အခန်း ၁၇
Vol. 2 Ch. 17
အခန်း ၁၇ အသားသွားပို့ခြင်း
ကျန်းကျောက်တိနှင့် ကျိုးဝမ်ရှူကလည်း ခြံဝင်းကို သန့်ရှင်းရေးလုပ်ပြီးနောက် ရေနွေးနွေးဖြင့် ရေချိုးကာ သွေးကွက်များ ပေကျံနေသည့် အဝတ်အစားများကိုလည်း လဲလှယ်လိုက်ကြသည်။
စူးယောင်ကွမ်းက ဆံပင်လျှော်နေစဉ် သူမကိုယ်တိုင် ဖော်စပ်ထားသည့် ဆံပင်လိမ်းဆီကို အသုံးပြုလိုက်သည်။
သူမ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကျိုးဝမ်ရှူလည်း ရေချိုးပြီးသွားပြီ ဖြစ်သည်။
ကျန်းကျောက်တိနှင့် သမီးဖြစ်သူက အခန်းထဲ၌ ရေချိုးကြပြီး ကျိုးဝမ်ရှူကတော့ ထင်းရုံထဲသို့ ရေသယ်ကာ ထိုနေရာတွင်သာ ကိုယ်လက်သန့်စင်လိုက်ခြင်း ဖြစ်သည်။
စူးယောင်ကွမ်းက ရေချိုးပြီးခါစ သန့်ရှင်းစင်ကြယ်ကာ ချောမောလွန်းနေသည့် ထိုလူငယ်လေးကို စိုက်ကြည့်လိုက်ပြီး သူမ၏ အကြည့်က သူ၏လည်ပင်းဆီတွင် ခဏမျှ ဝဲလည်သွားခဲ့သည်။ ထို့နောက် သူမက အခန်းထဲသို့ ပြန်လှည့်ဝင်သွားပြီး ဘူးလေးတစ်ဘူးကို ယူဆောင်ကာ ပြန်ထွက်လာခဲ့သည်။ ထို့နောက် ဘူးလေးကို သူ့လက်ထဲသို့ ကမ်းပေးလိုက်သည်။
"ဒါက အမာရွတ်ပျောက်ဆေးပဲ၊ စမ်းလိမ်းကြည့်လိုက်ဦး"
ကျိုးဝမ်ရှူက ဆေးဘူးကို လှမ်းယူလိုက်ပြီး မျက်လွှာချကာ တိုးတိုးလေး ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ခြွေတာပြီး လိမ်းမနေနဲ့ဦး၊ ဒါက ငါကိုယ်တိုင် လုပ်ထားတာ။ ကုန်သွားရင် ထပ်ဖော်ပေးမယ်"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"ဆေးလိမ်းပြီးရင် ငါနဲ့အတူ အသားသွားပို့ဖို့ လိုက်ခဲ့ဦး"
"ဘယ်သူ့ဆီကိုလဲ"
ကျိုးဝမ်ရှူက ပြန်မေးလိုက်သည်။
"ဟုတ်တာပေါ့၊ ငါက ငါ့အဘွားကို သိတတ်ရမယ်လေ”
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူပြောတာလည်း အမှန်ပဲလေ။ သူက ငါ့အဘွား ဖြစ်နေတုန်းပဲ။ တကယ်လို့ သူတို့ဆီကို အသားတစ်တုံးမှ သွားမပို့ရင် လူတွေရဲ့ အပြောအဆိုကို ခံရလိမ့်မယ်"
ကျန်းကျောက်တိက ဆံပင်အခြောက်ခံရင်း အခန်းထဲမှ ထွက်လာသည်။ စူးယောင်ကွမ်း၏ စကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ နှမြောတသရိပ်များ ဖြတ်ပြေးသွားကာ လှမ်းမေးလိုက်သည်။
"ဒါဆို... ဘယ်လောက်လောက် ပို့ရင် ကောင်းမယ်လို့ နင် ထင်လဲ"
"သမီးတို့ဆီမှာ နှစ်ကျင်း ချန်ထားတာဆိုတော့ တစ်ကျင်းပဲ ပို့ပေးမယ်လေ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ပြီးတော့ ဝက်လက်နှစ်ဖက်ပါ ယူသွားလိုက်မယ်။ ဝက်လက်ကိုတော့ ငါပဲ ကိုင်ခဲ့မယ်၊ ဝမ်ရှူ... နင်ကတော့ အသားကို သယ်ခဲ့၊ အခုပဲ သွားပို့ကြမယ်"
