အခန်း ၁၄
Vol. 2 Ch. 14
အခန်း ၁၄ တောဝက်ကြီး
ကျိုးဝမ်ရှူက ကြောက်လန့်တုန်လှုပ်နေသည့်ကြားမှ သူ့ကို ကယ်တင်ရန် နောက်သို့ ပြန်လှည့်လာခဲ့သော မျက်နှာဖြူဖျော့ဖျော့နှင့် မိန်းကလေးကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
"အစ်မ ကျွန်တော်ကို သယ်ပြီး ပြေးရင် မြန်မြန်ပြေးနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့နှစ်ယောက်လုံး ပိတ်မိသွားလိမ့်မယ်"
"ဒါပေမဲ ငါကလည်း နင့်ကို ဒီအတိုင်း အသေမခံနိုင်ဘူးလေ။ ငါ့ကို ကြည့်ရတာ အဲ့လောက်တောင် သစ္စာမရှိတဲ့လူနဲ့ တူနေလို့လား"
စူးယောင်ကွမ်းက တည်ကြည်လေးနက်စွာဖြင့် ထပ်ပြောလိုက်သည်။
"ငါ နင့်ကို ကယ်ခဲ့တာ၊ ဒါကြောင့် နင် ဒီနေရာမှာ သေလို့မရဘူး"
ထိုစဉ် သူမတို့၏ ရှေ့တည့်တည့်တွင် လူနှစ်ဦး ပေါ်လာခဲ့သည်။
ကျန်းယီဟွေ့က ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သူ၏ ဘေးတွင်တော့ ရေဘူးကို ကိုင်လျက် ကျန်းယီဟွေ့အတွက် ရေငှဲ့ပေးနေသည့် ရှောင်းယန်ချီ ရှိနေခဲ့သည်။
လှုပ်လှုပ်ရွရွ အသံများကို ကြားလိုက်ရသဖြင့် ထိုနှစ်ယောက်ကလည်း လှမ်းကြည့်လာကြသည်။ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ကျောပိုးကာ ပြေးလာနေပြီး သူမ၏ နောက်တွင် တောဝက်ကြီးတစ်ကောင်က ထပ်ကြပ်မကွာ လိုက်နေသည်ကို မြင်လိုက်ရသောကြောင့် သူတို့၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားရသည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ကျောပိုးလျက် ကျန်းယီဟွေ့တို့ရှိရာဘက်သို့ ဦးတည်ပြေးသွားလိုက်သည်။
"အနားကို မလာနဲ့... ငါတို့ အနားကို မလာနဲ့နော်..."
ကျန်းယီဟွေ့က အော်ဟစ်လိုက်သည်။
စူးယောင်ကွမ်းကတော့ သူ့ကို လျစ်လျူရှုကာ သူတို့ကို ပတ်ပြေးသွားတော့သည်။
တောဝက်ကြီးက ကျန်းယီဟွေ့ထံသို့ တဟုန်ထိုး ပစ်ဝင်သွားတော့သည်။
ကျန်းယီဟွေ့ကလည်း အကျယ်ကြီး အော်ဟစ်နေလေသည်။
"အား..."
သူက ရှောင်းယန်ချီကို အတင်း တွန်းထုတ်လိုက်သည်။
ရှောင်းယန်ချီက အနီးအနားရှိ ဓားမကြီးကို ကောက်ကိုင်ကာ တောဝက်ကြီးကို လွှဲခုတ်လိုက်တော့သည်။
တောဝက်ကြီးကလည်း အန္တရာယ်ကို သိရှိသွားပြီး ရှောင်တိမ်းလိုက်သည်။
ထိုသို့ ရှောင်တိမ်းလိုက်ခြင်းကပင် ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
"စူးယောင်ကွမ်း"
ကျန်းယီဟွေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို အောက်သို့ ချပေးလိုက်သည်။
သူမကိုယ်တိုင်လည်း ဆက်ပြေးရန် အားအင်ကုန်ခမ်းနေချေပြီ။
အကယ်၍ ကံဆိုးသည့် ဤလူနှစ်ယောက်သာ သူမ၏ လမ်းကို ပိတ်ရပ်မနေပါက သူမနှင့် ကျိုးဝမ်ရှူတို့ တောဝက်ကြီး၏ အစွယ်ကြောင့် ဗိုက်ပေါက်သွားလောက်ပြီ ဖြစ်သည်။
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ဒီအကောင်ကို ငါ မွေးထားတာမှ မဟုတ်တာ။ ငါကလည်း နစ်နာသူပဲ... ဟုတ်ပြီလား"
စူးယောင်ကွမ်းက ရှေ့မှ တောဝက်ကြီးကို သတိကြီးစွာ စိုက်ကြည့်ရင်း ပြန်ချေပလိုက်သည်။
"ဒီနေ့တော့... သူ သေရင်သေ၊ သူ မသေရင် ငါတို့ သေရမှာပဲ"
တောဝက်ကြီးက နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာပြန်သည်။ စူးယောင်ကွမ်းကလည်း ရှေ့သို့ တိုးကာ ဓားမကြီးကို လွှဲခုတ်လိုက်သည်။
တောဝက်ကြီးက ဖျတ်လတ်စွာ ရှောင်တိမ်းသွားသည်။
"ဟွန့်..."
