← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁ ပြပွဲကစပြီ

စူးကွေ့လန်က စူးယောင်ကွမ်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ "ဒုန်း" ဆိုသည့် အသံနှင့်အတူ တံခါး ပွင့်ထွက်သွားပြီး အခန်းဝမှ လူအုပ်ကြီးက အထဲသို့ အကဲခတ်ကြည့်ရှုနေကြသည်။

ကုတင်ပေါ်တွင် အနားယူနေသည့် စူးယောင်ကွမ်းကလည်း ထိုအသံကြောင့် ထထိုင်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ။ ဘာလို့ မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲကို ခွင့်မတောင်းဘဲ အတင်းဝင်လာတာလဲ၊ ဘယ်လိုတွေ ဖြစ်နေကြတာလဲ"

စူးကွေ့လန်က စူးယောင်ကွမ်း၏ ဘေးနားရှိ မို့မို့ဖောင်းဖောင်း ဖြစ်နေသည့် စောင်ပုံကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် အနိုင်ရလိုက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ယောင်ကွမ်း၊ မုထုန်ကို မြင်မိသေးလား"

စူးယောင်ကွမ်းက စူးကွေ့လန်ကို အံ့ဩသည့်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။

"ဒေါ်လေး၊ ကျွန်မ ဒီနေ့ ကျန်းမာရေး မကောင်းလို့ အခန်းထဲမှာပဲ နားနေတာပါ။ ဒေါ်လေးနဲ့ ဝမ်းကွဲမုထုန် အန်းနင်ရွာမှာပဲ ရှိနေတယ်လို့ ကျွန်မ ထင်နေတာ။ ဘာလို့ မုထုန်ကို ကျွန်မအိမ်မှာ လာရှာနေရတာလဲ"

"သူ ဒီအထဲကို ဝင်သွားတာကို ငါ တွေ့လိုက်တယ်။ ငါ့ကို နောက်ထပ် လိမ်မနေနဲ့တော့"

စူးကွေ့လန်က အခန်းထဲသို့ လျှောက်ဝင်လာရင်း ပြောလိုက်သည်။

"နင့်ရဲ့ ဝမ်းကွဲမုထုန်က ကလေးစိတ်ပဲ ရှိသေးတာ။ သူ အခု တစ်နေရာရာမှာ ပုန်းပြီး ဆော့နေတာ ဖြစ်နိုင်တယ်"

သူမက စကားပြောနေရင်း စူးယောင်ကွမ်းဘေးရှိ စောင်ကို ဆွဲလှန်လိုက်သည်။ သို့သော် ထိုနေရာတွင် စောင်စုတ်ကြီးတစ်ထည်သာ ရှိနေပြီး ကျင်းနှစ်ရာကျော် အလေးချိန်ရှိသည့် လူထွားကြီး၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

"ဒေါ်လေး၊ ကျွန်မက အခုထိ အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးပါ၊ တခြားသူတွေရှေ့မှာ ကျွန်မရဲ့ စောင်ကို ဒီလို လာဆွဲလှန်တာမျိုးက လွန်လွန်းသွားပြီ"

စူးယောင်ကွမ်းက ကုတင်ပေါ်မှ ဒေါသတကြီး ခုန်းဆင်းလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် ဒေါသအငွေ့အသက်များ တောက်လောင်နေသည်။

"ဘယ်လိုဖြစ်ရတာလဲ... မဖြစ်နိုင်တာ..."

စူးကွေ့လန်က အခန်းထဲကို ဝေ့ကြည့်လိုက်သည်။ မုထုန်၏ ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်မည့် နေရာဆို၍ ထိုအိုဟောင်းနေသည့် ဗီရိုကြီး တစ်ခုသာ ရှိနေသည်။

သူမက ဗီရိုကို ဆွဲဖွင့်ရန် ကြိုးစားလိုက်သော်လည်း သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။

စူးကွေ့လန်က မုထုန် ဤအခန်းထဲတွင် ရှိနေသည်ဟု အပြည့်အဝ ယုံကြည်နေသည်။ ကုတင်ပေါ်တွင် မရှိပါက ဗီရိုထဲတွင် ရှိနေရမည်ဟု သူမ သံသယဝင်နေမိသည်။

