အခန်း ၁၂
Vol. 2 Ch. 12
အခန်း ၁၂ မဆိုးပါဘူး
ကျန်းကျောက်တိက ကျိုးဝမ်ရှူ သယ်ဆောင်လာသော ပစ္စည်းများကို သံသယမျက်လုံးများဖြင့် စစ်ဆေးကြည့်ရင်း မေးလိုက်သည်။
"နင် ဒါကို တကယ် ဖမ်းမိတာ ဟုတ်ရဲ့လား"
ကျိုးဝမ်ရှူ၏ မျက်ဝန်းများက ကြည်လင်နေပြီး ရိုးသားဟန်လေးဖြင့် ခေါင်းညိတ်ပြနေသည်။
"ဟုတ်ပါတယ် အဒေါ်"
"အမေ... ဝမ်ရှူက တကယ်အံ့ဩစရာပဲ"
စူးယောင်ကွမ်းက ကြွားလုံးထုတ်ကာ မြှောက်ပေးလိုက်သည်။
"ဝမ်ရှူ... အမေ့ကို ပြလိုက်ဦး"
ကျိုးဝမ်ရှူက သူ၏ လေးခွကို ထုတ်ကာ ကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်ပြီး "ဖျတ်" ခနဲ ပစ်လိုက်ရာ ငှက်တစ်ကောင် ဘုန်းခနဲ ပြုတ်ကျလာသည်။
ကျန်းကျောက်တိ၏ မျက်နှာအမူအရာက အနည်းငယ် ပျော့ပြောင်းသွားပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"မဆိုးပါဘူး၊ သူ့ကို ဝယ်တုန်းက ပေးခဲ့ရတဲ့ ပိုက်ဆံနဲ့ ဆေးဖိုးဝါးခတော့ ပြန်ရသွားပြီ"
"အဒေါ်... နောင်ကျရင် ကျွန်တော် အလုပ်တွေ ပိုလုပ်ပါ့မယ်၊ အဒေါ်တို့ကို အရှုံးမပေါ်စေရပါဘူး"
"အင်း... အဲ့လိုဖြစ်ရင် အကောင်းဆုံးပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး သူကလည်း သူ့လက်ထဲမှ ယုန်ကို ချက်ချင်း သွားကိုင်တွယ်နေသည်။
ကျန်းကျောက်တိကတော့ စူးယောင်ကွမ်း သယ်လာသည့် ပန်းပင်များကို ခြံဝင်းထဲ၌ ပြန်လိုက်စိုက်နေသည်။
စူးယောင်ကွမ်းက နှုတ်ခမ်းဆိုးဆေးနှင့် မျက်နှာချေမှုန့်များ ဆက်လုပ်နေခဲ့သည်။ ယခု အရှိန်အတိုင်းဆိုလျှင် ပထမဆုံး ထုတ်ကုန်အသုတ်က ရက်ပိုင်းအတွင်း ပြီးစီးတော့မည် ဖြစ်သည်။ ဤစီးပွားရေး အောင်မြင်၊ မအောင်မြင် ဆိုသည်ကလည်း နောက်တစ်ပတ် ဈေးနေ့၌ အဖြေပေါ်လာတော့မည် ဖြစ်သည်။
ထိုညနေခင်းတွင် ကြက်သားပြုတ်၏ မွှေးကြိုင်သော ရနံ့က တစ်အိမ်ကျော်အထိ ပျံ့လွင့်သွားပြီး အိမ်နီးနားချင်းများကို ဗိုက်ဆာစေသည်။ ဘေးအိမ်က ကလေးဆိုးလေးက ကြက်သားစားချင်ဟုဆိုကာ ငိုယိုနေသဖြင့် လူကြီးများထံမှ အရိုက်ခံလိုက်ရပြီး အော်ဟစ်ငိုယိုသံက အဝေးကြီးအထိ ကြားနေရသည်။
ထို့ကြောင့် ရွာထဲမှလူအားလုံး ကျန်းကျောက်တိနှင့် သူမ၏သမီးတို့ ကြက်သား ထပ်စားပြန်ပြီဖြစ်ကြောင်း သိသွားကြပြီး ယခုတစ်ကြိမ်တွင်တော့ သူမ၏ ခင်ပွန်းဖြစ်သူ ကျိုးဝမ်ရှူ ဖမ်းလာပေးခြင်း ဖြစ်သည်ဟု ပြောနေကြသည်။
