← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂ ယုတ်မာပက်စက်ခြင်း

ရွာသားများက တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။

'ဒီကလေးမလေးကတော့ တကယ်ကို မလွယ်တဲ့ကောင်မလေးပဲ'

စူးကွေ့လန်ကတော့ အကြီးအကျယ် ဒေါသထွက်နေပြီး စူးယောင်ကွမ်းက သူမကို ရည်ရွယ်ချက်ရှိရှိ ရန်စနေသည့်အတွက် ပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။

စူးကွေ့လန်က စူးယောင်ကွမ်းရှိရာဆီသို့ အတင်းပြေးဝင်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင်... အယုတ်တမာမ ဒီလိုဖြစ်အောင် လုပ်တာ နင်ပဲ ဖြစ်ရမယ်"

စူးယောင်ကွမ်းက ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။

ကျိုးဝမ်ရှူက သူ့၏ခြေထောက်ကို ဆန့်ထုတ်ကာ စူးကွေ့လန်ကို အားပြင်းပြင်းဖြင့် ကန်ချလိုက်သည်။

ဗြန်း...

ရေစင်သံတစ်ခုနှင့်အတူ စူးကွေ့လန်တစ်ယောက် အိမ်သာကျင်းထဲသို့ ပစ်ကျသွားပြီး မစင်များ ဖွားခနဲ စင်ထွက်လာသည်။

"အော့...အော့"

ရွာသားများလည်း ရွံရှာလွန်းသဖြင့် အလန့်တကြား နောက်သို့ ဆုတ်ပြေးကြသည်။

စူးကွေ့လန်က အရပ်ပုပြီး ပိန်လှီလှသဖြင့် အိမ်သာကျင်းထဲသို့ ကျသွားသည်နှင့် ချက်ချင်း နစ်မြုပ်သွားသည်။

"ပလုံ... ပလုံ..."

ထိုအသံကို ကြားရချိန်တွင် ရွာသားများက ဘေးနားတွင် ထပ်မံအော့အန်နေကြပြန်သည်။

"ဘုရားရေ... ရွံစရာကောင်းလိုက်တာ"

စူးယောင်ကွမ်းက စိုးရိမ်ပူပန်နေဟန်ဖြင့် စူးကွေ့လန်ရှိရာဘက်သို့ လှမ်းကြည့်ရင်း အော်မေးလိုက်သည်။

"ဝမ်ရှူ...ဒေါ်လေး အဆင်ပြေပါ့မလား"

ကျိုးဝမ်ရှူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"သူ ဘာမှမဖြစ်ပါဘူး။ အိမ်သာကျင်းက သိပ်မနက်ဘူး၊ သူ ထလို့ရပါတယ်"

ထိုစကားကို ကြားလိုက်မှသာ စူးကွေ့လန်က ရုန်းကန်ပြီး မတ်တတ်ထရပ်လိုက်သည်။ အမှန်တကယ်တွင်လည်း သူမ မတ်တတ်ရပ်လိုက်ချိန်တွင် အိမ်သာကျင်းက သူမ၏ ရင်ဘတ်အထိသာ ရောက်နေလေသည်။

"ငါ့ကို ဆွဲတင်ကြပါဦး၊ မြန်မြန် ဆွဲတင်ပေးကြပါ"

စူးကွေ့လန်က ထိန်းမနိုင်သိမ်းမရ ငိုကြွေးရင်း အော်ဟစ်တောင်းဆိုလိုက်သည်။

သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားလာခြင်း မရှိချေ။

စူးကွေ့လန်က ထပ်မံ အသနားခံလိုက်ပြန်သည်။

"တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ငါ့ကို ဆွဲတင်ပေးကြပါဦး"

စူးယောင်ကွမ်းက သနားစရာနေသည့်မျက်နှာလေးဖြင့် ပြောလိုက်၏။

"ကျွန်မက နေလို့ မကောင်းဘူးလေ၊ မလုပ်နိုင်ဘူး။ ဒါဆိုလည်း ဒီလိုလုပ်ရအောင်... ဦးလေးဝမ်၊ ကျွန်မရဲ့ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ကို သွားခေါ်ပေးပြီး သူတို့ကိုပဲ တစ်ခုခု လုပ်ပေးဖို့ ပြောပေးလို့ ရမလားဟင်"

