အခန်း ၂၈
Vol. 3 Ch. 28
အခန်း ၂၈ ဖွင့်ပွဲ အခမ်းအနား
ပထမဆုံး အထဲသို့ ဝင်သွားသော ဝယ်သူက အသက်ငါးဆယ်ဝန်းကျင်၊ မျက်နှာတွင် ကျောက်ပေါက်မာများ ရှိပြီး မျက်တောင်မျက်ခုံးတို့ တွဲကျနေကာ ကြည့်ရသည်မှာ ကံဆိုးမည့် ရုပ်သွင်ရှိသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့သော် ယခုအခါ လူတိုင်းရှေ့တွင် ရပ်နေသော အမျိုးသမီးကတော့ စိုပြည်တက်ကြွသော မျက်နှာသွင်ပြင်၊ တောက်ပ စူးရှသော မျက်ဝန်းများနှင့် ဖြူစင်ဝင်းပသော အသားအရေတို့ကို ပိုင်ဆိုင်ထားပြီး အသက်သုံးဆယ်အစောပိုင်း အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေချေပြီ။
"ဒါ လူတစ်ယောက်ထဲ ဟုတ်ရဲ့လား"
ဘေးပတ်ဝန်းကျင်ရှိ လူများက တိုးတိုးတိတ်တိတ် ရေရွတ်နေကြသည်။
"မဖြစ်နိုင်တာ၊ အထဲဝင်သွားတုန်းကလည်း ဒီအဝတ်အစားတွေပဲ ဝတ်ထားတာလေ။ အဝတ်အစားတွေ၊ ဖိနပ်တွေလည်း လဲမထားဘူး၊ ခေါင်းပိုင်းပဲ ပြောင်းသွားတာ"
"ဒါ လှည့်စားတာပဲ ဖြစ်ရမယ်။ ဆိုင်ရှင်လေး... သူ့မျက်နှာချေတွေကို ပြန်ဖျက်ပေးပါဦး၊ ဒါ တကယ်ပဲ သူ ဟုတ်၊ မဟုတ် ငါတို့ ကြည့်ရအောင်"
သူမကြောင့် ဆူညံပွက်လောရိုက်သွားသည်ကို ကြည့်ပြီး ကျေနပ်ဂုဏ်ယူနေသော ပထမဆုံး ဝယ်သူက မျက်နှာချေမှုန့်များ ပြန်ဖျက်ခိုင်းသည့် စကားကို ကြားလိုက်ရချိန်တွင်တော့ မကျေမနပ် ဖြစ်သွားပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"ကျုပ်က ပိုက်ဆံပေးပြီး ပြင်ထားတာလေ၊ ဘာလို့ ပြန်ဖျက်ရမှာလဲ"
"သူပဲဟ၊ ဒီအသံကတော့ အတူတူပဲ"
ဒုတိယမြောက် တန်းစီနေသော အမျိုးသမီးက ဝင်ပြောလိုက်သည်။
"စောစောတင်ပဲ ကျွန်မ သူနဲ့ စကားပြောခဲ့တာ၊ ဒီအသံကတော့ လိမ်လို့ မရဘူးမလား"
ဘေးမှ ကြည့်နေသူများလည်း အလွန်စိတ်ဝင်စားသွားကြသည်။ သူမတို့က အုပ်စုနှစ်စု ကွဲသွားပြီး တစ်ဝက်က မဖြစ်နိုင်ဟု ထင်ကြကာ ကျန်တစ်ဝက်ကတော့ လူတစ်ယောက်တည်းဟု ပြောနေကြသည်။
စူးယောင်ကွမ်းက ပြုံးလိုက်ပြီး သူမတို့၏ ငြင်းခုံမှုကို တားမြစ်လိုက်သည်။
