အခန်း ၁၆
Vol. 2 Ch. 16
အခန်း ၁၆ ဒီကနေ ထွက်သွား
ရွာသားများထဲတွင် သူမ ဘက်မှ ကူညီပြောဆိုပေးမည့်သူ မရှိသလို၊ ကျန်းကျောက်တိနှင့် သူမ၏သမီးဖြစ်သူကလည်း တစိုးတစိမျှ အလျှော့မပေးသဖြင့် ကျုံးလန်ဟွာတစ်ယောက် အကြီးအကျယ် မျက်နှာပျက်သွားရရှာသည်။
သူမက လက်ဗလာဖြင့် ပြန်မလှည့်ချင်သော်လည်း အတင်းအဓမ္မ လုပ်နေလျှင်လည်း အပိုသာဖြစ်နေသဖြင့် နောက်ဆုံးတွင် သူမ၏ဒေါသများကို ရှောင်းယန်ချီအပေါ်၌သာ ပုံချလိုက်တော့သည်။
သူမက လက်ကို အရှိန်အဟုန်ဖြင့် လွှဲလိုက်ပြီး ရှောင်းယန်ချီ၏ မျက်နှာကို ရုတ်တရက် ရိုက်ချလိုက်သည်။
ဖြန်းခနဲ မြည်သွားသော လက်ဝါးရိုက်ချက်နှင့်အတူ ရှောင်းယန်ချီ၏ ပါးပြင်ထက်တွင် လက်ငါးချောင်းရာကြီး ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။
သူက ကျုံးလန်ဟွာကို ကြောင်စီစီဖြင့် စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းနက်နက်များထဲတွင်တော့ ဒေါသအရှိန်အဟုန်များ ပြည့်နှက်နေ၏။
ကျုံးလန်ဟွာက သူ့ကို လက်ညှိုးငေါ့ငေါ့ထိုးကာ ဆူပူကြိမ်းမောင်းနေသည်။
"နင်က တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ၊ ဒီလောက် အရပ်မြင့်ပြီး သန်မာတာတောင် မိန်းကလေးတစ်ယောက်လောက် အသုံးမဝင်ဘူး။ သူတောင် တောဝက်ကြီးကို သတ်နိုင်သေးတယ်၊ နင်က ဘာလို့ မသတ်နိုင်ရတာလဲ"
အစပိုင်းတွင် စူးယောင်ကွမ်းတစ်ယောက် အလွန် စိတ်မရှည်ဖြစ်နေခဲ့သော်လည်း ယခု ရှောင်းယန်ချီ လူပုံအလယ်၌ အရှက်ခွဲခံနေရသည်ကို မြင်လိုက်ရသဖြင့် ကျုံးလန်ဟွာကို အိမ်မှ မောင်းထုတ်ရန် အလောတကြီး မလုပ်တော့ဘဲ အသာလေး စောင့်ကြည့်နေလိုက်သည်။
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ စိတ်အခြေအနေ ရုတ်တရက် ပြန်ကောင်းသွားသည်ကို သတိပြုမိလိုက်သည်။ သူက စူးယောင်ကွမ်းကို တစ်ချက်ကြည့်ပြီး ထို့နောက် ရှောင်းယန်ချီကို ထပ်ကြည့်ကာ သူ့မေးစေ့ကို လက်ဖြင့်ပွတ်သပ်ရင်း တွေးတောနေလေသည်။
'ဒီလူနှစ်ယောက်ကြားမှာ ရန်ငြိုးတစ်ခုခုများ ရှိနေခဲ့တာလား...'
