← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉ နှမ်းစေ့မုန့်များ

မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်အထိ ဧည့်သည်များ တစ်ဖွဲဖွဲ ရောက်ရှိနေကြဆဲပင်။

စူးယောင်ကွမ်းက ရှည်လျားလှသော လူတန်းကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘေးနားရှိ ကျိုးဝမ်ရှူအား လှမ်းပြောလိုက်သည်။

"စားစရာ တစ်ခုခု သွားဝယ်လိုက်ဦး။ နင် စားချင်တာ ဝယ်လာခဲ့၊ ပိုက်ဆံက သေတ္တာထဲမှာ ရှိတယ်... နင့်ဘာသာနင် ယူသွားလိုက်"

အလုပ်ရှုပ်နေသော စူးယောင်ကွမ်းကို ကြည့်ရင်း ကျိုးဝမ်ရှူ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားကာ ပြန်ပြောလိုက်၏။

"ခင်ဗျားကိုယ်တိုင် ဆာလောင်နေတာကို ကျွန်တော် ဗိုက် ဆာ မဆာ ပူပန်ပေးဖို့ အားအင်တွေ ရှိနေသေးတယ်ပေါ့"

"ဝမ်ရှူလေးက သူ့အစ်မကို ကူညီဖို့ အများကြီး အနစ်နာခံ လုပ်ပေးခဲ့တာပဲလေ။ အစ်မ ပိုက်ဆံရရင် နင့်ကို အကောင်းစားတွေ ကျွေးမယ်လို့ ပြောခဲ့တယ်မလား။ နင်ကြိုက်တာသာ ဝယ်ခဲ့စမ်းပါ၊ ဒီအစ်မက ကတိတည်တဲ့သူပဲ"

"ကောင်းပါပြီ... ကျွန်တော် သွားဝယ်လိုက်မယ်"

ကျိုးဝမ်ရှူက ပိုက်ဆံယူကာ ထွက်ခွာသွားခဲ့သည်။

မလှမ်းမကမ်းနေရာသို့ ရောက်သွားချိန်တွင် သူက စူးယောင်ကွမ်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ဧည့်သည်များနှင့် ရယ်ရယ်မောမော စကားပြောဆိုနေသည်ကို မြင်တွေ့လိုက်ရသည်။

‘သူမက ငါ ထွက်ပြေးသွားမှာကို တကယ်ပဲ မကြောက်ဘူးလား’

သို့သော်လည်း တစ်ဖက်က ပြန်တွေးကြည့်လျှင် သူ၏ကျွန်စာချုပ်က သူမလက်ထဲတွင် ရှိနေသည်။ အကယ်၍ သူ ထွက်ပြေးသွားခဲ့လျှင် သူမအနေဖြင့် အာဏာပိုင်များထံ တိုင်ကြားနိုင်ပြီး သူ ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးပုန်းရှောင်နေပါစေ ထွက်ပြေးနေသည့် ကျွန်တစ်ယောက်အဖြစ်သာ ရှိနေပေလိမ့်မည်။

ကျိုးဝမ်ရှူက နှမ်းစေ့မုန့်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး ဆိုင်ရှင်အား ပြောလိုက်သည်။

"အသားအစာသွပ်ထားတဲ့ နှမ်းစေ့မုန့်အကြီး လေးခုပေးပါ"

"တစ်ခုကို ကြေးပြားသုံးပြားဆိုတော့ လေးခုအတွက် ကြေးပြားတစ်ဆယ့်နှစ်ပြား ကျသင့်ပါတယ်"

"ကြေးပြားဆယ်ပြားပဲ"

ကျိုးဝမ်ရှူက တည်တံ့သော မျက်နှာအမူအရာဖြင့် ဆက်ပြောလိုက်၏။

"ခင်ဗျား မရောင်းဘူးဆိုရင် ကျွန်တော် တခြားဆိုင် သွားမယ်။ ဟိုဘက်လမ်းက ဆိုင်ဆိုရင် နှမ်းစေ့မုန့်တွေကို ဒီထက်အများကြီး ပိုသက်သာတဲ့ဈေးနဲ့ ရောင်းနေတာ"

"ကဲပါ... ကဲပါ... ငါ ရောင်းပေးပါ့မယ်"

ဆိုင်ရှင်က နှမြောတသဖြစ်နေသော အမူအရာဖြင့် ပြောနေရှာသည်။

"မိန်းကလေးငယ်က တကယ်ကို ဈေးစစ် ကျွမ်းကျင်တာပဲ။ ကြည့်ရတာ အသက်လည်း ငယ်သေးတဲ့ပုံပဲ။ စေ့စပ်ထားပြီးပြီလား"

ကျိုးဝမ်ရှူ : "..."