ဘန်း!
ကျိုးဝမ်ရှူက လောက်လေးခွဖြင့် ပစ်ကာ တောဝက်ကြီးကို ရန်စလိုက်သည်။
တောဝက်ကြီးက နာကျင်မှုကြောင့် ဒေါသတကြီးဖြင့် ကျိုးဝမ်ရှူဘက်သို့ လှည့်ကာ ပစ်ဝင်သွားပြန်သည်။
ထိုအခိုက်အတန့်တွင် စူးယောင်ကွမ်းက အပေါ်သို့ ခုန်တက်ကာ တောဝက်ကြီး၏ ကျောပေါ်သို့ ဖျတ်လတ်စွာ ခွစီးလိုက်ပြီး ၎င်း၏ လည်ပင်းကို ထရစပ် ခုတ်ပိုင်းနေသည်။
တောဝက်ကြီးက စူးယောင်ကွမ်း သူ့ကျောပေါ်မှ လွင့်စင်သွားစေရန် ဟိုဟိုဒီဒီ ရုန်းကန်ရင်း ခါချနေခဲ့သည်။
စူးယောင်ကွမ်းက တောဝက်ကြီး၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားရင်း တောဝက်ပြီး ပင်ပန်းနွမ်းနယ်ပြီး ရပ်တန့်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကာ ၎င်း၏ခေါင်းကို တိတိကျကျ ဆင့်ခုတ်လိုက်ပြန်သည်။
"အူး..."
တောဝက်ကြီးက နာကျင်စွာ အော်ဟစ်ရင်း ပိုသောင်းကျန်းလာခဲ့သည်။
သို့သော်လည်း ၎င်း၏ လည်ပင်းမှ ဒဏ်ရာက အသားထဲအထိ သိသိသာသာ ပွင့်ထွက်သွားခဲ့ပြီဖြစ်ရာ သူ ပိုရုန်းကန်လေလေ၊ သွေးများက ပိုပန်းထွက်လာလေလေ ဖြစ်လာခဲ့သည်။
ကျိုးဝမ်ရှူက ရှောင်းယန်ချီ၏ လက်ထဲမှ ဓားမကြီးကို လုယူကာ ပြေးဝင်လာပြီး တောဝက်ကြီး၏ လည်ပင်းကို အကြိမ်ကြိမ် ဆင့်ခုတ်လိုက်သည်။ နောက်ဆုံးတွင် တောဝက်ကြီးက နာကြည်းစွာ အော်မြည်လိုက်ပြီး သူ့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးလည်း ဝုန်းခနဲ လဲပြိုကျသွားသည်။
ဟူး...