ကျုံးလန်ဟွာက ဟင်းသီးဟင်းရွက်တောင်းကို ဆွဲကာ ခြံဝင်းထဲသို့ ဝင်လာပြီး ရှောင်းယန်ချီ ထင်းခုတ်နေသည်ကို မြင်သွားခဲ့သည်။ ကျန်းရိဟွမ်းက သူ့ကို ရေကမ်းပေးနေသောကြောင့် ကျုံးလန်ဟွာ ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ထိုနှစ်ဦးကို မလိုတမာ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ကျန်းရိဟွမ်းက မိခင်ဖြစ်သူ ကျုံးလန်ဟွာ ပြန်လာသည်ကို မြင်သွားပြီး အပြေးအလွှား ရောက်လာကာ မိခင်ဖြစ်သူ၏ လက်ထဲမှ တောင်းကို လှမ်းယူရင်း တိုးတိုးလေး မေးလိုက်သည်။
"အမေ... အစ်ကိုက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
"ရွာဝင်ပေါက်ကို သွားကြိုလိုက်ဦး၊ သူ မကြာခင် ရောက်တော့မှာ"
ကျုံးလန်ဟွာက ပြောနေရင်းဖြင့် ရှောင်းယန်ချီကို စိုက်ကြည့်လိုက်သည်။
"ဟုတ်ကဲ့... သမီး အခုပဲ အစ်ကို့ကို သွားစောင့်လိုက်မယ်"
ကျန်းရိဟွမ်းက မိခင်ဖြစ်သူကို ခေါင်းညိတ်ပြပြီးနောက် ရှောင်းယန်ချီအတွက် ဝင်ပြောပေးနေပြန်သည်။
“အမေ... အစ်ကိုရှောင်း အလုပ်လုပ်နေတာ အရမ်းကြာနေပြီ၊ သူ့ကို ခဏလောက် နားခွင့်ပေးလိုက်ပါဦး”
“သူ အလုပ်မလုပ်ရင် ငါတို့လို အားနည်းတဲ့ မိန်းမသား နှစ်ယောက်က လုပ်ရမှာလား၊ ငါ သူ့ကို အလုပ်လုပ်ဖို့ ဝယ်လာတာလေ၊ စည်းစိမ်ခံဖို့ ဝယ်လာတာ မဟုတ်ဘူး”
ကျုံးလန်ဟွာက ခါးထောက်ရင်း ဒေါသတကြီး ကြိမ်းမောင်းနေသည်။
ကျန်းရိဟွမ်း၏ မျက်ဝန်းများက နီမြန်းလာပြီး မခံမရပ်နိုင်ဖြစ်ကာ မကျေမနပ် ပြောလိုက်သည်။
“အမေကလည်း... ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ၊ သူ ဘာမှ အမှားမလုပ်ထားဘူးလေ၊ အစ်ကိုရှောင်းကလည်း လူတစ်ယောက်ပဲဟာကို... ဘယ်လိုလုပ် နေ့နေ့ညည အလုပ်ပဲ လုပ်နေနိုင်မှာလဲ”
ကျန်းရိဟွမ်းတစ်ယောက် ကျုံးလန်ဟွာ၏ ကြိမ်းမောင်းခြင်းကို ခံရပြီး မျက်ရည်ဝဲနေသည်ကို မြင်ရသောကြောင့် ရှောင်းယန်ချီတစ်ယောက် ကျုံးလန်ဟွာအပေါ် ပိုမုန်းတီးသွားမိသော်လည်း တစ်ချိန်တည်းမှာပင် ကျန်းရိဟွမ်းက အလွန် သနားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
'ရိဟွမ်းလို ကောင်းမွန်တဲ့ မိန်းကလေးက ဘာလို့ ဒီလို အမေမျိုးနဲ့ လာဆုံရတာလဲ... ထားပါတော့၊ ငါ အလုပ်တွေ ပိုလုပ်ပေးလို့ ရိဟွမ်း အဆူခံရတာ နည်းသွားမယ်ဆိုရင် ငါပဲ ပိုလုပ်ပေးလိုက်ပါ့မယ်'
