အခန်း ၂၃
Vol. 3 Ch. 23
အခန်း ၂၃ မလိုလားခြင်း
စူးယောင်ကွမ်းက ခေါင်းခါယမ်းရင်း ငြင်းဆန်လိုက်သည်။
"မရဘူး"
"စူးယောင်ကွမ်း... နင် အချိန်တွေ ထပ်ဆွဲနေဦးမှာလား၊ မုထုန် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
အဘွားစူးက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်သည်။
"အဖွားတို့ ကျွန်မဆီကို ကြေးပြားတစ်ရာ အရင် ပေးထားရမယ်။ ကျွန်မတို့အိမ်က အိမ်သာကျင်းကို ပြန်ဖြည့်ပြီးမှ အဲ့ဒီပိုက်ဆံကို ပြန်ပေးမယ်"
စူးယောင်ကွမ်းက မျက်နှာအမူအရာ တစ်ချက်မျှမပျက်ဘဲ စျေးဆစ်လိုက်သည်။
"အဖေ... အမေ... ကျွန်မနဲ့ မုထုန်ကို ကယ်ကြပါဦး"
စူးကွေ့လန်က ငိုယို အော်ဟစ်နေပြန်သည်။
"ကျွန်မ တကယ်ကို မခံစားနိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို ဒီနေရာကနေ မြန်မြန်လေး ဆွဲထုတ်ပေးကြပါဦး"
"ငါတို့မှာလည်း ပိုက်ဆံမရှိဘူးအေ့။ ဒီပိုက်ဆံက နင့်ဒုတိယအစ်ကိုရဲ့ ပိုက်ဆံတွေ၊ သူ့ကို ပြန်ပေးဖို့ မမေ့နဲ့ဦး"
အဘွားစူးက စိုးရိမ်တကြီး လှမ်းပြောရင်း ပိုက်ဆံကို တွန့်တိုစွာ ထုတ်ပေးလိုက်သည်။
အဘွားစူးက စူးယောင်ကွမ်းထံသို့ ကြေးပြားတစ်ရာ လှမ်းပေးနေစဥ်အတွင်း သူမ၏ မျက်ဝန်းများက စူးယောင်ကွမ်းကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ကျန်ရှိနေသည့် အမျိုးသမီးများအား ရွာသားများကို ဦးဆောင်ကာ လူကယ်ရန်အတွက် နောက်ထပ် ကြေးပြားတစ်ရာ ထပ်မံပေးချေလိုက်ရပြန်သည်။
"အု..."
စူးယောင်ကွမ်းက သူမ၏ ပါးစပ်နှင့် နှာခေါင်းကို အုပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ကျိုးဝမ်ရှူက သူမကို လှမ်းပြောလိုက်သည်။
"အစ်မယောင်ကွမ်း အရင်ထွက်သွားနှင့်တော့၊ ဒီမှာ ကျွန်တော် စောင့်ကြည့်ပေးထားပါ့မယ်"
"ကောင်းပြီ... ဒါဆို နင့်ကိုပဲ အပ်ခဲ့တော့မယ်။ သူတို့ ထွက်သွားပြီးမှ ငါ ပြန်ရှင်းလိုက်မယ်"
စူးယောင်ကွမ်းတွင် ခွန်အား လုံးဝမရှိတော့ပေ။ သူမ ဘာမှ မဖြစ်သလို ဟန်ဆောင်နိုင်နေခြင်းက သူမ၏ လက်ချောင်းဆယ်ချောင်းလုံးတွင် အပ်များ ထိုးစိုက်ထားသောကြောင့် ယခုအချိန်အထိ အံကြိတ်အောင့်ခံနေနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူမ ဤနေရာတွင် ဆက်ရှိနေပါက သူမ၏ အခြေအနေအမှန်ကို လူတိုင်း ရိပ်မိသွားပေလိမ့်မည်။
သူမ၏ အခန်းထဲသို့ ပြန်ရောက်သွားပြီးနောက် စူးယောင်ကွမ်းတစ်ယောက် ချက်ချင်း အိပ်မောကျသွားခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူမ မသိလိုက်ဘဲ တစ်စုံတစ်ဦးက သူမ၏ နဖူးအား လာရောက်စမ်းသပ်နေသည်ကို ခံစားမိမှသာ သတိရှိရှိဖြင့် မျက်လုံးပွင့်လာခဲ့သည်။
သူမ ရှေ့မှ လူကို မြင်လိုက်ရသည့်အခါမှ စူးယောင်ကွမ်းတစ်ယောက် စိတ်အေးသွားကာ ပင်ပန်းနွမ်းနယ်ဟန်ဖြင့် လှမ်းပြောလိုက်သည်။
"ဝမ်ရှူပါလား"
"စောစောက ဘာဖြစ်ခဲ့တာလဲ၊ အစ်မပုံစံက တစ်မျိုးပဲ... နေမကောင်းလို့လား"
ကျိုးဝမ်ရှူက မေးမြန်းလိုက်သည်။
"ငါ ဆေးခတ်ခံလိုက်ရတာ၊ အခု တစ်ကိုယ်လုံး အားမရှိဘူးဖြစ်နေတယ်"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"စောစောက ငါ..."