ကျိုးဝမ်ရှူက သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ထဲမှ ဓားမကြီးကို အောက်သို့ ပစ်ချလိုက်သည်။
စူးယောင်ကွမ်းကလည်း တောဝက်ကြီး၏ ကျောပေါ်မှ ဆင်းလိုက်သည်။
သူမ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း ချွေးများကို သုတ်လိုက်ရာ သူမ၏ လက်များတွင် သွေးများ ပေကျံနေသည်ကို တွေ့လိုက်ရသည်။
ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့က ထိုနှစ်ယောက်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြသည်။
ကျန်းယီဟွေ့က မိန်းမောနေရာမှ သတိပြန်ဝင်လာပြီး တုန်ယင်နေသော ခြေထောက်များကို အတင်းဆန့်ကာ မတ်မတ်ရပ်ရင်း စူးယောင်ကွမ်းကို အော်ဟစ်လိုက်သည်။
"စူးယောင်ကွမ်း... မင်း ဒါကို တမင်တကာ လုပ်တာမလား"
"ငါ ဘာကို တမင်လုပ်လို့လဲ"
စူးယောင်ကွမ်းက သူ့ကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
"စောစောက ငါတို့ ဒီမှာရှိနေတာကို မင်း သေသေချာချာ မြင်သားနဲ့ ဘာလို့ တောဝက်ကြီးကို ဒီဘက် ဦးတည်ပြီး မျှားခေါ်လာရတာလဲ၊ တကယ်လို့ တောဝက်ကြီးက ငါတို့ကို တိုက်ခိုက်ရင် ငါတို့က ခံနိုင်ရည်ရှိမှာမို့လို့လား"
"နင် ငါ့ကို လာနောက်နေတာလား၊ ငါလည်း အဲ့ဒီအချိန်တုန်းက သေရေးရှင်ရေး ကြုံနေရတာလေ။ နင်တို့ ခံနိုင်၊ မခံနိုင်ကို ဘယ်သူက ဂရုစိုက်အားမှာလဲ။ ဒါက ငါ့ရဲ့ ထွက်ပြေးတဲ့ လမ်းကြောင်းလေ။ တောဝက်ကြီးက အတင်းလိုက်လာတာကို မြင်နေတာတောင် နောက်ဆုံးအချိန်ကျမှ လမ်းကြောင်းပြောင်းရမှလား။ အဲ့ဒီလို စဉ်းစားဖို့ အချိန်မရခင်မှာတင် တောဝက်ကြီးက ငါ့ကို အရင်ဝင်တိုက်သွားမှာပေါ့။ အဲ့ဒီလို အခြေအနေမျိုးမှာ ဒီလမ်းအတိုင်း ဆက်ပြေးဖို့ကလွဲလို့ ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ နင်တို့ကသာ တုံးအပြီး မလှုပ်မယှက် ရပ်နေကြတာလေ၊ အခုကျမှ ငါ့ကို လာပြီး တာဝန်ယူခိုင်းနေတာလား"
"မင်း... မင်း... မင်း... မိန်းမတွေနဲ့ လူညံ့တွေက တကယ့်ကို ကိုင်တွယ်ရ ခက်တာပဲ"
"ကျစ်... ကျစ်... ကျစ်... အခု နင် အသက်ရှင်ကျန်ရစ်ခဲ့တာကလည်း ဒီကိုင်တွယ်ရခက်တဲ့ မိန်းမကြောင့်ပဲဆိုတာ မှတ်ထားဦး။ ငါတို့ ဝမ်ရှူက ဒဏ်ရာ အပြင်းအထန် ရနေသေးတာတောင် လာကူပေးသေးတယ်။ နင်တို့လို သန်သန်မာမာ ယောကျာ်းကြီး နှစ်ယောက်ကတော့ လူကောင်းအတိုင်း ရှိနေတာတောင်မှ အနားမှာ ရူးသလိုလိုနဲ့ ရပ်ကြည့်နေကြတာလေ။ အော်... ရူးသလို ရပ်နေတာ မဟုတ်ပါဘူး၊ မြေပြင်ပေါ်မှာ ထိုင်နေကြတာပဲ။ ကြည့်စမ်း... နင်က အရမ်းကြောက်လန့်နေလို့ ခြေထောက်တောင် ဖြောင့်ဖြောင့် မရပ်နိုင်တော့ဘူးမလား"
"မင်း..."