"မိန်းကလေးရိဟွမ်း၊ ကိစ္စမရှိပါဘူး၊ ကျွန်တော် မပင်ပန်းပါဘူး၊ နောက်ထပ် ခဏလောက် ထပ်ခုတ်နိုင်ပါသေးတယ်"
ကျန်းရိဟွမ်းက သူ့ကို ဝမ်းနည်းရိပ်သန်းနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။
"အပင်ပန်းခံပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်း"
ကျန်းရိဟွမ်းက သူမ၏ မျက်ရည်များကို သုတ်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။ သူမက အပြင်သို့ ရောက်သည်နှင့် နောက်သို့ ပြန်လှည့်ကာ ရှောင်းယန်ချီရှိရာ အရပ်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များကို ကွေးညွှတ်ကာ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေပြီး ခပ်သွက်သွက် လျှောက်လှမ်းထွက်ခွာသွားတော့သည်။
'ယောက်ျားတွေအားလုံးက တစ်ပုံစံတည်းပဲ... တကယ့်ကို ပျင်းစရာကောင်းလွန်းတယ်'
ရွာဝင်ပေါက်သို့ ရောက်သွားချိန်တွင် ကျန်းရိဟွမ်းက ပိန်ပိန်ပါးပါးကိုယ်ဟန်နှင့် လူတစ်ယောက်ကို လှမ်းမြင်လိုက်ပြီး ရှေ့သို့ အပြေးအလွှား သွားကာ ထိုလူ၏ ကျောပေါ်မှ စာအုပ်သေတ္တာကို လှမ်းယူရင်း ခပ်တိုးတိုး ခေါ်လိုက်သည်။
"အစ်ကို"
ထိုအမျိုးသားက ခပ်အေးအေး ခေါင်းညိတ်ပြလိုက်ပြီး စာအုပ်သေတ္တာကို သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ညောင်းညာကိုက်ခဲနေသော သူ့လက်မောင်းများကို လှုပ်ခါရင်း မှုန်ကုပ်ကုပ် မျက်နှာအမူအရာဖြင့် ဘာစကားမျှ မပြောဘဲ တိတ်ဆိတ်နေလေသည်။
ကျန်းယီဟွေ့က စကားမပြောသဖြင့် ကျန်းရိဟွမ်းလည်း ဘာမှ မပြောရဲချေ။
သူမက ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူကို ကြောက်ရွံ့ခဲ့ရသည်။ သူမနှင့် အစ်ကိုဖြစ်သူအကြား ပဋိပက္ခဖြစ်ပွားသည့် အခါတိုင်းတွင်လည်း မိခင်ဖြစ်သူက သူမဘက်မှ မည်သည့်အခါမျှ ရပ်တည်မပေးဘဲ အမြဲတမ်း အစ်ကိုဖြစ်သူဘက်ကသာ အမြဲဘက်လိုက်ပေးခဲ့သည်။
ကျန်းမောင်နှမနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် လျှောက်ရင်း အိမ်သို့ ပြန်လာခဲ့ကြသည်။ စူးယောင်ကွမ်း၏ အိမ်ရှေ့မှ ဖြတ်သန်းသွားစဉ် ဟင်း၏ မွှေးကြိုင်သော ရနံ့က လေထဲတွင် လွင့်ပျံလာသဖြင့် ကျန်းယီဟွေ့က စူးယောင်ကွမ်း၏ အိမ်ရှိရာ အရပ်ဆီသို့ လှမ်းမြော်ကြည့်လိုက်သည်။