"လူတစ်ယောက်တည်း ဟုတ်၊ မဟုတ်ဆိုတာ ဒုတိယမြောက် ဧည့်သည်ကို အထဲဝင်ပြီး စမ်းသပ်ကြည့်ခိုင်းလိုက်ရင် သိရမှာပါ။ ဒါနဲ့ ဒုတိယမြောက် ဧည့်သည်တော်အနေနဲ့ တတိယမြောက် ဧည့်သည်တော်ကို စာကားတစ်ခွန်းလောက် ပြောထားခဲ့ပေးပါ၊ ကျွန်မ သူ့ကို မျက်နှာချေလိမ်းခြယ်ပေးပြီးလို့ အပြင်ပြန်ထွက်လာရင် အဲ့ဒီလျှို့ဝှက်စကားကို ပြန်ပြောပြလိမ့်မယ်။ တကယ်လို့ ကိုက်ညီတယ်ဆိုရင် လူတစ်ယောက်တည်း ဖြစ်ပြီး မကိုက်ညီရင်တော့ အတုပေါ့။ ကဲ... ဒုတိယမြောက် ဧည့်သည်တော် အဆင်သင့်ပြင်ထားပါ၊ ကျွန်မတို့ အခုပဲ စတင်လိုက်ကြရအောင်"
"ဒီနည်းလမ်းက အလုပ်ဖြစ်သားပဲ"
ဒုတိယမြောက်ဧည့်သည်တော်က လူတိုင်း ကြားနိုင်စေရန် တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူမက တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် လူများထံသို့ စကားတခွန်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ကဲ... ခဏနေရင် ကျွန်မ ရှင်တို့ကို ဒီစာကားအတိုင်း ပြန်ပြောပြနိုင်ရင် အဲ့ဒါ ကျွန်မပဲပေါ့"
ဒုတိယမြောက်ဧည့်သည်တော်က မိန်းကလေးငယ်တစ်ဦး ဖြစ်ပြီး မျက်နှာတွင် မွေးရာပါ အမှတ်တစ်ခု ပါလာသောကြောင့် ရုပ်ရည်က သာမန်မျှသာ ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာသွင်ပြင်က အမှန်တကယ့် နုနယ်ပျော့ပျောင်းနေသည်။
တစ်ခဲ့ကျုံး(တစ်ဆယ့်ငါးမိနစ်) မပြည့်မီ အချိန်အတွင်းမှာပင် ဒုတိယမြောက် ဧည့်သည်တော် အပြင်သို့ ပြန်ထွက်လာခဲ့သည်။ သူမက ငယ်ရွယ်သူဖြစ်ပြီး အခြေခံ ရုပ်ရည်သွင်ပြင်ကလည်း ပထမဆုံး ဧည့်သည်တော်ထက် ပိုကောင်းမွန်သောကြောင့် မျက်နှာကို လိမ်းခြယ်ပြင်ဆင်လိုက်ရာ ထွက်ပေါ်လာသည့် ရုပ်သွင်က ပိုဆွဲဆောင်မှုရှိကာ မှင်သက်ဖွယ် ဖြစ်နေလေသည်။
"အိုက်ယား... ဘုရားရေ... ဒါက လုံးဝမဖြစ်နိုင်ဘူး၊ အသားအရေကိုလည်း ကြည့်ပါဦး၊ ချောမောနုဖတ်နေတာပဲ၊ ကလေးငယ်လေးတွေတောင် ဒီလောက် မလှနိုင်ဘူး"
"လှလိုက်တာ၊ တကယ်ကို လှတာပဲ။ ဒါသာ တကယ်ဆိုရင် ငါဖြင့် နေ့တိုင်း ကြေးပြား နှစ်ပြားပေးပြီး လာပြောင်းလဲပစ်ချင်တယ်"
