← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈ သူမအား ပြန်ခေါ်သွားခြင်း

ဦးလေးစူးက တံခါးကို ဆွဲဖွင့်လိုက်ပြီး စူးယောင်ကွမ်းအား အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ ခပ်တင်းတင်း ပြောလိုက်သည်။

"မင်းအဘွားက အခုထိ သတိမရသေးဘူး။ မင်းတို့အိမ်မှာ ချော်လဲပြီး ဒဏ်ရာရခဲ့တာဆိုတော့ သူ့ရဲ့ ဆေးကုသစရိတ်နဲ့ အိမ်ခေါ်သွားပြီး ပြုစုစောင့်ရှောက်ဖို့က မင်းတို့မိသားစုရဲ့ တာဝန်ပဲ။ မင်းအဖွား ကုတင်ပေါ်ကနေ ဆင်းပြီး အရင်လို ပြန်တက်ကြွလာတဲ့အထိ ဒီကိစ္စက ပြီးသွားမှာ မဟုတ်ဘူး"

"အဖွား သတိရလာအောင် လုပ်ဖို့က လွယ်လွယ်လေးပါ၊ ကျွန်မ အခုချက်ချင်း နိုးလာအောင် လုပ်ပေးလို့ရတယ်"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် သူမဘေးရှိ ကျိုးဝမ်ရှူထံသို့ ဝက်လက်နှစ်ချောင်းကို ကမ်းပေးလိုက်ပြီး အိမ်အတွင်းထဲသို့ ခပ်မြန်မြန် လှမ်းဝင်သွားခဲ့သည်။

အဒေါ်စူးကလည်း သူမကို မတားဆီးခဲ့ချေ။

'ဒီအယုတ်တမာမလေးက ဆေးဆရာလည်း မဟုတ်ဘဲနဲ့... အဘွားကြီးကို ဘယ်လိုများ နိုးအောင်လုပ်နိုင်မှာလဲ၊ စောင့်ကြည့်ရသေးတာပေါ့။ တကယ်လို့ နိုးအောင် မလုပ်နိုင်ရင်တော့ သူမဆီကနေ ငွေညှစ်ဖို့ အကြောင်းပြချက်တွေ အများကြီး ထပ်ရလာမှာ သေချာတယ်'

အဘွားစူးနှင့် အဘိုးစူးတို့က အဓိကအဆောင်တွင် နေထိုင်ကြသည်။ အဘိုးစူးက အိမ်သို့ ပြန်မရောက်သေးသဖြင့် ကုတင်ပေါ်တွင် အဘွားစူးတစ်ယောက်တည်းသာ လဲလျောင်းနေလေသည်။

စူးယောင်ကွမ်းက ဘေးနားရှိ အပ်ချုပ်ခြင်းတောင်းကို မြင်သွားပြီး အပ်တစ်ချောင်းကို ကောက်ယူလိုက်ကာ အဘွားစူး၏ လက်ညှိုးထဲသို့ ခပ်ဆတ်ဆတ် ထိုးသွင်းလိုက်သည်။

"အား..."

အဘွားစူးက နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ဝုန်းခနဲ ထထိုင်လိုက်သည်။

"အိုက်ယား... အိုက်ယား..."

သူမက ခါးနာနေပြီးသား ဖြစ်သည့်အပြင် ယခုကဲ့သို့ အလျင်အမြန် ထထိုင်လိုက်ခြင်းက ခါးဒဏ်ရာကို ပိုဆိုးရွားသွားစေခဲ့သည်။

စူးယောင်ကွမ်းက အပ်ကို ပြန်ထုတ်ကာ ချည်လုံးထဲသို့ ထိုးစိုက်လိုက်ရင်း အဘွားစူးကို လှမ်းပြောလိုက်၏။

"အဖွား... အဖွားရဲ့ခါးက အဆစ်လွဲနေတာပဲ။ ကျွန်မ အဖွားကို နှိပ်နယ်ပေးမယ်၊ ဒါဆိုရင် ချက်ချင်း ပြန်ကောင်းသွားမှာ သေချာတယ်"

ဦးလေးစူးနှင့် အဒေါ်စူးတို့က ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေခဲ့ကြသည်။ စူးယောင်ကွမ်းက အဘွားစူးအား ဤနည်းဖြင့် နိုးလာအောင် လုပ်လိုက်သည်ကို မြင်နေရသောကြောင့် သူတို့နှစ်ဦးစလုံး ဘာမှ မပြောနိုင်သည်အထိ ဒေါသထွက်နေကြသည်။

သူတို့ ချက်ချင်း မတုံ့ပြန်နိုင်သေးသလို အဘွားစူးလည်း သဘောမတူရသေးမီမှာပင် စူးယောင်ကွမ်းက အဘွားစူး၏ ခါးကို ချက်ချင်း နှိပ်နယ်ပေးနေသည်။

ဂျွတ်!

