← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇ အရောင်းမြှင့်တင်ခြင်း

တစ်ယောက်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် အရေးကြီးသည့်တစ်ခုခု ဖြစ်နေသည်ဟု ထင်သွားသော လမ်းသွားလမ်းလာများက စိတ်ဝင်တစား ဝိုင်းအုံလာခဲ့ကြသည်။

သို့သော်လည်း မြေပြင်ပေါ်တွင် ဖြန့်ခင်းစီရီထားသော ပုလင်းများနှင့် အိုးငယ်များကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူတို့၏ စိတ်အားထက်သန်မှုများက သိသိသာသာ လျော့နည်းသွားခဲ့သည်။ သူတို့ ပြန်လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် စူးယောင်ကွမ်းက လှမ်းတားဆီးလိုက်သည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။

"ကြေးပြားနှစ်ပြားတည်းနဲ့ ဒီလိုမျိုးလေး လိမ်းခြယ်နိုင်မှာနော်။ အဒေါ်ကြီးတို့၊ အစ်မကြီးတို့လည်း ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်ရှင့်"

"အိုက်ယား... ဒီမိန်းကလေးက အရမ်းလှတာပဲ။ စေ့စပ်ကြောင်းလမ်းစာချုပ် ချုပ်ပြီးပြီလား"

"သူ့အသက်ဘယ်လောက်ရှိပြီလဲဟေ့။ စေ့စပ်ထားပြီးပြီလား။ ငါ့မှာ အရပ်ရှည်ရှည်၊ သန်သန်မာမာနဲ့ ဂရုစိုက်တတ်တဲ့ သားတစ်ယောက် ရှိတယ်။ တင်တောင်းရမ်းရမယ့် တန်ဖိုးက ဘယ်လောက်လဲ"

ကျိုးဝမ်ရှူ၏ မျက်နှာတစ်ခုလုံး မင်အိုးမှောက်ချခံထားသလို မည်းမှောင်သွားခဲ့ရသည်။

စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အေးစက်စက် အကြည့်ကို သတိပြုမိသွားပြီး သူမ၏လက်ဖြင့် သူ့လက်ကို အမြန်ဆွဲကိုင်ကာ ချော့မော့လိုက်သည်။

"စိတ်မဆိုးပါနဲ့၊ စိတ်မဆိုးနဲ့ဦးနော်... ငါ ပိုက်ဆံရှာနိုင်ရင် နင် စားချင်တဲ့ အရသာရှိတဲ့ အစားအစာတွေ ဝယ်ကြွေးမယ်လေ"

ကျိုးဝမ်ရှူက သူမကို ရန်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် လူအုပ်ဘက်သို့ ခေါင်းလှည့်ကာ ပြောလိုက်သည်။

"အဒေါ်ကြီးတို့၊ အစ်မကြီးတို့ရေ... ကျွန်မက ပင်ကို ရုပ်လှတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမျက်နှာချေတွေကြောင့်သာ အခုလိုမျိုး နည်းနည်းလေး ကြည့်ပျော်ရှုပျော် ရှိသွားတာပါ။ အဒေါ်ကြီးတို့၊ အစ်မကြီးတို့နဲ့ ညီမငယ်လေးတွေလည်း ရည်ရွယ်ထားသူတွေ၊ ခင်ပွန်းတွေနဲ့ တွေ့တဲ့အခါမျိုးမှာ ဒီလိုမျိုး ပြင်ဆင်ပြီး သွားချင်ကြတယ် မဟုတ်လား"

"မဖြစ်နိုင်တာ၊ ဟုတ်လို့လား"

"နှုတ်ခမ်းနီနဲ့ မျက်နှာချေမှုန့်လေးတင် သုံးရုံနဲ့ အခုလိုမျိုး ဖြစ်သွားနိုင်တယ် ဟုတ်လား။ တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ငါ့ခေါင်းကို ဖြတ်ပြီး ဘောလုံးပဲ ကန်ပစ်လိုက်မယ်"