ကျိုးဝမ်ရှူက ဆေးလိမ်းရန် အခန်းထဲသို့ ပြန်ဝင်သွားပြီး မကြာခင် ပြန်ထွက်လာသည်။ စူးယောင်ကွမ်းက ခွဲခြမ်းထားသည့် အသားတစ်ကျင်းကို ကြိုးဖြင့် သေသေချာချာ ချည်နှောင်ကာ သူ့လက်ထဲသို့ ကမ်းပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ ဝက်လက်နှစ်ဖက်ကို ကိုင်ကာ ခြံပြင်သို့ ထွက်လာခဲ့ကြသည်။
ကျန်းကျောက်တိက သူတို့ကို စိတ်မချသဖြင့် အတူတူ လိုက်လာချင်သော်လည်း စူးယောင်ကွမ်းက သူမကို တားမြစ်လိုက်သည်။
စူးယောင်ကွမ်းက ပစ္စည်းများ ပို့ပြီးသည်နှင့် ချက်ချင်း ပြန်လာမည်ဖြစ်ကြောင်း အဘွားဖြစ်သူကလည်း သတိလစ်နေလောက်ဆဲ ဖြစ်သဖြင့် မည်သူမျှ ပြဿနာလာရှာလိမ့်မည် မဟုတ်ကြောင်း ပြန်ပြောလိုက်သည်။ ထို့အပြင် ဤအရာက ခရီးတိုလေးသာ ဖြစ်ပြီး လူအများကြီး သွားနေစရာ မလိုကြောင်းလည်း ရှင်းပြလိုက်သည်။
သူတို့နှစ်ဦး အသားကို ကိုင်ဆောင်ကာ စူးမိသားစု၏ ဒုတိယဦးလေးအိမ်ဘက်သို့ လျှောက်လှမ်းလာခဲ့ကြသည်။ လမ်းတွင် ရွာသားအများအပြားနှင့် ဆုံတွေ့ခဲ့ပြီး သူတို့က ဘယ်သွားမလို့လဲဟု မေးမြန်းသည့်အခါတိုင်း စူးယောင်ကွမ်းက အဘွားအိမ်သို့ အသားသွားပို့မည့်အကြောင်း ကျယ်လောင်စွာ ပြန်ဖြေကြားနေခဲ့သည်။
"ယောင်ကွမ်း... ဒါက နင့်ရဲ့ ယောကျာ်းငယ်လေးလား"
"ဝမ်ရှူက ငယ်ပါသေးတယ်၊ သူ့ကို လာပြီး မစကြပါနဲ့ရှင်"
"ယောကျာ်းတစ်ယောက်က ဘာလို့ ဒီလောက် ရှက်တတ်နေရတာလဲ"
လမ်းသွားလမ်းလာ ရွာသားတစ်ဦးက ပြောပြောဆိုဆိုနှင့် ကျိုးဝမ်ရှူ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
ကျိုးဝမ်ရှူက နာကျင်မှုကို အောင့်အည်းသည်းခံလိုက်ပြီး ထိုရွာသား ထွက်သွားသည့်တိုင်အောင် စောင့်ဆိုင်းနေပြီးမှ ဘေးနားရှိ သစ်ပင်တစ်ပင်ကို မှီလိုက်က အသက်ဝဝရှူလိုက်သည်။
"နင် အဆင်ပြေရဲ့လား"
စူးယောင်ကွမ်းက မျက်မှောင်ကြုတ်ရင်း လှမ်းမေးလိုက်သည်။
"ဦးလေးယန်ကတော့ တကယ်ပါပဲ။ သူက အရင်က ဝက်သတ်သမား လုပ်ခဲ့တာလေ၊ သူ့လက်အရှိန် ဘယ်လောက်ပြင်းလဲဆိုတာ သူကိုယ်တိုင် မသိဘူးလား"
စူးယောင်ကွမ်း၏ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် ကျိုးဝမ်ရှူက အားနည်းသောအပြုံးလေးကို အားတင်းပြုံးပြရင်း မေးမြန်းလိုက်သည်။