စူးယောင်ကွမ်း အထူးတလည် အကူအညီတောင်းလိုက်သည့် ဦးလေးဝမ်က သူမအတွက် ထိုအလုပ်ကို လုပ်ပေးရန် သဘောတူလိုက်သည်။

စူးယောင်ကွမ်းက ဦးလေးဝမ်နောက်သို့ လိုက်ကာ ခြံဝင်းထဲသို့ ဝင်လာပြီးနောက် သူ့လက်ထဲသို့ ကြေးပြားတစ်ပြား တိတ်တဆိတ် ထည့်ပေးရင်း ခပ်တိုးတိုး ထပ်မှာလိုက်သေးသည်။

ဦးလေးဝမ်က ပိုက်ဆံကို ယူလိုက်ပြီးနောက် သူ့ခြေလှမ်းများကို ပိုအရှိန်မြှင့်ကာ ပြေးထွက်သွားတော့သည်။

.....။.....။....

"တာ့ပေါင်ရဲ့ အဖေနဲ့ အမေ... မြန်မြန်ထွက်လာကြပါဦး၊ ယောင်ကွမ်းတို့အိမ်မှာ ကိစ္စတစ်ခုခု ဖြစ်နေပြီ"

ဦးလေးဝမ်က ခြံဝင်းထဲမှ အော်ပြောလိုက်သည်။

သတင်းကို စောင့်မျှော်နေသောကြောင့် ယနေ့တွင် ဦးလေးစူးက လယ်ကွင်းထဲသို့ မသွားခဲ့သလို အဒေါ်စူးကလည်း ရွာရိုးကိုးပေါက် အလည်မထွက်နေခဲ့ပေ။

ဦးလေးဝမ်၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်ဝန်းထဲတွင် 'ကိစ္စကတော့ အောင်မြင်သွားပြီ' ဟူသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

အဘိုးစူးနှင့် အဘွားစူးတို့ကလည်း သူတို့နောက်မှ လိုက်ထွက်လာကြသည်။

"အဲ့ဒီကောင်မလေး ယောင်ကွမ်း ဘာဖြစ်လို့လဲ"

အဘွားစူးက ဘာမှမသိသလို ဟန်ဆောင်ကာ လှမ်းမေးလိုက်သည်။

"သွားကြည့်ရင် သိပါလိမ့်မယ်၊ တကယ်ကို အကြီးအကျယ် ဒုက္ခရောက်နေတာ"

ဦးလေးဝမ်က သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

"ဒါနဲ့... ပိုက်ဆံနည်းနည်းလည်း ယူလာတာ အကောင်းဆုံးပဲ၊ ကျုပ် ထင်တာကတော့ ဒီကိစ္စက ပိုက်ဆံမပါရင် ပြေလည်မှာ မဟုတ်ဘူး"

"ပိုက်ဆံ ယူလာရမယ် ဟုတ်လား၊ တင်တောင်းမယ့်ကိစ္စကို ညှိနှိုင်းဖို့လား"

အဒေါ်စူးက ဦးလေးစူး၏ နားနားသို့ ကပ်ကာ ခပ်တိုးတိုး မေးလိုက်သည်။

စူးမိသားစုဝင် အခြားလူများကလည်း ထိုသို့ပင် တွေးတောနေကြသည်။

စူးမိသားစုမှ လူကြီးများနှင့် ဦးလေးစူးတို့ဇနီးမောင်နှံတို့က စူးယောင်ကွမ်းနှင့် သူမ၏မိခင်အတွက် အလကားသက်သက် ပိုက်ဆံအမြောက်အမြား မပေးချင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့ လိုချင်နေသည်က စူးယောင်ကွမ်းတို့ သားအမိနှစ်ယောက် စူးမိသားစု၏ သားကြီးဖြစ်သူထံမှ အမွေဆက်ခံထားသည့် လယ်မြေများ ဖြစ်သည်။ အကယ်၍ လယ်မြေများကို လိုချင်လျှင် အခြားသူတစ်ဦးထံမှ အလွယ်တကူ ဝယ်ယူနိုင်သော်လည်း သူတို့က ပိုက်ဆံအကုန်အကျမခံဘဲ သားကြီးဖြစ်သူ၏ လယ်မြေများကို အပိုင်စီးပြီး အားလုံးဝါးမြိုပစ်ချင်နေကြခြင်းသာ ဖြစ်သည်။