"အား..."

အဘွားစူးတစ်ယောက် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားလိုက်ရသည်။

"စူးယောင်ကွမ်း... နင် သေချင်နေတာလား"

အဒေါ်စူးက ဝင်တားရန် ကြိုးစားသော်လည်း ကျိုးဝမ်ရှူက သူမ၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

ကျိုးဝမ်ရှူက အဒေါ်စူးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပြီး သူ၏ အကြည့်များက ရေခဲပြင်ကဲ့သို့ အေးစက်နေလေသည်။

အဒေါ်စူးက သူ၏ အကြည့်ကြောင့် ကြောင်အသွားပြီး ဦးလေးစူးကတော့ စူးယောင်ကွမ်းကို တားဆီးရန် ပြေးဝင်လာခဲ့သည်။ သို့သော် စူးယောင်ကွမ်း၏ လှုပ်ရှားမှုက သူ့ထက် ပိုမြန်ဆန်နေပြီး ဂျွတ်၊ ဂျွတ် ဟု မြည်သော အသံအချို့နှင့်အတူ အဘွားစူးကို အမြန် ပြန်လွှတ်ပေးလိုက်သည်။

အဘွားစူး၏ အော်ဟစ်သံက ကောင်းကင်ယံသို့ တိုးဝင်သွားမတတ် ကျယ်လောင်နေသည်။

"အား... နာတယ်... အရမ်းနာတယ်..."

"ကဲ... အဘွား၊ အခု ပြန်ကောင်းသွားပြီ"

စူးယောင်ကွမ်းက အနည်းငယ် ပြုံးရင်း ထပ်ပြောလိုက်သည်။

"ပြန်ပြီး လှုပ်ရှားကြည့်ပါဦး"

"စူးယောင်ကွမ်း... ငါ နင့်ကို သတ်ပစ်မယ်"

အဘွားစူးတစ်ယောက် ဒေါသအလိပ်လိပ် ထွက်နေပြီး ဘေးနားရှိ ခေါင်းအုံးကို လှမ်းယူကာ သူမအား လွှဲရိုက်လိုက်သည်။

"ဒီနေ့ နင်ကို့ ငါ ရိုက်သတ်ပစ်မယ်၊ အသုံးမကျတဲ့ အယုတ်တမာမ၊ မကောင်းဆိုးဝါးမ"

စူးယောင်ကွမ်းက အဘွားစူး၏ ရိုက်ချက်များကို ရှောင်တိမ်းနေရင်း သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲနေသည့် အရိပ်အယောင်များ ပေါ်လွင်အောင် လုပ်လိုက်သည်။

"အဖွားရယ်... ကျွန်မက အဖွားကို တွေ့ချင်လို့ ဒီအထိ တကူးတက လာခဲ့တာပါ။ အသားလည်း ယူလာပေးသေးတယ်လေ၊ အခုကျတော့ အဖွားက ကျွန်မကို သတ်ချင်နေတာလား။ အီး ဟီး... အဖွားရယ်... ကျွန်မက အဖွားရဲ့ မြေးမလေးပါ၊ ဘာလို့ ကျွန်မအပေါ် ဒီလိုမျိုး ရက်စက်ရတာလဲ"

အဘွားစူးက ကုတင်ပေါ်မှ ထကာ ခေါင်းအုံးကို ဝှေ့ယမ်းရင်း စူးယောင်ကွမ်းနောက်သို့ တကောက်ကောက် လိုက်ပြီး ရိုက်နှက်နေလေသည်။

"နင်လို အသုံးမကျတဲ့ ကောင်မစုတ်၊ ဟန်ဆောင်မနေနဲ့။ နင် ငါ့ကို သတ်ချင်နေတာ ငါ သိတယ်။ စောစောက မသေသေးလို့ အခု ကုတင်ပေါ်အထိ လာသတ်ဖို့ ကြံနေတာမလား"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ကောက်ဝတ်ကို ဆွဲကာ အပြင်ဘက်သို့ ပြေးထွက်ရင်း အော်ဟစ်ပြောဆိုလိုက်သည်။