"နင် မုထုန်ကို ဖွက်ထားတာ မဟုတ်လား၊ ငါ ပြောမယ်၊ မုထုန်က အမှောင်ကြောက်တတ်တယ်။ နင် သူ့ကို ဒီမှာ ဖွက်ထားလို့ သူ ကြောက်လန့်သွားရင် နင်ပဲ နောင်တရလိမ့်မယ်"

"ဒေါ်လေး၊ ဒေါ်လေးက တကယ်ကို ထူးဆန်းတာပဲ။ ကျွန်မဘာသာ အိမ်မှာ ဘာမှ မလုပ်ဘဲ နားနားနေနေ လှဲအိပ်နေတာလေ။ ဒေါ်လေးက လူတွေကို ခေါ်လာပြီး မုထုန်ကို ပြန်ပေးဖို့ အတင်း တောင်းဆိုနေတယ်။ ကျွန်မ ဒီနေ့ နေမကောင်းလို့ တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေတာ၊ ဒေါ်လေးသာ အတင်းဝင်မလာရင် ကျွန်မ ‌ကောင်းကောင်းကြီး အိပ်ပျော်နေလောက်ပြီ"

"ဒီအခန်းထဲမှာ လူရှိ၊ မရှိဆိုတာ ဒီဗီရိုကို ဖွင့်ကြည့်လိုက်ရင် သိရမှာပေါ့။ နင့်မှာ ဖွက်ထားစရာ မရှိဘူးဆိုရင် ဖွင့်ပြလိုက်လေ"

ရွာသားများကလည်း အခန်းဝတွင် မတ်တပ်ရပ်ပြီး ကြည့်နေကြဆဲပင်။

မုထုန် ဤအခန်းထဲတွင် ရှိနေသည်ဟု ကြားလိုက်ရချိန်တွင် သူတို့က မိုက်မဲသူများ မဟုတ်သဖြင့် အခြေအနေကို နားလည်လိုက်ကြသည်။ စူးကွေ့လန်က ကျန်းကျောက်တိ မရှိသည်ကို အခွင့်ကောင်းယူပြီး စူးယောင်ကွမ်းကို အပြည့်အဝ ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သူတို့ ရိပ်မိသွားသည်။

အကယ်၍ မုထုန်သာ စူးယောင်ကွမ်း၏ အခန်းထဲတွင် ရှိနေခဲ့လျှင် လက်ရှိအခြေအနေအရ စူးယောင်ကွမ်း၏ ဂုဏ်သိက္ခာ ပျက်စီးသွားပေလိမ့်မည်။ စူးကွေ့လန်ကသာ ဒီထက်ပိုပြီး ဆူပူအော်ဟစ်လိုက်ပါက ကိစ္စရပ်များအားလုံး ပြီးဆုံးသွားတော့မည့်သဘော ဖြစ်နေလေသည်။

"ဒါက မိန်းကလေးတစ်ယောက်ရဲ့ ဗီရိုပါ၊ ကျွန်မရဲ့ အတွင်းဝတ်အင်္ကျီ အဝတ်အစားတွေပဲ ရှိတယ်။ ဒေါ်လေးက ကျွန်မကို အတင်းဖွင့်ပြခိုင်းနေတော့... ဒါ ကျွန်မကို တမင်တကာ သိက္ခာချပြီး သေလမ်းထဲ တွန်းပို့နေတာ မဟုတ်ဘူးလား"

စူးယောင်ကွမ်းက ငိုယိုရင်း ဆက်ပြောနေသည်။

"ကျွန်မတို့အိမ်မှာ အားကိုးရမယ့် ယောက်ျားသားမရှိလို့ ရှင်တို့အားလုံးက အထင်သေးနေကြမှန်း ကျွန်မ သိပါတယ်။ တကယ်လို့သာ ကျွန်မအဖေသာ စစ်မြေပြင်ကို ထွက်မသွားခဲ့ရင် ကျွန်မကို ကူညီပေးမယ့် မောင်လေးတစ်ယောက် ရှိနေမှာပဲ။ မုဆိုးမနဲ့ အဖမဲ့ကလေးကို ဒီလို နိုင်ထက်စီးနင်း လုပ်နေကြတာ... ကျွန်မအဖေ ပြန်လာရင် ကလဲ့စားချေမှာကို ရှင်တို့ မကြောက်ကြဘူးလား။ ဝါး... ရှင်တို့ တကယ်ကို လွန်လွန်းပါတယ်။ ကျွန်မဘာသာ အိမ်မှာ ငြိမ်ငြိမ်လေး အနားယူနေတာတောင် ရှင်တို့ရဲ့ အနိုင်ကျင့်မှုကနေ မလွတ်မြောက်နိုင်တော့ဘူးလား"