ကျန်းရိဟွမ်းကလည်း ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကျန်းယီဟွေ့နှင့် စကားစပြောလိုက်သည်။
"အစ်ကို... စူးယောင်ကွမ်းက အိမ်ပါသမက်တစ်ယောက် ဝယ်လိုက်ပြီသိလား"
ကျန်းယီဟွေ့က မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်၏။
"သူက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာလေ၊ ဒီလောက်တောင် အိမ်ထောင်ပြုချင်နေတာလား"
"သူ့အဖွားက သူမကို စူးမိသားစုက အဒေါ်ရဲ့ ဉာဏ်ရည်မမှီတဲ့ သားနဲ့ အိမ်ထောင်ချပေးချင်နေတာလေ၊ ဒါကြောင့် အမြန်ဆုံး ဖြေရှင်းနိုင်အောင်လို့ သူက အောင်သွယ်တော်ကို သွားမေးတော့ အိမ်ပါသမက်အဖြစ် ယောက်ျားတစ်ယောက် ဝယ်ဖို့ ပြောလိုက်တာ"
ကျန်းရိဟွမ်းက မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ကျန်းယီဟွေ့အား ပြောပြနေပြီး အခြားသူများ၏ အကြောင်းကို အရင်ပြောပြီးမှ သူမတို့ မိသားစုအကြောင်းကို စပြောလိုက်သည်။ မိခင်ဖြစ်သူက ရှောင်းယန်ချီကို ရည်ရွယ်ချက်ရှိရှိ ဝယ်ယူခဲ့ကြောင်းနှင့် ထိုရှောင်းယန်ချီက စာပေတတ်မြောက်ကြောင်းကိုပါ ထည့်သွင်းပြောပြလိုက်သည်။
မိသားစုက အလုပ်လုပ်ရန် အစေခံယောက်ျားတစ်ယောက် ဝယ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် ကျန်းယီဟွေ့၏ စုကျုံထားသော မျက်မှောင်များက ပြေလျော့သွားခဲ့သည်။ သို့သော် ကျန်းရိဟွမ်းက ထိုရှောင်းမျိုးရိုးက စာတတ်သည်ဟု ပြောလိုက်ချိန်တွင်တော့ သူ၏မျက်ဝန်းများထဲတွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်ပြောလိုက်သည်။
"တကယ်ပဲ စာတတ်ပေတတ်သာ ဆိုရင် သူ အရောင်းစားခံရပါ့မလား၊ စာလုံး တစ်လုံး၊ နှစ်လုံးလောက် တတ်တာကိုပဲ သူ့ကိုယ်သူ တန်ဖိုးတက်အောင် စာတတ်တယ်လို့ လျှောက်ပြောနေတာ ဖြစ်မှာပေါ့။ နင်တို့လို မိန်းမတွေပဲ အဲ့ဒါကို ယုံကြတာ"
ကျန်းရိဟွမ်းလည်း ဘာမှ ပြန်မပြောရဲတော့ချေ။
ကျန်းယီဟွေ့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကျုံးလန်ဟွာက ဝမ်းသာအားရ ဆီးကြိုလိုက်သည်။
"ငါ့သားလေး ပြန်လာပြီပဲ၊ ငါ့သားလေး စာဖတ်ရတာ အရမ်း ပင်ပန်းနေမှာပဲ၊ ကြည့်စမ်းပါဦး၊ ငါ့သားလေး ကိုယ်အလေးချိန်တောင်ကျသွားပြီ"
