← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅ ငွေရှာခြင်း

အဖွားစူးက စူးကွေ့လန်အတွက် စရံငွေ ကြေးပြားတစ်ရာ ပေးထားခဲ့ရသည်။ ထိုငွေကို စူးကွေ့လန်က စူးယောင်ကွမ်း၏အိမ်ရှိ အိမ်သာကျင်းကို အပြည့်ဖြည့်ပေးမှသာ ပြန်အမ်းမည် ဖြစ်သည်။

သို့သော် စူးကွေ့လန်တစ်ယောက် ရေလာခပ်ခြင်းပင် မရှိဘဲ ပျောက်ချက်သားကောင်းနေသည်မှာ ရက်အတန်ကြာသွားခဲ့ချေပြီ။ အဘွားစူးလည်း တဖြည်းဖြည်း ပူပန်လာသဖြင့် စူးကွေ့လန်၏ ယောက္ခမအိမ်သို့ သွားရှာရတော့သည်။ သူမက နေမကောင်းဟု အကြောင်းပြကာ အပြင်ထွက်သွားကြောင်းနှင့် လာမည့်ရက်အနည်းငယ်အထိ ပြန်လာမည်မဟုတ်ကြောင်း သိလိုက်ရသည်။

အဘွားစူးကိုယ်တိုင်ကလည်း ကောက်ကျစ်တတ်သူပီပီ စူးကွေ့လန်၏ ရည်ရွယ်ချက်ကို အကွက်စေ့စေ့ သဘောပေါက်နိုင်ခဲ့သည်။ သမီးဖြစ်သူကို ရှာမတွေ့သလို သူမ၏ ကြေးပြားတစ်ရာကိုလည်း အမြန်ဆုံး ပြန်လိုချင်နေသဖြင့် အဘွားစူးတစ်ယောက် အဘိုးစူးနှင့် ဒုတိယဦးလေးစူးတို့ကိုသာ စူးယောင်ကွမ်း၏ အိမ်သာကျင်းအား သွားရောက်ဖြည့်ပေးရန် တိုက်တွန်းရတော့သည်။ အမှန်ဆိုလျှင် သူမအနေဖြင့် စူးယောင်ကွမ်းကို ငွေပြန်ပေးရန် အမိန့်ပေး၍လည်း ရနိုင်ပေသည်။ သို့သော်လည်း စူးယောင်ကွမ်းက တဖြည်းဖြည်းနှင့် ကိုင်တွယ်ရ ခက်ခဲလာခဲ့သည်။ အဘွားစူးက သူမကို အနည်းငယ်မျှ ခြိမ်းခြောက်လိုက်သည်နှင့် သူမက အမေဖြစ်သူ မရှိခိုက်တွင် အဖွားအရင်းက တမင်တကာ နှိပ်စက်ညှဉ်းပန်းနေပါသည်ဟု ကလေးကလားဆန်စွာ သောင်းကျန်းပစ်တတ်သောကြောင့်ပင်။

လျှံထွက်လုနီးပါး ဖြစ်နေသော အိမ်သာကျင်းကို ကြည့်ရင်း စူးယောင်ကွမ်းက ပြုံးလိုက်ကာ အဘွားစူးထံသို့ ကြေးပြားတစ်ရာ ပြန်အပ်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အဖွားက ဒေါ်လေးအပေါ် တကယ်ကောင်းတာပဲနော်။ နောက်တစ်ခါ ဝမ်းကွဲမုထုန်က ကျွန်မတို့အိမ်က အိမ်သာကျင်းထဲကို ထပ်ခုန်ချချင်တယ်ဆိုရင်တော့ အဖွားနဲ့အဖိုးရဲ့ မျက်နှာကို ထောက်ထားပြီး ပိုက်ဆံမယူတော့ပါဘူး"

အဘွားစူးက စူးယောင်ကွမ်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမ တစ်ခုခု ပြန်ပြောချင်နေသော်လည်း ခြံဝင်းထဲတွင် ကျိုးဝမ်ရှူ ဓားသွေးနေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက်ဆိုသလို လည်ပင်းနားတဝိုက် အေးစိမ့်သွားရပြီး ခြေလှမ်းမှားမတတ် ခပ်သုတ်သုတ် ထွက်ပြေးသွားသည်။

အဘိုးစူးနှင့် ဒုတိယဦးလေးစူးတို့ကလည်း တစ်ယောက်လျှင် ရေပုံးငါးပုံးစီ သယ်ထားရသဖြင့် ပင်ပန်းနေရုံသာမက တစ်ကိုယ်လုံးလည်း အနံ့အသက်မကောင်း ဖြစ်နေကြချေပြီ။ ထို့ကြောင့် စူးယောင်ကွမ်းနှင့် ဖက်ပြိုင်ငြင်းခုံချင်စိတ် လုံးဝမရှိတော့ဘဲ အိမ်သို့ အမြန်ပြန်ကာ အနားယူရန်သာ တွေးနေကြသည်။

