← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်း

စူးယောင်ကွမ်းက အဝတ်အထည်ဆိုင်ရှိ အင်္ကျီပုံစံများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ဆိုင် အရောင်းအဝယ်အေးနေရသည့် အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။

ဤအဝတ်အစားများက ဆယ်စုနှစ်တစ်ခုစာမျှ ပြောင်းလဲခြင်းမရှိဘဲ တစ်သမတ်တည်း ဖြစ်နေခဲ့သည်။ အကယ်၍ နှိုင်းယှဉ်စရာ အခြားပုံစံအသစ်များသာ မရှိခဲ့လျှင် လူများက ဤအဝတ်များကိုသာ ဝယ်ဝတ်ကြမည်မှာ အမှန်ပင်။ သို့သော် မြို့ကြီးပြကြီးများမှ ရေပန်းစားနေသော ချုပ်ပုံအသစ်များ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဤပုံစံအဟောင်းများကလည်း ခေတ်နောက်ကျသွားရတော့သည်။

ဥပမာအားဖြင့် မြို့တော်တွင် မနှစ်က ရေပန်းစားခဲ့သော ပုံစံများက ယခုနှစ်တွင် ခေတ်နောက်ကျသွားပြီ ဖြစ်ကာ အမျိုးသမီးများက နောက်ဆုံးပေါ် ပုံစံများကိုသာ အလုအယက် ဝတ်ဆင်လေ့ရှိကြသည်။

ဤကဲ့သို့သော မြို့ငယ်လေးများတွင် ထိုမျှအထိ ဝယ်လိုအား မကောင်းနိုင်ချေ။ လူအများစုက အခြေခံစားဝတ်နေရေးကိုပင် မနည်းရုန်းကန်နေရသဖြင့် နှစ်တိုင်းပုံစံအသစ်များကို ဝယ်ယူရန် မတတ်နိုင်ကြပေ။

သို့သော်လည်း ဈေးနှုန်းတူတူဖြင့် ပိုလှပသောအဝတ်အစားများကို ဝယ်ယူနိုင်မည်ဆိုပါက ပိုလှပသောအရာအတွက်သာ ထိုငွေကို သုံးစွဲရန် သေချာပေါက် ဆန္ဒရှိကြပေလိမ့်မည်။ ဤကျေးလက်တောရွာဆန်သည့် အမျိုးသမီးဝတ် အဝတ်အစားများက မည်သို့မျှ ဆွဲဆောင်မှုရှိနေမည် မဟုတ်ပေ။

စူးယောင်ကွမ်း၏ ယခင်ဘဝတွင် ရှောင်းယန်ချီက နန်းတွင်းစာမေးပွဲတွင် ပထမရကာ ကျင့်ရှီအဖြစ် အောင်မြင်ခဲ့သော်လည်း မှူးမတ်ကတော်တစ်ဦးထံမှ သမီးဖြစ်သူနှင့် လက်ထပ်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သောကြောင့် သူ၏အရာရှိဘဝခရီးလမ်းက မချောမွေ့ခဲ့ဘဲ လစဉ်လစာကလည်း အလွန်နည်းပါးခဲ့သည်။ သူ လူအများ၏ ငြိုငြင်မှုကို ခံခဲ့ရပြီး အခြားအရာရှိကတော်များကလည်း သူမ အခက်တွေ့အောင် လုပ်ခဲ့ကြသည်။ သူတို့က သူမထံသို့ ဖိတ်စာများ အမြဲပေးပို့တတ်ပြီး ထိုဖိတ်ကြားမှုနောက်ကွယ်တွင် သူမက ကျေးလက်တောရွာမှ လာသူဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် နှိမ့်ချဆက်ဆံကြသည်။ အရာရှိကတော်များက သူမ၏ ဆင်းရဲမွဲတေမှုကို ခြေဆုံးခေါင်းဆုံး လှောင်ပြောင် သရော်ခြင်းဖြင့် သူမကို နည်းလမ်းမျိုးစုံ သုံးကာ နှိမ့်ချခဲ့ကြသည်။

