← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃ သတိပေးချက်

ကျန်းယီဟွေ့က တံခါးကို ဖွင့်လိုက်ပြီး ခြံဝင်းထဲရှိ ရှောင်းယန်ချီကို လှမ်းပြောလိုက်သည်။

"အထဲကို ဝင်ခဲ့"

ရှောင်းယန်ချီက ကျန်းယီဟွေ့ ကျုံးလန်ဟွာတို့ သားအမိကို သူ့အား ပြန်ရောင်းရန် တိုက်တွန်းနေသည့် စကားများကို ကြားရုံတင်မကဘဲ ဤလူက မိခင်နှင့် သမီးဖြစ်သူကို မြှောက်ထိုးပင့်ကော်လုပ်ပြီး သူ့ကို ပြန်ရောင်းရန် ကြံစည်နေသည်ကို နားလည်လိုက်ရသဖြင့် သူ့ရင်ထဲ၌ မကျေနပ်မှုများ ကြီးထွားလာခဲ့သည်။

သို့သော်လည်း သူများ၏အိမ်မိုးအောက်တွင် ခိုလှုံနေရသည့်အခါ ဦးညွှတ်ရပေလိမ့်မည်။ ထိုလူက ကျန်းမိသားစု၏ တစ်ဦးတည်းသော အမျိုးသားဖြစ်ပြီး အိမ်ထောင်ဦးစီးဖြစ်မှန်းလည်း သိသာနေသည်။ သူ့အနေဖြင့် ဤလူကို သွားရောက် မပြစ်မှားမိရန် လိုအပ်နေသည်။ အကယ်၍ အခြေအနေ ပျက်ပြားသွားပါက ဒုက္ခရောက်မည့်သူက သူသာလျှင် ဖြစ်၏။

ရှောင်းယန်ချီက ကျန်းယီဟွေ့၏ နောက်မှ အထဲသို့ လိုက်ဝင်လာခဲ့သည်။

"ခုနကနေ အခုအထိ မင်း ငါ့ကို တစ်ကြိမ်လေးတောင် ဂါရဝပြုရသေးပုံမပေါ်သေးပါလား။ မင်းမှာ အစေခံတစ်ယောက်ရဲ့ သိတတ်နားလည်မှုမျိုးတောင် ရှိပုံမရဘူးပဲ"

ကျန်းယီဟွေ့က အထက်နေရာတွင် ဝင်ထိုင်လိုက်ရင်း ရှောင်းယန်ချီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

ရှောင်းယန်ချီက မျက်လွှာချလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်၏။

"သခင်လေးကို ဂါရဝပြုပါတယ်"

"အစေခံတစ်ယောက်က သူ့သခင်ရှေ့မှာ ဒူးထောက်ရမှာ မဟုတ်ဘူးလား"

ကျန်းယီဟွေ့က ခနဲ့တဲ့တဲ့ ရယ်မောရင်း ထပ်ပြောလိုက်ပြန်သည်။

"ငါ့အမေက စကားပြောရလွယ်ပြီး ငါ့ညီမကလည်း စိတ်သဘောထား နူးညံ့တယ်။ မင်း ဒီလောက်အထိ ရိုသေမှုမရှိတာ... မင်းက သခင်တွေကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား"

ရှောင်းယန်ချီတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

'စာအုပ် တစ်အုပ်၊ နှစ်အုပ်လောက် ဖတ်ဖူးပြီး ကံကောင်းထောက်မစွာနဲ့ ငါ့ကို ဝယ်ယူခွင့်ရခဲ့တဲ့ တောသားတစ်ယောက်က သူ့ကိုယ်သူ အဆင့်အတန်း မြင့်လှပြီလို့ တကယ် ထင်နေတာပဲ... အရင်တုန်းက ငါနဲ့ ဆုံဖူးတဲ့ မျိုးရိုးမြင့် တတိယအဆင့်၊ စတုတ္ထအဆင့် အရာရှိကြီးတွေ ငါ့ကို ဦးညွှတ်ခဲ့ရတာလေ၊ သူက ဘာမို့လို့ ငါ့ကို ဒူးထောက်ခိုင်းနေရတာလဲ'