စူးမိသားစု၏ အကြီးဆုံးသား ဖြစ်သူ ကွယ်လွန်သွားကြောင်း ဝမ်းနည်းဖွယ်သတင်း ရွာထဲသို့ ရောက်ရှိလာချိန်တွင် ကျန်းကျောက်တိတစ်ယောက် သတ်သေရန်အထိ ကြိုးစားခဲ့သဖြင့် စူးမိသားစုလည်း အကြီးအကျယ် ခေါင်းခဲခဲ့ရဖူးသည်။ အစပိုင်းတွင် စူးမိသားစုက ကျန်းကျောက်တိကို အခြားသူတစ်ဦးနှင့် နောက်အိမ်ထောင်ပြုခိုင်းရန် ကြံစည်ခဲ့သော်လည်း သူမက ငြင်းဆန်ခဲ့သည်။ ထို့အပြင် သူမ၏ခင်ပွန်းက ဒုတိယသား၏ မိသားစုအတွက် အသက်ပေးခဲ့ရခြင်းဖြစ်သဖြင့် ယခုအခါ ခင်ပွန်းဖြစ်သူကိုယ်စား မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေပေးရန် သူမက အခိုင်အမာ တောင်းဆိုခဲ့သည်။

ထိုအချိန်တုန်းက ရွာထဲတွင် နာရေးပွဲအချို့ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ရွာသားအားလုံးက ထိုသားအမိနှစ်ယောက်၏ အခြေအနေကို သနားစရာအဖြစ် မြင်ခဲ့ကြသည်။ မျိုးနွယ်စုအကြီးအကဲကိုယ်တိုင် ကြားဝင်စွက်ဖက်ကာ အဘိုးစူးအား သူ၏ သားသုံးယောက်လုံးကို မိသားစုပိုင်ဆိုင်မှုများ ခွဲဝေပေးရန် ညွှန်ကြားခဲ့သည်။ ထို့ပြင် မည်သည့် မတရားမှုမျှ မရှိစေရန်အတွက် မျိုးနွယ်စုအကြီးအကဲကိုယ်တိုင် ပိုင်ဆိုင်မှုခွဲဝေခြင်းကို ကြီးကြပ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားမှုတစ်ခုခုရှိခဲ့ပါက မျိုးနွယ်စုအတွင်း အဘိုးစူး၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

ထိုစဉ်က အခြားရွေးချယ်စရာမရှိတော့သည့်အဆုံး အဘိုးစူးလည််း အကြီးဆုံးသားဖြစ်သူ၏ မိသားစုအတွက် လယ်မြေအမြောက်အမြားကို ခွဲဝေပေးခဲ့ရသည်။ အချိန် ကြာလာသည်နှင့်အမျှ သူတို့က ထိုကိစ္စကို နောင်တရပြီးရင်း နောင်တ ရလာကြတော့သည်။

'ဘာမဟုတ်တဲ့ ကောင်မလေးတစ်ယောက်က ငါတို့ စူးမိသားစုရဲ့ လယ်မြေတွေကို ပိုင်ဆိုင်ဖို့ ဘာလို့ အရည်အချင်းရှိရမှာလဲ'

ထိုအတွေးမျိုးကြောင့် သူတို့က ထိုလယ်မြေများကို ပြန်လည်သိမ်းပိုက်ချင်လာကြသည်။

စူးယောင်ကွမ်းကို အိမ်ထောင်ပြုပေးပြီး အပြင်သို့ ပထုတ်နိုင်မှသာ သူတို့ ထိုလယ်မြေများကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။

သို့သော်လည်း စူးယောင်ကွမ်းက အိမ်ပါသမက်တစ်ဦးကို ဝယ်ယူခဲ့သဖြင့် သူတို့၏ အစီအစဉ်များ ပျက်ပြားသွားခဲ့ရသည်။

ယခု သူတို့၏ ပရိယာယ် အောင်မြင်သွားပြီဖြစ်ရာ ထိုကောင်မစုတ်လေး စူးယောင်ကွမ်းလည်း နောက်ဆုံးတွင် အိမ်ထောင်ပေးရတော့မည် ဖြစ်သည်။

"ရှင်... ပိုက်ဆံ ဘယ်လောက်ယူသွားရင် သင့်တော်မယ်လို့ ထင်လဲ"