"အဖွား နေမကောင်းဖြစ်နေလို့ ကျွန်မက နှိပ်နယ်ပေးတာလေ၊ ဘာလို့ မြေးမလေးကို အခုထိ မကျေနပ်နိုင်သေးတာလဲ၊ အဖွား တောဝက်သား မစားရသေးဘူး ထင်လို့ အိမ်မှာ ရှိသမျှ နောက်ဆုံး တောဝက်သားတုံးလေးကို အထူးတလည် ယူလာပေးတာပါ"

"တောက်... ဘယ်သူက အဲ့ဒီလို အသားစုတ်ကို ဂရုစိုက်နေလို့လဲ။ နင်သာ တကယ် သိတတ်တဲ့စိတ် ရှိရင် တောဝက်ကို ဖမ်းမိမိချင်းကတည်းက လူကြီးသူမတွေကို အရင် လာဂါရဝပြုရမှာပေါ့။ အခုကျမှ လာပြီး ဟန်ဆောင်ကောင်းပြမနေနဲ့"

"အဖွားလည်း ကျွန်မတို့ အိမ်ခြေအနေကို သိတာပဲ။ အမေ နေမကောင်းဖြစ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ၊ ကျွန်မတို့ရဲ့ ပိုက်ဆံတွေကို အကုန်သုံးလိုက်ပြီ။ အားလုံးက အဖေ့ကြောင့်ပဲ... သူက ဘာလို့ ကျွန်မတို့ သားအမိ နှစ်ယောက်တည်းကို ပစ်ထားခဲ့ပြီး စစ်တပ်ထဲ ဝင်သွားရတာလဲ။ အဖေသာ ရှိနေသေးရင် ကျွန်မတို့ ဒီလောက်အထိ ဒုက္ခရောက်မှာ မဟုတ်ဘူး။ အဖေ... အဖေ ကောင်းကင်ဘုံကနေ ကြည့်နေရင် သမီးနဲ့ အမေ ဘယ်လောက်တောင် ဆင်းရဲဒုက္ခရောက်နေလဲဆိုတာ မြင်နိုင်မှာလားဟင်"

စူးယောင်ကွမ်းတစ်ယောက် ရင်ဘတ်စည်တီးကာ အော်ဟစ်ငိုကြွေးနေရှာသည်။

ဘေးနားရှိ အိမ်နီးနားချင်း အချို့က ခေါင်းပြူထွက်ကာ လှမ်းကြည့်နေကြသည်။

"အဖွားကြီးစူးရယ်... ဒါက တောဝက်သား နည်းနည်းပါးပါးပါပဲ။ အရသာကလည်း အဲ့လောက်ကြီး ရှိတာ မဟုတ်ဘူး၊ ယောင်ကွမ်းအမေက ဆေးဖိုးအတွက် အဲ့ဒါကို ရောင်းရဦးမှာလေ"

"ဟုတ်ပအေ.... ယောင်ကွမ်းအဖေက သူ့ညီအစား စစ်တပ်ထဲ ဝင်ပေးခဲ့တာလေ။ နောက်ဆုံးကျတော့ ဒုတိယဦးလေးဖြစ်တဲ့ နင်ပဲ အကျိုးအမြတ် ခံစားခဲ့ရတာ မဟုတ်ဘူးလား။ ဦးလေးတစ်ယောက်ဖြစ်ပြီးတော့ အစ်ကိုကြီးအတွက် မရီးနဲ့ တူမလေးကို စောင့်ရှောက်ပေးရကောင်းမှန်း မသိဘူး"

"စူးယောင်ကွမ်း... မင်းရဲ့ တောဝက်သား နည်းနည်းလေးကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဒီမှာ လာပြီး အော်ငိုမနေနဲ့၊ မင်းအိမ်ကို မင်း ပြန်တော့"

ဒုတိယဦးလေးစူးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လတ်တလောတွင် စူးယောင်ကွမ်းတစ်ယောက် မကောင်းဆိုးဝါး ပူးကပ်နေသလို ဖြစ်နေပြီး သူမ၏အဖေ ညီဖြစ်သူကိုယ်စား စစ်တပ်ထဲ ဝင်ပေးခဲ့သည့် ကိစ္စကို ခဏခဏ ပြန်လည် ထုတ်ဖော်ပြောဆိုနေတတ်သည်။ ယခင်ကဆိုလျှင် အမေနှင့် သမီး နှစ်ယောက်စလုံးက အလွန် မာနကြီးကြပြီး နစ်နာမှု ရှိခဲ့လျှင်ပင် ကြိတ်မှိတ်သည်းခံကာ မည်သူ့ကိုမျှ ပြောလေ့မရှိချေ။