"ကျွန်တော်က တကယ့်ကို အသုံးမကျတဲ့လူပဲ။ ယောကျာ်းတစ်ယောက်ဖြစ်နေတာတောင် ခင်ဗျားရဲ့ ကာကွယ်ပေးမှုကို လိုနေသေးတယ်။ ယောင်ကွမ်း... ကျွန်တော်က ဒီလောက်အသုံးမဝင်ဖြစ်နေတော့ ခင်ဗျား ကျွန်တော့်ကို ရွံရှာသွားပြီလားဟင်"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို စိုက်ကြည့်ရင်း သူမ၏ အတွေးများက အဝေးသို့ လွင့်ပျံသွားခဲ့သည်။
အတိတ်ဘဝတုန်းကဆိုလျှင် ရှောင်းယန်ချီက သူမကို အမြဲတမ်း အထင်သေးရွံရှာခဲ့ပြီး သူမက ကြမ်းတမ်းရိုင်းစိုင်းလွန်းသည်၊ ရှာဖွေနိုင်သည့် ငွေကြေးကလည်း နည်းပါးလွန်းသည်ဟု သတ်မှတ်ခဲ့ဖူးသည်။ ထိုစဉ်က သူမလည်း ယခုကျိုးဝမ်ရှူကဲ့သို့ အစွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေခဲ့ရဖူးသည်။
ကျိုးဝမ်ရှူက သူမ၏ အင်္ကျီစကို ဆွဲကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ပြည့်နှက်နေပုံဖြင့် ပြောနေရှာသည်။
"ယောင်ကွမ်း... ကျွန်တော် နောက်ကျရင် အားအင်တွေ အများကြီး ရှိလာအောင် သေချာပေါက် ကြိုးစားပြီး လေ့ကျင့်ပါ့မယ်"
စူးယောင်ကွမ်းက ငေးမှိုင်နေရာမှ သတိပြန်ဝင်လာပြီး အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"နင်က ငတုံးလား။ နင် မသန်မာရုံလေးနဲ့ ငါက နင့်ကို ရွံရှာမယ် ထင်နေတာလား။ ဝမ်ရှူက ငါတို့ကို မိသားစုလို့ တကယ် သတ်မှတ်နေသရွေ့တော့... နင် ဘယ်လိုပုံစံပဲဖြစ်ဖြစ် ငါ့အတွက်တော့ အမြဲတမ်း မိသားစုပဲ"
"မိသားစု ဟုတ်လား..."
ကျိုးဝမ်ရှူက မှင်တက်သွားပြီး သံယောင်လိုက်ကာ ပြန်မေးလိုက်သည်။
"ဟုတ်တယ်။ ငါတို့ အန္တရာယ်နဲ့ ကြုံတွေ့ရတုန်းက ဝမ်ရှူက ထွက်မပြေးဘဲ ငါနဲ့အတူ ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးခဲ့တယ်၊ အဲဒီအချိန်တုန်းကတည်းက နင်က တခြားလူတွေနဲ့ မတူဘူးဆိုတာ ငါ သိခဲ့တာ"
ကျိုးဝမ်ရှူက ပြုံးနေသည့် မိန်းကလေးကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။
'သူမ မှားနေပြီ'
'တကယ်တမ်း ထွက်ပြေးနိုင်ခဲ့တာက သူမ ဖြစ်ပေမယ့် သူမက ငါ့ကို ကာကွယ်ပေးဖို့အတွက် အသက်စွန့်ပြီး ပြန်လှည့်လာခဲ့တာလေ။ ငါ... ကျိုးဝမ်ရှူက ဘယ်လောက်ပဲ ကျေးဇူးကန်းတဲ့လူဖြစ်ပါစေ... ငါ့အပေါ် ဒီလောက်အထိ ယုံကြည်ပေးတဲ့လူကိုတော့ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။'
"မိုးချုပ်တော့မယ်၊ ဒီအသားကို ခပ်မြန်မြန် သွားပို့ကြစို့။ ဒီပြဿနာကို ရှင်းပြီးသွားရင် အိမ်ပြန်ပြီး အရသာရှိတဲ့ စားစရာတွေ ချက်စားကြတာပေါ့"
စူးယောင်ကွမ်းက ထပ်ပြောနေသေးသည်။
