အခန်း ၁၅
Vol. 2 Ch. 15
အခန်း ၁၅ တောဝက်ကြီးအတွက် တိုက်ခိုက်ကြခြင်း
စူးယောင်ကွမ်း တောဝက်ကြီးတစ်ကောင်ကို တောင်အောက်သို့ တရွတ်တိုက် ဆွဲလာသည့် မြင်ကွင်းက ရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ရွာသားများက သူမဘေးသို့ ဝိုင်းအုံလာကြပြီး ထိုတောဝက်ကြီးကို ဘယ်လိုရလာသလဲဟု စူးစမ်းမေးမြန်းနေကြသည်။
စူးယောင်ကွမ်းက သူမ၏မျက်နှာပေါ်ရှိ တောဝက်သွေးများကို လက်ညှိုးထိုးပြရင်း စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောပြနေသည်။
"ကံဆိုးမိုးမှောင်ကျတာပါရှင်၊ တောင်ပေါ်မှာ ဟင်းရွက်သွားခူးတာ ဒီကောင်ကြီးနဲ့ တည့်တည့်တိုးတော့တာပဲ၊ တော်သေးတာက ပတ်ဝန်းကျင်အနေအထားက ပုန်းကွယ်လို့ ကောင်းနေလို့ပေါ့၊ အသက်လုပြီး အသည်းအသန် ခုခံရင်းနဲ့ပဲ နောက်ဆုံးတော့ ဒီကောင်ကြီး သေသွားလို့ ကျွန်မတို့ အသက်ရှင်ကျန်ခဲ့တာ။ တကယ့်ကို သေမင်းနဲ့ လက်တစ်ကမ်းအကွာပါပဲ၊ ဒီနေ့တော့ ဒီကောင်ကြီးရဲ့ ခွာအောက်မှာပဲ အသက်ပျောက်တော့မယ်လို့ ထင်ထားတာ"
"နင့်ကံကလည်း တကယ့်ကို ကောင်းလွန်းပါတယ် ကောင်မလေးရယ်... နင့်ယောကျ်ားကရော ဝိုင်းပြီး တိုက်လိုက်ပေးတာလား၊ သူ့လက်မောင်းမှာလည်း ဒဏ်ရာကြီးနဲ့"
"သူ ကူပြီး တိုက်ခိုက်ပေးလို့သာပေါ့၊ မဟုတ်ရင် ကျွန်မ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ၊ တချို့ယောကျ်ားတွေနဲ့တော့ မတူဘူး၊ ကျွန်မတို့တွေ တောဝက်နဲ့ အသက်လု တိုက်ခိုက်နေတာတောင် သူတို့ကတော့ ဘေးကနေ ထိုင်ကြည့်နေလေရဲ့... တကယ့်ကို နှလုံးသားမရှိတဲ့ လူတွေပဲ"
စူးယောင်ကွမ်း စကားပြောနေစဥ်မှာပင် ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့လည်း တောင်အောက်သို့ ဆင်းလာသည်ကို လူတိုင်းတွေ့လိုက်ကြရသည်။ သူတို့နှစ်ယောက်စလုံးတွင်လည်း ဖုံမှုန်များ ပေကျံနေသဖြင့် စူးယောင်ကွမ်းက နာမည်တပ် မပြောသည့်တိုင် သူမ မည်သူ့ကို ရည်ညွှန်းနေမှန်း လူတိုင်း ရိပ်မိသွားကြသည်။
စူးယောင်ကွမ်း တောဝက်ကြီးကို ဆွဲလာသည့် သတင်းက ချက်ချင်း ဟိုးဟိုးတကျော်ကျော် ဖြစ်သွားခဲ့သည်။ သူတို့နှစ်ဦး တောင်ပေါ်တွင် ဟင်းရွက်ခူးရင်း တောဝက်နှင့် တိုးခဲ့ကြောင်း၊ တော၏ အနေအထား အားသာချက်ကို အသုံးချကာ တောဝက်ကို ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရုံတင်မကဘဲ အလကားရသည့် တောဝက်ကြီးတစ်ကောင်ပင် ရလာခဲ့ကြောင်း ရွာသားများ အလျင်အမြန် သိရှိသွားကြသည်။