နောက်ပိုင်းတွင် စူးယောင်ကွမ်းက အဝတ်အစားများကို အသက်သာဆုံးဈေးဖြင့် မည်သို့ဝယ်ယူရမည်ကို လေ့လာခဲ့ပြီးနောက် သူမဘာသာ စိတ်ကြိုက် တွဲဖက်ဝတ်ဆင်ကာ တန်ဆာဆင်ခဲ့ပြီး ပွဲလမ်းသဘင်တိုင်းတွင် အားလုံး၏ အာရုံစိုက်မှုကို အခံရဆုံးသူ ဖြစ်လာခဲ့သည်။

စူးယောင်ကွမ်းက ဆိုင်ရှင်မလေးကို အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"ဆိုင်ရှင်သူဌေး... ကျွန်မက ကျွန်မဘာသာ အဝတ်အစားတစ်စုံလောက် ရွေးပြီး တွဲဖက်ဝတ်ဆင်ကြည့်ချင်လို့ပါ။ အားလုံးပြီးသွားမှ ကျွန်မတို့ ဈေးနှုန်းကို ဆွေးနွေးကြတာပေါ့၊ ဘယ်လိုလဲ"

ချွမ်းအော်ကလည်း အရောင်းအဝယ်ဖြစ်မြောက်ရန်သာ စိတ်ဝင်စားနေပြီး စူးယောင်ကွမ်း၏ တောင်းဆိုချက်ကလည်း အကျိုးအကြောင်းမဲ့ မဟုတ်သဖြင့် သူမက သဘာဝအတိုင်း ငြင်းပယ်ခြင်း မပြုခဲ့ပေ။

ချွမ်းအော်က ပြန်ပြောလိုက်သည်။

"ကျွန်မတို့ဆိုင်မှာ အဝတ်လဲဖို့ သီးသန့်နေရာလေး ရှိပါတယ်ရှင့်"

"ကျွန်မက အဝတ်လဲပြီး ပြင်ဆင်ဖို့ တိတ်ဆိတ်တဲ့နေရာလေးတစ်ခုလည်း လိုချင်သေးတယ်"

"ဟိုဘက်က အခန်းအကန့်လေးထဲမှာ အဝတ်လဲလို့ရပါတယ်ရှင့်။ အဲ့ဒီမှာ စားပွဲနဲ့ ကုလားထိုင်တွေလည်း ရှိတာဆိုတော့ မမလေးရဲ့ အဖော်လည်း ခဏထိုင်ပြီး အနားယူလို့ရပါတယ်"

စူးယောင်ကွမ်းက ဆိုင်ရှင်မလေးကို ကျေးဇူးတင်စကားဆိုကာ ကျိုးဝမ်ရှူကို ထိုနေရာသို့ ဆွဲခေါ်သွားခဲ့သည်။

ကျိုးဝမ်ရှူကတော့ စူးယောင်ကွမ်းတစ်ယောက် အဝတ်အစားများအား သူ့ကိုယ်ပေါ်တွင် တိုင်းထွာကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

"ယောင်ကွမ်း... ခင်ဗျား ဘယ်သူ့အတွက် အဝတ်အစား ဝယ်မလို့လဲ။ ကျွန်တော်တို့က ပစ္စည်းလာရောင်းတာ မဟုတ်ဘူးလား"

"ဟုတ်တာပေါ့"

စူးယောင်ကွမ်းက အဝတ်အစားများကို ရွေးချယ်ရင်း ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ ဝယ်မယ့်သူတွေကို ဒီမျက်နှာချေမှုန့်တွေ လိမ်းလိုက်တာနဲ့ ဘယ်လောက်လှလဲဆိုတာ ပြဖို့ လိုတယ်လေ။ သူတို့ ဘယ်လိုပုံစံ ထွက်လာမလဲဆိုတာ မပြရင် သူတို့က ဘယ်လိုလုပ်ပြီး ယုံကြည်မှုရှိရှိ ဝယ်ရဲမှာလဲ"

"ဒါဆို အခု..."