ရှောင်းယန်ချီတစ်ယောက် သူ့‌ရှေ့မှ လူ၏ မျက်နှာကို ဖြတ်ရိုက်ပြီး သူ၏ အထောက်အထားအစစ်အမှန်ကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုပစ်ချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်လာခဲ့သည်။ သို့သော် သူ မလုပ်ရဲချေ။ ယခုအချိန်တွင် သူက ပြစ်ဒဏ်သင့်ပြီး ရာထူးချခံရသည့် အရာရှိကြီးတစ်ဦး၏ မျိုးဆက်ဖြစ်နေချေပြီ။ သူ ယခုလို နေရာမျိုးတွင် ရှိနေရခြင်းမှာလည်း သစ္စာရှိအစေခံတစ်ဦးက သူ့ကိုယ်စား အသေခံပေးခဲ့၍သာ ဖြစ်ပြီး သူက အစေခံတစ်‌ယောက် ဖြစ်လာရခြင်းပင်။ ထိုသို့မဟုတ်လျှင် သူလည်း အလောင်းကာင်တစ်ကောင် ဖြစ်နေနှင့်လောက်ချေပြီ။

ရှောင်းယန်ချီက သူ့ရင်ထဲမှ နာကြည်းမှုကို ဖိသိပ်ကာ ဒူးထောက်လိုက်ပြီး သူ့စိတ်ကို ထိန်းချုပ်ကာ အရိုအသေပေးလိုက်သည်။

"ရှောင်းချီက သခင်လေးကို ဂါရဝပြုပါတယ်"

"ဘယ် 'ရှောင်း' လဲ"

" 'ရှောင်းကွန်းလမ်းမှာ မြင်းတပ်နဲ့ဆုံပြီး ကာကွယ်ရေးစစ်သူကြီးက ယန်ရန်မှာ ရှိနေတယ်' ဆိုတဲ့ ရှောင်း ပါ"

"ဘယ် 'ချီ' လဲ"

အစပိုင်းတွင် ရှောင်းယန်ချီက 'လီပေါင်းထောင်ချီတဲ့ အထီးကျန်အရိပ်က တောငန်းတွေအဖြစ် ကွဲကွာနေပြီး အမြစ်တွေက ဆောင်းဦးရာသီရဲ့ ကျူပင်တွေလို ပြန့်ကျဲနေတယ်' ဟု ပြောချင်ခဲ့သော်လည်း သူ၏ နာမည်ရင်းကို ထုတ်ဖော်ရန်မဖြစ်ကြောင်း တွေးမိသွားသဖြင့် စကားလုံးကို ပြောင်းလဲလိုက်သည်။

" 'သီချင်းအသစ်တစ်ပုဒ်နဲ့ သေရည်တစ်ခွက်' ဆိုတဲ့ ချီ ပါ"

"ရှောင်းချီ... မင်းကို ကြည့်ရတာ တကယ်ပဲ စာသင်ခဲ့ဖူးတာပဲ၊ မင်း စာဘယ်နှစ်နှစ်လောက် စာသင်ခဲ့ဖူးလဲ"

ရှောင်းယန်ချီက ပြန်ဖြေလိုက်သည်။

"နှစ်နှစ်ပါ။ ကျွန်တော့်မိသားစု စီးပွားပျက်သွားလို့ ကျွန်တော့်ကိုယ်ကျွန်တော် ကျွန်အဖြစ် ရောင်းချခဲ့ရတာပါ"

"မင်းက စာတတ်တယ်ဆိုတော့ နောက်ရက်တွေကျရင် ငါ့ကို စာရေးကိရိယာတွေ ပြင်ဆင်ပေးတဲ့အလုပ် လုပ်ရမယ်၊ ဒါတင်မကဘူး... အိမ်က အလုပ်ကြမ်းတွေကိုလည်း မင်းပဲ လုပ်ရမယ်၊ နားလည်လား"