ကျန်းယီဟွေ့တစ်ယောက် ဒေါသအလိပ်လိုက် ထွက်သွားသော်လည်း မည်သို့ ပြန်ချေပရမည်ကို မသိတော့ချေ။ သူက ရှောင်းယန်ချီကို စိုက်ကြည့်ရင်း အော်ငေါက်လိုက်သည်။
"မင်းက ဆွံ့အသွားပြီလား၊ စကားပြောလေ"
ရှောင်းယန်ချီက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။
"မိန်းခလေး... စောစောက မင်း တောဝက်ကြီးကို ရန်စခဲ့တာ သိသာပါတယ်။ ငါတို့ကတော့ အပြစ်မရှိဘဲ ဘေးသင့်ခဲ့ရတာပါ။ မင်း ငါတို့ကို တောင်းပန်သင့်သလို ငါတို့ရဲ့ ဆုံးရှုံးမှုတွေအတွက်လည်း နစ်နာကြေး ပေးသင့်ပါတယ်"
"တခြားလူသာဆိုရင်တော့ ငါ အသေအချာ တောင်းပန်မိမှာပဲ။ ဒါပေမဲ့ ကျန်းယီဟွေ့... ငါတို့ မိသားစုနှစ်စုကြားက ရန်ငြိုးက ရေသောက်မြစ်လို နက်ရှိုင်းနေပြီးသား။ တကယ်လို့ နင်က တောင်းပန်စကားကို လိုချင်တယ်ဆိုရင်တော့ ငါတို့တွေ သေသေချာချာ ဆွေးနွေးဖို့ လိုလိမ့်မယ်။ နင့်အမေနဲ့ ငါ့အမေ အိမ်ထောင်မကျခင်အချိန်က စပြီး ဆွေးနွေးကြမလား၊ ဒါမှမဟုတ် ငါတို့ ငယ်ငယ်တုန်းက နင် မြစ်ထဲက ငါ့ငါးတွေကို ခိုးယူပြီး ငါ့ကို ရေနစ်အောင် အတင်းတွန်းချခဲ့တဲ့ အချိန်ကစပြီး ပြောကြမလား"
ကျန်းယီဟွေ့၏ မျက်နှာက ချက်ချင်း ညိုမည်းသွားသည်။
“နင့်ရဲ့ ဟန်ဆောင်မျက်နှာဖုံးက တခြားလူတွေကို လှည့်စားနိုင်ပေမဲ့ ငါ့ကိုတော့ လှည့်စားလို့ မရဘူး။ ဘာလို့ အပြစ်မဲ့တဲ့ နစ်နာသူလိုမျိုး ဟန်ဆောင်နေရတာလဲ။ တကယ်လို့ အဲ့ဒီအခြေအနေမှာ နင်သာဆိုရင် တောဝက်ကြီးကို ကာကွယ်ဖို့ ငါ့ကို အတင်းတွန်းထုတ်မှာ အသေအချာပဲ။ အော်... ဟုတ်သားပဲ၊ စောစောကတင် နင် သူ့ကို ဘေးကို တွန်းထုတ်လိုက်သေးတယ်မလား။ ကျန်းယီဟွေ့... နင်ကတော့ အရင်အတိုင်း ဟန်ဆောင်ကောင်းတုန်းပဲ”
စူးယောင်ကွမ်းက နှုတ်ခမ်းကို မဲ့ရင်း ဆက်ပြောလိုက်သည်။
"ဒီနေ့တော့ ငါ့မှာ နင်နဲ့ ဖက်ပြိုင်နေဖို့ အချိန်မရှိဘူး။ အိုက်ယား... အရိုက်ခံရဖို့ လာပြီး အော်ဟစ်မနေနဲ့"
ရှောင်းယန်ချီက ဘာမှဝင်မပြောတော့ချေ။
ကျန်းယီဟွေ့က အမှန်တကယ် စိတ်ပျက်စရာကောင်းလှသဖြင့် တစ်ယောက်ယောက်က သူ့ကို ပညာပေးလိုက်လျှင် ကောင်းမည်ဟု ရှောင်းယန်ချီ တွေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤရွာသူမကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းနေပြန်သည်။ ယနေ့ သူမကို မြင်နေရသည်မှာ ရိုင်းစိုင်းရုံတင်မကဘဲ တော်တော်လည်း ရက်စက်တတ်ပုံရသည်။
ရှောင်းယန်ချီတစ်ယောက် သူ သူမလက်ထဲသို့ မကျရောက်ခဲ့ခြင်းက တော်သေးသည်ဟု တွေးနေပြန်သည်။ ထိုသို့မဟုတ်လျှင် သူမ၏ စိတ်နေသဘောထားအရ သူ မည်မျှအထိ နှိပ်စက်ခံရမည်ကို မသိနိုင်တော့ချေ။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ကြည့်ကာ လှမ်းမေးလိုက်သည်။
"နင် ဘာမှမဖြစ်ဘူးမလား"
ကျိုးဝမ်ရှူနှင့် စကားပြောသည့်အချိန်တွင်တော့ သူမ၏လေသံက သိသိသာသာ နူးညံ့သွားပြီး လူတစ်ယောက်ချင်းစီကို ခွဲခြားဆက်ဆံနေသကဲ့သို့ပင်။
ကျိုးဝမ်ရှူက ခေါင်းခါပြလိုက်သည်။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး"
“အဟွတ်... အဟွတ်...”