အဒေါ်စူးက မေးလိုက်သည်။

"ငွေတစ်လျန်နဲ့ ကြေးပြားတချို့လောက်ပေါ့။ ပိုက်ဆံအကုန်အကျမခံဘဲနဲ့တော့ လယ်မြေတွေကို ပြန်ရနိုင်မှာမဟုတ်ဘူး"

ဦးလေးစူးက ပြန်ပြောလိုက်သည်။

ထိုလူစုက စူးယောင်ကွမ်းအား အိမ်ထောင်ချပေးရန် စည်းရုံးသိမ်းသွင်းဖို့ စကားမျိုးစုံ ပြင်ဆင်ကာ သူမ၏အိမ်သို့ အပြေးအလွှား ရောက်ရှိလာကြသော်လည်း ထိုအရာများအားလုံးက လုံးဝ အသုံးမဝင်တော့ချေ။

အခြေအနေက သူတို့ စိတ်ကူးယဉ်ထားသလို ဖြစ်မနေခဲ့ပေ။

"အဖိုးနဲ့ အဖွားတို့ပါ ရောက်လာကြတာပဲ။ ကျွန်မက အဖိုးတို့ စိတ်ပူမှာစိုးလို့ မပြောချင်ခဲ့ပါဘူး၊ ဒါပေမဲ့ အခု အဖိုးတို့ ရောက်လာပြီဆိုတော့ ကျွန်မကို ဘာလုပ်ရမလဲ ပြောပြပေးကြပါဦး၊ ဝမ်းကွဲမုထုန်က ကလေးစိတ်ဆိုတော့ ကျွန်မတို့အိမ်ထဲကို ခိုးဝင်းပြီး မြေဩဇာတွေကို လာခိုးတာလေ။ အဒေါ်က စိတ်လှုပ်ရှားသွားပြီး အထဲကို ပြုတ်ကျသွားတာ။ ကျွန်မကလည်း အားနည်းတော့ မကူညီနိုင်ဘူးဖြစ်နေတယ်။ ဖြစ်နိုင်ရင် သူတို့ကို မြန်မြန်လေး ဆွဲတင်ပေးကြပါဦး"

စူးယောင်ကွမ်းက တောင်းပန်တိုးလျှိုးလိုက်သည်။

"အဖေ... အမေ... ကျွန်မနဲ့ မုထုန်ကို မြန်မြန် ဆွဲတင်ပေးကြပါဦး"

စူးကွေ့လန်ကလည်း ငိုကြွေးရင်း အော်ဟစ်တောင်းဆိုနေသည်။

"မုထုန်က ဘာသံမှ မပေးတော့ဘူး၊ သူ ဒဏ်ရာရသွားလားမသိဘူး"

"နင်က ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေ ရောက်သွားရတာလဲ"

ဦးလေးစူး၏ ဇနီးဖြစ်သူက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

"ဒီအိမ်သာကျင်းက သိပ်မြင့်တာလည်း မဟုတ်ဘူး၊ နင် ဘာလို့ ကိုယ့်ဘာသာကိုယ် တွားမတက်နိုင်ရတာလဲ"

"ဒါက အရမ်းချောနေလို့ ကျွန်မ လုံးဝ တွားမတက်နိုင်ဘူး ဖြစ်နေတာ"

စူးကွေ့လန်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ငိုချလိုက်တော့သည်။

အဘိုးစူးနှင့် အဘွားစူးတို့ကတော့ သူတို့၏ နှာခေါင်းများကိုသာ လက်ဖြင့် အုပ်ထားကြသည်။

ဒုတိယဦးလေးစူးနှင့် အဒေါ်ဖြစ်သူတို့ကလည်း အနားသို့မကပ်ရဲဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပုံရသည်။

အဒေါ်စူးက စူးယောင်ကွမ်းကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ယောင်ကွမ်း... လူတွေက နင့်အိမ်သာထဲ ပြုတ်ကျသွားတာလေ၊ မြန်မြန်လေး ဆွဲတင်ပေးလိုက်ပါဦး"