သူမက ရေ သောက်ပြီးနောက် ခွန်အားများ လျော့နည်းသွားပုံနှင့် အခန်းထဲ၌ အနားယူနေစဉ် မုထုန်က အခန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး အဝတ်အစားများ ချွတ်ကာ သူမအပေါ်သို့ အုပ်မိုးရန် ကြိုးစားခဲ့သည့်အကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"အစ်မမှာ အားမရှိဘူးဆိုရင်... မုထုန်ကို အိမ်သာကျင်းထဲ ဘယ်လိုလုပ် ပစ်ချနိုင်ခဲ့တာလဲ"
ထိုအကြောင်းစုံကို ကြားပြီးနောက် စူးယောင်ကွမ်းအပေါ် ထားရှိသည့် ကျိုးဝမ်ရှူ၏ အကြည့်များက ပိုမို ရှုပ်ထွေးသွားရသည်။
ပုံမှန်အချိန်တွင် ခေါင်းမာပြီး စိတ်ဆတ်တတ်သော ဤမိန်းကလေးက သူမ၏ သွေးရင်းသားရင်းများ၏ သစ္စာဖောက်မှုကို ခံရသည့်တိုင် အရာအားလုံးကို ထိုးထွင်းသိမြင်နေသကဲ့သို့ အလွန် တည်ငြိမ်နေခဲ့သည်။ သူမက ငိုယိုအော်ဟစ်ပြီး ရုန်းရင်းဆန်ခတ် လုပ်နေရမည့်အစား အန္တရာယ်ရှိသော အခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် မည်သို့ပြောင်းလဲရမည်ကို တွေးတောကာ ဘေးကင်းအောင် ရှောင်ကွင်းနိုင်ခဲ့ရုံသာမက ထိုလူယုတ်မာများကိုပါ ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့သေးသည်။
"အဲ့ဒီငတုံးမုထုန်က အလေးချိန် ကျင်းနှစ်ရာလောက် ရှိပေမဲ့ ဦးနှောက်မှ မရှိတာ။ ငါ သူ့ကို မုန့်ကျွေးမယ်ဆိုပြီး နည်းနည်းလောက် ချော့မြူလိုက်တာ၊ အိမ်သာကျင်းနား ရောက်အောင် ခေါ်သွားပြီး ကန်ချလိုက်ရုံပဲ။ အစောတုန်းက နင် ငါ့အဒေါ်လေး စူးကွေ့လန်ကို အိမ်သာကျင်းထဲ ကန်ချလိုက်သလိုမျိုးပေါ့"
"ဒီတစ်ကြိမ်ကတော့ ကံကောင်းသွားတာ၊ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်ရော ဘယ်လိုလုပ်မလဲ"
ကျိုးဝမ်ရှူက မေးခွန်းပြန် ထုတ်လိုက်ပြီးမှ တဆက်တည်း သတိပေးလိုက်သည်။
"နောက်တစ်ခါဆိုရင် ဒီလို အန္တရာယ်အဖြစ်မခံနဲ့တော့၊ တကယ်လို့ ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံရရင် ခွန်အားရှိနေတုန်းမှာ အပြင်ကို အမြန်ထွက်ပြီး လူများတဲ့နေရာဆီကို ဦးတည်သွားလိုက်၊ အဲ့ဒီသားအမိနှစ်ယောက်က အစ်မကို အိမ်ထဲ ပြန်ဆွဲခေါ်ရဲတဲ့အထိတော့ သတ္တိမရှိလောက်ဘူး"
"ဝမ်ရှူ... စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို နွေးထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
