← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉ အကြံအစည်

“သူတို့က သမီးတို့ဆီကနေ အမြတ်ထုတ်ဖို့ ကြံနေတာလေ၊ ဒါပေမဲ့ သမီးက အူတူတူ အတတလို ဟန်ဆောင်ပြီး သူတို့ကို လှည့်စားခဲ့တာ။ သမီး သူတို့ရဲ့ လှည့်ကွက်ထဲကို မဝင်ခဲ့တဲ့အပြင် ပစ္စည်းတွေကိုပါ ပြန်သယ်လာနိုင်ခဲ့တာဆိုတော့ သူတို့ တစ်ပြားတစ်ချပ်မှတောင် အမြတ်မရသွားဘူး"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် သူမ၏ ချိုသာသော မျက်နှာလေးကို ပင့်ကာ ကျန်းကျောက်တိထံမှ ချီးမွမ်းစကားကို မျှော်လင့်တကြီး စောင့်ဆိုင်းနေလိုက်သည်။

ကျန်းကျောက်တိ၏ နွမ်းနယ်နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး စူးယောင်ကွမ်း၏ နဖူးကို လက်ညှိုးဖြင့် တို့ကာ ပြောလိုက်၏။

"နင်ကတော့ တကယ့်ကို ပါးနပ်တဲ့ ကောင်မလေးပဲ"

စူးယောင်ကွမ်းက သူမ၏ အင်္ကျီလက်များကို ပင့်တင်လိုက်ရင်း ထပ်ပြောလိုက်သည်။

"အမေ... ဒါတွေကို သမီးဆီမှာပဲ ချန်ထားလိုက်တော့၊ အမေ သွားပြီး ခဏလောက် နားနေလိုက်ဦး၊ ညစာ အဆင်သင့်ဖြစ်ရင် သမီး လာခေါ်မယ်"

"နင့်လက်တွေမှာ ဒဏ်ရာတွေအပြည့်နဲ့ကို၊ သွားပြီး ဆေး အရင်လူးလိုက်ဦး။ ဒီနေ့ တောဝက်တစ်ကောင် ဖမ်းမိတယ်ဆိုပေမယ့် နောက်နောင် ဒီလိုမျိုး ထပ်မဖြစ်စေချင်တော့ဘူး။ အရမ်း ကြောက်ဖို့ကောင်းပြီး အန္တရာယ်များလွန်းတယ်"

"ဒီလိုမျိုးက ခဏခဏ ဖြစ်မှာ မဟုတ်ပါဘူး အမေရယ်။ တကယ်လို့ အဲ့လိုသာ ဖြစ်လာရင်လည်း ဝမ်ရှူနဲ့ သမီး ဘာအလုပ်မှ မလုပ်တော့ဘဲ အဲ့ဒီတောင်ပေါ်က တောဝက်တွေ ထွက်လာမှာကိုပဲ နေ့တိုင်း စောင့်ပြီး သတ်ပြီး ရောင်းနေတော့မှာပေါ့"

ကျန်းကျောက်တိတစ်ယောက် သမီးဖြစ်သူ၏ စကားကြောင့် ရယ်မောမိသွားရသည်။

သူမ ပြုံးလိုက်သည့်အခါ ဘဝ၏ ခါးသီးမှုဒဏ်ကြောင့် ရင့်ရော်ပြီး ကြမ်းတမ်းနေတတ်သော သူမ၏မျက်နှာက သိသိသာသာ နူးညံ့သွားသည်။

"အမေ... သမီးပဲ လုပ်လိုက်မယ်။ တောဝက်သားက ညှီနံ နည်းနည်းပြင်းပေမယ့် အဲ့ဒါကို အရသာရှိအောင် ချက်ဖို့ သမီးမှာ အထူးဟင်းချက်နည်း ရှိတယ်။ သမီးရဲ့ လက်ရာဘယ်လောက်ကောင်းတယ်ဆိုတာ အမေ စောင့်ကြည့်နေစမ်းပါ"

"အေးပါ... ဒါဆိုလည်း နင်ပဲ ချက်တော့"