ဒုတိယမြောက် ဧည့်သည်တော်ကလည်း ကြေးမှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်နေပြီး အလွန်အံ့အားသင့်နေရှာသည်။ လူအများအပြားက သူမအား ချီးမွမ်းနေကြသည်ကို ကြားနေရသဖြင့် သူမ ရှက်လည်းရှက်သလို စိတ်လှုပ်ရှားမှုကိုလည်း ခံစားနေခဲ့ရ၏။ သူမ၏မျက်နှာပေါ်မှ မွေးရာပါ အမှတ်ကြောင့် သူမ ငယ်စဉ်ကတည်းက အမုန်းပွားခြင်းကို ခံခဲ့ရသည်။ သူမ အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း မည်သူကမျှ လာရောက်တောင်းရမ်းခြင်း မရှိသဖြင့် ရွာ၏ လှောင်ပြောင်စရာလည်း ဖြစ်ခဲ့ရသည်။ ယခုကဲ့သို့ ပြင်ဆင်ခြယ်သလိုက်ချိန်တွင် သူမက ရွာထဲတွင် အလှဆုံးဖြစ်သော သူမ၏ ဝမ်းကွဲအစ်မထက်ပင် ပိုကြည့်ကောင်းနေသေးသည်။ ယခုဆိုလျှင် သူမကို မလှဘူးဟု မည်သူမျှ ပြောနိုင်တော့မည် မဟုတ်ပေ။ သူမက ဤမွေးရာပါအမှတ်တစ်ခုကြောင့်သာ မှေးမှိန်နေခဲ့ရခြင်း ဖြစ်သည်။
တတိယမြောက်ဝယ်သူက လှမ်းမေးလိုက်သည်။
"ငါတို့ရဲ့ လျှို့ဝှက်စကားက ဘာလဲ"
ဒုတိယမြောက် ဧည့်သည်တော်က အပြုံးဖြင့် တတိယလူ အနားသို့ လျှောက်သွားကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"သူပဲ"
"တကယ်ကို အံ့သြဖို့ကောင်းလိုက်တာ"
ဒုတိယမြောက် ဧည့်သည်က ပြန်လှည့်လာပြီး စူးယောင်ကွမ်းကို ထပ်မေးနေသည်။
"ကျွန်မ ဒီလိုပြင်ထားတာ အရမ်းလှတာပဲ။ ဒါပေမဲ့ ဒီမျက်နှာချေတွေကို ဖျက်လိုက်ရင်တော့ ကျွန်မရဲ့ မူလရုပ်သွင်အတိုင်း ပြန်ဖြစ်သွားမှာပေါ့။ ဆိုင်ရှင်လေး... ကျွန်မ ဒီပုံစံအတိုင်း တစ်သက်လုံး နေသွားနိုင်မယ့် နည်းလမ်းမျိုး ရှိမလားဟင်"
စူးယောင်ကွမ်းက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"အစ်မရဲ့ မျက်နှာသွင်ပြင်က တကယ့်ကို အင်မတန် လှပပါတယ်။ ဒါပေမဲ့ ဒီမွေးရာပါအမှတ်ကတော့ မွေးရာပါဖြစ်လို့ ဖျက်ပစ်လို့ မရနိုင်တော့ဘူး။ ဒါပေမယ့် အစ်မအနေနဲ့ ဒီအစက်အပျောက်ကင်းစေတဲ့ မျက်နှာချေမှုန့်ကို ဝယ်ပြီး နေ့တိုင်း လိမ်းခြယ်ပေးမယ်၊ သေသေချာချာလေး ဖိသိပ်ပုတ်ပေးမယ်ဆိုရင်တော့ အစ်မရဲ့ အသားအရေက ဖြူစင်ဝင်းပတဲ့ ကျောက်စိမ်းကြွေထည်လို ချောမွေ့လာမှာ သေချာပါတယ်"
"ကျွန်မ ဝယ်မယ်၊ ဘယ်လောက်လဲဟင်"
"ဒီတစ်ဗူးကို ကြေးပြား သုံးရာပါ"
"ကျွန်မ ဝယ်မယ်"
သူမက မြို့ထဲတွင် အလုပ်လုပ်ပြီး တစ်လလျှင် ကြေးပြားငါးရာ ရရှိသည်။ ကြေးပြား သုံးရာဆိုသည်က သူမအတွက် တော်တော်လေး ဈေးကြီးသော်လည်း သူမက ပုံမှန်အားဖြင့် အစားအသောက် ချွေတာပြီး စုဆောင်းလေ့ရှိသဖြင့် ယခုကဲ့သို့ သုံးစွဲရန် တတ်နိုင်နေသေးသည်။