"ကျွန်မလည်း ဒီနေ့ ဘာဖြစ်နေမှန်း မသိပါဘူး၊ တစ်ကိုယ်လုံး အားကိုမရှိတာ။ အဒေါ်နဲ့ ဝမ်းကွဲကို ကယ်ချင်တာပေါ့၊ ဒါပေမဲ့ ကယ်ဖို့ ခွန်အားမှ မရှိတာ။ ဒီလိုလုပ်ပါလား... ဒီမှာ ဦးလေးတွေ၊ အဒေါ်တွေ အများကြီး ရှိနေတာပဲ၊ သူတို့ကို ပိုက်ဆံနည်းနည်းပေးပြီး ဆွဲတင်ခိုင်းလိုက်လေ"

"ဒီအရာက... ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူးလေ"

လတ်တလော ရောက်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။

"ငါ ဒီနေ့ အလုပ်တွေ အများကြီး လုပ်ထားရလို့ တကယ်ကို အားမရှိတော့လို့ပါကွာ"

"ကြေးပြားငါးပြား... ကြေးပြားငါးပြား ပေးပါ့မယ်"

စူးကွေ့လန်က အော်ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်မတို့ကို ဆွဲတင်ပေးကြပါဦး"

အနားတွင် ရှိနေကြသော ရွာသားများအားလုံးက ရွံရှာစက်ဆုပ်သည့် မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြသည်။

"ကြေးပြားငါးဆယ်ပေးရင် နင့်ကို ဆွဲတင်ပေးမယ်၊ ကြေးပြားတစ်ရာ့ငါးဆယ် ပေးရင်တော့ နင့်ရဲ့သားကိုပါ ဆွဲတင်ပေးမယ်"

အမျိုးသမီးတစ်ဦးက ပြုံးစိစိဖြင့် ဝင်ပြောလိုက်သည်။

"နင်တို့တွေ ဓားပြပဲ တိုက်လိုက်ကြပါတော့လား"

စူးကွေ့လန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါဆိုလည်း ထားလိုက်တော့၊ ငါလည်း ဝင်မပါတော့ဘူး"

"မုရှီရယ်... နင့်သားက ဒီလောက်ဝတာ၊ ဆွဲတင်ဖို့ လူအများကြီး လိုမှာ၊ အဲ့ဒါအပြင် ဒီလို ရွံစရာကောင်းတဲ့အရာတွေကြောင့် ငါတို့ ရက်ပေါင်းများစွာ ထမင်းစားလို့တောင် ဝင်မှာ မဟုတ်ဘူး။ နင့်ဘာသာနင် ဆုံးဖြတ်၊ မပေးချင်ရင်လည်း နေပေါ့"

"ကြေးပြားတစ်ရာ... တစ်ရာ ပေးပါ့မယ်၊ ကျွန်မတို့ကို ဆွဲတင်ပေးကြပါတော့"

နောက်ဆုံးတွင် စူးကွေ့လန်လည်း အရှုံးပေးကာ ကံကြမ္မာကို လက်ခံလိုက်ရသည်။

"ကြေးပြားတစ်ရာဆိုတော့လည်း တစ်ရာပေါ့၊ ငါတို့က နင် ကြီးလာတာကို စောင့်ကြည့်ခဲ့ရတဲ့သူတွေပဲဥစ္စာ၊ အရှုံးခံပြီး ကူညီပေးလိုက်ပါ့မယ်"

ထိုအမျိုးသမီးက ဆက်ပြောလိုက်သည်။

"ကဲ... အားလုံးပဲ လာကူညီကြဦးဟေ့၊ ရတဲ့ပိုက်ဆံကို နောက်မှ ခွဲကြတာပေါ့"

"ခဏလောက် နေပါဦး..."

စူးယောင်ကွမ်းက ထိုအမျိုးသမီးများကို တားမြစ်လိုက်သည်။

"စူးယောင်ကွမ်း... နင် အခု ဘာလုပ်ချင်ပြန်ပြီလဲ"

စူးကွေ့လန်တစ်ယောက် အသည်းအသန် ဖြစ်နေပြီး ဤရွံစရာကောင်းလှသော နေရာမှ အမြန်ဆုံး ထွက်ခွာသွားချင်နေပြီ ဖြစ်သည်။

