← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄ စာအုပ်သယ်တဲ့ ကောင်လေး

ကျုံးလန်ဟွာက စူးမိသားစု၏ ခြံဝင်းတံခါးဝမှ နေပြီး ဖြစ်ပျက်သမျှကို အကဲခတ်ကြည့်ရှုနေခဲ့သည်။ သူမ အိမ်ပြန်ရောက်သည့်အချိန်တွင် ကျန်းရိဟွမ်းအား ခပ်ရွဲ့ရွဲ့လေသံဖြင့် ပြန်ပြောပြ‌နေသည်။

"အဲ့ဒီ စူးယောင်ကွမ်းက တကယ်ကို ကံကောင်းတာပဲ"

ကျန်းရိဟွမ်းက ဟင်းသီးဟင်းရွက် သင်နေရင်း ပြန်ပြောလိုက်သည်။

"ဒါက ကံကောင်းတာသက်သက် မဟုတ်လောက်ဘူး ထင်တယ်"

"နင် ဘာကို ဆိုလိုတာလဲ"

ကျုံးလန်ဟွာက ထပ်မေးလိုက်သည်။

"သမီးလေး... နင် ပြောချင်တာက အဲ့ဒီမုထုန်က အိမ်သာကျင်းထဲကို သူ့ဘာသာသူ ပြုတ်ကျသွားတာ မဟုတ်ဘဲ စူးယောင်ကွမ်းက တမင်တကာ ကန်ချလိုက်တာလို့ ပြောချင်တာလား၊ မဖြစ်နိုင်တာ၊ သူ့မှာ ဒီလောက်အထိ ခွန်အား ရှိပါ့မလား"

ထိုအချိန်အထိ စကားတစ်ခွန်းမျှ မပြောဘဲ ငြိမ်နေခဲ့သည့် ရှောင်းယန်ချီက ဝင်ပြောလာခဲ့သည်။

"အဲ့ဒီနေ့က သူ တောဝက်ကို သတ်ခဲ့တဲ့ ပုံစံကို ကြည့်ရသလောက်တော့... ဒီမိန်းခလေးရဲ့ ခွန်အားက သာမန်အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ထက်တောင် ပိုသန်မာပုံရတယ်"

"မိန်းမပျိုလေးတစ်ယောက်က ဘာလို့ ဒီလောက် ခွန်အားကြီးနေရတာလဲ။ ကျန်းကျောက်တိရဲ့ ရိုင်းစိုင်းတဲ့ သမီးကတော့ သူမအမေအတိုင်းပဲ ကြမ်းတမ်းပြီး အရိုင်းအစိုင်းပဲ"

ကျုံးလန်ဟွာက ပြောရင်းနှင့် ကျန်းရိဟွမ်းကို ကျေနပ်အားရသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

"ငါတို့ ရိဟွမ်းနဲ့တော့ မတူဘူးပဲ၊ ငါတို့ ရိဟွမ်းက အရမ်း နူးညံ့ပြီး ကြင်နာတတ်တာလေ၊ ပုရွက်ဆိတ်တစ်ကောင်ကိုတောင် နင်းရဲမယ့်လူမျိုး မဟုတ်ဘူး"

"အမေကလည်း... ကိုယ့်သမီးကို ဒီလောက်တောင် ချီးမွမ်းနေရလား"

ကျန်းရိဟွမ်းက ရှက်သွေးဖြာဟန်လေးဖြင့် ပြန်ပြောလိုက်သည်။

"အစ်ကိုရှောင်း ကြားရင် သမီးကို ရယ်နေပါဦးမယ်"

ကျုံးလန်ဟွာက ရှောင်းယန်ချီဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ငါ့သမီးက မနူးညံ့ဘူးလို့ မင်း ပြောရဲလို့လား"

ရှောင်းယန်ချီက ကျန်းရိဟွမ်း၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း တည်တည်တံ့တံ့ ပြန်ပြောလိုက်သည်။

"မိန်းကလေးကျန်းက ကျွန်တော် ကြုံဖူးသမျှထဲမှာ အနူးညံ့ဆုံးနဲ့ အကြင်နာတတ်ဆုံး မိန်းကလေးပါ"

"ကြားတယ်မလား... အမေတစ်ယောက်တည်းက ချီးမွမ်းနေတာ မဟုတ်ဘူးနော်"

