှင်းပျောက်သေးတာ မဟုတ်ဘူး၊ တောင်ပေါ်ကို စွန့်စွန့်စားစား မလိုက်တာ အကောင်းဆုံးပဲ"
"ကျွန်တော်က လောက်လေးဂွ ပစ်တာ အရမ်းကျွမ်းကျင်ပါတယ်။ တကယ်လို့ တောရိုင်းတိရစ္ဆာန်တွေနဲ့ တွေ့ရင်တောင် သူတို့ကို ခြောက်လှန့်ပြီး မောင်းထုတ်ပေးနိုင်ပါတယ်"
ကျိုးဝမ်ရှူက သူ ကြိုတင်ပြုလုပ်ထားခဲ့သော လောက်လေးဂွကို ထုတ်ပြရင်း ရှင်းပြနေသည်။
ဘေးနားတွင် ပန်းပွင့်ဖတ်များကို ခွဲထုတ်နေသည့် ကျန်းကျောက်တိက ဝင်ပြောလိုက်၏။
"သူ့ကို ခေါ်သွားလိုက်၊ သူက ယောက်ျားလေးလေ၊ သူ နင့်ကို ကာကွယ်မပေးနိုင်ဘဲနဲ့ နင်က သူ့ကို ပြန်လုပ်ကျွေးတော့မှာလား"
ကျိုးဝမ်ရှူက စူးယောင်ကွမ်း ဖခင်၏ အဝတ်အစားများကို ဝတ်ဆင်ထားပြီး အနည်းငယ် ပွယောင်းယောင်း ဖြစ်နေခဲ့သည်။ သူက ဒဏ်ရာဗရပွနှင့် လက်မောင်းများကို ပေါ်လွင်နေသည်အထိ အင်္ကျီလက်များကို လိပ်တင်ထားသည်။ သူ့မျက်နှာမှ လွဲ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သောကြောင့် ယခင်က သူ မည်ကဲ့သို့သော ဘဝမျိုးတွင် ရှင်သန်ဖြတ်သန်းခဲ့ရသည်ကို မည်သူမျှ ခန့်မှန်းမရနိုင် ဖြစ်နေရသည်။
စူးယောင်ကွမ်းက ယခင်ဘဝက ယောက်ျားတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးသဖြင့် ယောက်ျားများအပေါ် သနားတတ်သည့် မိန်းခလေးများက မည်သည့်အခါမျှ အဆုံးသတ်မကောင်းမှန်း နားလည်နေသည်။
သို့သော်လည်း အတိတ်ဘဝမှ မျှော်လင့်ချက်မဲ့နေသော ကောင်လေး၏ ပုံရိပ်က ယခု သူမ၏မျက်စိရှေ့မှ ကောင်လေးနှင့် ထပ်တူကျနေပြန်သည်။
"ဒါဆိုရင်လည်း ငါ့ဘေးနားကနေပဲ ကပ်လိုက်ခဲ့၊ လျှောက်မသွားနဲ့"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သေးသည်။
"ကျောပိုးခြင်းတောင်းကိုလည်း မလွယ်နဲ့ဦး၊ နင်က ဒဏ်ရာရထားတာဆိုတော့ ရိုးရိုးခြင်းတောင်းတစ်လုံးပဲ ဆွဲလာခဲ့၊ ဟင်းရွက်အရိုင်းတွေပဲ တူးကြတာပေါ့"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ခေါ်ဆောင်ပြီး တောင်ပေါ်သို့ တက်လာခဲ့သည်။ သူမတို့နှစ်ဦး ရွာထဲမှ ဖြတ်သန်းသွားစဉ် ရွာသားအများအပြားက လှမ်းကြည့်လာကြသည်။
ထိုအချိန်ကျမှသာ ရွာသားများလည်း ကျိုးဝမ်ရှူ၏ ရုပ်ရည်သွင်ပြင်ကို သေသေချာချာ မြင်တွေ့လိုက်ရပြီး အားလုံး အံ့အားသင့်နေကြသည်။
"ယောင်ကွမ်းကတော့ တကယ် အမြတ်ထွက်တာပဲ၊ ဒီလောက် ချောတဲ့ ကောင်လေးကို ကြေးပြားဆယ်ပြားတည်းနဲ့ ရခဲ့တယ်၊ ဒါကြောင့်မို့လည်း သူက စွန့်စားပြီး ဝယ်ခဲ့တာကိုး၊ အံ့သြစရာ မရှိတော့ဘူး"
"အရင်ကတော့ ကျန်းမိသားစုက ဝယ်လိုက်တဲ့လူကို မဝယ်လို့ သူ အရှုံးပေါ်ပြီလို့ ငါ ပြောခဲ့မိသေးတယ်။ အခုကြည့်ရတာတော့ ကျန်းမိသားစုက လူက ငွေတစ်လျန်ခွဲတောင် ပေးရတဲ့အပြင် အားနည်းပြီး ဘာမှလည်း ကောင်းကောင်း မလုပ်နိုင်ဘူး။ ဒီတစ်ယောက်ကတော့ ကြေးပြား ဆယ်ပြားပဲ ပေးရပြီး ဟိုလူလိုပဲ ရုပ်ချောတယ်။ အရေးကြီးဆုံးက သူ့ပါးစပ်က အရမ်းချိုတာပဲ၊ ကြည့်စမ်း... ယောင်ကွမ်းကို ပြုံးပြနေတာ ဘယ်လောက်တောင် ချိုမြိန်နေတာတုန်း၊ တကယ့်ကို ချစ်စရာလေးပဲ"
"မင်္ဂလာပါ အဒေါ်... မင်္ဂလာပါ အစ်ကိုကြီး... မင်္ဂလာပါ အစ်ကို... မင်္ဂလာပါ ဦးလေး..."