ကျန်းကျောက်တိက အဝတ်ဟောင်းများဖြင့် ချုပ်လုပ်ထားသော ခါးစည်းအဝတ်ကို ချွတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

သူမက အနားယူရန် အခန်းထဲသို့ ပြန်မသွားဘဲ မီးဖိုရှေ့တွင် ဝင်ထိုင်ကာ မီးမွှေးပေးနေခဲ့သည်။

ထိုအချိန်တွင် ခြံဝင်းထဲမှ ထင်းခုတ်သံများ ထွက်ပေါ်လာပြီး ၎င်းက ကျိုးဝမ်ရှူ ထင်းခုတ်နေသည့် အသံဖြစ်ကြောင်း သေချာနေသည်။

ကျန်းကျောက်တိက ပြောလိုက်သည်။

"ဝမ်ရှူက တကယ်ပဲ အလုပ်ကြိုးစားရှာပါတယ်။ ဒါပေမဲ့ သူ့ကျန်းမာရေးက နည်းနည်း အားနည်းလွန်းတယ်။ အခုတစ်ခေါက် လုပ်ထားတဲ့ သနပ်ခါးနဲ့ နှုတ်ခမ်းနီတွေ ရောင်းရလို့ ပိုက်ဆံရလာရင် သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးဖို့ အားရှိတာတွေ အများကြီး ဝယ်ကျွေးရမယ်။ သူက ငယ်သေးတာဆိုတော့ သေသေချာချာ ကျွေးမွေးလိုက်ရင် တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာမှာ သေချာတယ်။ သမီးလေး... ယောကျာ်းဆိုတာ သန်သန်မာမာ ရှိမှ ပိုကောင်းတာလေ၊ လေတိုက်ရုံနဲ့တင် လဲကျသွားမယ့်ပုံစံမျိုးနဲ့ဆိုရင် အိမ်ထောင်တစ်ခုရဲ့ ဒေါက်တိုင် ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း"

"အမေက သူ့ကို မုန်းမနေတော့ဘူးပေါ့ ဟုတ်လား"

"သူက အသွေးထဲအသားထဲကနေ အသိတရား ရှိတယ်လေ၊ သူရဲဘောကြောင်တဲ့ တခြားယောကျာ်းတွေနဲ့ ယှဥ်ရင် အများကြီး ပိုသာပါတယ်"

ကျန်းကျောက်တိက ပြောနေရင်းဖြင့် စူးယောင်ကွမ်းတစ်ယောက် ဝက်သားများအား ဆေးဘက်ဝင်အပင်အချို့ဖြင့် နယ်နေသည်ကို မြင်သွားပြီး လှမ်းမေးလိုက်သည်။

"ဒါတွေက စားလို့ရော ရရဲ့လား၊ ဒါ... ဆေးမြစ်တွေ မဟုတ်ဘူးလား"

"အမေကလည်း... ဒါတွေက ခန္ဓာကိုယ်ကို အားဖြစ်စေတဲ့ အပျော့စား ဆေးဖက်ဝင်အပင်တွေပါ၊ တောဝက်သားရဲ့ ညှီနံကိုလည်း ပျောက်စေတယ်။ စိတ်မပူပါနဲ့ အမေရဲ့... အမေ့ကျန်းမာရေးအတွက်လည်း အကျိုးရှိစေမှာပါ"

ကျန်းကျောက်တိက လက်သည်အလုပ်ကို လက်ခံလုပ်ကိုင်နေရသဖြင့် စူးယောင်ကွမ်းကို အိမ်တွင် ရက်အတော်ကြာ တစ်ယောက်တည်း ထားပစ်ခဲ့ရလေ့ရှိသည်။ စူးယောင်ကွမ်း ငယ်ငယ်ကတည်းက ထိုသို့ဖြစ်ခဲ့ပြီး သူမ အသက်ကြီးလာသည့်အခါတွင်တော့ ပို၍ စိတ်ချလက်ချ ပစ်ထားခဲ့မိသည်။ အချို့သော ချမ်းသာသည့် မိသားစုများဆိုလျှင် အိမ်တော်သခင်မ မီးဖွားသည်ကို စောင့်ဆိုင်းကူညီပေးရန် သူမကို တစ်လ၊ နှစ်လခန့်အထိ ကြိုတင်ခေါ်ယူထားတတ်ကြသည်။ ထိုသို့သော အချိန်မျိုးတွင် သူမအနေဖြင့် ဘေးအိမ်မှ အဒေါ်ဖြစ်သူကို ပိုက်ဆံအနည်းငယ်ပေးကာ စူးယောင်ကွမ်းကို ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုခဲ့ရဖူးသည်။