ဤဖြစ်ရပ်အပြီးတွင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ရက်အနည်းငယ်ခန့် အေးအေးချမ်းချမ်း ဖြတ်သန်းခွင့် ရခဲ့ကြသည်။ ထိုအေးချမ်းသာယာသည့် ရက်အနည်းငယ်ကို အခွင့်ကောင်းယူ၍ သူတို့နှစ်ယောက် မျက်နှာလိမ်းအလှဆီများနှင့် အခြားအရာအချို့ကို လုပ်လိုက်ကြသည်။

ဈေးနေ့သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာချိန်တွင်တော့ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ခေါ်ပြီး မြို့ပေါ်သို့ တက်လာခဲ့ကြသည်။

ကျိုးဝမ်ရှူက ခြင်းတောင်းတစ်လုံးကို ကျောပိုးထားပြီး ထိုခြင်းတောင်းအပေါ်တွင် တောထဲမှ ခူးလာသော မှိုရိုင်းလေးများ ဖုံးအုပ်ထားခဲ့သည်။

သူမတို့နှစ်ယောက် နွားလှည်းစီးလာကြစဉ် လှည်းပေါ်တွင် ရွာသူရွာသား အများအပြား လိုက်ပါလာခဲ့ကြသည်။ ထိုလူများက စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ဘာသယ်လာသည်ကို စိတ်ဝင်တစား ရှိနေကြပြီး စကားပြောရင်းနှင့် ခြင်းတောင်းကို လှမ်းဖွင့် ကြည့်ရန် ကြိုးစားကြသော်လည်း ကျိုးဝမ်ရှူက တားဆီးလိုက်သည်။

"အဒေါ်... ဒါတွေက လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ တောမှိုတွေပါ။ မြို့ထဲကို သွားရောင်းမလို့လေ၊ တစ်ပွင့်ကို ကြေးပြားတစ်ပြားနဲ့ ရောင်းမလို့။ တကယ်လို့ အဒေါ် ဝယ်ချင်တယ်ဆိုရင်တော့ ဈေးလျှော့ပေးပါ့မယ်၊ နှစ်ပွင့်ကို ကြေးပြားတစ်ပြားပဲ ပေးပါ"

ကျိုးဝမ်ရှူက သူ့လက်ဖဝါးကို ဖြန့်ပြကာ မျက်နှာချင်းဆိုင်မှ အဒေါ်ကြီးကို မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်သည်။

ထိုအဒေါ်ကြီး၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပျက်ယွင်းသွားတော့သည်။

"ဒီလိုအရာမျိုးက နေရာတကာမှာ ရှိနေတာလေ၊ နင်က ပိုက်ဆံတောင်းနေသေးတယ် ဟုတ်လား။ နင်တို့တွေ ပိုက်ဆံရဖို့ ရူးသွပ်နေကြတာလား"

"အဒေါ်ကြီးကလည်း အဲ့လိုတော့ မပြောပါနဲ့။ ဒီတောမှိုတွေက တကယ်စားလို့ကောင်းတာပါ၊ ကျွန်တော်တို့ဆို သုံးလေးရက်ဆက်တိုက် စားနေတာတောင် မရိုးသွားဘူး"

ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။

"အိမ်မှာ စားလို့ မကုန်တာနဲ့ မြို့ထဲယူလာပြီး ရောင်းမလို့ပါ။ အခု အိမ်မှာ ပြောင်းဆန်မှုန့်တောင် ကုန်နေပြီဆိုတော့ မှိုရောင်းရတဲ့ပိုက်ဆံနဲ့ ပြောင်းဆန်မှုန့်ဝယ်ပြီး အမေပြန်လာတဲ့အထိ တောင့်ခံထားရမှာ"

"နင်တို့အိမ်ခြေအနေက ဒီလောက်တောင် ခက်ခဲနေတာလား"

ထိုအဒေါ်ကြီးက ဆက်ပြောလာပြန်သည်။

"ယောင်ကွမ်းရယ်... တောမှိုဆိုတာက တန်ဖိုးရှိတာမဟုတ်ဘူးလေ။ နင် ဒီလိုလုပ်နေမယ့်အစား နင့်အမေဆီကနေ လက်သည်အတတ်ပညာ သင်လိုက်တာကမှ ပိုကောင်းဦးမယ်"