ကျိုးဝမ်ရှူက လမ်းတစ်လျှောက်တွင် တွေ့သမျှ လူတိုင်းကို လိုက်လံနှုတ်ဆက်နေခဲ့ပြီး ရွာသားများလည်း လုံးဝကို စိတ်အာရုံ လွင့်ပါးသွားကြသည်။ သူက ကြည်လင်သော မျက်ဝန်းများနှင့်အတူ ရုပ်ရည်ချောမောသည့်အပြင် ဒဏ်ရာများကြောင့်လည်း အနည်းငယ် သနားစရာကောင်းနေသေးသည်။ သူ ပြုံးလိုက်သည့်အခါတွင် တောပန်းလေးများ ပွင့်လန်းလာသကဲ့သို့ အလွန်တရာ အေးချမ်းနေလေသည်။
အခြားတစ်ဖက်တွင်တော့ ရှောင်းယန်ချီက အေးစက်စက်နှင့် မောက်မာသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့ပြီး သူ၏ မောက်မာရိုင်းစိုင်းသော အမူအရာများက သူ၏ နောက်ခံကို သိသာထင်ရှားစေသည်။ ယခင်ဘဝတုန်းကလည်း သူ၏ ထိုကဲ့သို့သော သဘောထားကြောင့် လူအများအပြားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော်လည်း စူးယောင်ကွမ်းနှင့် သူမ၏မိခင်တို့က သူ့ကို ကာကွယ်ပေးခဲ့ကြဖူးသည်။ နောက်ပိုင်းတွင် သူက သူမတို့၏ အိမ်ထောင်စုစာရင်း၌ လေးစားဖွယ် အိမ်ထောင်ဦးစီးအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး တော်ဝင်စာမေးပွဲကို ဖြေဆိုခွင့် ရရှိခဲ့ခြင်းပင်။
သူ၏ စာပေထူးချွန်မှုကို မြင်တွေ့ရချိန်တွင်တော့ ရွာသားများကလည်း သူ့ကို အလုအယက် ဖားယားမြှောက်ပင့်ကြပြီး သူ၏ မောက်မာမှုကို ပို၍ပင် ကြီးထွားလာစေခဲ့သည်။
ကျိုးဝမ်ရှူက ရှောင်းယန်ချီနှင့် မတူဘဲ ပတ်ဝန်းကျင်နှင့် အလျင်အမြန် တစ်သားတည်း ဖြစ်သွားခဲ့သဖြင့် စူးယောင်ကွမ်းတစ်ယောက် အတိုင်းထက်အလွန် စိတ်အေးသွားရသည်။
ယခုတစ်ကြိမ်တွင်တော့ သူမ မျက်စိပွင့်နားပွင့် ရှိခဲ့ပြီး လူရွေးမမှားခဲ့ချေ။
တောင်ပေါ်သို့ ရောက်ရှိပြီးနောက် စူးယောင်ကွမ်းက ပန်းပွင့်များ စတင်ခူးဆွတ်နေသည်။ သူမ ပြုလုပ်မည့် ပါးနီနှင့် မျက်နှာချေမှုန့်များအတွက် လတ်ဆတ်သော ပန်းပွင့်များစွာ လိုအပ်သဖြင့် နေ့စဉ် တောင်ပေါ်တက်ကာ ပန်းပွင့်အသစ်များကို ခူးဆွတ်ရခြင်း ဖြစ်သည်။
ပန်းမခူးမီ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းသတိပေးလိုက်သည်။
"လျှောက်မသွားနဲ့ဦးနော်"
ကျိုးဝမ်ရှူက သူ၏ လောက်လေးဂွကို ထုတ်ကာ မြက်တောထဲရှိ တောကြက်တစ်ကောင်ဆီသို့ ချိန်ရွယ်လိုက်သည်။ ဖျောက်ခနဲ အသံနှင့်အတူ ထိုတောကြက်က တကွက်ကွက်နှင့် အော်မြည်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
စူးယောင်ကွမ်း : "..."