‘စူးယောင်ကွမ်းက ရှောင်းမျိုးရိုးရှိတဲ့ ဒီလူကို အထူးတလည် ကြည့်မရဖြစ်နေပုံပဲ’
ကျိုးဝမ်ရှူနှင့် ရှောင်းယန်ချီတို့ နှစ်ဦးစလုံးက ကျွန်ကုန်သည်၏ လက်ထဲတွင် အတူတူ ရှိခဲ့ဖူးသော်လည်း ကျိုးဝမ်ရှူကတော့ ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သဖြင့် ပြန်ဖမ်းမိတိုင်း သွေးအလိမ်းလိမ်း ဖြစ်အောင် အရိုက်ခံခဲ့ရသူ ဖြစ်သည်။ သူ ရှောင်းယန်ချီနှင့် ဆုံဖူးသည်မှာ အကြိမ်အနည်းငယ်မျှသာ ရှိပြီး စကားတစ်ခွန်းပင် မဖလှယ်ဖူးသဖြင့် ရှောင်းယန်ချီက မည်သို့သော လူစားမျိုးလဲဆိုသည်ကို သူ မသိခဲ့ချေ။ သို့သော် စူးယောင်ကွမ်းက ထိုလူကို မရွေးချယ်ခဲ့ခြင်းအပေါ် သူ စိတ်သက်သာရာ ရသွားမိသည်။
အကယ်၍ စူးယောင်ကွမ်းက ထိုလူကို ရွေးချယ်ခဲ့လျှင် သူကိုယ်တိုင်က မည်သည့်လူဆိုးများ လက်ထဲသို့ ရောက်ရှိသွားမည်ကို သူလည်း မသိနိုင်တော့ချေ။ စူးယောင်ကွမ်းထက် ကောင်းမွန်သော ဝယ်သူမျိုး မည်သည့်အခါမျှ ရှိလာမည်မဟုတ်ကြောင်းကိုတော့ သူ အသေအချာ ယုံကြည်နေမိသည်။
"နင်တို့ရဲ့ ကျွန်ကို ရိုက်နှက်ဆဲဆိုချင်ရင် ကိုယ့်အိမ်ကိုယ် ပြန်သွားပြီးမှ လုပ်လေ။ ငါ့အိမ်က နင် လာပြီး မောက်မာရမယ့် နေရာမဟုတ်ဘူး။ ထွက်သွား... အခုချက်ချင်း ငါ့အိမ်ကနေ ထွက်သွားကြစမ်း"
ကျန်းကျောက်တိက တံမြက်စည်းကို ကောက်ကိုင်ကာ သူတို့ဆီသို့ ဝှေ့ယမ်းလိုက်သည်။
ကျုံးလန်ဟွာက လွတ်အောင် အမြန်ရှောင်ရင်း တတွတ်တွတ် ဆဲဆိုနေပြန်သည်။
"နင်တို့တစ်မိသားစုလုံးက တကယ့်ကို အသည်းနှလုံး မရှိတဲ့လူတွေပဲ။ ငါတို့မိသားစုဆီကနေ ဒီလောက် အကျိုးအမြတ် အများကြီး ရယူထားပြီးတော့ အခုကျမှ အသိအမှတ် မပြုချင်ဘူးပေါ့လေ။ ဟက်... နင်တို့အားလုံး အဲ့ဒါကို စားပြီး နေမကောင်းဖြစ်ကြမှာ သေချာတယ်"
"အိုက်ယား.... ယောင်းမတို့ရေ... ကြားကြတယ်မလား၊ သူက ငါတို့ နေမကောင်းဖြစ်အောင် ကျိန်ဆဲနေပြီ။ ဒီနေ့ ဒီပြဿနာအိုး ဒီကနေ မထွက်သွားဘူးဆိုရင်တော့... ငါတို့ ဝက်သား မရောင်းတော့ဘူး"
ကျန်းကျောက်တိက အော်ဟစ် ပြောဆိုလိုက်သည်။