"မိန်းမပျိုလေးတစ်ယောက်က ဘာလို့ လက်သည်ပညာကို သင်ရမှာလဲ"

ဘေးနားက သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးက ကြားဖြတ်ဝင်ပြောလိုက်သည်။

"သူက အိမ်ထောင်မပြုချင်တော့ဘူးလား"

"အခု သူ့မှာ ယောက်ျားငယ်လေးတစ်ယောက် ရှိနေပြီပဲ၊ သူ နည်းနည်းကြီးလာရင် အိမ်ထောင်ပြုဖို့ စောင့်နေရုံပဲလေ။ ဟေ့.... ယောင်ကွမ်းရဲ့ ယောက်ျားလေး... ငါ ပြောတာ ဟုတ်တယ်မလား။ ယောင်ကွမ်း မင်းကို ဝယ်တုန်းက ကြေးပြားဆယ်ပြားပဲ ပေးခဲ့ရတယ်ဆိုပေမယ့် မင်းက ယောက်ျားလေးတစ်ယောက်ပဲလေ၊ စားဖို့သောက်ဖို့ လိုတာပေါ့။ အခု သူတို့ မိသားစုက မင်းကို ကျွေးမွေးဖို့တောင် မတတ်နိုင်တော့ဘူး မဟုတ်လား"

"ကျွန်တော် အများကြီးမစားပါဘူး၊ ကျွေးရတာ အရမ်းလွယ်ပါတယ်"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ကြည့်ကာ လှမ်းပြောလိုက်သည်။

"ယောင်ကွမ်း... ကျွန်တော့်ကို မရောင်းပစ်ပါနဲ့နော်။ ကျွန်တော် အိမ်အလုပ်တွေ ကူလုပ်ပေးနိုင်ပါတယ်"

စူးယောင်ကွမ်းက သူ့ခေါင်းကို အသာပုတ်ပေးရင်း ပြန်ပြောလိုက်၏။

"မကြောက်ပါနဲ့၊ ငါ နင့်ကို မရောင်းပါဘူး။ နင်ကိုယ်တိုင် မထွက်သွားချင်သရွေ့ ငါ နင့်ကို မောင်းမထုတ်ဘူး"

နွားလှည်းပေါ်ရှိ အသက်အရွယ်စုံ အမျိုးသမီးများအားလုံး ဆွံ့အသွားရသည်။

‘ဒီငယ်ရွယ်တဲ့ ခင်ပွန်းလေးက တကယ်ကို ချောမောပြီး သူ့ရဲ့ ကောင်းမွန်တဲ့ ရုပ်ရည်အပြင် ချိုသာတဲ့ အပြောအဆိုတဲ့ လူတွေကို ဘယ်လို ချော့မြူရမလဲဆိုတာလည်း ကျွမ်းကျင်ပေမယ့်...

သူက ရှောင်းယန်ချီလောက်တော့ အသုံးမကျဘူးပဲ'

နွားလှည်းရပ်ပြီးနောက် စူးယောင်ကွမ်းက အရင်ဆုံး ဆင်းလိုက်ပြီး သူမ၏ခြင်းတောင်းကို ချရန် နောက်သို့ အလှည့်တွင် ကျိုးဝမ်ရှူက ခြင်းတောင်းကို အောက်သို့ သယ်ချပေးပြီးသား ဖြစ်နေခဲ့သည်။

သူတို့နှစ်ဦးက အလှကုန်ဆိုင်သို့ အရင်ဆုံး သွားကြပြီး သူမ အသစ်လုပ်ထားသော မျက်နှာလိမ်းအလှဆီကို ဆိုင်ရှင် အမျိုးသမီးအား စမ်းသုံးကြည့်ရန် ထုတ်ပေးလိုက်ကာ ဤပစ္စည်းများ၏ ကောင်းကျိုးများကို ရှင်းပြလိုက်သည်။

ဆိုင်ရှင်က နားထောင်ပြီးနောက် ခပ်ပေါ့ပေါ့ ပြန်မေးလိုက်သည်။

"ဒါကို ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲ"

"ဒီပုလင်းအသေးက ကြေးပြားငါးရာ၊ ပုလင်းအလတ်က ငွေတစ်လျန်၊ ပြီးတော့ ဒီအကြီးဆုံးပုလင်းကတော့ ငွေနှစ်လျန်ပါ"