ထိုတောဝက်ကြီးက အလေးချိန် ကျင်းနှစ်ရာခန့်နီးပါး ရှိပေလိမ့်မည်။ ရွာသားအများအပြားက စူးယောင်ကွမ်းအား တောဝက်သား ရောင်းဦးမလားဟု အလောတကြီး မေးမြန်းနေကြပြီး ရောင်းမည်ဆိုပါက လူတိုင်း ဝေစုခွဲဝယ်ယူချင်နေကြသည်။
တောဝက်သားက ထိုမျှလောက် အသားမနူးညံ့လှသဖြင့် အိမ်တွင် အကုန်လုံး ချန်ထားရန် မလိုသလို၊ မြို့ထဲအထိ တကူးတက သွားရောင်းရန်လည်း မလိုအပ်ပေ။ စူးယောင်ကွမ်းက တစ်ကျင်းလျှင် ကြေးပြားရှစ်ပြားနှုန်းဖြင့် ရောင်းရန် ဆုံးဖြတ်လိုက်ပြီး ဝယ်ယူလိုသူများအား သူမ၏အိမ်သို့ လာရန် ဖိတ်ခေါ်လိုက်သည်။
ကျန်းကျောက်တိက အိမ်ရှေ့ဝင်းထဲတွင် အဝတ်လှမ်းနေပြီး သွေးများ ပေကျံနေသော စူးယောင်ကွမ်းကို မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားကာ ခြေထောက်များပင် ခွေညွှတ်မတတ် ဖြစ်သွားရရှာသည်။
"ဘာဖြစ်လာတာလဲ... နင့်အမေ့ကို လန့်အောင်မလုပ်နဲ့နော်"
စူးယောင်ကွမ်းက သူမ၏ နောက်မှ တောဝက်ကြီးကို ဆွဲထုတ်ရင်း ရှင်းပြလိုက်သည်။
"ဒါ သမီးရဲ့သွေးတွေ မဟုတ်ပါဘူး အမေရဲ့... တောဝက်သွေးတွေပါ။ ဝမ်ရှူနဲ့ သမီး တောင်ပေါ်မှာ သတ်လာခဲ့တာ။ အမေ ရေနွေးအိုး တည်ထားလိုက်တော့၊ ရွာသားတွေ ဝက်သားလာဝယ်ကြလိမ့်မယ်။ သမီး တစ်ကျင်း ရှစ်ပြားနဲ့ ရောင်းမယ်လို့ ပြောခဲ့တယ်။ ဒီတောဝက်ကြီးက အကြီးကြီးဆိုတော့ သမီးတို့သုံးယောက်တည်းနဲ့ အကုန်မစားနိုင်ဘူး၊ အဲ့ဒါကြောင့် ငွေနဲ့ပဲ လဲလိုက်တာ ပိုကောင်းမယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းကျောက်တိတစ်ယောက် ရင်ဘတ်ကို ဖိရင်း ဘုရားတနေမိသည်။
မကြာမီအချိန်အတွင်းမှာပင် ရွာသားများ ရောက်ရှိလာကြသည်။
တောဝက်ကြီးက သေဆုံးနေပြီဖြစ်ပြီး သွေးအများစုကတော့ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူတို့အနေဖြင့် ဝက်မွေးများ ကျွတ်စေရန် ရေနွေးပူပူ လောင်းပေးပြီးနောက် တောဝက်ကြီးကို အပိုင်းပိုင်း တုံးတစ်ရုံသာ လိုအပ်တော့သည်။
သတင်းကြားပြီးနောက် ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ စူးယောင်ကွမ်း တစ်ယောက်တည်း တောဝက်ကြီးအား အပိုင်းပိုင်း ဖြတ်တောက်နေသည်ကို မြင်တွေ့ရသောကြောင့် ရွာသားများ၏ သူမအပေါ် ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြသည်။