"နင်က ငါ့ကို ကူညီပေးမယ်လို့ ပြောခဲ့တယ်လေ"

စူးယောင်ကွမ်းက မျှော်လင့်ချက်များ ပြည့်နေသော အကြည့်များဖြင့် ကျိုးဝမ်ရှူကို မော့ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ဝမ်ရှူ... နင်က အလိမ္မာဆုံးကလေးလေးလေ ဟုတ်တယ်မလား"

ကျိုးဝမ်ရှူ : "..."

‘ငါ ‘လိမ္မာတဲ့ကောင်လေး’ အဖြစ် ဟန်ဆောင်ခဲ့မိတာကို ရုတ်တရက် နောင်တရလာသလိုပဲ’

‘တစ်ခါတလေကျရင် ခိုင်မာတဲ့ စရိုက်နဲ့ ဂျစ်ကန်ကန်နိုင်တဲ့ ကလေးတွေကမှ အနိုင်ကျင့်မခံရဖို့ ပိုလွယ်တာ ထင်တယ်...’

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ကိုယ်ပေါ်တွင် အဝတ်အစားပုံစံအမျိုးမျိုး ကပ်တင်ကြည့်နေပြီးမှ ပထမဦးဆုံး အတွင်းခံအင်္ကျီကို ရွေးချယ်ကာ၊ ထို့နောက် ဘောင်းဘီနှင့် အပေါ်ထပ် ဝတ်ရုံကို ရွေးချယ်လိုက်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ"

ကျိုးဝမ်ရှူက သူ့ကိုယ်သူ ကာကွယ်ရင်း စူးယောင်ကွမ်းကို သတိကြီးစွာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ယောကျာ်းနဲ့ မိန်းမ ကြားမှာ ဒီလိုမျိုး ထိတွေ့လို့မရဘူးလေ။ ယောင်ကွမ်း... ခင်ဗျား ဘာလို့ ကျွန်တော့်အဝတ်အစားတွေကို ချွတ်နေရတာလဲ"

တစ်မှေးပြန်အိပ်နေခဲ့သော ချွမ်းအော်ကလည် အခန်းအတွင်းမှ စကားပြောသံများကို ကြားရပြီး ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်။

သူမက အခန်းထဲတွင် ဘာဖြစ်ပျက်နေသည်ကို သိချင်နေပြီး နားစွင့်နေမိသည်။

‘ဒီလူငယ်စုံတွဲက ငါ့ရဲ့ဆိုင်ကို လာပြီး ပြဿနာရှာနေကြတာတော့ မဟုတ်ပါဘူးနော်... မဟုတ်သေးပါဘူး၊ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး...’

ချွမ်းအော်တစ်ယောက် အခန်းထဲသို့ အပြေးအလွှား ဝင်သွားပြီး သူတို့ကို တားဆီးရမလားဟု တွေဝေနေစဉ်မှာပင် စူးယောင်ကွမ်းက ယောကျာ်းတစ်ယောက်ဟု မပြောနိုင်တော့သည့် တွန့်ဆုတ်နေသော မိန်းကလေးတစ်ယောက်ကို ဆွဲထုတ်လာခဲ့သည်။

ချွမ်းအော်က သူမရှေ့ရှိ ထို‘မိန်းကလေး’ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေလေသည်။

ထို ‘မိန်းကလေး’ကလည်း ဂနာမငြိမ်ဖြစ်နေပြီး သူမ၏ နုနယ်သော မျက်နှာလေးက နီမြန်းနေကာ အရည်လဲ့နေသော မျက်ဝန်းအစုံတွင်လည်း မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။

ချွမ်းအော်က အနားသို့ လျှောက်သွားပြီး စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။

"မမလေး... မမလေးရဲ့ ဘေးက လူက မိန်းကလေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားမိဘူး"

စူးယောင်ကွမ်းက တိုးတိုးလေး ရယ်မောလိုက်သည်။

ကျိုးဝမ်ရှူကတော့ အလိုမကျသော မျက်လုံးများဖြင့် စူးယောင်ကွမ်းကို စိုက်ကြည့်နေခဲ့သည်။