"တောဝက်သားက နည်းနည်း ညှီစို့စို့နိုင်ပေမယ့် ငါကတော့ အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်အောင် ချက်ပေးနိုင်တယ်"
သူတို့နှစ်ဦး ကျန်းမိသားစု၏ ခြံဝင်းတံခါးရှေ့မှ ဖြတ်လျှောက်သွားချိန်တွင် အထဲမှ ထွက်ပေါ်လာသည့် ကျန်းယီဟွေ့၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
"အခု ငါ့လက်မောင်းက မြှောက်တောင် မမြှောက်နိုင်တော့ဘူး၊ ငါ ဘယ်လိုလုပ်ပြီး စာကောင်းကောင်း ရေးနိုင်မှာလဲ။ မင်းက ဒီလောက် တော်နေမှတော့ ငါ့ရဲ့ အိမ်စာတွေအကုန်လုံးကို မင်းပဲ လုပ်ပေးလိုက်တော့"
ရှောင်းယန်ချီက တည်ငြိမ်သော လေသံဖြင့် ပြန်ပြောနေသည်။
"သခင်လေး... အဲဒါက မသင့်တော်ဘူး ထင်ပါတယ်။ တကယ်လို့ ဆရာ သိသွားရင် သေချာပေါက် အပြစ်ပေးပါလိမ့်မယ်"
"ဆရာက ကျောင်းသားတွေ အများကြီးရဲ့ အိမ်စာတွေကို စစ်ရတာလေ၊ သူ ဘယ်လိုလုပ်ပြီး သေသေချာချာ ဖတ်နိုင်မှာလဲ။ သူက အပေါ်ယံပဲ ကြည့်မှာပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ဖြစ်တဲ့ ကိစ္စက မင်းကြောင့်ဖြစ်တာ။ မင်းသာ ငါ့ကို သေသေချာချာ မကာကွယ်ပေးလို့ ငါ့လက်မောင်း ဒဏ်ရာရသွားတာလေ။ အခု စာသင်ကျောင်းကို ပြန်ဖို့ နှစ်ရက်ပဲ လိုတော့တယ်၊ ငါ အိမ်စာတွေကို လုံးဝ အမှီမလုပ်နိုင်တော့ဘူး၊ ဒါကြောင့် ဒါကို မင်းဆီပဲ လွှဲပေးရတော့မယ်"
စူးယောင်ကွမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ကျန်းယီဟွေ့က အမှန်တကယ် အသုံးမကျသည့်လူစားမျိုး ဖြစ်သည်။ သူက ဟန်ဆောင်ရန်လောက်သာ သိပြီး စစ်မှန်သည့် အရည်အချင်းဟူ၍ သိပ်မရှိချေ။ အတိတ်ဘဝတွင်လည်း ရှောင်းယန်ချီက ရှို့ချိုင်ရော ကျွီရန်စာမေးပွဲများကိုပါ အောင်မြင်ခဲ့သော်လည်း သူကတော့ ရှို့ချိုင်စာမေးပွဲကိုပင် မအောင်မြင်နိုင်ခဲ့ချေ။
သို့သော်လည်း ယခင်ဘဝတုန်းက ရှောင်းယန်ချီက ကျန်းယီဟွေ့အပေါ် အလွန် အလေးထား ဂရုစိုက်ခဲ့သည်။ ထိုစဉ်က ကျန်းယီဟွေ့က ရှောင်းယန်ချီ၏ နောက်လိုက်တစ်ဦး ဖြစ်ခဲ့ပြီး စာသင်ကျောင်း၌လည်း သူ့ကို နည်းမျိုးစုံဖြင့် အားကိုးခဲ့ရသည်။ ယခု ပြန်တွေးကြည့်ချိန်တွင်မှ ထိုအချိန်ကတည်းက ရှောင်းယန်ချီနှင့် ကျန်းရိဟွမ်းတို့ ခိုးကြောင်ခိုးဝှက် ပတ်သက်နေကြခြင်းဖြစ်နိုင်ကာ သူမတစ်ယောက်တည်း အဓိပ္ပာယ်မရှိ အမှောင်ချခံထားရခြင်းဖြစ်ကြောင်း သိသာလာသည်။