"ပြီးတော့ ဒီမျက်ခုံးဆွဲတံ၊ နှုတ်ခမ်းနီနဲ့ ပါးနီမှုန့်တွေကိုလည်း တစ်ဗူးစီ ယူမယ်"
ဘေးနားမှ ကျိုးဝမ်ရှူကလည်း ဝင်ရောက်မိတ်ဆက်ပေးလိုက်သည်။
"မမလေး... ဒီပုလင်းလေးတွေကိုလည်း စမ်းသုံးကြည့်လို့ရပါတယ်။ ဒီသုံးမျိုးက တစ်မျိုးကို ကြေးပြားနှစ်ရာစီပါ၊ မျက်နှာချေဘူးနဲ့ အားလုံးပေါင်းရင်တော့ ကြေးပြားကိုးရာပဲ ကျသင့်မှာပါရှင့်"
"ကောင်းပြီ၊ ကျွန်မ အကုန်ဝယ်မယ်"
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ စူးယောင်ကွမ်းက အနည်းငယ် ပြုံးပြလိုက်ရာ သူမ၏ မျက်ဝန်းလေးများက ညဘက်တွင် လင်းလက်နေသော ကြယ်ပွင့်များကဲ့သို့ တောက်ပနေလေသည်။
ထိုအချိန်အထိ တိတ်တဆိတ်သာ စောင့်ကြည့်နေကြသော ဝယ်သူများလည်း ပို၍ စိတ်လှုပ်ရှားသွားကြသည်။ လူတစ်ယောက်လုံးအား လုံးဝပြောင်းလဲသွားသည့် သက်ရှိနမူနာ နှစ်ခုကို မြင်တွေ့ပြီးနောက် တန်းစီနေသည့်အနောက်မှ လူများလည်း မိမိတို့အလှည့်ကျရောက်လာလျှင် မည်သို့ဖြစ်လာမည်ကို သိချင်စိတ်ပြင်းပြနေကြပြီ ဖြစ်သည်။ စောစောက တန်းစီနေသူ တစ်ဆယ့်ရှစ်ယောက်သာ ရှိသော်လည်း ယခုအခါတွင်မူ လူတန်းကြီးက ရှည်လျားသွားပြီး အယောက် ငါးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
"လူတိုင်းပဲ ကျေးဇူးပြုပြီး စိတ်ရှည်ပေးကြပါနော်"
ကျိုးဝမ်ရှူက အသံကျယ်ကျယ်လေးဖြင့် လှမ်းအော်ပြောလိုက်သည်။
"ဈေးနှုန်းသက်သာတဲ့ နေရာက အယောက်နှစ်ဆယ်စာပဲ ရှိပေမဲ့ ကြေးပြားငါးပြားဆိုတာကလည်း ဈေးမကြီးပါဘူး။ ကျွန်မတို့က လူသိများအောင် ကြော်ငြာတဲ့အနေနဲ့ ထုတ်ကုန်အသစ်တွေကို အရှုံးခံပြီး ရောင်းချပေးနေတာပါ၊ ဒါမှလည်း လူတိုင်း ကျွန်မတို့ရဲ့ ပါးနီမှုန်နဲ့ မျက်နှာချေမှုန့်အကြောင်းကို ပိုပြီး မြန်မြန်ဆန်ဆန် သိရှိနိုင်မှာမို့လို့ပါရှင်"
လိုက်ကာအမည်းရောင်၏ အနောက်ဘက်တွင် အလုပ်ရှုပ်နေသော စူးယောင်ကွမ်းတစ်ယောက် ပြုံးနေမိသည်။
သူမအနေဖြင့် သူမအတွက် အလွန်တော်သော လက်ထောက်တစ်ယောက် ရှာဖွေတွေ့ရှိခဲ့ပြီဟု ခံစားလိုက်ရ၏။