ကျန်းရိဟွမ်းကတော့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်သည်။
‘ကိုယ်အလေးချိန် ကျသွားတယ်ဟုတ်လား၊ ငါကတော့ သတိမထားမိပါဘူး’
သူမနှင့် မိခင်ဖြစ်သူ ရှာဖွေရသမျှ ပိုက်ဆံအားလုံးက အစ်ကိုဖြစ်သူထံသို့သာ ရောက်ရှိသွားခြင်း ဖြစ်သည်။ သူ၏ နှစ်စဉ်ကျောင်းလခနှင့် လစဉ်သုံးစွဲသည့် ကြေးပြားသုံးရာကို ရရှိရန်အတွက် သူမ မျက်စိကွယ်လုနီးပါးအထိ ပန်းထိုးအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသည်။
ကျန်းယီဟွေ့က အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ထင်းခုတ်နေသည့် ရှောင်းယန်ချီကို ချက်ချင်း မြင်သွားခဲ့သည်။ သူက ရှောင်းယန်ချီ၏ ရုပ်ရည်ကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ မည်သို့ပင်ဖြစ်စေ ထိုလူက တော်တော်လေး ရုပ်ချောလွန်းနေသည်။
သို့သော်လည်း အိမ်တွင် မိန်းမသား နှစ်ယောက်တည်း ရှိနေပြီး ဤမျှ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ရှိနေခြင်းက စိတ်မချရကြောင်း သူ ချက်ချင်း သဘောပေါက်သွားသည်။
ကျန်းယီဟွေ့က ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ကို အိမ်ထဲသို့ ဝင်ရန် တိုက်တွန်းလိုက်သည်။
"ကျွန်တော်နဲ့အတူ အထဲကို လိုက်ခဲ့ကြဦး"
ရှောင်းယန်ချီက မျက်မှောင်ကြုတ်လိုက်သည်။
ဤအိမ်၏ တစ်ဦးတည်းသော ‘အိမ်ထောင်ဦးစီး အမျိုးသား’ က သူ့အပေါ် ရန်လိုနေပုံရမှန်း သူ ရိပ်မိလိုက်သောကြောင့်ပင်။
သူက တံခါးအပြင်ဘက်တွင် ရပ်နေပြီး အတွင်းမှ စကားပြောသံများကို နားစွင့်နေခဲ့သည်။
ကျုံးလန်ဟွာက မကျေမနပ်ဖြင့် ကန့်ကွက်နေပုံရသည်။
"သူ့ကို ဘာလို့ ပြန်ရောင်းရမှာလဲ၊ သူက ငါတို့ကို အလုပ်တွေ အများကြီး ကူလုပ်ပေးနိုင်တယ်။ ဟွေ့အာရယ်... မင်းညီမနဲ့ အမေက အားနည်းတဲ့ မိန်းမသားတွေလေ၊ အခုရက်ပိုင်းအတွင်း အပင်ပန်းခံရမယ့် အလုပ်ကြမ်းတွေကို ကူလုပ်ပေးမယ့် ယောက်ျားသားတစ်ယောက် ရှိနေလို့ ငါတို့အတွက် အများကြီး သက်သာသွားတာ"
အရေးကြီးဆုံးအချက်ကတော့ သူမတွင် အစေခံတစ်ယောက် ရှိနေကြောင်း ရွာထဲမှ လူအားလုံး သိထားကြပြီး ဖြစ်ကာ သူမအနေဖြင့် ကြွားလုံးထုတ်ရသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ အကယ်၍ သူ့ကို ပြန်ရောင်းလိုက်ပါက ရွာသားများက သူမတို့ကို အစေခံတစ်ယောက်ကိုပင် မကျွေးမွေးနိုင်ဟု ထင်မြင်သွားကြပေလိမ့်မည်။