"အဒေါ်ဝမ်... အဒေါ်ရွေးထားတဲ့ ဒီအသားက ငါးကျင်းရှိတယ်၊ အားလုံးပေါင်း အကြွေစေ့ လေးဆယ်ပါ"
"ယောင်ကွမ်းရယ်... နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။ ငါ့အိမ်ခြေအနေကလည်း သိပ်မပြေလည်တာကို နင်လည်း သိနေတာပဲ"
"အဒေါ်ရယ်... ကျွန်မ ဒီတောဝက်ကြီးကြောင့် အသက်နဲ့ခန္ဓာ အိုးစားကွဲမလို့ ဖြစ်ခဲ့တာပါ။ ဝမ်ရှူကိုလည်း ကြည့်ပါဦး၊ သူ အခုထိ ဒဏ်ရာကြီးနဲ့။ သူ့အတွက် ဆေးဖိုးဝါးခလည်း ကုန်ဦးမှာ"
"အေးပါ... အေးပါ... ဒါဆိုရင် ဒီဝက်အသည်းလေးတပိုင်းကို အပိုပေးလို့ရော မရဘူးလား"
အခြားရွာသားများကလည်း စူးယောင်ကွမ်းကို ဈေးစစ်ကြသေးသည်။ စူးယောင်ကွမ်း၏ မူဝါဒအရ တစ်ပြားတစ်ချပ်မှ လျှော့မပေးသော်လည်း အခြားအရာတစ်ခုခုကို အပိုပေးလေ့ရှိသည်။ နံရိုးများနှင့် ဝက်ခေါင်းကိုတော့ သီးသန့် ငွေချေရမည် ဖြစ်သည်။
ကျိုးဝမ်ရှူက ငွေသိမ်းပေးနေသည်။ သူက ငွေတွက်ရာတွင် အလွန်မြန်ဆန်ပြီး မည်မျှ အလေးချိန်များနေပါစေ ပေးရမည့် ငွေပမာဏကို ချက်ချင်း တွက်ချက်ပေးနိုင်သည်။
ဝက်တစ်ကောင်လုံး၏ ထက်ဝက်ကျော်ခန့် ရောင်းပြီးခါနီးအချိန်တွင် အိမ်တံခါးဝဆီမှ ဆူညံသံများ ထွက်ပေါ်လာပြီးနောက် ကျုံးလန်ဟွာက ရှောင်းယန်ချီကို ဒေါသတကြီး ဆွဲခေါ်လာသည်။
"နင် ငါ့အိမ်ထဲကို ဘာလာလုပ်တာလဲ"
ကျန်းကျောက်တိက သူမကို မြင်သည်နှင့် ဓားကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
ကျန်းကျောက်တိ၏တစ်ကိုယ်လုံးတွင် ဝက်သွေးများ ပေကျံနေပြီး သွေးစွန်းနေသော သားသတ်ဓားကို ကိုင်ထားသည်အား မြင်လိုက်ရသဖြင့် ကျုံးလန်ဟွာ၏ မာန်မာနများ သိသိသာသာ ကျုံ့ဝင်သွားရသည်။
သို့တိုင်အောင် သူမက ခါးထောက်ကာ ပြန်ပြောလိုက်သေးသည်။
"ဒီတောဝက်က ငါတို့နဲ့လည်း ဆိုင်တယ်၊ ငါ ဝက်သားလာယူတာ"
စူးယောင်ကွမ်းက ဝက်ခေါင်းကို ဒုန်းခနဲ ပြတ်အောင် ခုတ်ချလိုက်ရင်း ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။
"အကြောင်းပြချက် ပေးစမ်းပါဦး... ဘာကိစ္စ ရှင့်ကို ထက်ဝက်ပေးရမှာတုန်း"
ကျုံးလန်ဟွာက တံတွေးတစ်ချက် မျိုချလိုက်မိသည်။ စူးယောင်ကွမ်း၏ သွေးများ ပေကျံနေပြီး မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ရုပ်သွင်ကို ကြည့်ရင်း သူမဘေးရှိ ရှောင်းယန်ချီကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
"နင် ပြောလိုက်"