ထိုအချိန်တွင် လူတစ်ယောက်က ခြံဝင်းတံခါးမှ ဝင်လာခဲ့သည်။

ထိုလူက ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ခြံထဲရှိ ကြည်နူးစရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောကြောင့် မနာလိုသလို လေသံဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော် မရှိတဲ့အချိန်မှာ အားလုံးက မိသားစုတစ်စုလို ပိုဖြစ်နေပုံပဲ"

"ဟွေ့အာ... မင်း ဘာလို့ ပြန်လာတာလဲ၊ အခုလေးတင်ပဲ စာသင်ကျောင်းကို ပြန်သွားခဲ့တာ မဟုတ်ဘူးလား"

ကျုံးလန်ဟွာက အံ့ဩတကြီး မေးမြန်းနေရင်း သားဖြစ်သူကို ကြိုဆိုရန် သူ့အနားသို့ တိုးသွားလိုက်သည်။

"ဘာဖြစ်လို့လဲဟင်"

ကျန်းယီဟွေ့က ရှောင်းယန်ချီကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါနဲ့အတူ အခန်းထဲကို ခဏ လိုက်ခဲ့ဦး"

ရှောင်းယန်ချီက အလိုက်သင့် ပြန်ဖြေလိုက်သည်။

"နင် ဟွေ့အာကို ထပ်ပြီး စိတ်အနှောင့်အယှက် ပေးပြန်ပြီလား"

ကျုံးလန်ဟွာက ရှောင်းယန်ချီကို မျက်စောင်းထိုးရင်း ဆူပူလိုက်သည်။

"ငါ ပြောထားမယ်... ဟွေ့အာက ငါတို့အိမ်ရဲ့ အိမ်ထောင်ဦးစီးပဲ။ တကယ်လို့ သူက မင်းကို အိမ်မှာ ဆက်မထားချင်တော့ဘူးဆိုရင် ငါ မင်းကို ချက်ချင်း ပြန်ရောင်းပစ်မှာ။ ငါ့သားက တော်ဝင်စာမေးပွဲ ဖြေရဦးမှာ၊ တခြား ဘယ်အရာကြောင့်မှ စိတ်အာရုံ မပျံ့လွင့်စေရဘူး"

"အမေကလည်း... အခုကတည်းက ဒါတွေ ပြောဖို့ စောပါသေးတယ်။ အစ်ကိုက သူ့ကို တစ်ခုခု အရေးကြီးတာ တိုင်ပင်ချင်လို့ နေမှာပါ"

ကျန်းရိဟွမ်းက ဝင်ရောက် ဖျောင်းဖျပေးလိုက်သည်။

"ကျွန်တစ်ယောက်နဲ့ ဘာများ အရေးကြီးတာ တိုင်ပင်စရာ ရှိမှာတုန်းဟဲ့"

ကျုံးလန်ဟွာက အထင်သေးသလို ပြန်ပြောလိုက်၏။

ရှောင်းယန်ချီက မျက်လွှာချလိုက်ပြီး ကျန်းယီဟွေ့၏ စာကြည့်ခန်းထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့သည်။

ကျုံးလန်ဟွာကတော့ အတွင်းမှ အသံများကို ကြားနိုင်ရန် တံခါးဝတွင် နားရွက်ကပ်ကာ ချောင်းနားထောင်နေသည်။

ထိုအချိန်တွင် တံခါးပွင့်လာပြီး ကျန်းယီဟွေ့က တံခါးဝတွင် မတ်တတ်ရပ်နေခဲ့သည်။ သူက ကျုံးလန်ဟွာကို မကျေမနပ်ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

ကျုံးလန်ဟွာလည်း အပြစ်လုပ်ထားသလို ခံစားရသဖြင့် ကျန်းယီဟွေ့၏ အကြည့်အောက်တွင် လိပ်ပြာမလုံ ဖြစ်သွားရသည်။

"အမေက မင်း ရေဆာနေမလားလို့ လာမေးတာပါ။ လက်ဖက်ရည်လေး ဘာလေး သောက်ချင်လား"

"မသောက်တော့ဘူး၊ ကျွန်တော် စာသင်ကျောင်းကို အမြန်ပြန်သွားရမယ်"

ကျန်းယီဟွေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး ဆက်ပြောနေသည်။

"အမေ... ညီမလေးကို ခေါ်ပြီး အပြင်ဘက်ကို ခဏလောက် လမ်းလျှောက်ထွက်လိုက်ပါဦး"

"အေးပါ... အခုပဲ သွားလိုက်မယ်"