သူက သူ ဘာမှမဖြစ်ဟု ပြောနေသော်လည်း အပြင်းအထန် ချောင်းဆိုးနေရှာသည်။
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"အခုချက်ချင်း တောင်အောက်ကို ဆင်းကြမယ်။ နင့်ဒဏ်ရာကို တစ်ခေါက်လောက် ပြန်စစ်ဖို့ သမားတော်လင်းကို သွားရှာရမယ်"
"ကျွန်တော့်ဒဏ်ရာက အပေါ်ယံအနာဖေးတောင် တက်နေပါပြီ၊ အဆင်ပြေမှာပါ။ စောစောက အားစိုက်လိုက်ရလို့ ခဏလောက် မောသွားတာပါ။ ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ၊ ကျွန်တော့်အတွက်နဲ့ ပိုက်ဆံတွေ အလဟဿ မဖြုန်းပါနဲ့"
ကျိုးဝမ်ရှူက ပိုအလိုက်သိလေလေ၊ စူးယောင်ကွမ်းက သူ ဒုက္ခရောက်နေသည်ကို ပိုမကြည့်ရက်လေလေ ဖြစ်နေရသည်။ သူမက ရှောင်းယန်ချီကို လှမ်းကြည့်လိုက်ပြီး ထိုလူကိုတော့ ကြည့်လေလေ ပိုရွံရှာမုန်းတီးမိလေလေ ဖြစ်လာရသည်။
စူးယောင်ကွမ်းက ဘာမှ ထပ်မပြောတော့ဘဲ တောဝက်ကြီး၏ ခြေထောက်ကို ဆွဲကိုင်ကာ တောင်အောက်သို့ တရွတ်တိုက် ဆွဲချသွားတော့သည်။
ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့နှစ်ယောက်ကတော့ သူမ၏ ကျောပြင်ကို ကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
'ဒါက တကယ့်ပဲ မိန်းကလေးတစ်ယောက် ဟုတ်ရဲ့လား...'
'ဒီလောက် ခွန်အားမျိုးနဲ့ဆိုရင် လူတစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့တင် သတ်ပစ်နိုင်လောက်တယ်'
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။
"တောင်းက တောင်ပေါ်မှာ ကျန်ခဲ့သေးတယ်၊ ငါ ပြန်သွားယူလိုက်ဦးမယ်"
စူးယောင်ကွမ်းက သူမ ရပ်နေသည့်နေရာမှ သူ့ကို စောင့်နေပေးပြီး သူ ပြန်ရောက်လာသည်ကို မြင်မှသာ တောဝက်ကြီးကို တောင်အောက်သို့ ဆက်ဆွဲချသွားတော့သည်။
"ငါတို့လည်း တောင်အောက်ဆင်းကြမယ်"
ကျန်းယီဟွေ့က ခပ်မော့မော့ဟန်ဖြင့် ပြောလိုက်ပြီး တောင်အောက်သို့ လျှောက်သွားနေသည်။
ရှောင်းယန်ချီက ကျန်းယီဟွေ့၏ စာအုပ်များ ထည့်ထားသည့် တောင်းကို လွယ်ပိုးထားရသည်။
‘ဒီကျန်းယီဟွေ့က တကယ့်ကို အရူးတစ်ယောက်ပဲ။ သူက တောင်ပေါ်မှာ စာဖတ်မယ်ဆိုပြီး လူတတ်ကြီး လုပ်ပြနေတာလေ၊ စောစောက သူ ကျန်းယီဟွေ့ ရေးထားတဲ့ လက်ရေးကို မြင်ခဲ့ရပြီးပြီ၊ ကျောင်းတစ်နှစ်ပဲ တက်ဖူးတဲ့ ရှောင်းမိသားစုက ကလေးကတောင် သူ့ထက် လက်ရေးပိုလှဦးမယ်’
သို့သော်လည်း သူက လူအများ၏ အထင်ကြီး လေးစားမှုကို အထူးတလည် သဘောကျကာ ဟန်ဆောင်ကောင်းနေဆဲ ဖြစ်သည်။ ရွာထဲရှိ လူတိုင်းက သူ့ကို မြင်လျှင် မြှောက်ပင့်ကြပြီး အခြေအနေမှန်ကို မသိသူများဆိုပါက သူ နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးသွားပြီဟုပင် ထင်မှတ်ကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေက သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သေးသည်။
အကယ်၍ သူသာ ကျန်းယီဟွေ့ကို အထင်ကြီးအောင် လုပ်နိုင်ခဲ့လျှင် စာသင်ကျောင်းသို့ ပြန်သွားနိုင်ကောင်း သွားနိုင်ပေလိမ့်မည်။
ရှောင်းယန်ချီတစ်ယောက် စိတ်ထဲတွင် အတွေးပေါင်းစုံ လည်ပတ်နေရင်း ကျန်းယီဟွေ့၏ နောက်မှ လိုက်ပါသွားခဲ့သည်။