ရှောင်းယန်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ လူအများအပြားက သူ့ကို စိုက်ကြည့်နေကြပြီး ထိုကြမ်းတမ်းသော ရွာသူမကလည်း သူ့ကို အေးစက်စက် ကြည့်နေသည်ကို မြင်နေရသောကြောင့် သူ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
"သူက ငါတို့ဓားနဲ့ ဝက်ကို သတ်ခဲ့တာ"
"ကြားတယ်မလား... အဲ့ဒါ အကြောင်းပြချက်ပဲ"
ကျုံးလန်ဟွာက ခါးကို ပြန်ထောက်ပြီး ဝင်ထောက်ခံလိုက်သည်။
"ငါတို့ ဓားသာမရှိရင် နင် ဝက်ကို သတ်နိုင်မှာမဟုတ်ဘူး၊ နင့်အသက်တောင် ကျန်ချင်မှ ကျန်မှာ"
“ကျွန်မသာ ဒီဝက်ကို မသတ်ခဲ့ရင် သူတို့လည်း အသက်ရှင်ကျန်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျွန်မက သူတို့ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ... ရှင်တို့ ကျွန်မကို ကျေးဇူးတင်လက်ဆောင် ပြန်ပေးရမှာ မဟုတ်ဘူးလား”
"ပေါက်ကရတွေ... သူတို့ ပြောတာကို ငါ ကြားပြီးပြီ... နင်တို့နှစ်ယောက်သာ အဲ့ဒီတောဝက်ကို အဲ့ဒီနေရာအထိ မောင်းမလာခဲ့ရင် သူတို့ ဒီလိုအန္တရာယ်နဲ့ တိုးမှာ မဟုတ်ဘူး။ ငါ့သားက ပညာရှင်တစ်ယောက်၊ နန်းတွင်းစာမေးပွဲ ဖြေမယ့်သူ။ အခုလေးတင် ဘယ်လောက်တောင် လန့်သွားလဲဆိုရင် ပေါက်ကရတွေပါ လျှောက်ပြောနေပြီ။ ငါ့သားသာ တစ်ခုခုဖြစ်ရင် နင်တို့တစ်မိသားစုလုံးရဲ့ အသက်နဲ့လဲရင်တောင် ပေးဆပ်နိုင်မှာ မဟုတ်ဘူး"
"ပညာရှင်ဟုတ်လား... ဟား၊ ကောင်းလိုက်တဲ့ ပညာရှင်။ ရှင်တို့ ပြောတဲ့ အဲ့ဒီကြက်တောင်မဖမ်းနိုင်တဲ့ ပညာရှင်က တောဝက်ကြီးကို မြင်တာနဲ့တင် ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်မတတ် ဖြစ်နေပြီ၊ ပြီးတော့ သူ လွတ်ဖို့ တခြားလူကို တောဝက်ဆီ တွန်းပို့ပြီး အစားထိုး အသေခံခိုင်းဖို့ လုပ်ခဲ့သေးတယ်။ ဦးကြီးတို့... ဒေါ်ကြီးတို့ရေ... ဦးလေးတို့ အဒေါ်တို့ရဲ့ ကလေးတွေကို သေသေချာချာ စောင့်ကြည့်ထားပြီး ဒီပညာရှင်ရဲ့ အနားမှာ မနေစေနဲ့နော်၊ မဟုတ်ရင် နောက်တစ်ယောက် အသေခံရမှာက ရှင်တို့ကလေးတွေ ဖြစ်သွားနိုင်တယ်"
"နင် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့၊ သူ့ရဲ့ ပေါက်ကရစကားတွေကို မယုံကြနဲ့။ မဟုတ်သေးဘူး... ငါက ဘာလို့ နင်နဲ့ ဖက်ပြိုင်ငြင်းခုံနေရမှာလဲ။ ဒီနေ့တော့ ဒီအသားကို ငါ ရအောင် ယူမယ်"
ကျုံးလန်ဟွာက ထိုသို့ပြောရင်း အသားများကို လုယူရန် ရှေ့သို့ အတင်းတိုးဝှေ့ တက်လာခဲ့သည်။
ခွပ်!