"မုထုန်အမေ... ဒါ တစ်ခုခု မှားယွင်းနေတာများလား။ ငါလည်း မုထုန်ကို မတွေ့မိပါဘူး၊ တခြားနေရာမှာပဲ သွားရှာကြည့်ပါလား"

အဒေါ်လီက ဆက်ကြည့်မနေနိုင်တော့သဖြင့် ဝင်ရောက် ဖျောင်းဖျလိုက်သည်။

"မဖြစ်နိုင်တာ... ငါ့ရဲ့ မုထုန်လေးက သေချာပေါက် ဒီထဲမှာ ရှိနေတယ်။ နင် ငါ့ကို သော့မပေးရင် ငါ အတင်းရိုက်ခွဲပစ်မှာနော်။ ငါ့မုထုန်လေးက အမှောင်ကြောက်တတ်တယ်၊ နင် သူ့ကို ဒီထဲမှာ ပိတ်လှောင်ထားလို့ သူ လန့်သွားရင် နင် နောင်တ ရ ရလိမ့်မယ်"

စူးကွေ့လန်က အော်ပြောနေသည်။

"တကယ်လို့ သူ ဒီထဲမှာ မရှိရင်ရော"

စူးယောင်ကွမ်းက မျက်ဝန်းရဲရဲလေးများဖြင့် ခေါင်းမာစွာ ပြန်မေးလိုက်သည်။

"တကယ်လို့ သူ ဒီထဲမှာ မရှိရင် ငါ နင့်ကို တောင်းပန်မယ်လေ။ ဒါပေမဲ့ သူ သာ ဒီထဲမှာ ရှိနေရင်တော့ နင် နောင်တရ ရမယ့် အလှည့်ပဲ"

စူးကွေ့လန်က အခိုင်အမာ ထပ်ပြောနေသည်။

"တောင်းပန်ရုံနဲ့ ဘာလုပ်လို့ရမှာလဲ၊ စကားလုံး နည်းနည်းက ကျွန်မအတွက် ဘာမှ အသုံးမဝင်ဘူး။ ကျွန်မကို ကြေးပြားငါးဆယ် လျော်ကြေးပေးရမယ်။ ဒါက ကျွန်မရဲ့ သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စမို့လို့ ကျွန်မကို သေချာပေါက် လျော်ကြေးပေးရမယ်"

"နင်က ပိုက်ဆံကို ဒီလောက် ရူးသွပ်နေတာလား"

စူးကွေ့လန်က သူမကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရှင် သော့လိုချင်ရင် ကျွန်မကို ပိုက်ဆံပေး၊ မပေးရင်တော့ သော့ရဖို့ လုံးဝ မစဉ်းစားနဲ့။ ဒီနေ့ ကျွန်မရဲ့ သော့ကို ဘယ်သူ ရိုက်ခွဲရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ကျွန်မရဲ့ သဘောတူညီချက်မပါဘဲ ဘယ်သူမဆို ဒါကို ဖျက်ဆီးရင် ကျွန်မ အာဏာပိုင်တွေဆီ သွားပြီး တိုင်ချက်ဖွင့်မယ်"

"ကောင်းပြီ... နင်က ပိုက်ဆံ လိုချင်တယ်ပေါ့ ဟုတ်လား။ ငါ နင့်ကို ပိုက်ဆံပေးမယ်၊ ပြီးရင် နင် ဘာဆင်ခြေတွေ ပေးဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့"

စူးကွေ့လန်က ပိုက်ဆံ မပေးချင်သော်လည်း စူးယောင်ကွမ်းက သူမကို တားဆီးရန် ဤနည်းလမ်းအား အသုံးပြုနေခြင်းဖြစ်သည်ဟု အသေအချာ ယုံကြည်ထားသည်။ သူမအနေဖြင့် မုထုန်ကို အရင်ရှာတွေ့မှသာ ဤမိန်းမကို ပါးစပ်ပိတ်သွားစေနိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လာလျှင် ဤမိန်းမ မည်သို့ ဆင်ခြေပေးမည်ကိုလည်း သူမ သိချင်နေသေးသည်။