စူးယောင်ကွမ်းက ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ချွမ်းအော်ကို ထပ်မေးလိုက်သည်။

"ဆိုင်ရှင်သူဌေး... ကျွန်မရဲ့ ‘ညီမလေး’ ဝတ်စားထားတဲ့ ပုံစံကို ဘယ်လိုမြင်လဲ"

ချွမ်းအော်က မျက်လုံးများ တောက်ပလျက် အကြိမ်ကြိမ် ခေါင်းညိတ်ရင်း ပြန်ပြောလာခဲ့သည်။

"အံ့ဩစရာပဲ၊ တကယ်ကို အံ့ဩစရာကောင်းတယ်၊ မမလေး... ကျွန်မကို နောက်ထပ် အဝတ်အစား နည်းနည်းလောက် တွဲဖက်ဖို့ ရွေးချယ်ပေးနိုင်မလားရှင့်"

"ဆိုင်ရှင်သူဌေး... ရှင် ကျွန်မရဲ့ ညီမလေး ဝတ်ထားသလိုမျိုး အဝတ်အစားတွေကို တွဲဖက်ပြီး ပြသထားနိုင်ရင် မကြာခင် တစ်ယောက်ယောက်က ရှင့်ဆီကနေ ဒါတွေကို လာဝယ်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ ရှင် ကျွန်မကို အကျိုးအမြတ် ခွဲဝေပေးရမယ်လေ။ ဒီဝတ်စုံတစ်စုံကို ကြေးပြားတစ်ရာနဲ့ ရောင်းရတယ်ဆိုရင် ကျွန်မကို ကြေးပြားဆယ်ပြားပေးတာက မတရားဘူးလို့ မဆိုနိုင်ဘူးမလား"

စူးယောင်ကွမ်းက ပြောလိုက်သည်။

"လုံးဝ မတရားတာမျိုး မရှိပါဘူးရှင်။ ကျွန်မကို နောက်ထပ် ဝတ်စုံတချို့ တွဲဖက်ပေးပါဦး၊ မမလေး ပြောတဲ့ အဲ့ဒီဈေးအတိုင်း ပေးပါ့မယ်"

ချွမ်းအော်က မနေ့ကမှ အသစ်ဖွင့်လှစ်လိုက်သော အဝတ်အထည်ဆိုင်သို့ သွားရောက်ခဲ့ပြီး ထိုဆိုင်ရှိ ကုန်ပစ္စည်းများကို မြင်တွေ့ခဲ့ရစဉ်က သူမ၏ဆိုင်လေး ပိတ်ရတော့မည်ဟု တွေးကာ စိတ်ဓာတ်ကျနေခဲ့သည်။ ဝယ်သူများက သူမဆိုင်မှ အဝတ်အစားများကို ရုပ်ဆိုးသည်ဟု ထင်ကြရုံသာမက ယခုအခါတွင် သူမကိုယ်တိုင်လည်း သူမဆိုင်ရှိ အဝတ်အစားများက ရုပ်ဆိုးနေသလို ခံစားနေရသည်။

သို့သော် ယခုအခါတွင် အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤမမလေး၏ အကူအညီကြောင့် သူမဆိုင်မှ အဝတ်အစားများက ရုပ်မဆိုးတော့သည့်အပြင် အသစ်ဖွင့်လှစ်လိုက်သော အဝတ်အထည်ဆိုင်ရှိ ကုန်ပစ္စည်းများထက်ပင် ပိုကြည့်ကောင်းနေသေးသည်။

"မလောပါနဲ့ဦးရှင်၊ လောလောဆယ် ဒီအတိုင်းလေးပဲ အရင် တွဲဖက်ပြထားလိုက်ပေါ့။ ဒါတွေ ရောင်းထွက်သွားမှပဲ တခြားအကြောင်းတွေကို ဆက်ပြောကြတာပေါ့"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"ပြီးတော့ ကျွန်မတို့ဆီမှာလည်း ရောင်းဖို့ ကုန်ပစ္စည်းအချို့ ပါသေးတယ်ရှင့်"