ကျန်းယီဟွေ့က အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

ရှောင်းယန်ချီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

အပြင်ဘက်မှ ကျုံးလန်ဟွာ၏ ထမင်းစားရန် လှမ်းခေါ်သည့်အသံ ထွက်ပေါ်လာသည်။ ကျန်းယီဟွေ့က အခန်းပြင်သို့ ထွက်ကာ အလယ်ခန်းမဆောင်ထဲသို့ ဝင်လာခဲ့သည်။ စားပွဲပေါ်တွင် ထမင်းပန်းကန်နှင့် တူ သုံးစုံသာ ပြင်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယန်ချီ ဝင်မထိုင်ရဲမှန်း သိလိုက်ရပြီး သူ အနည်းငယ် စိတ်ကျေနပ်သွားသည်။

"စောစောက သူ့ကို နည်းနည်း စမ်းသပ်ကြည့်တော့ သူက တကယ်ပဲ နှစ်ရက်၊ သုံးရက်လောက် စာသင်ဖူးတဲ့လူ ဖြစ်နေတယ်။ နောက်ရက်တွေကျရင် သူ့ကို ကျွန်တော့်အတွက် စာရေးကိရိယာတွေ ပြင်ဆင်ခိုင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သူက မနက်နဲ့ နေ့လည်တိုင်း ကျွန်တော့်အခန်းထဲမှာ တစ်ရှီးချန်စီလောက် အလုပ်အကျွေးပြုရလိမ့်မယ်"

(ရှီးချန် - ရှေ့ခေတ်သုံးအချိန်အတိုင်းအတာ၊ တစ်ရှီးချန်က ခုခေတ် နှစ်နာရီနဲ့ ညီမျှပါတယ်)

ကျန်းယီဟွေ့က ရှောင်းယန်ချီကို စမ်းသပ်ခဲ့သည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ကျုံးလန်ဟွာတစ်ယောက် အလွန် ဂုဏ်ယူမဆုံး ဖြစ်သွားရသည်။

'ငါ့သားလေးက တကယ့်ကို ပညာတတ်ဖြစ်နေလို့ ပညာတတ်ချင်း ဘယ်လိုစမ်းသပ်ရမလဲဆိုတာ သိတာပေါ့... ငါက ကျန်းကျောက်တိထက် အများကြီး ကံကောင်းတာပဲ။ ငယ်ငယ်တုန်းကလည်း ငါက ပိုအဆင်ပြေခဲ့သလို အခု နှစ်ယောက်လုံး မုဆိုးမဖြစ်နေတာတောင် ငါ့မှာ အားကိုးရမယ့် သားတစ်ယောက်ရှိတယ်၊ သူ့လို ရုပ်ဆိုးတဲ့ သမီးမိန်းကလေးတစ်ယောက်ပဲ ရှိတာမျိုး မဟုတ်ဘူး'

ကျန်းယီဟွေ့ ပြန်ရောက်လာသည့်အတွက် ဤညစာက အထူးခမ်းနားနေခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ရှောင်းယန်ချီက ထင်းရုံထဲတွင် ထိုင်နေပြီး ပြောင်းဖူးယာဂုပန်းကန်ကို ကိုင်ထားခဲ့သည်။

"အစ်ကိုရှောင်း..."

ကျန်းရိဟွမ်းက တံခါးကို ခပ်ဖွဖွလေး တွန်းဖွင့်ကာ ညင်ညင်သာသာ ဝင်လာခဲ့သည်။

"ညီမ ကြက်ပေါင်တစ်ချောင်း တိတ်တိတ်လေး ယူလာခဲ့တယ်၊ အာဟာရဖြည့်ဖို့ မြန်မြန်စားလိုက်နော်"

ရှောင်းယန်ချီက သူမ ကမ်းပေးလာသည့် ကြက်ပေါင်ကို ကြည့်ရင်း မှင်တက်နေလေသည်။

"မြန်မြန်စားပါ၊ တွေဝေမနေနဲ့၊ မဟုတ်ရင် အမိခံရလိမ့်မယ်"