အစောပိုင်းက ကျိုးဝမ်ရှူသာ လာမကူညီခဲ့လျှင် သူမ၏ လက်ရှိခန္ဓာကိုယ် အခြေအနေအရ စူးကွေ့လန်ကို ကန်ထုတ်နိုင်ရန် ခွန်အား ရှိလိမ့်မည်မဟုတ်ပေ။
ကျိုးဝမ်ရှူ သူမကို ကူညီရန် ဆန္ဒရှိခဲ့ခြင်းက သူမအတွက်တော့ အလွန်ပင် အဓိပ္ပာယ်ရှိလှသည်။ အတိတ်ဘဝတုန်းက သူမ အဘိုးအဘွားများ၊ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်၊ တတိယဦးလေးနှင့် တတိယအဒေါ်၊ ထို့အပြင် စူးကွေ့လန်တို့ မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်များတွင် ရှောင်းယန်ချီက သူမကို အရိုင်းအစိုင်းမ၊ မိန်းမကြမ်းကြီး စသည်ဖြင့် ပြောဆိုတတ်ပြီး ပညာတတ်အသိုင်းအဝိုင်းနှင့် မလိုက်ဖက်ဟု ပြောဆိုခဲ့ဖူးသည်။ ရှောင်းယန်ချီက သူမကို တစ်ကြိမ်တစ်ခါမျှ ကာကွယ်ပေးခဲ့ခြင်း မရှိသော်လည်း ကျိုးဝမ်ရှူကတော့ ရောက်ရောက်ချင်းမှာပင် သူမကို ကာကွယ်ပေးခဲ့သည်။
ကျိုးဝမ်ရှူကလည်း သူမ၏ အကြည့်အောက်တွင် အနေရခက်သလို ခံစားလိုက်ရသည်။
‘သူမ အန္တရာယ်အရှိဆုံးအချိန်မှာ သူ မရှိခဲ့ဘူးလေ... သူမက ဘာတွေကို ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ’
‘ဒီတောသူမလေးက တော်တော်လေးတော့ ပါးနပ်ပုံရပါရဲ့၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက် ရိုးအပြီး အူတူတူ ဖြစ်နေရတာလဲ။ တစ်စုံတစ်ယောက်က သူမအပေါ် နည်းနည်းလေး ကောင်းပြရုံနဲ့ နှလုံးသားတံခါးကို ချက်ချင်း ဖွင့်ပေးလိုက်တာလား’
‘သူမက ဒီလိုပုံစံဖြစ်နေလို့လည်း သူမရဲ့ သွေးရင်းသားရင်းတွေက သူမအပေါ် လှည့်စားပြီး ဉာဏ်ဆင်ဝံ့ကြတာ ဖြစ်လိမ့်မယ်။ ဒီလောက် ရိုးအလွန်းပြီး အနိုင်ကျင့်ရလွယ်ကူတဲ့ပုံ ပေါက်နေမှတော့ အလှည့်စားခံရပြီပေါ့’
"ကျွန်တော် ဆေးဆရာလင်းကို သွားရှာပြီး အစ်မကို စစ်ဆေးခိုင်းပေးမယ်"
"မလိုဘူး၊ ဒီလိုဆေးမျိုးက လူကို အားနည်းသွားစေရုံတင်ပဲ၊ အချိန်နည်းနည်းကြာသွားရင် အာနိသင်က ပြယ်သွားလိမ့်မယ်"
စူးယောင်ကွမ်းက ပြောလိုက်သည်။
"ငါ တစ်ရေးလောက် အိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်"
ကျိုးဝမ်ရှူကလည်း သူမ၏စကားများ မှန်ကန်ကြောင်း သိနေခဲ့သည်။ သူက ဤကဲ့သို့သော အရာမျိုးကို အကြိမ်ကြိမ် မြင်ဖူးခဲ့သည်။ အထူးသဖြင့် သူ ကျွန်ကုန်သည်၏လက်ထဲတွင် ရှိနေစဉ်က အကြိမ်ပေါင်းများစွာ ဆေးခတ်ခံခဲ့ရဖူးသည်။ ပထမပိုင်းတွင် ဆေးအာနိသင်က ရက်အနည်းငယ်ကြာအောင် ခံသော်လည်း အကြိမ်ကြိမ် ခံရဖူးပြီးနောက်တွင်တော့ ရှီးချန်တဝက်ခန့်ကြာလျှင် ဆေးရှိန် ပြယ်သွားတတ်သည်။ သို့သော်လည်း သူက မနိုးသေးသလို ဟန်ဆောင်ကာ ထွက်ပြေးရန် အခွင့်အရေးကိုသာ ရှာဖွေလေ့ရှိသည်။