"အမှန်လား၊ လိမ်တာလားဆိုတာကတော့ စမ်းကြည့်လိုက်ရင် သိရမှာပါရှင့်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"တကယ်လို့ မကျေနပ်ဘူးဆိုရင်လည်း နောက်နောင် ကျွန်မကို မယုံကြည်ဘဲ နေနိုင်ပါတယ်ရှင်။ ပြီးတော့ အချိန်အများကြီးလည်း မပေးရပါဘူး၊ တစ်ယောက်ကို တစ်ခဲ့ကျူံးလောက်ပဲ လိုအပ်တာပါ၊ ရှင်တို့ရဲ့ အလှပဆုံး ပုံစံကို ကျွန်မ ပြသပေးနိုင်ပါတယ်။ စကားမစပ်... ပထမဆုံး လာရောက်တဲ့ အယောက်နှစ်ဆယ်ပဲ ကြေးပြားနှစ်နှုန်းနဲ့ အထူးလျှော့ဈေး ရရှိမှာပါရှင့်။ နှစ်ဆယ့်တစ်ယောက်မြောက်ကစပြီး ငါးပြား ပေးရပါမယ်။ နေရာက အကန့်အသတ်ပဲ ရှိတာမို့လို့ အရင်လာတဲ့သူ အရင်ရမှာပါနော်။ တကယ်တော့ ကြေးပြားနှစ်ပြားဆိုတာက ကျွန်မအတွက် အရှုံးပေါ်တဲ့ ဈေးနှုန်းပါရှင်၊ ကျွန်မရဲ့ နှုတ်ခမ်းဆိုးဆေးနဲ့ မျက်နှာချေမှုန့်တွေက နှစ်တစ်ရာသက်တမ်းရှိတဲ့ မိသားစု လျှို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ထားတာဆိုတော့ လုပ်ရတာ လုံးဝ မလွယ်ကူဘူးလေ"

(တစ်ခဲ့ကျူံး- ဆယ့်ငါးမိနစ်)

"ငါ အရင်ဆုံး အလှပြင်မယ်"

"ကျွန်မလည်း စမ်းကြည့်ချင်တယ်"

"ငါလည်း ပြင်မယ်။ တကယ်လို့ လှမလာရင်တော့ နင့်ရဲ့ ဆိုင်ခန်းကို ဖျက်ဆီးပစ်မယ်"

...

စာရင်းပေးသွင်းသူ ပိုမိုများပြားလာသည်ကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက ထပ်အော်ပြောလိုက်သည်။

"အားလုံးပဲ ကျေးဇူးပြုပြီး တန်းစီပေးကြပါရှင်။ ပထမဆုံး အယောက် နှစ်ဆယ်ပဲ အထူးလျှော့ဈေး ရမှာမို့လို့ ကျွန်မဆီမှာ သစ်သားတံဆိပ်ပြား အခုနှစ်ဆယ် ရှိပါတယ်။ ဒီတံဆိပ်ပြား ရှိတဲ့သူတွေပဲ အသက်သာဆုံး ဈေးနှုန်းနဲ့ အလှပြင်နိုင်မှာပါ။ အဲ့ဒီနောက်ပိုင်း သစ်သားတံဆိပ်ပြား မရထားတဲ့သူတွေကတော့ မူလဈေးနှုန်းအတိုင်း ပေးဆောင်ရပါမယ်ရှင့်"

အမျိုးသမီးဟူသည်က မည်သည့်အသက်အရွယ်ပင် ဖြစ်ပါစေ၊ အဖိုးအခ သက်သက်သာသာဖြင့် အမြတ်ထုတ်ရသည်ကို မနှစ်သက်သူ မရှိချေ။

လျော့စျေး အယောက်နှစ်ဆယ်စာသာ ရှိသည်ဟူသော စကားကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ် တွေဝေတုံ့ဆိုင်းနေသော အမျိုးသမီးများအားလုံး ချက်ချင်း တန်းစီလိုက်ကြသည်။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ အရင်ဆုံး တန်းစီထားလိုက်ခြင်းက ပိုကောင်းမွန်လိမ့်မည်ဟု ယူဆလိုက်ကြခြင်းပင်။

မည်သို့ပင်ဖြစ်စေ သူမတို့အတွက် စဉ်းစားရန် အချိန်ရနေသေးသည်။ အကယ်၍ ရလဒ်က သူမတို့ မျှော်လင့်ထားသည့်အတိုင်း မဖြစ်ခဲ့လျှင်ပင် သူမတို့အနေဖြင့် ဤသစ်သားတံဆိပ်ပြားကို ပစ်ချပြီး ထွက်ခွာသွားရုံမျှသာ ဖြစ်သည်။

စူးယောင်ကွမ်းက ပထမဆုံး စာရင်းပေးသွင်းသည့် ဝယ်သူကို သူမ ပြင်ဆင်ထားသော အမည်းရောင် လိုက်ကာပိတ်စ၏ နောက်ကွယ်သို့ ခေါ်ဆောင်သွားခဲ့သည်။