သူမလည်း ခပ်သွက်သွက် ပြေးသွားပြီး မြက်တောထဲမှ တောကြက်ကို ကောက်ကိုင်ကာ အံ့အားသင့်တကြီး ရေရွတ်လိုက်သည်။
"ဟယ်... သေတောင် သေသွားပြီလား"
သူမ ထောင်ထားသည့် ထောင်ချောက်များတွင်ပင် သားကောင်တစ်ကောင်မျှ မမိသေးချေ။ သူကတော့ လောက်လေးဂွတစ်လက်တည်းဖြင့် သားကောင်ကို အမဲလိုက်နိုင်ခဲ့သည်။ ကျိုးဝမ်ရှူ၏ အသုံးဝင်မှု တန်ဖိုးက တရိပ်ရိပ် မြင့်တက်လာနေသဖြင့် စူးယောင်ကွမ်းတစ်ယောက် သူ့ကို ပို၍ အကောင်းမြင်သော မျက်ဝန်းများဖြင့် ကြည့်မိသွားရသည်။
ကျိုးဝမ်ရှူက ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် ရိုးရိုးသားသား ပြန်ပြောနေရှာသည်။
"ဒါက တိုက်ဆိုင်သွားလို့ပါ"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"ဒါဆိုရင်လည်း နင့်ကံက တော်တော်ကောင်းတာပဲ"
စူးယောင်ကွမ်းက ပန်းခင်းတစ်ခုကို ရှာတွေ့သွားပြီး ပန်းပွင့်ဖတ်များကို စတင်ဆွတ်ခူးနေခဲ့သည်။
သူမ ကျိုးဝမ်ရှူ ဘက်သို့ အာရုံစိုက်ရန် အချိန်မရှိတော့ဘဲ သူ ဘေးနားတွင် ရှိနေလား၊ လျှောက်သွားနေသလား ဆိုသည်ကို သိရရန် ရံဖန်ရံခါမှသာ ခေါင်းမော့ကြည့်ပြီး ချက်ချင်း ခေါင်းပြန်ငုံ့ကာ ပန်းဆက်ခူးနေခဲ့သည်။
ထိုနေရာရှိ ပန်းပွင့်များအားလုံးကို ခူးဆွတ်ပြီးသွားချိန်တွင် သူမ၏ ခြင်းတောင်းလည်း ပြည့်လျှံသွားခဲ့ပြီ ဖြစ်သည်။ သူမက ပန်းပင် တစ်ဒါဇင်ခန့်ကိုပါ မြေကြီးထဲမှ တူးလိုက်ပြီး ခြံဝင်းထဲတွင် ပြန်စိုက်ပျိုးရန်အတွက် ကျိုးဝမ်ရှူ ယူဆောင်လာခဲ့သော ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
သူမအနေဖြင့် ဤလုပ်ငန်းကို ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ထားသဖြင့် ပန်းပွင့်များစွာ လိုအပ်နေသည်။ တောင်ပေါ်မှ ပန်းပွင့်များက ကုန်ကြမ်းရရှိရန် ရင်းမြစ်တစ်ခုဖြစ်ပြီး ပစ္စည်းပြတ်လပ်သွားခြင်းမျိုး မရှိစေရန်အတွက် သူမကိုယ်တိုင်လည်း ပန်းအချို့ စိုက်ပျိုးထားရန် လိုအပ်နေသည်။
"ဒီယုန်တွေက ဘယ်ကရလာတာလဲ... နှစ်ကောင်တောင်လား"
စူးယောင်ကွမ်းက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ကျိုးဝမ်ရှူက မလှမ်းမကမ်းရှိ ယုန်တွင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြရင်း ပြန်ပြောလိုက်သည်။
"ဟိုနားက ဖမ်းမိတာပါ၊ အထီးတစ်ကောင်၊ အမတစ်ကောင်လေ။ အိမ်ပြန်ခေါ်သွားပြီး မွေးကြမယ်"
"နင်ကတော့ တကယ့်လာဘ်ကောင်လေးပဲ၊ အပြင်ထွက်လာကတည်းက ကောင်းတဲ့အရာတွေပဲ တောက်လျှောက် ရနေတော့တာပဲ"
စူးယောင်ကွမ်းက သူ့ကို လှမ်းမေးလိုက်သေးသည်။
"ဒါတွေအကုန်လုံးကို နင် သယ်နိုင်ရဲ့လား"