အန္တရာယ်မှ လွတ်မြောက်သွားပြီးနောက် စူးယောင်ကွမ်းတစ်ယောက် အိပ်မောကျသွားခဲ့သည်။ သူမ အိပ်ပျော်နေစဉ်အတွင်း ကျိုးဝမ်ရှူက အိမ်သာကျင်းကို ရှင်းလင်းပေးကာ ဒေါနစိမ်းအချို့ကို မီးရှို့ပြီး ၎င်း၏ ရနံ့ဖြင့် ညစ်ညမ်းသောအနံ့ဆိုးများ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ပေးခဲ့သည်။ စူးယောင်ကွမ်း နိုးလာသည့်အချိန်တွင် ရိုးရှင်းသော အိမ်လေးက ယခင်ကထက် ပိုသန့်ရှင်းသပ်ရပ်နေပြီ ဖြစ်ပြီး ကျိုးဝမ်ရှူက အိမ်သာကျင်းကို သန့်ရှင်းရေး လုပ်ပေးထားခဲ့သည်။
အခြားတစ်ဖက်တွင်တော့ စူးကွေ့လန်နှင့် မုထုန်တို့ထံမှ အနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် ဒုတိယဦးလေးစူးနှင့် အဒေါ်စူးတို့က သူတို့ကို အိမ်ထဲသို့ အဝင်မခံကြချေ။
စူးကွေ့လန်က အလွန် နံစော်နေသဖြင့် မည်သူမျှ သူမအနားသို့ မကပ်ရဲကြချေ။
မုထုန်ကို ထမ်းခေါ်လာပြီးနောက် တစ်စုံတစ်ယောက်က သူ့၏နှာခေါင်းနှင့် နှုတ်ခမ်းကြားကို ဖိဆိတ်လိုက်သဖြင့် သူ နိုးလာခဲ့သည်။ ယခု သူက မြေပြင်ပေါ်တွင် ထိုင်ကာ ငိုယိုသောင်းကျန်းရင်း စားစရာ တောင်းနေလေသည်။
"အဖေ... အမေ... ကျွန်မနဲ့ မုထုန် ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အိမ်ပြန်ရမှာလဲ။ လူတွေက ဘာပြောကြမလဲ၊ ကျွန်မတို့ မျက်နှာ ဘယ်နား သွားထားရမှာလဲ"
စူးကွေ့လန်က မကျေမနပ်ဖြင့် ဒေါသတကြီး ပြောလိုက်သည်။
"နင်တို့ မျက်နှာ ဘယ်နားထားထား ငါ စိတ်မဝင်စားဘူး"
ဒုတိယအဒေါ်စူးကလည်း ချက်ချင်း ပြန်ပက်လိုက်သည်။
"နင်တို့ ဒီလောက် တော်နေရင်လည်း နင်တို့ကို ဒီလိုဖြစ်အောင်လုပ်တဲ့လူဆီ သွားပြီး စာရင်းရှင်းကြလေ၊ ဘာလို့ ငါတို့ဆီ လာပြီး ဒုက္ခပေးနေရတာလဲ။ အရင်တုန်းကကျတော့ အဲ့ဒီကောင်မလေးကို အပိုင်ကိုင်နိုင်ပါတယ်ဆိုပြီး လေလုံးထွားနေခဲ့ကြတာ မဟုတ်ဘူးလား။ အခုတော့ အဲ့ဒီကောင်မလေးကို ကိုင်ဖို့ နေနေသာသာ ငါတို့ဆီက ယူထားတဲ့ ကြေးပြားနှစ်ရာကို အရင်ဆုံး ပြန်ပေးဦး"
"ကျွန်မ သေချာပေါက် ပြန်ပေးမှာပါ။ အရင်ဆုံး ကျွန်မကိုယ်ပေါ်က အညစ်အကြေးတွေကို ဆေးကြောပါရစေဦး၊ ကျွန်မနဲ့ မုထုန်ဆီက အနံ့ဆိုးတွေ ပျောက်သွားမှပဲ နောက်ထပ် အစီအစဉ်ကို ဆက်တိုင်ပင်ကြတာပေါ့"