ကျုံးလန်ဟွာက သိပ်မဝေးသော နေရာတွင် ရှိနေသည့် ကျန်းရိဟွမ်းကို လှမ်းကြည့်လိုက်သည်။

ကျန်းရိဟွမ်းကလည်း သဘောပေါက်သွားသဖြင့် ကျုံးလန်ဟွာ၏ နောက်မှ လိုက်သွားကာ သားအမိနှစ်ယောက် ခြံဝင်းထဲမှ ထွက်ခွာသွားကြသည်။

ခဏမျှ ကြာပြီးနောက် ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ သားအမိနှစ်ယောက် ရွာထဲမှ အမျိုးသမီးများနှင့် အတင်းအဖျင်း ပြောဆိုကာ စကားကောင်းနေကြစဉ် ကျန်းယီဟွေ့က ရှောင်းယန်ချီကို ခေါ်ကာ အပြင်သို့ ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုသားအမိနှစ်ယောက်ကလည်း သူတို့ကို ကြိုဆိုရန် အပြေးအလွှား သွားလိုက်ကြသည်။

"အမေ... ညီမလေး၊ ကျွန်တော် ရှောင်းချီကို စာသင်ကျောင်းဆီ ခေါ်သွားတော့မယ်"

"သူ့ကို ဘာလို့ စာသင်ကျောင်းကို ခေါ်သွားရမှာလဲ"

ကျုံးလန်ဟွာက ပြန်မေးလိုက်သည်။

"ကျွန်တော့်မှာ စာအုပ်သယ်ပေးပြီး ဝေယျာဝစ္စလုပ်ပေးဖို့ ကောင်လေးတစ်ယောက် လိုနေလို့ပါ။ သူကလည်း စာနည်းနည်းပါးပါး တတ်တယ်ဆိုတော့ သူက အသင့်တော်ဆုံးပဲ"

ကျန်းယီဟွေ့က ဆက်ပြောလိုက်သည်။

"ကျွန်တော် အလျင်လိုနေလို့ အခုပဲ သွားတော့မယ်"

ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာလေးဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရှင် တကယ်ပဲ ကျွန်မအစ်ကိုနဲ့အတူ စာသင်ကျောင်းကို လိုက်သွားတော့မှာလား။ ဒါဆိုရင် ကျွန်မကရော..."

ရှောင်းယန်ချီ၏ နှလုံးသားလေး အရည်ပျော်ကျသွားပြီး သူမကို ညင်သာစွာ ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ကျွန်တော် အချိန်ရရင် ပြန်လာခဲ့ပါ့မယ်။ မင်းက ခန္ဓာကိုယ် အားနည်းတာမလား၊ အလုပ်ကြမ်းတွေနဲ့ ခက်ခဲတဲ့ အလုပ်တွေ ရှိရင် လူငှားပြီးပဲ လုပ်ခိုင်းလိုက်ပါ"

ကျန်းရိဟွမ်း : "..."

'ငါက ရူးနေလို့လား... အလုပ်မှန်သမျှကို ငါကိုယ်တိုင် လုပ်ရမှာပေါ့။ တခြားလူတွေက ငါ့ရဲ့ ကျွန်တွေမှ မဟုတ်တာ၊ ဘာလို့ ငါ့ကို အလကား ကူညီပေးရမှာလဲ။ ငါ့အိမ်က ကျွန်တစ်ယောက်အနေနဲ့ လုပ်ပေးရတာကမှ တရားတာ မဟုတ်ဘူးလား'

‘အခုတော့ သူက ငါ့အစ်ကိုနဲ့အတူ စာသင်ကျောင်းကို ထွက်ပြေးသွားပြီဆိုတော့ နောက်ဆို ငါ့ကပဲ သူ့ကို ကျွေးမွေးစောင့်ရှောက်ရတော့မှာလား’

‘အရင်တုန်းကလည်း အိမ်ရဲ့ အာဏာရှင်ဖြစ်တဲ့ အစ်ကိုအတွက် ပညာသင်စရိတ်ရဖို့ ငါ ပင်ပန်းဆင်းရဲခံပြီး လုပ်ကျွေးပြုစုခဲ့ရတယ်။ ငါကိုယ်တိုင် ရှာဖွေစုဆောင်းထားတဲ့ ငွေတွေကို တစ်ပြားမှ မသုံးရဘဲ သူ့ကိုချည်း ပုံအောပေးခဲ့ရတာ။ အခုတော့ အဲ့ဒီအာဏာရှင်ရဲ့ စာအုပ်သယ်ပေးရမယ့် အစေခံကောင်လေးကိုပါ ထပ်ပြီး လုပ်ကျွေးနေရဦးမှာလား’

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို ကြည့်ကာ လှမ်းပြောလိုက်သည်။