ယခုအခါ သူမတွင် အလုပ်အကျွေးပြုမည့် အစေခံတစ်ယောက် ရှိနေပြီဖြစ်သဖြင့် ရွာထဲမှ မိန်းမများက အလွန်ပင် မနာလိုဖြစ်နေကြသည်။ ထို့ထက်ပို အရေးကြီးသည်က သူမ ဝယ်လာသည့် အစေခံက ကျန်းကျောက်တိ ဝယ်ထားသော အိမ်ပါသမက်ထက် အဆပေါင်းများစွာ သာလွန်နေခြင်းပင်။
ကျန်းယီဟွေ့က ပြန်ပြောလိုက်သည်။
"ဒီအိမ်မှာ အမေတို့ မိန်းမသားနှစ်ယောက်ပဲ အတူနေနေတာလေ၊ ပြီးတော့ သူက အရွယ်ရောက်ပြီးသား အစေခံယောက်ျားတစ်ယောက် ဖြစ်ပြီး အမေတို့နဲ့ တစ်မိုးတည်းအောက်မှာ အတူနေနေတာ။ ဒီသတင်း အပြင်ကို ပေါက်ကြားသွားရင် ကောင်းမှာ မဟုတ်ဘူး။ ရိဟွမ်းက အိမ်ထောင် မပြုရသေးဘူး၊ အမေက သူ့ကို လူပြောစရာ ဖြစ်စေချင်တာလား"
ကျန်းရိဟွမ်းက အားနည်းသော လေသံလေးဖြင့် ဝင်ပြောလိုက်သည်။
"ညီမတို့မှာ လူပြောစရာ ဘာအမှားမှ မလုပ်ဘူးလေ၊ သူများတွေ ပြောတာကို မကြောက်ပါဘူး။ အစ်ကို... သူ့ကို ပြန်မရောင်းပါနဲ့နော်၊ သူက တကယ်ကို သနားဖို့ ကောင်းပါတယ်"
"မင်းကတော့ ကိစ္စကို အကြီးကြီး လျှောက်တွေးနေတာပဲ"
ကျုံးလန်ဟွာက ဝင်ပြောလိုက်သည်။
"ကဲ... ငါ့သားလေး... မင်းလည်း အခုတင် ပြန်ရောက်တာဆိုတော့ ဗိုက်ဆာနေရောပေါ့။ ဟွမ်းအာ... အမေနဲ့အတူ လာခဲ့၊ နင့်အစ်ကိုအတွက် အရသာရှိတဲ့ ဟင်းကောင်းကောင်း သွားချက်ကြမယ်။ စူးမိသားစုက ဒီနေ့ ကြက်သားစားတယ်ဆိုတော့ ငါတို့ ဒီနေ့ ဝက်သားနီချက် ချက်စားကြတာပေါ့"
ကျန်းရိဟွမ်းက ဝမ်းမြောက်ဝမ်းသာဖြင့် ချက်ချင်း သဘောတူလိုက်သည်။
"ဟုတ်ကဲ့ အမေ... သမီးတို့ အစ်ကို့အတွက် အရသာရှိတာတွေ သွားချက်ကြမယ်နော်"
မိခင်ဖြစ်သူက သူမအတွက် အကျိုးရှိမည့်အရာမျိုးကို ခဲခဲယဉ်းယဉ်း ပြုလုပ်ပေးတတ်ခြင်းဖြစ်ရာ အစ်ကိုဖြစ်သူကို ဝင်ရောက်စွက်ဖက်ခွင့် ပေး၍မဖြစ်ချေ။ သူမ၏အစ်ကိုက တစ်နေကုန် စာသင်ကျောင်းတွင်သာ ရှိနေပြီး လျှော်ဖွတ်ရန်အတွက် အဝတ်အညစ်အကြေးများကိုပင် အိမ်သို့ ပြန်သယ်လာတတ်သူ ဖြစ်သောကြောင့် အိမ်တွင် သူမတို့ မည်မျှ ပင်ပန်းနေရသည်ကို သိနိုင်မည် မဟုတ်ပေ။ ရှောင်းယန်ချီ ရောက်လာကတည်းက အနည်းဆုံးတော့ ထိုအလုပ်ကြမ်းများကို လုပ်ပေးမည့်သူ တစ်ယောက် ရှိလာခဲ့သည်။