"ဧည့်သည်တော်ကြီးတို့ရှင့်... ကျွန်မ ဝတ်ထားတဲ့ အဝတ်အစားတွေကို သဘောကျကြရဲ့လားဟင်။ ဒါက အနောက်ဘက်က အထည်ဆိုင်ကနေ ဝယ်လာတာပါ။ ဆိုင်ရှင်ကလည်း တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့သူဆိုတော့ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် သွားကြည့်လို့ ရပါတယ်ရှင့်"
သူ့အနေဖြင့် ဘာမှ လုပ်စရာ မရှိဘဲ အချိန်ဖြုန်းနေရုံသက်သက်ဖြစ်သဖြင့် ထိုအထည်ဆိုင်အတွက်ပါ တစ်ခါတည်း ကြော်ငြာပေးလိုက်ခြင်းပင်။ ဆိုင်ရှင်ကလည်း သူတို့ကို အမြတ်ထဲမှ ဝေစုခွဲပေးဦးမည် ဖြစ်သည်။
အခြေအနေကို စောင့်ကြည့်နေသော ချွမ်းအော်ကလည်း ထို 'မိန်းကလေးငယ်'လေး မည်မျှအထိ အလိုက်သိကြောင်း မြင်တွေ့လိုက်ရပြီး ညီအစ်မနှစ်ယောက်အပေါ် ပိုသဘောကျနှစ်သက်သွားတော့သည်။
‘တကယ်တော့ ကောင်းကင်ဘုံက စိတ်ထားကောင်းတဲ့သူတွေ ပစ်ပယ်မထားဘူးပဲ။ ကံကောင်းလို့ စောစောက ငါ သူတို့ကို မောင်းထုတ်တာမျိုး မလုပ်ခဲ့မိဘူး။ မဟုတ်ရင် ဒီလို လာဘ်လာဘ ဆောင်ကြဉ်းပေးမယ့် နတ်ဘုရားတွေကို တံခါးပြင်ထုတ်ပစ်မိသလို ဖြစ်သွားလိမ့်မယ်’
တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်... ဧည့်သည်တော်များလည်း တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်လာခဲ့ကြသည်။
စူးယောင်ကွမ်းက သူမ၏ ပါးနပ်ကျွမ်းကျင်သော လက်ရာများဖြင့် လူတိုင်း၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ သူမက မျက်နှာချေလိမ်းခြယ်ပေးခြင်းကို တာဝန်ယူထားပြီး ကျိုးဝမ်ရှူကတော့ အပြင်ဘက်တွင် ကုန်ပစ္စည်းများ ရောင်းချပေးနေခဲ့သည်။ မကြာခင်အချိန်အတွင်းမှာပင် သူတို့ ပုလင်းပေါင်း တစ်ဒါဇင်ကျော် ရောင်းချနိုင်ခဲ့ကြသည်။
သူတို့အနေဖြင့် စုစုပေါင်း ပုလင်းခုနစ်ဆယ်သာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
"မိန်းကလေးရေ... ကျုပ်တို့မှာတော့ နင့်လို ကျွမ်းကျင်တဲ့ လက်ရာမျိုး မရှိဘူးလေ။ ဝယ်သွားရင်တောင် နင့်လိုမျိုး ဘယ်လိုလုပ်ပြီး ခြယ်သတတ်ပါ့မလဲ"