‘အခုတော့ ကြည့်စမ်းပါဦး... သူမက အရှက်လုံးဝ မရှိတော့ဘဲ ကိစ္စသေးသေးလေးကအစ အော်ဟစ်ငိုကြွေးပြီး ရွာလုံးကျွတ် သိအောင် လုပ်နေတော့တာပဲ’

‘သူမက အရှက်မရှိရင်တောင် သူကတော့ လူကြီးသူမတစ်ယောက်အနေနဲ့ သိက္ခာဆယ်ရဦးမှာ မဟုတ်ဘူးလား’

"မဖြစ်နိုင်တာ။ ဒီနေ့တော့ ဒီအယုတ်တမာမကို ငါ ပညာပေးရမယ်။ ငါက သူ့ရဲ့ အဘွားအရင်းဟဲ့၊ လူကြီးကို ဒီလောက်အထိ ရိုင်းပျရဲရတယ်လို့"

အဘွားစူးက ခါးထောက်ကာ ကြိမ်းမောင်းနေပြန်သည်။

"အဖွား... အဖွားပြောတဲ့စကားတွေက ကျွန်မကို တကယ် ရင်နာစေတာပဲ။ အဖွား သတိရလာအောင် ကျွန်မ ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား။ ကျွန်မ နှိပ်နယ်ပေးလို့သာ အဖွား ကုတင်ပေါ်က ဆင်းလာနိုင်ပြီး ဒီလောက်အထိ ပတ်ပြေးနိုင်တာ မဟုတ်ဘူးလား"

စူးယောင်ကွမ်းက ကြီးမားသော မတရားမှုကို ခံစားနေရသည့်အလား မျှော်လင့်ချက်ကင်းနေမဲ့သော မျက်လုံးများဖြင့် အဘွားစူးကို ကြည့်ကာ ဝမ်းပမ်းတနည်း ထပ်ပြောနေပြန်သည်။

"ရပါတယ်... အဖွားရယ် အဖွားက ကျွန်မကို သဘောမကျမှန်း ကျွန်မ သိပါတယ်။ အဘွားက ဒုတိယဦးလေးတို့ မိသားစုက ဝမ်းကွဲကိုပဲ ချစ်တာလေ။ သူက ယောက်ျားလေးဆိုတော့ စူးမိသားစုရဲ့ မျိုးဆက်ကို ဆက်ခံနိုင်တာပေါ့၊ ကျွန်မက မိန်းကလေးဆိုတော့ ရွှံ့နွံလို နိမ့်ကျနေရမှာပေါ့။ အဖွားက ဒီတောဝက်သားကို မကြိုက်ဘူးဆိုရင်လည်း ရပါတယ်၊ ဝမ်ရှူနဲ့ ကျွန်မပဲ ပြန်ယူသွားပါတော့မယ်"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် ကျိုးဝမ်ရှူကို ဆွဲကာ တိုးတိုးလေး ရှိုက်ငိုရင်း ထွက်ပြေးလာခဲ့သည်။

ကျိုးဝမ်ရှူက တစ်လမ်းလုံး ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့သည်။ သူတို့ အဝေးသို့ ရောက်လာပြီး စူးယောင်ကွမ်းက ခြေလှမ်းရပ်လိုက်မှသာ သူလည်း လိုက်ရပ်လိုက်သည်။

"မောလိုက်တာ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်ထဲမှ ဝက်လက်နှစ်ချောင်းကို လှမ်းယူလိုက်သည်။

"ဒီတစ်ခေါက်သွားလိုက်ရတာက အသားတစ်တုံးမှလည်း မဆုံးရှုံးခဲ့ဘူး၊ သူတို့ကိုလည်း ဒုက္ခပေးခဲ့ရတယ်၊ ပြီးပြည့်စုံတယ်"

"ခင်ဗျားက သူတို့ကို ဒုက္ခပေးဖို့သက်သက် အဲ့နေရာကို သွားခဲ့တာလား"

"ဒါပေါ့... မဟုတ်ရင် ဘာလို့ သွားရမှာလဲ"