ကျန်းရိဟွမ်းက စိုးရိမ်တကြီးဖြင့် လေသံကို တိုးကာ တိုက်တွန်းနေသည်။

"အမေနဲ့ အစ်ကို့ကို ရေအိမ်သွားမယ်လို့ ပြောခဲ့တာ၊ ဒါကြောင့် ညီမ အမြန်ပြန်သွားရမယ်"

"ဟွမ်းအာ... ကျေးဇူးတင်ပါတယ်"

ရှောင်းယန်ချီက သူမကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့သည်။

"မင်းက ငါ့အတွက် တစ်ဦးတည်းသော နှစ်သိမ့်မှုပါပဲ"

"အဲလို မပြောပါနဲ့၊ နောင်တချိန်မှာ အစ်ကိုရှောင်းလည်း အခြေအနေ ပြန်ကောင်းလာမှာပါ၊ ညီမ အစ်ကို့ကို ယုံကြည်တယ်"

ကျန်းရိဟွမ်းက သူ့ကို စိတ်မကောင်းဟန်လေးဖြင့် ကြည့်နေရှာသည်။

ကျန်းရိဟွမ်း ထွက်သွားပြီးနောက် ရှောင်းယန်ချီက ကြက်ပေါင်ကို ဖြည်းဖြည်းချင်း သေးသေးလေးစီကိုက်ကာ စားနေလိုက်သည်။

ဤကြက်ပေါင်တွင် ဆားအရသာကလွဲ၍ အခြားဘာအရသာ မရှိသော်လည်း ရှောင်းယန်ချီအတွက်တော့ ဤအရာက ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အရသာ ဖြစ်နေခဲ့သည်။ သူ ဤကြက်ပေါင်တစ်ချောင်း၏ အရသာကို တစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်ဟု တွေးနေမိသည်။

ကျန်းမိသားစုဝင်များ တစုတစည်းတည်း ထမင်းစားနေကြသော်လည်း ကျန်းယီဟွေ့က အမြဲတမ်း တည်တည်တင်းတင်းနေတတ်ပြီး ထမင်းစားချိန်တွင် ဆူညံနေသည်ကို မကြိုက်သဖြင့် စည်းကမ်းချက်များ အလွန်များပြားလှကာ ထမင်းစားပွဲက ပျင်းရိငြီးငွေ့ဖွယ် အတိ ဖြစ်နေလေသည်။

သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် စူးမိသားစုအိမ်တွင်တော့ ကြက်သားပြုတ်တစ်ခွက်ကြောင့် နွေးထွေးပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ကြက်သားပြုတ် နောက်ဆုံးတစ်တုံးသာ ကျန်တော့သည့်အချိန်တွင် စူးယောင်ကွမ်းက ထိုကြက်သားတုံးကို ကျန်းကျောက်တိ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်းကျောက်တိကလည်း သူမ၏ ပန်းကန်ထဲသို့ ပြန်ထည့်ပေးနေပြန်သည်။

"နင့်ခန္ဓာကိုယ်ကိုလည်း ကြည့်ဦး၊ နင့်ကိုယ်နင် အာဟာရဖြည့်ဖို့ ပိုစားသင့်တယ်"

ကျန်းကျောက်တိတစ်ယောက် ဝဝလင်လင် စားသောက်ပြီးနောက်တွင် သူမ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုအားလုံးက အသေးအဖွဲလေးများသာ ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သမီးဖြစ်သူက ရှိသမျှ စုဆောင်းငွေလေးကို အသုံးပြုပြီး ပစ္စည်းအမျိုးမျိုးကို ဝယ်ယူခဲ့သဖြင့် တစ်လစာ ရှင်သန်နိုင်ရုံမျှလောက်သည့် ငွေလေးသာ ကျန်နေတော့သည်ဆိုသော်လည်း ယခုအခြေအနေတွင် မျှော်လင့်ချက်များ ပိုရှိနေသလို သူမ ခံစားနေရဆဲပင်။

‘ပိုက်ဆံဆိုတာက ပြန်ရှာလို့ ရပါတယ်လေ၊ ငါ့သမီးလေး ပျော်ရွှင်နေသရွေ့ ဒါက တန်ဖိုးမဖြတ်နိုင်ဘူး။’