စူးကွေ့လန်က သူမ၏ ကိုယ်ပေါ်တွင် ပိုက်ဆံ ပါမလာသဖြင့် ရွာသားများထံမှ ခေတ္တ ချေးငှားလိုက်သည်။ ပြပွဲကောင်းကို ဝိုင်းကြည့်နေကြသော ရွာသားတစ်စုကလည်း တစ်ယောက်တစ်လက် စိုက်ထုတ်ပေးကြသဖြင့် နောက်ဆုံးတွင် ကြေးပြားငါးဆယ်ကို ခက်ခက်ခဲခဲ စုဆောင်းရရှိသွားခဲ့သည်။

စူးယောင်ကွမ်းက ပိုက်ဆံကို ယူလိုက်ပြီး သော့ကို လွှဲအပ်ပေးလိုက်၏။

စူးကွေ့လန်က စိတ်လှုပ်ရှားစွာဖြင့် သော့ကို ဖွင့်ကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ဗီရိုအတွင်း၌ အဝတ်အစားများနှင့် ဟောင်းနွမ်းနေသော အိပ်ရာခင်းအဟောင်းအချို့သာ ရှိနေပြီး မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။

"အခုရော ယုံပြီလား။ ဝမ်းကွဲမုထုန်ကို မမြင်မိဘူးလို့ ကျွန်မ ပြောသားပဲ"

စူးယောင်ကွမ်းက ဒေါသတကြီး ထပ်ပြောလိုက်သည်။

"အခု ကျွန်မရဲ့ အခန်းထဲကနေ ထွက်သွားပေးလို့ ရပြီလား"

ထိုအချိန်တွင် ကျိုးဝမ်ရှူက အခန်းထဲ၌ လူအများကြီး ရှိနေသည်ကို မြင်သွားပြီး လူအုပ်ကြားထဲမှ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။

သူက စူးယောင်ကွမ်း၏ ရှေ့မှ ကာကွယ်ပေးလိုက်ပြီး လူအုပ်ကြီးကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ခင်ဗျားတို့ ဘာလုပ်ချင်နေကြတာလဲ... လူနေအိမ်ထဲကို အတင်းအဓမ္မ ဝင်ရောက်လာကြတာက... လုယက်ဖို့ ကြိုးစားချင်နေတာလား "

"ဝမ်ရှူ..."

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ လက်မောင်းကို ဖက်တွယ်ထားရင်း ထိန်းမနိုင်သိမ်းမရ ငိုကြွေးလိုက်သည်။

"ငါ ဒီနေ့ နေလို့မကောင်းလို့ အခန်းထဲမှာ အနားယူနေတာကို ဒေါ်လေးက လူတွေကို ဆွဲခေါ်ပြီး အတင်းဝင်လာတာ။ ငါက အိမ်ထောင်မပြုရသေးတဲ့ အပျိုလေးပါ၊ သူက ငါ့အိပ်ခန်းထဲအထိ သူ့သားကို လာရှာတယ်ဆိုတာက ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြံစည်နေတာ မဟုတ်ဘူးလား။ ဝမ်ရှူ... အခုချက်ချင်း အာဏာပိုင်တွေဆီ သွားတိုင်ပေးပါဦး"

"မငိုပါနဲ့တော့၊ ငိုရင် ကိုယ်ခန္ဓာ ထိခိုက်လိမ့်မယ်။ ကျွန်တော် အခုချက်ချင်း မြို့ထဲကို သွားပြီး တရားသူကြီးမင်းကို လာကူညီပေးဖို့ သွားဖိတ်ခေါ်လိုက်မယ်"

ကျိုးဝမ်ရှူ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ကယ်ကြပါဦး... မုထုန်က အိမ်သာကျင်းထဲမှာ အိပ်ပျော်နေတယ်"

ထိုအသံကို ကြားလိုက်သည်နှင့် စူးကွေ့လန်က အိမ်သာရှိရာဆီသို့ အပြေးအလွှား ထွက်ပြေးသွားတော့သည်။

မုထုန်က အိမ်သာကျင်းထဲတွင် မှောက်လျက်သား လဲလျောင်းနေပြီး တစ်ကိုယ်လုံးတွင်သာမက မျက်နှာပေါ်၌ပါ မစင်များ ပေပွနေသည်။

အဆိုးရွားဆုံးက သူ၏ ပါးစပ်တွင်လည်း မစင်များ ပေကျံနေခြင်းပင်။

"အော့..."