"ကျွန်တော် ဒဏ်ရာရထားတယ်ဆိုပေမယ့် ယုန်နှစ်ကောင်နဲ့ တောကြက်တစ်ကောင်ကိုတော့ သယ်ဖို့ အားရှိပါသေးတယ်"
ကျိုးဝမ်ရှူက ပြောလိုက်သည်။
"အခု တောင်အောက်ကို ဆင်းကြမလား"
"အင်း... သွားကြစို့"
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ သားကောင်များ အပြည့်ဖြင့် ပြန်ဆင်းလာချိန်တွင် တောင်ခြေတွင့် ရှောင်းယန်ချီနှင့် ဝင်တိုးတော့သည်။ ရှောင်းယန်ချီက ထင်းများ ထမ်းထားရပြီး တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံနေကာ ချွေးများရွှဲနစ်နေသည်။
သူက စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ကို မြင်သွားပြီး ချွေးသုတ်နေသည့် လက်များ ရပ်တန့်သွားခဲ့သည်။ သူတို့ သယ်ဆောင်လာသော ပစ္စည်းများဆီသို့ အကြည့် ရောက်ရှိလာချိန်တွင် သူ့မျက်ဝန်းထဲ၌ မကျေမနပ်ဖြစ်နေမှုများ ရိပ်ကနဲ ဖြတ်ပြေးသွားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ ပြောင်းဖူးမုန့်များကိုသာ စားခဲ့ရခြင်း ဖြစ်သည်။ ကျန်းရိဟွမ်းတစ်ယောက်သာလျှင် နေ့စဉ် သူ့ကို တိတ်တဆိတ် အစားအစာအချို့ လာပေးတတ်ပြီး တစ်ခါတရံ ကြက်ဥတစ်လုံး သို့မဟုတ် အသားအနည်းငယ် ပါတတ်သည်။
ကျုံးလန်ဟွာက ရုပ်ရည်အသင့်အတင့် ချောမောသော်လည်း စိတ်ထားကတော့ အလွန် ကောက်ကျစ်ရိုင်းစိုင်းကာ သူမ၏ ကြင်နာတတ်သော သမီးနှင့် လုံးဝ ခြားနားနေသည်။
သူ့အနေဖြင့် လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်ပြီး ဤကဲ့သို့ အမြဲတမ်း အခိုင်းခံနေ၍ မဖြစ်ချေ။ သူမ၏သားဖြစ်သူက မကြာမီ နွေရာသီကျောင်းပိတ်ရက်အတွက် အိမ်ပြန်လာတော့မည်ဖြစ်ပြီး သမီးဖြစ်သူကလည်း ကိုယ်ပိုင်စာသင်ကျောင်းတွင် ပညာသင်ကြားနေဆဲဖြစ်ရာ ဤအချက်ကပင် သူ့အတွက် အခွင့်အရေး ဖြစ်လာနိုင်ပေသည်။
စူးယောင်ကွမ်းက ရှောင်းယန်ချီကို ကျော်ဖြတ်ကာ လျှောက်လှမ်းသွားခဲ့သည်။
ကျိုးဝမ်ရှူက ရှောင်းယန်ချီကို တစ်ချက်လှမ်းကြည့်ကာ ယုန်ကို ကောက်ယူပြီး စူးယောင်ကွမ်း၏နောက်သို့ ခပ်သွက်သွက် လိုက်ပါသွားသည်။
"ယောင်ကွမ်း... ကျွန်တော် ကြက်စွပ်ပြုတ် မသောက်ချင်ဘူး၊ ကြက်သားပြုတ် စားချင်တယ်... ရမလားဟင်"
ကျိုးဝမ်ရှူက လှမ်းပြောလိုက်သည်။
"ရတာပေါ့"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သေးသည်။
"ဒီကြက်ကို နင်ဖမ်းလာတာလေ၊ နင် ကြိုက်သလို ချက်ပေးမယ်"
ရှောင်းယန်ချီကလည်း သူတို့နှစ်ဦး ပြောနေသည့် စကားသံကို ကြားနေရပြီး သူ့ရင်ထဲမှ မနာလိုစိတ်များ ရုတ်တရက် အလိပ်လိုက် ထိုးတက်လာတော့သည်။
'ဟက်... ဘာအားကျစရာ ရှိလို့လဲ၊ အဲ့ဒီရွာသူမကလည်း ကျုံးလန်ဟွာထက်တောင် ပိုပြီး အောက်တန်းကျတဲ့ ရိုင်းစိုင်းတဲ့ မိန်းမဆိုးပဲဥစ္စာ...'