‘ပြီးတော့ ဒီလူငယ်လေးကို ကြည့်ရတာလည်း တော်တော်လေး လိမ္မာယဉ်ကျေးမယ့်ပုံပဲ။ တခြားအရာတွေကို ဘေးဖယ်ထားရင်တောင် အိမ်ထဲမှာ ယောက်ျားသားတစ်ယောက် ရှိနေတာက သေချာပေါက် ကွာခြားချက်တစ်ခု ဖြစ်စေခဲ့တယ်။’

နောက်တစ်နေ့တွင်လည်း စူးယောင်ကွမ်းက ပန်းများ ဆွတ်ခူးရန်အတွက် ကျိုးဝမ်ရှူကို ခေါ်ကာ တောင်ပေါ်သို့ ထပ်တက်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ပန်းများအပြင် ဆေးဖက်ဝင်အပင် တချို့ကိုလည်း လိုအပ်နေသည်။ အကယ်၍ ထိုဆေးပင်များကို သူမ ဖော်စပ်မည့် မျက်နှာလိမ်းဆေးထဲသို့ ထည့်လိုက်ပါက အမာရွတ်များကို ပျောက်ကင်းစေပြီး အသားအရေကို ဖြူစင်ဝင်းပလှပစေနိုင်မည် ဖြစ်သည်။

သူမ ဆေးဖက်ဝင်အပင်များအကြောင်း နားလည်တတ်ကျွမ်းမှုနေသည်မှာ အတိတ်ဘဝတွင် သူမ ထိပ်တန်းပညာရှင်၏ဇနီး ဖြစ်လာပြီးနောက် ခင်မင်ရင်းနှီးခဲ့ရသည့် သမားတော်ညီအစ်မတစ်ဦးထံမှ ရရှိခဲ့သော ဗဟုသုတများကြောင့် ဖြစ်သည်။ ထိုညီအစ်မက ဆေးပညာတွင် အလွန် ပါရမီပါပြီး နောက်ပိုင်းတွင် နန်းတွင်းသို့ ဝင်ရောက်ကာ တော်ဝင်သမားတော်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် သူမက အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီး ထိုညီအစ်မက တတိုင်းပြည်လုံးတွင် အကြီးမြတ်ဆုံးသော သမားတော်ကြီးဖြစ်လာရန် ဟူသည့် သူမ၏အိပ်မက်အား အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ရှိ၊ မရှိကိုတော့ စူးယောင်ကွမ်းလည်း မသိနိုင်တော့ချေ။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို အကဲခတ်နေခဲ့ပြီး သူမ၏ စိတ်အခြေအနေ ရုတ်တရက် ကျဆင်းသွားသည်ကို သတိပြုမိလိုက်သဖြင့် သူမက တော်တော်လေး ထူးဆန်းနေသလို ခံစားနေရသည်။

ထိုအခိုက်အတန့်လေးတွင် သူ တစ်ခုခု မူမမှန်သလို ရုတ်တရက် အာရုံရလိုက်သည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ပုခုံးကို ခပ်ဖွဖွဖိလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"မလှုပ်နဲ့"

"ဘာဖြစ်လို့လဲ"

စူးယောင်ကွမ်းက လန့်သွားပြီးမှ ပြန်မေးလိုက်သည်။

ကျိုးဝမ်ရှူက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသည့် တောဝက်ကြီးတစ်ကောင်ကို မြင်သွားခဲ့သည်။

သူ၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းသွားပြီး စူးယောင်ကွမ်းကို ပြန်ပြောလိုက်၏။

"ကျွန်တော်က 'ပြေး' လို့ ပြောတာနဲ့ အစ်မ တောင်အောက်ကို အစွမ်းကုန် ပြေးတော့"

"ငါ့ကို လာမခြောက်နဲ့၊ ဘာဖြစ်လို့လဲလို့"

"ကျွန်တော်တို့နောက်မှာ တောဝက်တစ်ကောင် ရှိနေတယ်၊ အကောင်ကြီးကြီးပဲ"

"ငါ့မှာ ဓားကောက်တစ်လက်ပဲ ရှိတာ..."