ထိုစဉ် ကျောက်ခဲတစ်ခဲက သူမတို့ဆီသို့ ပျံသန်းလာသည်။ ထိုကျောက်ခဲက ကျုံးလန်ဟွာ၏ ဒူးခေါင်းကို မှန်သွားပြီး သူမ နာကျင်သွားကာ ဒူးထောက်လျက် ရှေ့သို့ မှောက်ခုံလဲကျသွားသောကြောင့် ကျန်းကျောက်တိကို လေးလေးနက်နက် ဦးညွှတ်လိုက်သလို ဖြစ်သွားရသည်။
စူးယောင်ကွမ်းက သူမဘေးရှိ ကျိုးဝမ်ရှူကို လှည့်ကြည့်လိုက်ရာ သူက သူ့လောက်လေးခွအား ခိုးကြောင်ခိုးဝှက် ပြန်သိမ်းနေသည်ကို မြင်လိုက်ရသည်။ သူမက သူ့ကို လက်မထောင်ပြလိုက်ပြီး အနားသို့ တိုးကာ ချီးမွမ်းလိုက်သည်။
"တော်တယ်"
ကျိုးဝမ်ရှူက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြန်ပြောနေသည်။
"သူက အစ်မယောင်ကွမ်းကို လာအနိုင်ကျင့်နေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတယ်"
"ဟုတ်တယ်... ငါတို့ကို လာအနိုင်ကျင့်တဲ့ အဲ့ဒီလိုလူတွေက တကယ် အမြင်ကတ်ဖို့ ကောင်းတယ်၊ လိုအပ်ရင် ငါတို့ ပြန်တိုက်ခိုက်ရမယ်"
စူးယောင်ကွမ်းက ထောက်ခံလိုက်သည်။
"အိုက်ယား... နှစ်သစ်ကူးတောင် မရောက်သေးဘူး၊ နင်က ဒီအဒေါ်ကြီးကို ဦးညွှတ်နေပြီလား။ ဒါက နည်းနည်း စောလွန်းမနေဘူးလား"
ကျန်းကျောက်တိက အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။ ဘေးပတ်ပတ်လည်ရှိ ရွာသားများကလည်း လိုက်လံရယ်မောကြသည်။
ကျုံးလန်ဟွာက ရွာထဲမှ အခြားလယ်သမား၏ ဇနီးမယားများနှင့်မတူဘဲ အမြဲတမ်း ကျက်သရေရှိသော ဟန်ဟန်အပြည့်ဖြင့် နေထိုင်တတ်သူ ဖြစ်သည်။ သူမက အသက်သုံးဆယ်ကျော် အရွယ်ရှိနေပြီ ဖြစ်သော်လည်း အသက်နှစ်ဆယ်အစောပိုင်း အမျိုးသမီးတစ်ဦးကဲ့သို့ ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်သဖြင့် ရွာထဲမှ အမျိုးသမီး အများစုက သူမကို မနာလိုဖြစ်ပြီး ကြည့်မရကြပေ။ ယခု သူမ ဒုက္ခရောက်သည်ကို မြင်ရသဖြင့် သူတို့အားလုံး စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေကြတော့သည်။
ကျုံးလန်ဟွာက ရှောင်းယန်ချီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင် မျက်စိကန်းနေလား။ ငါ့ကို အမြန်လာထူဦးလေ"