ကျုံးလန်ဟွာနှင့် ကျန်းကျောက်တိတို့ကလည်း အမြဲတမ်း မတည့်ခဲ့ကြချေ။ သူမ၏ အတိတ်ဘဝတွင်လည်း ကျုံးလန်ဟွာက သူမနှင့် သူမ၏မိခင်တို့ နားမလည်နိုင်သည့် မရေမရာ စကားလုံးများကို အမြဲ ပြောဆိုတတ်ခဲ့သည်။ ယခု ပြန်တွေးကြည့်ချိန်တွင်တော့ ထိုအရာက သူမတို့အပေါ် လှောင်ပြောင်သရော်နေခြင်းဖြစ်ကြောင်း ရှင်းလင်းလာခဲ့သည်။
ကျိုးဝမ်ရှူက စူးယောင်ကွမ်းတစ်ယောက် အတွေးကမ္ဘာထဲသို့ နောက်တစ်ကြိမ် နစ်ဝင်နေပြန်သည်ကို သတိထားမိသွားသဖြင့် သတိပေးသည့်အနေဖြင့် ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။
စူးယောင်ကွမ်းက ထိုအမှောင်ထုများ ပြည့်နှက်နေသည့် အတိတ်မှတ်ဉာဏ်များထဲမှ ရုန်းထွက်လိုက်ပြီး ကျိုးဝမ်ရှူကို ပြောလိုက်သည်။
"မြန်မြန်သွားကြမယ်။ ဒီနေရာက နိမိတ်မကောင်းဘူး၊ သူတို့နဲ့ ဝေးဝေးမှာပဲ နေကြမယ်"
"အဲဒီ အစ်ကိုရှောင်းက တော်တော်လေး သနားစရာကောင်းတယ်"
ကျိုးဝမ်ရှူက သက်ပြင်းချရင်း မှတ်ချက်ပြုလိုက်သည်။
"တကယ်လို့ သူသာ ယောင်ကွမ်းလို သခင်မျိုးနဲ့ ဆုံခဲ့ရင် အခုလိုမျိုး ခက်ခဲနေမှာ မဟုတ်ဘူး"
"ဝမ်ရှူ... အဲဒီ ရှောင်းချီနဲ့ ဝေးဝေးမှာ နေစမ်းပါ။ နင်က သူ့ကို သနားဖို့ကောင်းတယ်လို့ ထင်နေပေမယ့် လူတစ်ယောက် သနားစရာဖြစ်နေရတဲ့နောက်ကွယ်မှာ အမြဲတမ်း အကြောင်းပြချက် ရှိတတ်တယ်ဆိုတာ နင် မသိသေးဘူး။ နင်က အရမ်း ရိုးအလွန်းသေးတယ်၊ အဲ့စိတ်က အပြင်ပန်းသွင်ပြင်တွေရဲ့ လှည့်စားမှုကို ခံရဖို့ လွယ်ကူလွန်းတယ်"
"ယောင်ကွမ်းက သူ့ကို မကြိုက်ဘူး ထင်တယ်"
ကျိုးဝမ်ရှူက မေးလိုက်ပြန်သည်။
"သူက ယောင်ကွမ်းအပေါ် တစ်ခုခု အမှား လုပ်ခဲ့လို့လား"
"မဟုတ်ဘူး၊ ငါတို့ အခုမှ ဆုံဖူးကြတာလေ။ ဒါပေမဲ့ အဲဒီလူက ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ ရုပ်မျိုးပဲ၊ ဘယ်လိုမှ လူကောင်းတစ်ယောက်နဲ့ မတူဘူး"
သူမတို့နှစ်ဦး စူးမိသားစု၏ ဒုတိယဦးလေးအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။ စူးယောင်ကွမ်းက တံခါးကို အရှိန်ဖြင့် ထုလိုက်ပြီး အတွင်းဘက်သို့ အော်ဟစ်လိုက်သည်။
"အဖွား... ဦးလေး... အဒေါ်... ဝမ်ရှူနဲ့ ကျွန်မ အသားလာပို့ပေးတာပါရှင့်"
သူမ၏ အသံက ကျယ်လောင်လွန်းသဖြင့် လမ်းတစ်ဖက်ခြမ်းရှိ အိမ်များမှပင် ကြားနိုင်လောက်သည်။
အဒေါ်စူးက တံခါးကို ဆွဲဖွင့်လိုက်ပြီး စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ကိုင်ဆောင်လာသည့် ပစ္စည်းများကို ကြည့်ကာ ရွဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။