ကျန်းကျောက်တိက အလုပ်ကြိုးစားပြီး အရည်အချင်းရှိလှသော သမီးဖြစ်သူကို ပထမဆုံးအကြိမ် မြင်ဖူးသည့်အလား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ သူမက သမီးလေးအပေါ် အကြွေး အများကြီး တင်နေခဲ့သော်လည်း သမီးဖြစ်သူကတော့ ဘယ်သောအခါမျှ ငြိုငြင်ခြင်းမရှိခဲ့ပေ။

စူးယောင်ကွမ်းသာ ကျန်းကျောက်တိ၏ အတွေးများကို သိနိုင်ခဲ့လျှင် သူမ ရှက်ရွံ့နေမည်မှာ အသေအချာပင်။ သူမ၏ ယခင်ဘဝတွင် မိခင်ဖြစ်သူကို အမှန်တကယ် ငြိုငြင်ခဲ့ပြီး အဖော်အပေါင်းကိုလည်း တမ်းတခဲ့မိသည်။ ထို့ကြောင့်လည်း ရှောင်းယန်ချီကို ကယ်တင်ရှင်တစ်ယောက်အလား တွယ်ကပ်မိခဲ့ခြင်း ဖြစ်သည်။ ရှောင်းယန်ချီက သူမအပေါ် အနည်းငယ်မျှ ကောင်းပြခဲ့သည်ကိုပင် သူမက နှလုံးသားတစ်ခုလုံး ပုံအောပေးချင်မိခဲ့သည်။ ရှောင်းယန်ချီဘက်က မကျေနပ်မှု အနည်းငယ် ပြလာလျှင်လည်း သူမက သူ့စိတ်ကြိုက်ဖြစ်အောင် အစွမ်းကုန် လိုက်လျောဖြည့်ဆည်းပေးခဲ့မိသည်။

သို့သော် လက်ရှိ စူးယောင်ကွမ်း၏ ခန္ဓာကိုယ်က အသက်တစ်ဆယ့်ငါးနှစ် အရွယ်ဖြစ်သော်လည်း သူမ၏ဝိညာဉ်ကတော့ အသက်သုံးဆယ်အရွယ် ဖြစ်နေချေပြီ။

သူမက အရာရာကို အများကြီး မြင်တွေ့ခဲ့ပြီး အများကြီးလည်း ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သောကြောင့် အလေးနက်ဆုံး တန်ဖိုးထားရမည့်အရာများကို ကောင်းကောင်းကြီး ခွဲခြားနားလည်နေခဲ့ပြီ ဖြစ်သည်။

"ညစာ အဆင်သင့်ဖြစ်ပြီနော်"

စူးယောင်ကွမ်းက ခြံဝင်းထဲသို့ လှမ်းအော်ပြောလိုက်သည်။

"ဝမ်ရှူ... လက်ဆေးပြီး ညစာ စားကြမယ်"

ကျိုးဝမ်ရှူက လက်ဆေးပြီးနောက် အထဲသို့ ဝင်ကာ ကူညီပေးနေခဲ့သည်။ ယနေ့တွင် စူးယောင်ကွမ်းက ဝက်သားနီချက် ဝက်သားပြားကြော်ပါ ချက်ပြုတ်ထားသည်ကို သူ မြင်လိုက်ရသည်။