လိုက်ကာပိတ်စ၏ နောက်တွင် ခုံတန်းရှည် နှစ်လုံး ရှိနေပြီး ခုံပုလေးတစ်လုံးနှင့် အနည်းငယ် မြင့်သော ခုံတစ်လုံး ဖြစ်သည်။ သူမက ဝယ်သူကို ခုံပုလေးပေါ်တွင် ထိုင်ခိုင်းလိုက်ပြီးနောက် သူမ၏မျက်နှာကို စတင် လိမ်းခြယ်ပေးနေခဲ့သည်။

ကျိုးဝမ်ရှူကတော့ အခြားများ လှမ်းမမြင်နိုင်စေရန် အမည်းရောင် ပိတ်စ၏ ရှေ့တွင် မားမားမတ်မတ် ရပ်တန့်ကာ ကာကွယ်ပေးနေ၏။

သူ့မျက်နှာပေါ်တွင် ရေစိုနေသကဲ့သို့ အရည်လဲ့ကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းအိမ်များ ရှိနေပြီး နှုတ်ခမ်းနီရဲရဲလေးများကိုလည်း ဆိုးထားသေးသည်။ လမ်းသွားလမ်းလာများက မကြည့်ဘဲ မနေနိုင်ကြသဖြင့် တဖြည်းဖြည်းနှင့် ဝိုင်းအုံကြည့်ရှုကြသောကြောင့် အမျိုးသား အရေအတွက်ပင် ပိုမိုများပြားလာခဲ့ရသည်။

"မိန်းကလေး...မင်းကို လက်ထပ်ဖို့ တင်တောင်းရမယ့် တန်ဖိုးက ဘယ်လောက်လဲ"

"ပြောစမ်းပါဦး၊ ဒီလိုမျိုး လူပုံအလယ်မှာ ရုန်းကန်နေရတာထက်စာရင် လက်ထပ်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်ရတာက ပိုကောင်းပါတယ်အေ။ နင်က ဒီလောက် လှတာပဲကို၊ ဘယ်သူနဲ့ပဲ လက်ထပ်လက်ထပ် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်မှာပါ"

"မင်းတို့တွေ ဘာတွေ ရောင်းနေတာလဲ။ တကယ်လို့ ငါ အကုန်ဝယ်ရင် ငါ့ကို သဘောကျပြီး လူကြီးစုံရာနဲ့ လာရောက် တောင်းရမ်းခွင့် ပြုနိုင်မလား"

ကျိုးဝမ်ရှူက သူ့နားရွက်ဘေးတွင် ဝဲကျနေသော ဆံနွယ်တချို့ကို အသာအယာ သပ်တင်လိုက်ရင်း ထိုအမျိုးသားအား တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

"တကယ်လို့ ရှင် ကျွန်မတို့ ဆိုင်ခန်းပေါ်မှာ ရှိတဲ့ နှုတ်ခမ်းနီနဲ့ မျက်နှာချေမှုန့်တွေ အကုန်လုံးကို ဝယ်ယူနိုင်မယ်ဆိုရင်တော့ ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့ပါမယ်"

"ဘယ်လောက်လဲ၊ ငါ အကုန်ဝယ်မယ်"

ကျိုးဝမ်ရှူ၏ နှုတ်ခမ်းအစုံက အပေါ်သို့ ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ငွေလျန်ခုနစ်ဆယ်ပါရှင့်"

စောစောက စိတ်အားထက်သန်နေသော အမျိုးသားက ထိုပမာဏကို ကြားလိုက်သည့်နှင့် ချက်ချင်း စိတ်ဓာတ်ကျသွားတော့သည်။ သူက ဖာထေးထားသော သူ့အဝတ်အစားများကို ငုံ့ကြည့်ကာ သက်ပြင်းကို အားမလိုအားမရ ချနေရှာသည်။

"လှပတဲ့ ဇနီးချောလေးတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ တကယ်ကို မလွယ်ကူပါလား"

ထိုအချိန်တွင် စူးယောင်ကွမ်းက လိုက်ကာပိတ်စကို အသာအယာ ဆွဲဖွင့်လိုက်ပြီး အထဲသို့ ဝင်သွားသော ပထမဆုံး ဝယ်သူအား သူမ၏ ပြင်ဆင်မှု အနုပညာကို ထုတ်ပြရန် အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။

All Chapters