"ရိဟွမ်းအမေ... နင်က ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ ငါသာဆိုရင်လည်း နင့်ကို ပေးမှာ မဟုတ်ဘူး။ နင့်မိသားစုမှာ သန်သန်မာမာ ယောက်ျားနှစ်ယောက် ရှိနေတာပဲလေ။ သူတို့က ယောင်ကွမ်းထက် တောဝက်ကို သတ်နိုင်စွမ်းရှိတာ အသိသာကြီးပဲ၊ သူတို့ကျတော့ သူရဲဘောကြောင်ပြီး လက်တစ်ချောင်းတောင် မလှုပ်ခဲ့ကြဘူး။ နင်တို့ဓားက ရွှေနဲ့လုပ်ထားရင်တောင် အဲ့ဒါက လူနှစ်ယောက်ရဲ့ အသက်ထက် ပိုအရေးကြီးလို့လား၊ မြန်မြန်ထွက်သွားစမ်းပါ၊ ငါတို့ အသားဝယ်မှာကို လာမနှောက်ယှက်နဲ့"
"ဟုတ်ပ.... နင်တို့ဓားကို သုံးခဲ့ရုံလေးနဲ့ ဝက်တစ်ကောင်လုံးကို လာလုချင်နေတာလား၊ တကယ်ကို ရယ်စရာကောင်းလွန်းတယ်။ ငါ့သားက ငါ ဝက်သားဟင်းချက်ကျွေးမှာကို စောင့်နေတုန်းပဲ၊ ငါတို့အလုပ်ကို မနှောင့်နှေးစေနဲ့"
"နင်တို့က အသားလေး နည်းနည်းစားရဖို့အတွက်နဲ့ သူတို့မိသားစုဘက်ကနေ မဟုတ်မမှန် ကူပြောပေးနေကြတာပဲ၊ နင်တို့က နင်တို့ရဲ့ကိုယ်ကျင့်တရားကို သစ္စာဖောက်နေကြတာ"
ကျုံးလန်ဟွာက မကျေမနပ်ဖြင့် ဒေါသတကြီး အော်ဟစ်နေသည်။
"ရိဟွမ်းအမေ... နင်က ဘာလို့ အကျိုးအကြောင်း မသိ ဖြစ်နေရတာလဲ၊ တော်ပြီ... သူနဲ့ ဖက်ပြိုင်ငြင်းမနေနဲ့တော့၊ မောင်းသာထုတ်လိုက်တော့၊ ဒီအတိုင်း ဆက်ငြင်းခုံနေရင် မိုးမချုပ်ခင် ငါတို့ အသားဝယ်နိုင်တော့မှာ မဟုတ်ဘူး"
ကျန်းကျောက်တိကလည်း နောက်ထပ် အားနာမနေတော့ဘဲ ကျုံးလန်ဟွာ၏ မျက်နှာကို တံမြက်စည်းဖြင့် ဝှေ့ယမ်းကာ မောင်းထုတ်လိုက်တော့သည်။
ကျုံးလန်ဟွာက အော်ဟစ်ရင်း ထွက်ပြေးသွားသည်။
‘သူမ တခြားလူတွေအကြောင်း သေသေချာချာ မသိပေမယ့် ဒီကျန်းကျောက်တိဆိုတဲ့ ကောင်မစုတ်ကတော့ သူမရဲ့မျက်နှာကို အမှန်တကယ် ဖျက်ဆီးပစ်မယ့်ဆိုတာ သူမ ကောင်းကောင်း သိနေတယ်’
ကျုံးလန်ဟွာက သူမ သေသေချာချာ ထိန်းသိမ်းထားသည့် မျက်နှာကို အမြဲတမ်း တန်ဖိုးထားသူဖြစ်ရာ ထိုသို့သော အန္တရာယ်ကိုတော့ မစွန့်စားဝံ့ချေ။
ကျန်းကျောက်တိက နောက်သို့ လှည့်ပြီး ရှောင်းယန်ချီကို စိုက်ကြည့်လိုက်သည်။
ရှောင်းယန်ချီကလည်း ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားသည်။
ကျန်းကျောက်တိက ခြံဝင်းတံခါးကို ပိတ်လိုက်ပြီး စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။
"ယောင်ကွမ်း... အသားတွေ ဆက်ရောင်းပေးလိုက်ဦး"
နောက်ဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။