"ရွံစရာကောင်းလိုက်တာ။ ဘုရားရေ... ငါတော့ ဒီည ညစာ စားနိုင်တော့မှာ မဟုတ်ဘူး"

"မုထုန်က အများကြီး စားမိသွားတာလား"

"အော့..."

စူးကွေ့လန်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မုထုန်ကို ဆွဲထူရန် လက်လှမ်းလိုက်သော်လည်း ရွံရှာလွန်းသဖြင့် ဆက်မလုပ်ရဲတော့ပေ။

"ငါ့ကို ကူပြီး မုထုန်ကို အပြင်ထုတ်ပေးကြပါဦး"

"ဒါက နင့်သား အရင်းပဲလေ၊ နင်ဘာသာနင် ထမ်းထုတ်ပါလား"

"နင့်သားက အဝလွန်နေပြီး ဒီလောက်အကောင်ကြီးတာကို၊ ငါတို့ မသယ်နိုင်ဘူး။ ဒါတင်မကဘူး... ငါတို့က ဘာလို့ ကူညီပေးရမှာလဲ"

"ဘုရားရေ..."

စူးယောင်ကွမ်းက သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာ ထိုမြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီးမှ အော်ပြောလိုက်သည်။

"ကျွန်မတို့မှာ ဟင်းသီးဟင်းရွက် စိုက်ဖို့ မြေဩဇာတောင် မလောက်မငှ ဖြစ်နေတာလေ၊ ဝမ်းကွဲမုထုန်က အဲ့ဒါတွေကို ဒီလောက်အများကြီး စားပစ်လိုက်တာလား။ သူက ကျွန်မတို့ဆီက မြေဩဇာတွေကို အကုန်စားပစ်လိုက်တော့ ကျွန်မတို့က ဟင်းသီးဟင်းရွက်တွေကို ဘယ်လို စိုက်ပျိုးရတော့မှာလဲ"

လူတိုင်း : "..."

စူးကွေ့လန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"စူးယောင်ကွမ်း... နင် မုထုန်ကို ဘာလုပ်လိုက်တာလဲ"

"ကျွန်မက ဝမ်းကွဲမုထုန်နဲ့ ဆုံတောင် မဆုံမိဘူး၊ သူ့ကို ဘာလုပ်နိုင်မှာလဲ။ ဒေါ်လေး... ဝမ်းကွဲမုထုန်က ကျွန်မတို့အိမ်ထဲကို ခိုးဝင်ပြီး မြေဩဇာတွေကို ခိုးစားသွားတာလေ၊ တကယ်တော့ နစ်နာရတာက ကျွန်မတို့ မဟုတ်ဘူးလား"

"ဝမ်ရှူ... မြေဩဇာတွေ မလောက်ရင် ငါတို့ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ ကောင်းကောင်း ရှင်သန်မှာ မဟုတ်တော့ဘူး။ ဒီလိုတွေးကြည့်ရင် ငါတို့ စားဖို့ ဟင်းသီးဟင်းရွက်တွေ လောက်ငှတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ... သူက ငါ့ရဲ့ ဝမ်းကွဲအစ်ကိုလေ၊ ငါတို့ဘက်ကပဲ ဒီအရှုံးကို အလိုက်သင့် လက်ခံရုံပေါ့။ ဒေါ်လေး... ကျွန်မကို ကြေးပြားသုံးရာ ထပ်ပေးမယ်ဆိုရင်တော့ ဝမ်းကွဲမုထုန် စားသွားတဲ့ မြေဩဇာတွေအတွက် လျော်ကြေး ထပ်မတောင်းတော့ဘူး"

ကျိုးဝမ်ရှူကလည်း ဝင်ပြောလိုက်သည်။

"ယောင်ကွမ်း... ခင်ဗျားက တကယ်ကို ကြင်နာတတ်တာပဲ"

All Chapters