"နင်က နင့်အဘွားကို နေမကောင်းဖြစ်အောင် လုပ်ထားပြီး သူ အခုထိတောင် သတိမရသေးဘူး။ အခုကျတော့ နင်က ဒီအသားစုတ်လေး နည်းနည်းပါးပါးကို ယူလာတယ်ပေါ့လေ။ နင်.... ဘယ်သူ့ကို လာပြီး စော်ကားနေတာလဲ။ ငါ နင့်ကို ပြောလိုက်မယ်၊ စူးယောင်ကွမ်း... နင် တောဝက်တစ်ကောင်လုံး ယူလာရင်တောင် ဒီကိစ္စက ပြီးသွားမှာ မဟုတ်ဘူး။ နင့်ရဲ့ ဒုတိယဦးလေးနဲ့ ငါက နင့်ဆီကို လာရှာတော့မလို့ပဲ၊ အခုတော့ နင် ဒီလောက်မြန်မြန် ရောက်လာတာဆိုတော့ ငါတို့ ခရီးမပန်းတော့ဘူးပေါ့။ ပြောစမ်း... နင့်အဘွားကို နေမကောင်းဖြစ်အောင် လုပ်ခဲ့တဲ့အတွက် နင် ဘယ်လို ပြန်တောင်းပန်မှာလဲ"
"အဒေါ်စူး... အဖွားက အရမ်းဝမ်းသာသွားလို့ ခြေလှမ်းမှားပြီး ချော်လဲသွားတာကြောင့် ဒီလိုဖြစ်သွားရတာပါ။ အဲဒါကို အဒေါ်က ကျွန်မတို့ကို ဘာလို့ လာအပြစ်တင်နေရတာလဲ။ ကျွန်မတို့က အဖွားကို လက်ဖျားနဲ့တောင် မတို့ခဲ့ရပါဘူး"
"သူက ဘာကို ဝမ်းသာရမှာလဲ။ နင့်ကြောင့် ဒေါသထွက်သွားတာ"
"အဖွားက ကျွန်မတို့ တောဝက်သား ယူလာပေးမယ်ဆိုတာကို ကြားလို့ ဝမ်းသာအားရဖြစ်ပြီး ချော်လဲသွားတာလေ။ အဖွား နိုးလာရင် တောဝက်သား စားချင်မှာကို ကျွန်မ သိနေလို့ အခု အဒေါ်တို့ဆီကို ယူလာပေးတာပေါ့"
(T/N : ရှေးခတ်စာမေးပွဲတွေမှာ အဓိက အဆင့် (၃) ဆင့် ရှိပါတယ်။
၁။ ထုံရှစ် - အခြေခံအဆင့်
ဒါကတော့ ကိုယ်နေထိုင်ရာ ခရိုင်နဲ့ မြို့နယ်အဆင့် စာမေးပွဲပါ။ အောင်မြင်သွားရင် ရှို့ချိုင်လို့ သတ်မှတ်ပေးပါတယ်။ ပညာရှင်အဖြစ် အသိအမှတ်ပြုခံရပေမယ့် အစိုးရအရာရှိအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်း မခံရသေးပါဘူး။ အခွန်ကင်းလွတ်ခွင့်နဲ့ ထောင်ဒဏ်ကျရင် ရိုက်နှက်မခံရတဲ့ အခွင့်အရေးမျိုးပဲ ရပါတယ်။
၂။ ရှန်းရှစ် ပြည်နယ်အဆင့်
ဒါကတော့ ၃ နှစ်ကို တစ်ကြိမ်ပဲ ကျင်းပပြီး ပြည်နယ်မြို့တော်တွေကို သွားဖြေဆိုရတာမျိုးပါ။ အောင်မြင်သွားရင် ကျွီရန်လို့ သတ်မှတ်ပေးပါတယ်။ ဒါက တကယ့် "အမတ်လောင်း" အဆင့်ပါ။ အစိုးရအရာရှိငယ်လေးတွေအဖြစ် စတင်ခန့်အပ်ခံရနိုင်ပြီး နောက်ဆုံးအဆင့် စာမေးပွဲကို ဖြေဆိုခွင့် ရရှိသွားပါပြီ။
၃။ ဟွေ့ရှစ် နှင့် တျန့်ရှစ် - မြို့တော်နှင့် နန်းတွင်းအဆင့်
ဒါက အမြင့်ဆုံးအဆင့်ဖြစ်ပြီး မြို့တော် (နန်းတော်) ထဲမှာ ဖြေရတာပါ။ အောင်မြင်သူကို ကျင့်ရှီ လို့ ခေါ်ပါတယ်။ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ပါ။ ဧကရာဇ်မင်းမြတ် ကိုယ်တိုင် စစ်ဆေးတဲ့ "နန်းတွင်းစာမေးပွဲ"ကို ဆက်ဖြေရပါတယ်။ အဲ့မှာမှ ထိပ်တန်းသုံးယောက် ရွေးတာပါ)