ခြံပြင်ဘက်မှ ရှောင်းယန်ချီကို ဆဲဆိုအော်ဟစ်နေသော ကျုံးလန်ဟွာ၏အသံများ ထွက်ပေါ်လာရာ ရွာသားများက ရှောင်းယန်ချီအတွက် စိတ်မကောင်း ဖြစ်နေကြသည်။
"အဲ့ဒီ ရှောင်းကောင်လေးကတော့ တကယ့်ကို ကံဆိုးတာပဲ၊ အဲ့ဒီတုန်းက ယောင်ကွမ်းသာ သူ့ကို ဝယ်ခဲ့ရင် အခုချိန် သူ ယောင်ကွမ်းဘေးမှာ ရပ်နေရပြီ။ ယောင်ကွမ်းက သူမရဲ့ယောက်ျားလေးအပေါ် ဘယ်လောက်တောင် ကောင်းလိုက်သလဲ"
"အဲ့ဒါကလည်း ယောင်ကွမ်းရဲ့ အကြိုက်ပေါ်မှာ မူတည်သေးတယ်လေ၊ ယောင်ကွမ်းက ခင်ပွန်းတစ်ယောက် ရွေးချယ်ခဲ့တာလေ၊ ကျန်းမိသားစုကတော့ အစေခံ ရွေးချယ်ခဲ့တာ။ တစ်ယောက်က သခင်၊ နောက်တစ်ယောက်က ကျွန်... သူတို့ရရှိတဲ့ ဆက်ဆံမှုချင်းက ဘယ်လိုလုပ် တူနိုင်ပါ့မလဲ"
ကျိုးဝမ်ရှူတစ်ယောက် စူးယောင်ကွမ်းကို ငေးကြည့်မိပြန်သည်။
သူမ၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်ပြီး၊ အတိတ်က အိမ်တော်တွင် တံမြက်စည်းလှည်းသည့် အစေခံမိန်းကလေးများကပင် သူမထက် ပိုချောမောလှပနေသေးသည်။ သူမ၏ တစ်ကိုယ်လုံးတွင်လည်း သွေးများ ပေကျံနေပြီး မိန်းကလေးတစ်ယောက်နှင့်ပင် လုံးဝ မတူတော့ချေ။
သို့သော်လည်း သူမက သူ့ကို စိတ်အေးချမ်းသာမှု ရရှိစေခဲ့သည်။
ယခုလောလောဆယ်တွင်တော့ ဤနေရာက ဘေးကင်းသည်ဟု ဆိုရပေမည်။
"ယောင်ကွမ်းရဲ့ ယောက်ျားလေး... နင်က ဘာတွေ ငေးငိုင်နေတာတုန်း"
အဒေါ်ဝမ်က သူမ၏လက်ကို ဝှေ့ယမ်းပြနေသည်။
"ဒါတွေအားလုံးက ဘယ်လောက်ကျလဲဆိုတာ မြန်မြန် တွက်ပေးပါဦး"
ကျိုးဝမ်ရှူတစ်ယောက် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးလာပြီး၊ အသားများကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ကြေးပြားသုံးဆယ့်ငါးပြားပါ"
"ယောင်ကွမ်း... နင့်ယောက်ျားလေးက နင့်ကို ကြောင်စီစီနဲ့ ငေးကြည့်နေတာ။ နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းပုံရတယ်နော်။ မင်္ဂလာပွဲအတွက် စားပွဲကို ဘယ်တော့လောက် ကျင်းပဖို့ စီစဉ်ထားလဲ"
ရွာသားများက စနောက်နေကြသည်။
"ကျွန်မတို့မှာ အခုလောလောဆယ် ပိုက်ဆံမရှိသေးလို့ပါ၊ ပိုက်ဆံနည်းနည်း ပိုရှိလာတဲ့အထိ စောင့်လိုက်ဦးမယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ငယ်ပါသေးတယ်"
ဒုန်း ဒုန်း ဒုန်း! ဒုန်း ဒုန်း ဒုန်း!