"အဒေါ်ကြီးတို့ မျက်နှာချေမလိမ်းတတ်ဘူးဆိုရင် အသားအရေထိန်းသိမ်းမှုကိုပဲ အဓိကထားလို့ ရပါတယ်ရှင့်၊ မျက်နှာချေလိမ်းတယ်ဆိုတာက အလှဆင်ရုံသက်သက်ပါပဲ၊ အရေးကြီးဆုံးကတော့ အတွင်းပိုင်းကို ထိန်းသိမ်းဖို့ပဲလေ၊ ကျွန်မ ပြောပြမယ်... ဒီမျက်နှာလိမ်းဆေးဆီက တကယ်ကို ထိရောက်မှုရှိတာပါ။ နေ့တိုင်း မျက်နှာသစ်ပြီးရင် ခပ်ပါးပါးလေး လိမ်းပေးရုံပါပဲ၊ ကြည့်စမ်း... ဘယ်လောက်တောင် မွှေးပျံ့လိုက်သလဲရှင်။ အဓိကကတော့ တစ်လလောက် သုံးပြီးရင် အသားအရေက ပိုပြီးတော့ ချောမွေ့လာတာကို တွေ့ရလိမ့်မယ်၊ အရေးအကြောင်းတွေလည်း လျော့ပါးသွားမှာနော်။ တကယ်လို့ ဒီရွှံ့စေးမျက်နှာပေါင်းတင်ဆေးနဲ့သာ တွဲသုံးမယ်ဆိုရင်တော့ အကျိုးအာနိသင်က ပိုပြီးတော့ သိသာလာမှာရှင့်"
"အဲဒါက ဘယ်လောက်လဲဟင်"
"မျက်နှာလိမ်းဆေးကတော့ နည်းနည်း ပိုဈေးကြီးပါတယ်ရှင့်။ အသေးဆုံးဗူးက ကြေးပြားငါးရာ၊ ဗူးအလတ်က ငွေတစ်လျန်နဲ့ အကြီးဆုံးဗူးကတော့ ငွေနှစ်လျန်ပါရှင့်။ အဒေါ်တို့၊ အစ်မတို့ လိုအပ်သလို ရွေးချယ်ဝယ်လို့ ရပါတယ်၊ တကယ်လို့ ဝေခွဲမရ ဖြစ်နေသေးတယ်ဆိုရင်တော့ စမ်းသုံးကြည့်ဖို့ အသေးဗူးလေး အရင်ဝယ်လို့ ရပါတယ်။ ပိုက်ဆံချွေတာချင်တယ်ဆိုရင်တော့ ဗူးအလတ် ဒါမှမဟုတ် အကြီးဆုံးဗူးက ပိုတန်ပါတယ်ရှင့်။ ဗူးအလတ်တစ်ဗူးဆိုရင် အသေးဗူး နှစ်ဗူးစာထက် မမာဏပိုများပြီး အကြီးဆုံးဗူးဆိုရင်တော့ အသေးဗူး လေးဗူးစာထက်တောင် ပိုပါဝင်ပါတယ်ရှင့်"
"ဒါဆို ငါ အသေးဆုံးဗူးလေး အရင်ဝယ်ကြည့်မယ်အေ။ တကယ်လို့ အဆင်ပြေရင် အကြီးဆုံးဗူးကို အသေအချာ ပြန်ဝယ်မယ်"
"ဟုတ်ကဲ့ပါရှင့်၊ ဒါဆို ကျွန်မ သေသေချာချာ ထုပ်ပိုးပေးပါ့မယ်နော်"
စူးယောင်ကွမ်းက မျက်နှာလိမ်းဆေးကို သေတ္တာအသေးလေးထဲသို့ ထည့်သွင်းထုပ်ပိုးပေးပြီးနောက် ကိုယ်တိုင်ပြုလုပ်ထားသော ချည်မျှင်ပန်းပွားလေးတစ်ခုကိုပါ လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။
"ဒါက နင်ကိုယ်တိုင် လုပ်ထားတာလား။ တကယ့်ကို လက်ရာမြောက်တာပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ အဝတ်အစားများကို လက်ညှိုးထိုးပြရင်း အသံကျယ်ကြီးဖြင့် လှမ်းအော်ပြောလိုက်သည်။
"အစ်မတို့၊ အဒေါ်တို့ရှင့်... ဒီအဝတ်အစားတွေကိုတော့ အတွင်းဘက်က အပ်ချုပ်ဆိုင်ကနေ ဝယ်ယူထားတာဆိုတော့ သွားရောက် ကြည့်ရှုပြီး ကြိုက်နှစ်သက်ရင် ဝယ်လို့ရပါတယ်ရှင့်"