စူးယောင်ကွမ်းက ဈေးနှုန်းများကို မိတ်ဆက်ပေးလိုက်သည်။

ဆိုင်ရှင်က သူမ၏လက်ဖမိုးပေါ်တွင် အလှဆီအနည်းငယ် သုတ်လိမ်းကာ ဖြန့်ကြည့်ပြီး အနံ့ခံလိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့ကာ လှောင်ပြောင်သည့်အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ငါတို့ဆိုင်မှာ ရောင်းတဲ့ မျက်နှာချေနဲ့ ပါးနီမှုန့်တွေမှန်သမျှကို အဆင့်မြင့်ဆုံးဖြစ်အောင် ကျွမ်းကျင်တဲ့ လက်မူပညာရှင်တွေနဲ့ သေသေချာချာ လုပ်ထားတာ။ နင့်ပုံစံကို ကြည့်ရတာ မျက်နှာချေနဲ့ ပါးနီမှုန့်ကိုတောင် သုံးဖူးပုံမရဘူး။ ငါတို့ဆိုင်က ဒီမြို့မှာ အကောင်းဆုံးနဲ့ အကြီးဆုံးဆိုင်ပဲ၊ ငါတို့ပစ္စည်းတွေက မဈေးပေါဘူး၊ လာတဲ့ ဖောက်သည်တွေကလည်း ချမ်းသာတဲ့လူတွေချည်းပဲ။ နင့်အဝတ်အစားကို ကြည့်ရုံနဲ့တင် ငါတို့ဆိုင်က ပစ္စည်းတွေကို တစ်ခါမှ မြင်ဖူးမှာ မဟုတ်မှန်း သိသာနေတယ်။ နင်တို့ဘာသာ လုပ်ထားတဲ့ပစ္စည်းကို နင်တို့ သုံးရဲရင်သုံး၊ ငါကတော့ ငါ့ရဲ့ဖောက်သည်တွေကို လုံးဝမပေးရဲဘူး။ ဒါကို ယူပြီး ထွက်သွားတော့၊ ငါ့ဆိုင်က ဧည့်သည်တွေကို လာမနှောင့်ယှက်နဲ့"

"ဆိုင်ရှင်... တကယ်ပဲ စမ်းမသုံးကြည့်ချင်ဘူးလား"

စူးယောင်ကွမ်းက မေးလိုက်သည်။

"ဒါကို ယူပြီး ထွက်သွားတော့၊ ငါ့ဆိုင်က ဧည့်သည်တွေကို လာမနှောင့်ယှက်နဲ့"

စူးယောင်ကွမ်းက ဆိုင်ရှင်၏လက်ထဲမှ မျက်နှာချေမှုန် နမူနာပုလင်းကို ပြန်ယူကာ ခြင်းတောင်းထဲသို့ ထည့်လိုက်ပြီးနောက် ထိုဆိုင်ထဲမှ ထွက်လာခဲ့သည်။

သူမက ဆိုင်အပြင်ဘက် အမိုးအောက်တွင် စိတ်ပျက်လက်ပျက် ရပ်နေရင်း ဘေးနားရှိ ကျိုးဝမ်ရှူကို ပြောလိုက်၏။

"ဒီမြို့ထဲမှာ ပစ္စည်းကောင်းကို ခွဲခြားမသိတတ်တဲ့ အလှကုန်ဆိုင်ရှင်တွေပဲ ရှိနေမယ်လို့ ငါတော့ မယုံဘူး"

သို့သော်လည်း လက်တွေ့တွင် တကယ်ပင် ထိုသို့သော ဆိုင်ရှင်မျိုး မရှိခဲ့ပေ။

သူတို့နှစ်ဦး ဆိုင်ကြီးဆိုင်ငယ်မကျန် အလှကုန်ဆိုင် ငါးဆိုင်၊ ခြောက်ဆိုင်ခန့်အထိ လှည့်ပတ်သွားခဲ့ကြသော်လည်း သူမ၏ကုန်ပစ္စည်းကို ဝယ်ယူရန် သဘောတူသည့် ဆိုင်တစ်ဆိုင်မျှ မရှိခဲ့ချေ။

ထို့ကြောင့် သူမ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။

"ဝမ်ရှူ... ငါ ရောင်းတဲ့ဈေးက အရမ်းများသွားလို့လား"

"မဟုတ်ပါဘူး"

ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။

"သူတို့ မျက်စိမွဲနေကြလို့ပါ"

"နင် ပြောတာ မှန်တယ်"