ထိုစဉ် တစ်စုံတစ်ယောက်က တံခါးကို ပြင်းထန်စွာ လာခေါက်နေလေသည်။
စူးယောင်ကွမ်းက ‘သူတို့ လာကြပြီပဲ’ ဟု စိတ်ထဲမှ တွေးလိုက်ရင်း အသားခုတ်သည့်အရှိန်ကို မြှင့်တင်လိုက်သည်။
"ကျန်းကျောက်တိ... စူးယောင်ကွမ်း... နင်တို့အားလုံး ငါ့ရှေ့ကို ထွက်လာခဲ့ကြစမ်း"
အပြင်ဘက်ဆီမှ အဘွားစူး၏ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
"နင်တို့လို နှလုံးသားမရှိတဲ့ အယုတ်တမာတွေ။ တောဝက်တစ်ကောင်လုံးကို အလကားရထားပြီးတာတောင် လူကြီးမိဘတွေပေါ် တစ်ချက်လေးတောင် မသိတတ်ကြဘူး။ ငါ့သားက သေသွားဆိုတော့ နင်တို့က ငါတို့လို အဖိုးကြီး အဖွားကြီးတွေကို ဂရုမစိုက်တော့ဘူးပေါ့လေ။ ထွက်ခဲ့ကြစမ်း... အခုချက်ချင်း ထွက်ခဲ့ကြ"
"ယောင်ကွမ်း... နင့်အဖွား ရောက်လာပြီ။ သူ ခဏနေရင် အကြီးအကျယ် လာသောင်းကျန်းတော့မှာ။ ပြဿနာ အများကြီးမရှာနိုင်အောင် သူ့အတွက် အသားတစ်ကျင်းလောက် ပေးလိုက်ဦး"
"အဒေါ်... အဒေါ်တို့သာ အသားတွေကို အရင်ယူသွားလိုက်ပါ။ အိမ်က ကိစ္စတွေကို ကျွန်မ ရှင်းလိုက်ပါ့မယ်"
စူးယောင်ကွမ်းက နောက်ဆုံးကျန်သည့် အသားတုံးကိုပါ ရောင်းချရင်း ပြန်ပြောလိုက်သည်။
သူမက နံရိုးများနှင့် ဝက်ခေါင်းကိုလည်း ဈေးပေါပေါဖြင့် ရောင်းပစ်လိုက်သည်။ တောဝက်သားက သိပ်ပြီး အရသာမရှိသဖြင့် သူမက ဝက်ဆီဖတ်၊ ဝက်အသည်း၊ ဝက်လက်၊ ဝက်အူများနှင့် တောဝက်သား နှစ်ကျင်းလောက်ကိုသာ ချန်ထားခဲ့သည်။
သူမက ကျန်းကျောက်တိနှင့် ကျိုးဝမ်ရှူတို့ကို ကျန်ရှိသည့် အသားများအား အခန်းထဲသို့ သယ်သွားပြီး သိမ်းဆည်းထားရန် ပြောလိုက်သည်။ ထို့အပြင် အသားရောင်းပြီး ရရှိလာသည့် ကြေးပြားများကိုပါ တစ်ပါတည်း သိမ်းခိုင်းလိုက်သည်။
ထိုအချိန်တွင် နောက်ဆုံးကျန်နေသည့် ရွာသားတချို့က မပြန်ကြသေးချေ။ စူးယောင်ကွမ်းက သူတို့ကို ခဏလောက် စောင့်ဆိုင်းရန် ပြောလိုက်ပြီး တံခါးလာထုသံ ထပ်မံထွက်ပေါ်လာချိန်တွင်မှ တံခါးကို ဆွဲဖွင့်လိုက်သည်။ ရလဒ်အနေဖြင့် အဘွားစူးတစ်ယောက် ခြံဝင်းထဲသို့ အရှိန်လွန်ကာ လဲကျသွားတော့သည်။
"အား... ငါ့ကျော... အား..."