"သွားစမ်း... သွားစမ်း... ဒီနေ့တော့ နင်တို့ရဲ့ အစီအစဉ်တွေကို ငါတို့ မကြားချင်ဘူး"
ဒုတိယအဒေါ်စူးက သူမ၏ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း ပြောလိုက်သည်။
"ငါတို့အိမ်မှာ နင်တို့ကို အဝတ် လုံးဝ အလျှော်မခံနိုင်တာကို ထားလိုက်ဦး။ နင်တို့ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ဆေးကြောလို့ အရေပြားတွေ ကွာကျလာတာကို ထိုင်ကြည့်နေရရင်တောင် ငါတို့ ရွံရှာမိမှာ သေချာတယ်။ နင်တို့ ဗိုက်ထဲမှာ အဲ့ဒီစေးကပ်ပြီး ရွံစရာကောင်းတဲ့ အရာတွေ ပြည့်နေတာလေ၊ အွတ်... သွားကြစမ်း၊ နောက်နေ့ကျမှ ကြေးပြားနှစ်ရာ ပြန်လာပေး"
အဘွားစူးနှင့် အဘွားစူးတို့က ဘာမှ ဝင်မပြောသော်လည်း ဒုတိယအဒေါ်စူးထက်ပင် ပိုဝေးဝေးသို့ ဆုတ်ခွာသွားကြသည်။ သူတို့၏ အပြုအမူများက စကားလုံးများထက်ပင် ပိုသိသာနေခဲ့သည်။
စူးကွေ့လန်တစ်ယောက် ဒေါသအလိပ်လိုက် ထွက်နေသော်လည်း ဘာမှမတတ်နိုင်တော့ပေ။ သူမ မိဘအိမ်သို့လည်း ဝင်မရသလို သိက္ခာလည်း အကြီးအကျယ် ကျသွားခဲ့ရပြီး ရွာသို့ ခဏမျှ ပြန်မလာချင်တော့ပေ။
သို့သော်လည်း စူးယောင်ကွမ်းက သူမအပေါ် ပြစ်မှားစော်ကားလေလေ၊ သူမက ထိုကောင်မလေးကို သူမ၏ ချွေးမအဖြစ် ပိုလိုချင်လေလေ ဖြစ်လာခဲ့သည်။ တစ်နေ့နေ့ စူးယောင်ကွမ်းသာ မုထုန်၏လက်ထဲသို့ ရောက်လာခဲ့လျှင် သေတာထက် ပိုဆိုးသော ဝေဒနာမျိုး ခံစားရစေမည်ဟု ကြိမ်းဝါးနေမိသည်။
စူးကွေ့လန်က ဒေါသတကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။
သူမ မထွက်ခွာမီ မုထုန်ကို လှမ်းပြောလိုက်သည်။
"နင် အခုချက်ချင်း မလိုက်ခဲ့ရင် သုံးရက်တိတိ ထမင်းငတ်စေရမယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့် မုထုန်က ညစ်ပတ်ပေရေနေသော သူ၏ မျက်နှာကြီးကို ပင့်ကာ အမြန်ထရပ်လိုက်ပြီး ပူဆာနေပြန်သည်။
"အမေ... ကျွန်တော် အသားဟင်း စားချင်တယ်"
စူးကွေ့လန်တစ်ယောက် သူမ၏ မိုက်မဲလွန်းသော သားဖြစ်သူကို ယခင်ကထက် ပိုရွံရှာမိသွားသည်။
'သူသာ ထုံထုံထိုင်းထိုင်း ငတုံးတစ်ယောက် မဟုတ်ခဲ့ရင်... ငါက ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေရဦးမှာလဲ၊ ငါက သူ့အတွက်နဲ့ ဒီလောက်တောင် အရှက်ခွဲခံထားရတာလေ... သူကတော့ စားဖို့ သောက်ဖို့ပဲ တွေးနေတယ်'
'ငါ့ဘဝက ဘာလို့ ဒီလောက်တောင် သနားဖို့ကောင်းနေရတာလဲ...'