"ကျွန်တော်မှာလည်း လောက်လေးခွတစ်လက်ပဲ ရှိတယ်"

ထိုလူနှစ်ယောက် မလှုပ်မယှက် ရပ်နေသည်ကို မြင်နေရသောကြောင့် တောဝက်ကြီးက စိတ်မရှည်တော့ဘဲ ဝူးခနဲ အော်မြည်ကာ ပစ်ဝင်လာတော့သည်။

ကျိုးဝမ်ရှူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ပြေးတော့"

စူးယောင်ကွမ်းကလည်း ချက်ချင်း လှည့်ပြေးတော့သည်။

သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အတိတ်ဘဝကထက် အများကြီး ပိုကောင်းနေခဲ့ပြီး သူမ ပိုသန်မာလာရုံတင်မကဘဲ အပြေးလည်း ပိုမြန်နေခဲ့သည်။

သူမ အရှိန်အဟုန်အပြည့်ဖြင့် ခဏမျှ ပြေးပြီးနောက်တွင်မှ တစ်ခုခု လိုအပ်နေသည်ကို သတိပြုမိသွားသည်။

'ခဏလေး... တစ်ခုခုတော့ မဟုတ်သေးဘူး'

‘ငါ ကြေးပြားဆယ်ပြားနဲ့ ဝယ်လာခဲ့သည့် ဆယ်ပြားတန်ခင်ပွန်းလေး ဘယ်ရောက်သွားလဲ’

သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ ဒဏ်ရာမသက်သာသေးသဖြင့် မျက်နှာလေး ဖြူဖျော့နေပြီး သူမ၏နောက်တွင် အဝေးကြီး ကျန်ရစ်နေခဲ့သည့် ကျိုးဝမ်ရှူကို မြင်လိုက်ရသည်။

ကျိုးဝမ်ရှူကလည်း စူးယောင်ကွမ်း ဤမျှအထိ အပြေးမြန်ပြီး သန်မာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

‘သူမ ကျေးလက်မှာ အလုပ်လုပ်နိုင်တာက အံ့သြစရာတော့ မဟုတ်ဘူး။ သူမက မြို့တော်က အလိုလိုက်ခံထားရတဲ့ သခင်မလေးတွေထက် အများကြီး ပိုစွမ်းဆောင်နိုင်ရည်ရှိတယ်’

ကျိုးဝမ်ရှူတစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။

‘ငါ အဲ့လူဆိုးတွေ လက်ထဲမှာတွင်လည်း မသေခဲ့ဘူး။ ကျွန်ကုန်သည်တွေလက်ထဲမှာလည်း မသေခဲ့ဘူး။ ယခုတော့ အမည်မသိ တောဝက်ကြီးတစ်ကောင်ရဲ့ လက်ချက်နဲ့ သေရတော့မှာလား။ တစ်ယောက်ယောက်က ဒီတောဝက်ကြီးကို သတ်နိုင်ပြီး စားလိုက်မယ်ဆိုရင် ငါ့ကို စားလိုက်တာနဲ့လဲ အတူတူ ဖြစ်သွားမှာလား’

ကျိုးဝမ်ရှူတစ်ယောက် ဆက်မပြေးနိုင်သောကြောင့် သူ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

တောဝက်ကြီးက သူ့ထံသို့ ဦးတည်ကာ ပစ်ဝင်လာခဲ့သည်။ ကျိုးဝမ်ရှူကလည်း လောက်လေးခွကို တောဝက်ကြီး၏ မျက်လုံးဆီသို့ ချိန်ရွယ်လိုက်သည်။

တောဝက်ကြီးက နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး ခဏတာ တန့်သွားခဲ့သည်။

ထိုခဏတာ တန့်သွားသည့်အချိန်အတွင်း စူးယောင်ကွမ်းက နောက်သို့ ပြန်လှည့်လာပြီး ကျိုးဝမ်ရှူကို သူမ၏ကျောပေါ်သို့ တင်ကာ ထွက်ပြေးသွားတော့သည်။

ကျိုးဝမ်ရှူ : "..."

All Chapters