"ဘာတွေ ရောင်းမှာလဲရှင်"

ချွမ်းအော်က စိတ်ဝင်တစား ပြန်မေးလိုက်သည်။

စူးယောင်ကွမ်းက သူမဘေးရှိ ကျိုးဝမ်ရှူကို လက်ညှိုးညွှန်ပြလိုက်ပြီး သူမ၏ လက်ချောင်းလေးများဖြင့် သူ၏ နှုတ်ခမ်း၊ နှာခေါင်း၊ မျက်လုံး၊ မျက်ခုံးနှင့် ပါးပြင်တို့ကို အသာအယာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူ၏ လက်မောင်းကို ဆွဲကာ ချွမ်းအော်အနားသို့ ခေါ်ဆောင်လာပြီး မေးလိုက်သည်။

"အနံ့ ကောင်းရဲ့လားရှင့်"

ချွမ်းအော်က မိန်းမောပီတိဖြစ်နေသော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းတာပေါ့ရှင်၊ သင်းပျံ့နေတာပဲ၊ ရင်ထဲကိုလည်း အီမသွားစေဘူး။ တကယ့်ကို အဆင့်မြင့်ရနံ့ပဲ၊ ပြီးခဲ့တဲ့လက ကျွန်မ ငွေနှစ်လျန်ပေးပြီး ဝယ်ခဲ့တဲ့ ရေမွှေးထက်တောင် ပိုပြီး အနုပညာဆန်သေးတယ်"

ကျိုးဝမ်ရှူတစ်ယောက် ကြောင်အမ်းသွားခဲ့သည်။

သူက ပါးဖောင်းနေသော ငါးတစ်ကောင်ကဲ့သို့ အလွန်အမင်း ဒေါသထွက်နေလေသည်။

သူ အစောပိုင်းကတည်းက ဘာကြောင့် စိတ်မသက်မသာ ဖြစ်နေရသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ချေပြီ။

သူမ ပြောခဲ့သမျှ စကားများက သိသာထင်ရှားလှသော ထောင်ချောက်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။ သူမက သူမကိုယ်သူမ ယုံကြည်မှုမရှိသလို ဟန်ဆောင်ကာ သူမကို ကူညီထောက်ပံ့ပေးမလားဟု မေးမြန်းခဲ့ခြင်းက သူမ၏ အားနည်းချက်ကို ဟန်ဆောင်ပြသခြင်းသက်သက်သာ ဖြစ်နေခဲ့သည်။

သူမကို ကူညီထောက်ပံ့ပေးမည်ဟု သူ ပြောလိုက်သည့် အချိန်လေးအတွင်းမှာပင် သူမက သူ့ကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး မျက်နှာချေများ လိမ်းခြယ်ပေးကာ မိန်းကလေးတစ်ဦးကဲ့သို့ ဝတ်ဆင်ပေးခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမက သူမ ဘာလုပ်ရမည်ကို ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ထင်ရှားနေသည်။

‘ကျေးလက်တောရွာက မိန်းကလေးတွေက ရိုးသားဖြောင့်မတ်တယ်လို့ ဘယ်သူတွေက ပြောခဲ့တာလဲကွာ’

ထိုစကားလုံးများက သူ့ရှေ့ရှိ မိန်းကလေးနှင့် လုံးဝကို သက်ဆိုင်နေခြင်း မရှိပါချေ။

"ဆိုင်ရှင်သူဌေး... ကျွန်မတို့က မျက်ခုံးမွှေးဆွဲတံကနေ နှုတ်ခမ်းဆိုးဆေးအထိ၊ အရေပြားထိန်းသိမ်းတဲ့ ပစ္စည်းတွေကနေ မျက်နှာချေမှုန့်အထိ အမျိုးသမီး အလှကုန်ပစ္စည်းမျိုးစုံကို ရောင်းချတာပါရှင့်။ ရှင့်ဆိုင်ကလည်း လူသိများအောင် လုပ်ဖို့ လိုအပ်နေတာဆိုတော့ ကျွန်မတို့ ပူးပေါင်းကြရင် ဘယ်လိုလဲ။ ကျွန်မတို့က ရှင့်ဆိုင်ရဲ့ အပြင်ဘက်မှာ ဆိုင်ခန်းလေးဖွင့်မယ်၊ ဝယ်သူတွေ ရောက်လာတာနဲ့ ရှင့်ရဲ့ လုပ်ငန်းလည်း ပြန်ပြီး အရောင်းသွက်လာမှာပါ"