ကျန်းကျောက်တိက ထမင်းဖြူများကို ခူးခက်ပေးရင်း နှမြောတသဟန်ဖြင့် ပြောနေပြန်သည်။

"သမီးလေးရယ်... တစ်နပ်တည်းနဲ့ အသားတွေကို ဒီလောက်အများကြီး ချက်စားတဲ့အပြင် ထမင်းဖြူပါ စားနေပြန်ပြီ။ ဒီလိုပုံစံနဲ့ဆို အမေတို့ ဘယ်လို ဆက်အသက်ရှင်နိုင်မှာလဲ"

"ဒီလောက် ကောင်းတဲ့အသားက ထမင်းဖြူနဲ့မှ ထိုက်တန်မှာပေါ့ အမေရဲ့"

စူးယောင်ကွမ်းက ဆက်ပြောလိုက်၏။

"စိတ်မပူပါနဲ့ အမေရယ်၊ နောက်ထပ် ရက်အနည်းငယ်နေရင် သမီးတို့ ပိုက်ဆံ ရှာနိုင်တော့မှာပါ"

"ပစ္စည်းတွေ ရောင်းရ၊ မရောင်းရဆိုတာ မသေချာသေးဘူးဆိုတော့ ငါတို့ ပိုက်ဆံကို ဆင်ဆင်ခြင်ခြင် သုံးမှ ဖြစ်မှာလေ"

ကျန်းကျောက်တိက ထပ်ပြောလိုက်သည်။

"ဒါပေမဲ့လည်း ဒီနေ့ တောဝက်ကို ငွေတစ်လျန်နဲ့ ရောင်းလိုက်ရတာဆိုတော့ တော်သေးတာပေါ့၊ အနည်းဆုံးတော့ ငါတို့ အသက်ရှူချောင်သွားပြီ"

ညစာက အလွန် အရသာရှိလှပြီး ကျိုးဝမ်ရှူက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့စွာ စားသောက်တတ်သူဖြစ်သော်လည်း ယနေ့တွင်တော့ ဝက်သားနီချက်ကို မဆိုင်းမတွဘဲ နောက်ထပ် အနည်းငယ် ပိုစားမိသွားသည်။

ကျန်းကျောက်တိက ကျိုးဝမ်ရှူ၏ ပန်းကန်ထဲသို့ အသားအချို့ ခက်ထည့်ပေးလိုက်သည်။

ကျိုးဝမ်ရှူက ကျန်းကျောက်တိကို ကျေးဇူးတင်သော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။

"ကျေးဇူးတင်ပါတယ် အဒေါ်"

ကျန်းကျောက်တိက အစပိုင်းတွင် အနည်းငယ် စိမ်းသက်သလို ခံစားနေရသော်လည်း ထိုမျက်ဝန်းများကို မြင်လိုက်ရသည့်အချိန်တွင်တော့ မိခင်မေတ္တာစိတ်များ ရုတ်တရက် အလိပ်လိုက် တက်လာခဲ့သည်။

သူမက အသားတုံးအချို့ကို တူဖြင့် ထပ်မံညှပ်ယူပေးရင်း ပြန်ပြောလိုက်သည်။

"အများကြီးစားစမ်းပါ၊ မင်းက အရမ်းပိန်လွန်းတယ်၊ ခန္ဓာကိုယ်ကို အားရှိအောင် လုပ်ရမယ်"

"အဒေါ်က ကျွန်တော့်အပေါ် သိပ်ကောင်းတာပဲ"

ကျိုးဝမ်ရှူ၏ မျက်ဝန်းအိမ်များ နီရဲလာခဲ့သည်။

"ကျွန်တော့်အပေါ်ကို အဒေါ်နဲ့ ယောင်ကွမ်းတို့လို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတဲ့လူမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို ကြည့်ကာ စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြန်ပြောလိုက်၏။

"သနားစရာ ကောင်လေးပဲ... အခုကစပြီး ဒါက မင်း အိမ်ဖြစ်သွားပြီ၊ ငါနဲ့ ယောင်ကွမ်းကလည်း မင်းရဲ့ မိသားစုဝင်တွေပဲ။ ငါတို့ ဘာစားစား မင်းလည်း အတူတူ စားရမယ်၊ ငါတို့က မင်းကို ဆာလောင်နေအောင် မထားပါဘူး"