"အမေ... သမီးတို့ အိမ်ရဲ့ အခြေအနေနဲ့ဆိုရင် အစ်ကို့မှာ စာအုပ်သယ်ပေးမယ့် အဖော်ကောင်လေးတစ်ယောက် ထားဖို့ဆိုတာ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်ဘူးလား"

"အို... ရိဟွမ်းရယ်၊ ငါကတော့ ရှောင်းချီက ဟွေ့အာရဲ့ စာအုပ်သယ်ကောင်လေး ဖြစ်ဖို့ ပိုသင့်တော်တယ်လို့ ထင်တယ်။ စဉ်းစားကြည့်လေ... ဟွေ့အာအနေနဲ့ စာသင်ကျောင်းမှာ စာသင်ရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ၊ တကယ်လို့ သူ့မှာ ရေနွေးကြမ်း ငှဲ့ပေး၊ အဝတ်လျှော်ပေး၊ သန့်ရှင်းရေးလုပ်ပေးမယ့်လူ ရှိရင် သူ စာဖတ်ဖို့ အချိန်ပိုရတာပေါ့၊ ဒါဆိုရင် စာမေးပွဲအောင်ဖို့ အခွင့်အလမ်းကလည်း ပိုများလာမှာ သေချာတယ်။ နင်တို့ သားအမိနှစ်ယောက် ဒီလိုပဲ နှစ်အကြာကြီး ရုန်းကန်လာခဲ့တာပဲလေ၊ အိမ်မှာ အစေခံ မရှိရင်တောင် ရွာထဲက တခြားလူတွေထက်စာရင် အခြေအနေ ပိုကောင်းနေတာပဲလေ"

ရွာထဲမှ အမျိုးသမီးတစ်ယောက်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

ကျုံးလန်ဟွာတစ်ယောက် ကျွန်ဝယ်ပြီးကတည်းက တစ်နေ့ကုန် ရေခပ်ခိုင်း၊ ထင်းခုတ်ခိုင်း၊ ပေါင်းနုတ်ခိုင်းနှင့် တစ်နေ့လုံး စေခိုင်းနေခဲ့ပြီး သခင်မကြီးတစ်ယောက်လို အရှိန်အဝါ ထုတ်နေခဲ့ခြင်း ဖြစ်သည်။ သူမတို့အားလုံးက ရွာထဲက သက်တူရွယ်တူ အမျိုးသမီးများဖြစ်ကာ ကျုံးလန်ဟွာက ထိုသို့ သက်သောင့်သက်သာ နေနိုင်ပြီး သူမတို့က အဆုံးမရှိသော အိမ်မှုကိစ္စများ လုပ်နေရခြင်းကို သူမ မကျေနပ်နိုင်ဖြစ်ခဲ့ရသည်။

ထိုအတွေးဖြင့်ပင် စောစောက စကားပြောခဲ့သည့် အမျိုးသမီးက ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့ဘက်မှ ဆက်တိုက် ဝင်ပြောပေးနေခဲ့ရာ ကျုံးလန်ဟွာအနေဖြင့်လည်း ကျန်းယီဟွေ့အတွက် ထိုသို့သော စာအုပ်သယ်ကောင်လေး တကယ်လိုအပ်သည်ဟု ပိုယုံကြည်သွားတော့သည်။ သူမ၏အမြင်တွင် ရှောင်းယန်ချီ စာတတ်သည်က ကျန်းယီဟွေ့အတွက် များစွာ အထောက်အကူဖြစ်စေပြီး အိမ်မှာ ထားပြီး အိမ်အလုပ် ခိုင်းနေခြင်းထက် ပိုအသုံးဝင်သည်ဟု ထင်မြင်သွားတော့သည်။

ထို့အပြင် သူမက သားဖြစ်သူအပေါ်တွင် မျှော်လင့်ချက်များစွာ ထားရှိပြီး သူမ၏သား တော်ဝင်စာမေးပွဲ အောင်မြင်ကာ ဘွဲ့ထူးဂုဏ်ထူး ရရှိသည်နှင့် ရိုင်းစိုင်းပြီး အသုံးမကျသော ကျန်းကျောက်တိထက် သာလွန်သွားတော့မည်ဟု တွေးတောနေခဲ့သည်။

"ရှောင်းချီ... မင်း ဟွေ့အာကို သေချာ ပြုစုစောင့်ရှောက်ရမယ်နော်"