စူးယောင်ကွမ်းက စတင်ညှိုနှိုင်းနေပြီ ဖြစ်သည်။

"ရတာပေါ့၊ ပြဿနာမရှိပါဘူး၊ ဆိုင်ခန်းကို စိတ်ကြိုက် ဖွင့်လို့ ရပါတယ်ရှင့်"

"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်မမ၊ လုပ်ငန်းတွေ ဒီထက်မက တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်"

စူးယောင်ကွမ်းက ဆုတောင်းစကားပြောရင်း တဆက်တည်း တောင်းဆိုလိုက်သည်။

"ကျွန်မကို စက္ကူနဲ့ စုတ်တံလေး ခဏလောက် ငှားပေးလို့ ရမလားဟင်။ စာသားတချို့ ရေးချင်လို့ပါ"

ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို မော့ကြည့်လိုက်သည်။

'သူမက စာရေးတတ်တယ်လား...'

စူးယောင်ကွမ်း စာရေးပြီးသွားချိန်တွင် ကျိုးဝမ်ရှူတစ်ယောက် အံ့ဩရလွန်းသဖြင့် မျက်လုံးများ ဝိုင်းစက်သွားခဲ့ရသည်။

‘ဒီလက်ရေးနဲ့ စုတ်တံဆွဲချက်တွေကို ကြည့်လိုက်ဦးလေ၊ ဒါက ရွာသူလေးတစ်ယောက် သင်ယူနိုင်တဲ့ လက်ရေးမျိုး လုံးဝ မဟုတ်ဘူး။ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လေ့ကျင့်ထားခဲ့တဲ့အတိုင်း ဖြစ်နေတာလေ’

‘ဒီစူးယောင်ကွမ်းက တကယ်ကို နက်နဲလွန်းပြီး ခန့်မှန်းရ ခက်ခဲနေတာပဲ’

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ထိုစက္ကူစာရွက် လှမ်းပေးပြီးနောက် သူမ၏ ခြင်းတောင်းကို ဆွဲကာ အပြင်သို့ လျှောက်သွားနေသည်။

သူမက အဝတ်အထည်ဆိုင်နှင့် ခြေလှမ်း နှစ်ဆယ်၊ သုံးဆယ်ခန့်အကွာတွင် ရပ်တန့်လိုက်ပြီး အဝတ်စုတ်တစ်ခုကို ဖြန့်ခင်းကာ ပုလင်းများနှင့် အိုးငယ်များကို ထုတ်ပြီး တန်းစီနေရာချလိုက်သည်။

သူမ အားလုံးကို အစီအစဉ်တကျ ပြင်ဆင်ပြီးနောက် ဆိုင်ရှင်ဖြစ်သူ ချွမ်းအော်က သူမအတွက် ထိုင်ခုံလေးအချို့ ယူဆောင်ကာ လာရောက်ငှားရမ်းပေးခဲ့သည်။

စူးယောင်ကွမ်းက အလွန်အမင်း ကျေးဇူးတင် စကားပြောပြီးနောက် သူမ၏ ပထမဦးဆုံးသော စျေးခေါ်သံကို စတင်လိုက်သည်။

"နှစ်တစ်ရာသက်တမ်းရှိတဲ့ လျှို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေးနဲ့ မျက်နှာချေမှုန့်တွေ ရောင်းပေးနေပါတယ်။ အရေအတွက် အကန့်အသတ်ပဲ ရှိလို့ အမြန်ဆုံး လာဝယ်ကြပါရှင့်"

All Chapters