စူးယောင်ကွမ်းတစ်ယောက် ရင်ထဲတွင် အလွန်နွေးထွေးပြီး သာယာချမ်းမြေ့မှုကို ခံစားနေရသော်လည်း စူးမိသားစု၏ ဒုတိယဦးလေးကတော့ ဒေါသအိုးပေါက်ကွဲနေခဲ့သည်။

သူ့အနေဖြင့် တောဝက်သားကို မစားခဲ့ရသည့်အပြင် မုဆိုးမဖြစ်သူ မရီးနှင့် တူမဖြစ်သူအပေါ် အနိုင်ကျင့်သည်ဟူသော နာမည်ဆိုးကိုပါ ရရှိလာခဲ့သည်။ ထို့ထက်မက ပိုအရေးကြီးသည်က စူးယောင်ကွမ်းတစ်ယောက် ပြောင်းလဲသွားပြီး သူမကို ထိန်းချုပ်ရခက်ခဲကာ ကိုင်တွယ်ရ ခက်ခဲလာသည်ဟု သူ ခံစားနေရခြင်းပင်။

"ငါတို့ အဲ့ဒီ စူးယောင်ကွမ်းကောင်မစုတ်ကို မုထုန်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးရမယ်၊ မဟုတ်ရင် သူက ငါတို့ကို အမြဲတမ်း ပြန်ခံပြောနေတော့မှာ၊ ဒီအတိုင်းဆို ငါတို့ တကယ် နေရထိုင်ရ ခက်သွားလိမ့်မယ်"

စူးမိသားစု၏ ဒုတိယအဒေါ်က ဒေါသတကြီး ပြောလိုက်သည်။

"စူးယောင်ကွမ်းမှာ လင်ယောကျာ်း ရှိနေပြီ မဟုတ်ဘူးလား။ တကယ်လို့ ငါတို့က သူ့ကို မုထုန်နဲ့ ထပ်ပေးစားရင် ရွာထဲကလူတွေ ငါတို့ကို အတင်းပြောကြလိမ့်မယ်"

မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သော စူးမိသားစု၏ အဘိုးဖြစ်သူက ဝင်ပြောလိုက်၏။

"အဲ့ဒီကောင်လေးက အရင်က ဒဏ်ရာအပြင်းအထန် ရထားတာလေ၊ အခုတော့ ပြန်ကောင်းလာတဲ့ ပုံစံပဲ။ ဒါပေမဲ့ သူက ငယ်သေးတာပဲ။ သူတို့ မင်္ဂလာပွဲလည်း မလုပ်ရသေးဘူး၊ အိမ်ထောင်ရေးစာချုပ်လည်း မရှိသေးတော့ အတူတူ အိပ်ဖူးကြဦးမှာလည်း မဟုတ်ဘူး။ ငါတို့က သူတို့ မင်္ဂလာပွဲမလုပ်ခင်နဲ့ အိမ်ထောင်ရေးစာချုပ် မယူခင် လက်ဦးအောင် လှုပ်ရှားရမယ်။ သူတို့ မင်္ဂလာပွဲလုပ်ပြီး အိမ်ထောင်ရေးစာချုပ်ရသွားရင်တော့ အရမ်းနောက်ကျသွားလိမ့်မယ်"

ဦးလေးစူးက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ငါ သွားပြီး မုထုန်ကို သွားခေါ်လိုက်မယ်"

"ရှင်က ဘာလို့ မုထုန်ကို သွားခေါ်ချင်ရတာလဲ"

အဒေါ်စူးက မျက်နှာပျက်ပျက်ဖြင့် မေးပြီးမှ ဆက်ပြောလိုက်သည်။

"သူက အရူးလေ၊ ကျွန်မတို့ သူ့ကို ခေါ်လာရင် သူ့ကို ပြုစုပေးနေရမှာပေါ့"

"ငါ့ညီမကိုပါ အတူတူ လိုက်ခဲ့ခိုင်းလိုက်မယ်"