"ကျွန်မ အစောကြီးကတည်းက ပြောပြီးပြီလေ။ ဒေါ်လေးတို့က ကျွန်မတို့အိမ်က မြေဩဇာတွေကို ဒီလောက်အများကြီး ဖိတ်စင်အောင် လုပ်ခဲ့တာ၊ ပြီးတော့ ဝမ်းကွဲမုထုန်ကလည်း တော်တော်များများ စားမိသွားသေးတယ်။ ဒေါ်လေးတို့ ကျွန်မကို အနည်းဆုံး ကြေးပြားသုံးရာ ပေးရမယ်။ မပေးဘူးဆိုရင်တော့ အဲ့ဒီထဲမှာပဲ ဆက်နေလိုက်ကြပါ"

"နင် ရူးနေပြီလား"

အဘွားစူးက ဆဲဆိုကြိမ်းမောင်းလိုက်သည်။

"အဲ့ဒါ နင့်ရဲ့ အဒေါ်အရင်းနဲ့ ဝမ်းကွဲအစ်ကိုနော်၊ သူတို့ အခုလို ဖြစ်ပျက်သွားတာအတွက် နင့်ကို ပြဿနာမရှာတာတောင် သူတို့ ကြင်နာရာရောက်နေပြီ၊ အခု နင်က သူတို့ဆီကနေ ပိုက်ဆံ ပြန်တောင်းနေတာလား"

"ဒါဆိုရင်လည်း သူတို့ ကိုယ်ပေါ်မှာ ပါသွားတဲ့ မြေဩဇာတွေနဲ့ စားထားတာတွေကို ပြန်ထွေးထုတ်ပေးခဲ့လေ"

စူးယောင်ကွမ်းက အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။

"အဖွားတို့ ဘာသာ ဆုံးဖြတ်ကြပါ၊ ကျွန်မတို့က မုဆိုးမနဲ့ အဖမဲ့ကလေးလေ၊ အရာရာတိုင်းအတွက် ပိုက်ဆံ လိုအပ်တယ်။ အခုတော့ ကျွန်မက ပိုက်ဆံပဲ မက်တဲ့သူ ဖြစ်သွားရပြန်ပြီ"

"နင် တကယ်ကို ရူးနေပြီပဲ"

အဘွားစူးက ဒေါသတကြီး အော်ပြောလိုက်သည်။

"ဒီမြေဩဇာ နည်းနည်းလေးကို ကြေးပြား သုံးရာတဲ့လား၊ ဒီလိုလုပ်... နင့်အဒေါ်ကို အဲ့ဒါတွေအားလုံး ပြန်ဖြည့်ခိုင်းလိုက်မယ်၊ ဟုတ်ပြီလား"

(T/N : ဒီအခန်းမှာ နည်းနည်းလေး ပြောပြချင်တာ ရှိပါတယ်။ သူတို့ဓလေ့မှာ မျိုးနွယ်စုကို အရမ်းအလေးထားပါတယ်၊ မျိုးနွယ်က သူတို့ရဲ့ နောက်ခံအုတ်မြစ်ပါ။ မိန်းခလေးတွေက အိမ်ထောင်ကျပြီးရင် ခင်ပွန်းရဲ့ မျိုးနွယ်စု စာရင်းထဲကို ပြောင်းပြီး မျိုးရိုးပါပြောင်းသွားတာမျိုးပါ၊ ခု ဒီမှာဆိုရင် စူးယောင်ကွမ်းက စူးမျိုးရိုးပေါ့။ ယောက်ျားရသွားရင် တခြားမျိုးရိုးထဲဝင်ရမယ်၊ အဲ့တာဆို သူတို့က သူတို့ စူးမိသားစုပိုင်လယ်မြေတွေကို ပြန်သိမ်းလို့ရတယ်၊ ခန်းဝင်ပစ္စည်းလေးနည်းနည်း ထည့်ပေးရင် ရပြီ၊ ဒါပေမယ့် စူးယောင်ကွမ်းက အိမ်ပါသားမက် ယူလိုက်ရင်တော့ အဲ့လူက စူးမျိုးရိုးထဲ ဝင်လာမှာ၊ စူးယောင်ကွမ်းကလည်း စူးမျိုးရိုးမှာပဲ ဆက်ရှိနေမယ်၊ မွေးတဲ့ကလေးကလည်း စူးမျိုးရိုးဖြစ်လာမယ်ဆိုတော့ သူတို့ လယ်တွေကို ပြန်ရစရာ အကြောင်းမရှိတော့ဘူးပေါ့)

All Chapters