ရှောင်းယန်ချီက အနားသို့ ရောက်လာပြီး သူမကို တွဲထူပေးလိုက်သည်။
သူမက ကျန်းကျောက်တိကို အော်ဟစ်နေပြန်သည်။
"နင်တို့ ငါ့ကို အနိုင်ကျင့်တာ လွန်လွန်းတယ်"
စူးယောင်ကွမ်းက စိတ်မရှည်တော့သဖြင့် ဓားကို ကိုင်မြှောက်ကာ လျှောက်သွားလိုက်ပြီး ကျုံးလန်ဟွာကို အော်ပြောလိုက်သည်။
"အခုချက်ချင်း ကျွန်မတို့ အိမ်ကနေ ထွက်သွားစမ်း၊ မဟုတ်ရင် ကျွန်မကိုယ်တိုင် ရှင်တို့ကို မောင်းထုတ်ရလိမ့်မယ်"
စူးယောင်ကွမ်း၏ ပုံစံကို မြင်လိုက်ရသဖြင့် ကျုံးလန်ဟွာတစ်ယောက် ကြောက်လန့်တုန်လှုပ်သွားရသည်။
'ဒီကောင်မစုတ်လေး အခုတလော တစ်ခုခု ဝင်ပူးနေတာလား မသိဘူး... ဘာလို့ အဲ့ဒီမျက်လုံးတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ'
"မိန်းခလေး... တောင်ပေါ်မှာ ဘာဖြစ်ခဲ့လဲဆိုတဲ့ အမှားအမှန်ကို ငါတို့ ခဏဖယ်ထားလိုက်ရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းခလေးက ငါတို့ ဓားကို သုံးခဲ့တာပဲ၊ ငါတို့ကို ပြန်ပေးသင့်တယ်မဟုတ်ဘူးလား။ အသားထက်ဝက်မပေးရင်တောင် အနည်းဆုံးတော့ ဆယ်ကျင်းလောက် ပေးသင့်တာပေါ့"
ရှောင်းယန်ချီက သူကိုယ်သူ အလွန်ယဉ်ကျေးပြနေသည်ဟု ထင်နေပြီး သူ၏ အပြောအဆိုနှင့် အမူအရာက အပြစ်ပြောစရာမရှိသော်လည်း ပတ်ဝန်းကျင်ရှိ လူများကတော့ သူ့ကို အထင်သေးသော မျက်လုံးများဖြင့်သာ ကြည့်နေကြသည်။
"ဒီလူက ရူးနေတာလား။ ယောင်ကွမ်းက သူတို့ဓားကို သုံးခဲ့တာ ဟုတ်နိုင်ပေမယ့်၊ အဲ့ဒီအခြေအနေမှာ ယောင်ကွမ်းသာ တောဝက်ကို မသတ်ခဲ့ရင် သူတို့အသက်ပါ ဆုံးရှုံးသွားလောက်ပြီ။ ယောင်ကွမ်းကိုယ်တိုင်က ကျေးဇူးဆပ်ဖို့ ပြန်မတောင်းတာတောင် သဘောထားကြီးလွန်းလှပြီ။ သူကတော့ မျက်နှာပြောင်တိုက်ပြီး အသားလာလုနေသေးတယ်၊ အသားကို ဒီလောက်တောင် ရူးသွပ်နေရအောင်... သူ အရင်ဘဝက အသားမစားခဲ့ရဘူးလား"
ရွာသားများက သဘာဝအတိုင်း စူးယောင်ကွမ်းဘက်မှ ရပ်တည်ပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးလန်ဟွာသာ တောဝက်သားကို ယူသွားပါက သူတို့ဝယ်ရန် အသားကျန်တော့မည်မဟုတ်ပေ။ သူတို့၏ ကလေးများက ထိုတော်ဝက်သားကို စားရန် စောင့်မျှော်နေကြသေးသည်။