ဦးလေးစူးက ပြန်ဖြေလိုက်သည်။

"ငါတို့လည်း သူ့သားရဲ့ အိမ်ထောင်ရေးအတွက် စိတ်ပူပေးနေရတာလေ။ သူလည်း အမေအနေနဲ့ တစ်ခုခုတော့ လုပ်သင့်တာပေါ့"

အဒေါ်စူး သို့မဟုတ် စူးကွေ့လန်တွင် ဉာဏ်ရည်မမီသည့် ထိုသားတစ်ယောက်တည်းသာ ရှိပြီး သူမက သားဖြစ်သူအား မိသားစုမျိုးဆက် ဆက်ခံစေချင်နေခဲ့သည်။ သူမ၏ ခင်ပွန်းက ရိုးသားဖြောင့်မတ်သူ ဖြစ်ပြီး သူမက သူ့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားလေ့ရှိသည်။ နှစ်ပေါင်းများစွာအတွင်း ထိုဇနီးမောင်နှံက ငွေကြေးအချို့ စုဆောင်းမိထားပြီး ၎င်းကို တင်တောင်းငွေအဖြစ် အသုံးပြုကာ သားဖြစ်သူအတွက် ဇနီးတစ်ယောက် ရှာပေးရန် ပြင်ဆင်နေခဲ့ကြသည်။ သူတို့၏ ပထမဆုံး ပစ်မှတ်က စူးယောင်ကွမ်း ဖြစ်ပြီး ထိုမိန်းကလေးတွင် အဖေမရှိသဖြင့် ထိန်းချုပ်ရ လွယ်ကူသောကြောင့် ဖြစ်သည်။

"ကျွန်တော် အသားစားချင်တယ်... ကျွန်တော် အသားစားချင်တယ်"

စူးမိသားစု၏ အဖိုးတန်သားဖြစ်သူ စူးတာ့ပေါင်က ခြေဆောင့်ကာ ငိုယိုအော်ဟစ်နေသည်။

"ရှောင်ချွန့်တို့ မိသားစုက အသားစားတယ်၊ ဟွာချင်းတို့ မိသားစုလည်း အသားစားတယ်၊ ကျွန်တော်ကျတော့ ဘာမှ မစားရဘူး"

"ကဲပါ... တာ့ပေါင်က လိမ္မာပါတယ်၊ မနက်ဖြန်ကျရင် အဘွား နင်စားဖို့ အသား ရှာပေးမယ်နော်"

အဘွားစူးက မြေးဖြစ်သူကို နူးညံ့စွာ ချော့မြှူလိုက်ပြီး ဆက်ပြောနေသည်။

"ဒါတွေအားလုံးက အဲ့ဒီ ကောင်မစုတ် စူးယောင်ကွမ်းကြောင့်ပဲ။ တောဝက်တစ်ကောင်လုံး ရထားတာကို အဖိုးနဲ့ အဖွားကို ဂါရဝပြုရမှန်း မသိဘူး။ သူက အဲ့ဒီအသားလေး နည်းနည်းပါးပါးနဲ့ ငါတို့ကို သူတောင်းစားတွေလို လာပေးနေတာလား။ တကယ့်ကို နှမြောစရာကောင်းလိုက်တာ။ အသုံးမဝင်တဲ့ ကောင်မစုတ်... မိသားစုကို ဘယ်တုန်းကမှ ထည့်မတွက်ဘူး"

"သူ့ကို အဲ့ဒီအရူးနဲ့ ပေးစားပြီးသွားရင်တော့... လူကြီးတွေကို ဘယ်လို ရိုသေရမလဲဆိုတာ သိသွားအောင် ယောင်းမကို နေ့တိုင်း ဆုံးမခိုင်းရမယ်"

အဒေါ်စူးက စူးယောင်ကွမ်းတစ်ယောက် အရူး၏ နှိပ်စက်ခြင်းကို ခံနေရသည့် မြင်ကွင်းအား ကြိုတင်မြင်ယောင်နေသည့်အလား မျက်ဝန်းထဲတွင် ကဲ့ရဲ့လှောင်ပြောင်မှုများ ပြည့်နှက်နေလျက် ဝင်ပြောလိုက်သည်။

All Chapters