စူးယောင်ကွမ်းက ထောက်ခံလိုက်သည်။

"ဝမ်ရှူ... ဘယ်သူမှ ငါတို့ပစ္စည်းကို မဝယ်ကြဘူးဆိုတော့ အခု ငါတို့ရှေ့မှာ လမ်းနှစ်လမ်းပဲ ရှိတော့တယ်။ တစ်လမ်းကတော့ အိမ်ကိုပဲ ကုပ်ကုပ်လေး ပြန်သွားပြီး နောက်နေ့ကျမှ မြို့ထဲမှာ အဝတ်လျှော်တဲ့အလုပ် ရှာရမယ်၊ အဝတ်တစ်ထည် လျှော်ရင် ကြေးပြားတစ်ပြား ရတာမျိုးပေါ့။ နောက်တစ်လမ်းကတော့ ဒီပစ္စည်းတွေကို ငါတို့ဘာသာ တိုက်ရိုက်ရောင်းတာပဲ"

"ဒါပေါ့၊ ဒုတိယလမ်းကိုပဲ ရွေးရမှာပေါ့"

"နင်က ဒုတိယလမ်းကို ရွေးသင့်တယ်လို့ ထင်နေတာလား"

စူးယောင်ကွမ်းက အနည်းငယ် ဝေခွဲမရဖြစ်နေပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ ငါ့ကိုယ်ငါ သိပ်ယုံကြည်ချက်မရှိဘူး"

"ခင်ဗျား ဒီမျက်နှာချေမှုန့်တွေကို လုပ်နေတုန်းက ခင်ဗျားမျက်နှာမှာ အလင်းရောင်တွေ တောက်ပနေခဲ့တာလေ။ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ချက်ရှိနေသရွေ့ ဘာမဆို လုပ်နိုင်မှာပါ"

"နင်က ငါ့ကို ထောက်ခံတယ်ပေါ့"

"ဒါပေါ့"

"ဒါဆို ခဏနေရင် ငါ့ကို ကူညီပေးရမယ်နော်။ နင် ကူညီမယ် မဟုတ်လား"

ကျိုးဝမ်ရှူတစ်ယောက် တိတ်ဆိတ်သွားရသည်။

ဘာကြောင့်မှန်းမသိဘဲ သူ့ရှေ့တွင် ထောင်ချောက်တစ်ခု စောင့်ကြိုနေသို သူ ခံစားလိုက်ရသည်။

သူက သူ့ရှေ့မှ မိန်းကလေးကို စိုက်ကြည့်နေပြန်သည်။

ခုနကတင် စိတ်ပျက် အားငယ်နေသည့် မိန်းကလေးက ယခုအချိန်တွင် သူမ၏ တောက်ပသောမျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ကို စိုက်ကြည့်ရင်း သူ ခေါင်းညိတ်ပြမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

သူမ၏ တောင်းဆိုမှုကို ငြင်းပယ်ရန် မတတ်နိုင်သဖြင့် သူ ခေါင်းညိတ်ပြရုံမှတစ်ပါး အခြားရွေးချယ်ခွင့် မရှိတော့ပေ။

"ကောင်းပြီလေ"

"ငါနဲ့ လိုက်ခဲ့"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ဆွဲခေါ်ကာ လမ်းတစ်ဖက်ရှိ အဝတ်အထည်ဆိုင်ထဲသို့ ဝင်လာခဲ့ကြသည်။

ချွမ်းအော်က ကောင်တာပေါ်တွင် မှေးစက်အိပ်နေပြီး ခြေသံများကြောင့် လန့်နိုးလာခဲ့သည်။ သူမ ချက်ချင်း ထရပ်လိုက်ပြီး မျက်နှာတွင် အပြုံးတစ်ခုကို အဆင်သင့် တပ်ဆင်လိုက်ကာ အိပ်ချင်မူးတူးဖြင့် နှုတ်ဆက်လိုက်သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ဘာများ အလိုရှိပါသလဲရှင်။ ကျွန်မတို့ဆိုင်မှာ အဝတ်အစားမျိုးစုံ ရှိပါတယ်။ အတွင်းဝတ်တွေ ကြည့်ချင်တာလား၊ အပြင်ဝတ်တွေ ကြည့်ချင်တာလားရှင့်"

အဝတ်အထည်ဆိုင်၏ အရောင်းအဝယ်က သိပ်မကောင်းလှပေ။ မကြာသေးမီက မြို့ထဲတွင် အဝတ်အထည်ဆိုင်ကြီး အသစ်တစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုဆိုင်က ခေတ်အမီဆုံး အင်္ကျီပုံစံများကိုသာ ရောင်းချသဖြင့် အခြားအဝတ်အထည်ဆိုင်များ၏ အရောင်းအဝယ်ကို လုယူသွားခဲ့သည်။ အဝတ်အထည်ဆိုင် ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သူ ချွမ်းအော်သည်လည်း ဤလှိုင်းလုံးကြီး၏ ဒဏ်ကို ခံစားနေခဲ့ရသည်။

All Chapters