စူးယောင်ကွမ်းက ဆက်ပြောလိုက်၏။

"ငါ့ရဲ့ အဘွားနဲ့ ဒုတိယဦးလေးမိသားစုက ငါတို့ကို ဒုက္ခပေးမယ့်လူတွေ။ တကယ်လို့ အမြန်ဆုံး အဆက်အသွယ် မဖြတ်ရင် ငါနဲ့ ငါ့အမေက သူတို့ရဲ့ ဖိနှိပ်မှုကို ဆက်ခံနေရဦးမှာပဲ။ ငါ သွေးတွေ ချွေးတွေ ကျအောင် ကြိုးစားထားတဲ့အရာတွေကို သူတပါး လက်ဝါးကြီးအုပ်သွားတာမျိုး လုံးဝ မလိုချင်ဘူး၊ ဒါကြောင့် ဒုတိယဦးလေးတို့ လင်မယားနဲ့ အဖိုးအဖွားတွေက ငါတို့ဆီကနေ အရေခွံခွာမတတ် ညှစ်ထုတ်ချင်နေကြတယ်ဆိုတာကို ရွာသားတွေ သိအောင် အရင်လုပ်ရမယ်။ ဒီလိုမျိုး အကြိမ်အနည်းငယ်လောက် ဖြစ်ပြီးရင်တော့ အခွင့်အရေးရတာနဲ့ သူတို့နဲ့ အဆက်အသွယ် အပြီးတိုင် ဖြတ်တောက်ပစ်ရမယ်။ အဲ့ဒီအချိန်ကျရင် ငါတို့မှာ ဘာပဲရှိရှိ၊ သူတို့ ငါတို့ဆီကနေ ဘာအကျိုးအမြတ်မှ ယူနိုင်မှာ မဟုတ်တော့ဘူး"

'အခုထိတော့ မဟုတ်သေးဘူး...'

'ဒီပဋိပက္ခ သေးသေးလေးက သူတို့ကို အဆက်အသွယ် ဖြတ်တောက်ဖို့ မလုံလောက်သေးဘူး'

'ငါ့အနေနဲ့ ပဋိပက္ခတွေ အကုန်လုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာမယ့် အချိန်ကောင်းကို စောင့်ဆိုင်းပြီးမှ အဆက်အသွယ် အားလုံးကို ဖြတ်တောက်ရမယ်'

"အမေ... သမီးတို့ ပြန်ရောက်ပြီ"

စူးယောင်ကွမ်းက ပစ္စည်းများကို သယ်ကာ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

ကျန်းကျောက်တိက မီးဖိုချောင်ထဲတွင် ဟင်းချက်နေရင်း စူးယောင်ကွမ်း၏ စကားသံကို ကြားသောကြောင့် လှမ်းမေးလိုက်၏။

"နင့်အဖွား ဘယ်လိုနေလဲ။ နင့်ဒုတိယဦးလေးတို့လင်မယားကရော နင့်ကို ပြဿနာရှာကြသေးလား"

စူးယောင်ကွမ်းက ပစ္စည်းများကို သိမ်းရင်း ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့ အမေရဲ့၊ ဝမ်ရှူက တော်တော်လေး အရည်အချင်းရှိတာ၊ သူ သမီးကို ကာကွယ်ပေးမှာပါ"

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို သံသယမျက်လုံးများဖြင့် ကြည့်နေပြန်သည်။

"သူကလား... ကြည့်ရတာ သူဘာသူတောင် အားနည်းချည့်နဲ့နေတာ၊ နင်ကပဲ သူ့ကို ပြန်ကာကွယ်ပေးရမယ့် ပုံစံမျိုး ဖြစ်နေပြီ။ ဒါနဲ့... နင်က ဘာလို့ အသားကို ပြန်သယ်လာတာလဲ။ နင့်ဒုတိယအဒေါ်က မလိုချင်ဘူးတဲ့လား"

'မဟုတ်သေးဘူး.... အဲ့ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒုတိယသား မိသားစုက သူတပါးဆီက အမြတ်ထုတ်ရတာကို သဘောကျတဲ့လူတွေလေ၊ အလကားပေးတာကို ဘယ်လိုလုပ် ငြင်းမှာလဲ။ ယူရုံတင်မကဘူး၊ အဘွားကြီး သတိမရသေးတာကို အကြောင်းပြပြီး ငါတို့ဆီက ပိုက်ဆံကိုပါ အစွမ်းကုန် ညှစ်ထုတ်ဖို့ ကြိုးစားကြဦးမှာလေ'

All Chapters