အဘွားစူးက နာကျင်စွာ အော်ဟစ်ညည်းတွားနေသည်။
"အဖွား... အဖွား ဘာဖြစ်သွားသေးလဲဟင်"
စူးယောင်ကွမ်းက စိုးရိမ်တကြီး အော်ဟစ်ရင်း အဘွားစူးကို ဆွဲထူလိုက်သည်။
"အား... နာတယ်... ငါ့ခါး..."
အဘွားစူးက အော်ဟစ်နေပြန်သည်။
စူးယောင်ကွမ်းက ပျာပျာသလဲဖြင့် အဘွားစူးကို မတ်တတ်ရပ်နိုင်အောင် ကူညီပေးနေသော်လည်း၊ အဘွားစူးက ခြံထဲသို့ နောက်တစ်ကြိမ် ထပ်မံလဲကျသွားခဲ့ပြန်သည်။
"အား... နင်... ကောင်မစုတ်မ..."
အဘွားစူးတစ်ယောက် နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော်လည်း သူမ၏ ကျိန်ဆဲသံကတော့ အားအင်အပြည့် ရှိနေဆဲပင်။
"အဖွား... ဘာဖြစ်သွားတာလဲ။ အဖွားရယ်..."
စူးယောင်ကွမ်းက အော်ဟစ်ပြောဆိုရင်း သူမ၏လက်တွင် ပေကျံနေသည့် သွေးများကို အဘွားစူး၏ ခန္ဓာကိုယ်ပေါ်သို့ ပွတ်သပ်ပစ်လိုက်သည်။
သူမ လတ်လတ်ဆတ်ဆတ် လဲလှယ်ဝတ်ဆင်လာသည့် အဝတ်အစားသစ်ကြီး ယခုကဲ့သို့ သွေးအလိမ်းလိမ်း ဖြစ်သွားသည်ကို မြင်လိုက်ရသောကြောင့် အဘွားစူး၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီး အသက်ရှူပင် မဝတော့ဘဲ ချက်ချင်း မူးလဲသွားခဲ့သည်။
"အဒေါ်ဝမ်... ကျွန်မအဘွား မူးလဲသွားပြီရှင့်။ အခုလောလောဆယ် ကျွန်မ သူ့ကို ပြန်ပို့ပေးဖို့ အဆင်မပြေသေးလို့ပါ၊ အဒေါ်ပဲ သူ့ကို အိမ်အထိ လိုက်ပို့ပေးပါဦးနော်။ ဒီကြေးပြားကတော့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်လက်ဆောင်ပါ"
စူးယောင်ကွမ်းက ဘေးနားတွင် ရပ်နေသည့် ဝဝတုတ်တုတ် အဒေါ်ကြီးကို လှမ်းပြောလိုက်သည်။
"ကောင်းပြီ... ကောင်းပြီ၊ ငါ့ကိုပဲ အပ်လိုက်စမ်းပါ"
အဒေါ်ဝမ်က ပွဲကြည့်ရရုံတင်မကဘဲ ငွေပါ ရှာနိုင်သောကြောင့် ဝမ်းသာအားရဖြစ်သွားပြီး အဘွားစူးကို ကျောပိုးကာ ထွက်ခွာသွားတော့သည်။
ဧည့်သည်များကို ပြန်လိုက်ပို့ပေးပြီး မဖိတ်ခေါ်ဘဲ ရောက်လာသည့် နှောင့်ယှက်သူများကိုပါ မောင်းထုတ်ပြီးသွားသဖြင့် စူးယောင်ကွမ်းက ခြံဝင်းတံခါးကို ပိတ်ချလိုက်သည်။
စူးယောင်ကွမ်း လှည့်ကြည့်လိုက်ချိန်တွင် ကျန်းကျောက်တိက အိမ်ခေါင်မိုးစွန်းအောက်၌ ကြောင်တောင်တောင် ရပ်နေပြီး ကျိုးဝမ်ရှူကတော့ သူမကို အားကျအတုယူရိပ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။
"ကိစ္စတွေ အားလုံး ပြေလည်သွားပြီ။ ခြံဝင်းကို သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားတွေ သွားလဲကြရအောင်"