ကျုံးလန်ဟွာက မှာတမ်းခြွေလိုက်သည်။

"တကယ်လို့ မင်း ဟွေ့အာကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရဲရင် မင်းကို ပြန်ရောင်းပစ်မယ်"

ရှောင်းယန်ချီက ပြန်ဖြေလိုက်၏။

"စိတ်ချပါ သခင်မကြီး၊ ကျွန်တော် သခင်လေးကို သေချာ ပြုစုစောင့်ရှောက်ပါ့မယ်"

ကျန်းရိဟွမ်းကတော့ ရှောင်းယန်ချီ ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ကာ တွန့်ဆုတ် နှမြောတသ ဖြစ်နေရှာသည်။

ရှောင်းယန်ချီ နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းရိဟွမ်းက ငိုတော့မည့်အတိုင်း မျက်ဝန်းအိမ်ရဲရဲလေးများဖြင့် သူ့ဘက်သို့ စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူ ရင်ထဲ၌ နာကျင်သွားရပြီး အခုချက်ချင်း နောက်ပြန်ပြေးသွားကာ သူမကို ထားမသွားတော့ပါဟု ပြောပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာရသည်။ သို့သော် သူ မလုပ်နိုင်ခဲ့ချေ။ ဤအရာက သူ အသည်းအသန် တိုက်ယူခဲ့ရသည့် အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။

သူက ဤဆင်းရဲမွဲတေသည့် ရွာလေးထဲတွင် ဆက်မနေချင်တော့ပေ။ နေ့တိုင်း အိပ်ရာ နိုးလာသည်နှင့် ကုန်ဆုံးနိုင်ခြင်းမရှိသော အိမ်မှုကိစ္စများကို လုပ်ကိုင်ရင်း တစ်ချိန်က စောင်းတီးပြီး စာလုံးအလှရေးခဲ့ဖူးသည့် သူ၏လက်အစုံက ပိုကြမ်းတမ်းလာခဲ့ရသည်။ သူ ဤရွာလေးမှ ထွက်ခွာသွားပြီး နေရောင်ခြည်အောက်တွင် တစ်ဖန်ပြန် ပေါ်ထွက်လာချင်မိသည်။

သူ သန်မာပြီး အဆင်ပြေလာသည့် အချိန်ကျမှသာ သူ ကာကွယ်စောင့်ရှောက်ချင်သည့် လူများကို စောင့်ရှောက်နိုင်ပေလိမ့်မည်။

ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့၏ ရုပ်သွင်က လုံးဝ ကွယ်ပျောက်သွားခဲ့ချေပြီ။

ကျန်းရိဟွမ်းက ပြောလိုက်သည်။

"အမေ... အခုကစပြီး သမီးတို့ဘာသာပဲ ရေခပ်၊ ထင်းခွေ၊ ဟင်းသီးဟင်းရွက်တွေ ရှာရတော့မယ် ထင်တယ်"

ကျုံးလန်ဟွာ : "..."

ယခင်က သူမ ဤအိမ်အလုပ်များကို လုပ်ခဲ့စဉ်က ဘာမှ မဖြစ်ဟု ထင်ခဲ့သော်လည်း မကြာသေးမီက အိမ်အလုပ်အားလုံးကို ရှောင်းယန်ချီက လွှဲပြောင်းလုပ်ကိုင်ပေးခဲ့သဖြင့် သူမအနေဖြင့် အလုပ်ကြမ်းများကို မလုပ်ရသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ထိုအလုပ်များကို ပြန်လုပ်ရန် ပြောလာသည့်အခါတွင်တော့ လုံးဝကို မလုပ်ချင်တော့ချေ။

သို့သော် အိမ်တွင် အမျိုးသမီး နှစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် သူမ မလုပ်လျှင် ကျန်းရိဟွမ်းက လုပ်ရပေလိမ့်မည်။ သူမက ကျန်းရိဟွမ်းကို အိမ်ကောင်းတစ်အိမ်သို့ လက်ထပ်ပေးရန် မျှော်လင့်ထားသဖြင့် သူမ၏လက်အစုံကို ကြမ်းတမ်းသွားခွင့် မပြုနိုင်ပေ။ ထို့ကြောင့် ဤအိမ်မှုကိစ္စများက နောက်ဆုံးတွင် သူမအပေါ်သို့သာ ကျရောက်လာတော့သည်။

ကျုံးလန်ဟွာတစ်ယောက် ရုတ်တရက် နောင်တရသွားမိသည်။

သို့သော် ယခုအချိန်တွင် နောင်တရရန် အချိန်နှောင်းသွားခဲ့ချေပြီ။

All Chapters