ဆိုင်ရှင်က သူ၏ အေးစက်စက် မျက်နှာအမူအရာကို မမြင်သည့်အလား ဘေးနားတွင် တုံးအအနှင့် သွားဖြဲပြနေသော သူ၏သားဖြစ်သူအား ဆွဲခေါ်လာကာ ထိုလူထွားကြီးကို လက်ညှိုးထိုးပြရင်း ထပ်ပြောလိုက်ပြန်သည်။

"ဒါက ငါ့သားလေ... ရုပ်ရည်က ချောမောတယ်မလား။ သူနဲ့ သိကျွမ်းချင်လား"

ကျိုးဝမ်ရှူက နှုတ်ခမ်းကို မဲ့လိုက်ရင်း ပြန်ပြောလိုက်၏။

"ကျွန်မက နှမ်းစေ့မုန့်လာဝယ်တာ၊ လူ လာဝယ်တာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မက စေ့စပ်ထားပြီးသား"

"ကောင်းပါပြီ... မသိချင်လည်း နေပေါ့အေ။ ဒီမိန်းကလေးငယ်က တကယ့်ကို ဒေါသကြီးတာပဲ"

ကျိုးဝမ်ရှူက ပိုက်ဆံပေးလိုက်ပြီး နှမ်း‌စေ့မုန့်များကို ယူကာ လှည့်ထွက်လာခဲ့သည်။ ထိုအချိန်တွင် မှုူန့်ပေါင်းဆိုင်ထဲမှ မုန့်ပါင်းအဖြူရောင်နှစ်လုံး ကိုင်ဆောင်ပြီး ထွက်လာသော ရှောင်းယန်ချီကို လှမ်းမြင်လိုက်ရသည်။

တစ်ဖက်တွင် မွှေးပျံ့လှသော နှမ်းစေ့မုန့်များ ရှိနေပြီး အခြားတစ်ဖက်တွင်တော့ သာမန်မုန့်ပေါင်းများ ရှိနေသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ချက်စီ စိုက်ကြည့်လိုက်ကြပြီး အချင်းချင်း ဘေးမှ ဖြတ်ကျော်သွားကြသည်။

ကျိုးဝမ်ရှူက ရှောင်းယန်ချီအား သူ၏တံတောင်ဆစ်ဖြင့် ခပ်ဆတ်ဆတ်လေး မသိမသာ တိုက်လိုက်ရာ 'ဘုတ်' ဟူသော အသံနှင့်အတူ ရှောင်းယန်ချီ၏ လက်ထဲမှ မုန့်ပေါင်းများက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

"ငါ့မုန့်ပေါင်း... မင်း..."

ရှောင်းယန်ချီက ကျိုးဝမ်ရှူအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ကျိုးဝမ်ရှူက ပျင်းရိပျင်းတွဲ လေသံဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်၏။

"နင် မကောက်ဘူးဆိုရင် ခွေးစားသွားလိမ့်မယ်"

ရှောင်းယန်ချီ ငုံ့ကြည့်လိုက်ရာ ခွေးတစ်ကောင်က မုန့်ပေါင်းတစ်လုံးအား တစ်လုပ်တည်းနှင့် မျိုချလိုက်ပြီး ဒုတိယတစ်လုံးကိုပါ ထပ်ကိုက်ရန် ၎င်း၏ပါးစပ်ဖြင့် တို့ထိနေသည်ကို မြင်လိုက်ရသည်။ သူ ထိုခွေးအား အမြန်မောင်းထုတ်နေသော်လည်း ခွေးက သူ့ထက်ပင် ပိုဆိုးသွမ်းနေပြီး သူ့ကို ပြန်ဟောင်က ကိုက်ဆွဲရန် ကြိုးစားနေသည်။

ကျိုးဝမ်ရှူက နှမ်းစေ့မုန့်ကို ဝါးစားရင်း ခွေးအလိုက်ခံနေရသည့် ရှောင်းယန်ချီကို ကြည့်ကာ မျက်လုံးထဲ၌ ပျော်ရွှင်ရိပ်များ သန်းနေလေသည်။

'ရွာသားတွေအားလုံးက မျက်စိကန်းနေကြတာလား။ ဒီလို အားမရှိ၊ အသုံးမကျတဲ့လူက သူက ငါ့ထက်သာတယ်တဲ့လား။ အဲဒီ စူးယောင်ကွမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်ပဲ အမြင်ရှိတာ'

သူက နှမ်းစေ့မုန့်များကို ကိုင်ရင်း စူးယောင်ကွမ်းဆီသို့ လျှောက်သွားလိုက်သည်။

ရှောင်းယန်ချီကတော့ ခွေးလိုက်ခြင်းကို ခံနေရသဖြင့် ကျန်နေသော မုန့်ပေါင်းကို ခွေးရှေ့မှာတင် အမြန်ကိုက်စားလိုက်ရသည်။ လက်ရှိအချိန်တွင် သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူ အမြန်မစားလျှင် ခွေးက ဆက်လိုက်နေမည်ကိုသာ သိတော့သည်။ သူက ကျန်းယီဟွေ့ မုန့်ပေါင်းဝယ်ခိုင်းလိုက်သည်ကိုပင် လုံးဝ မေ့လျော့သွားချေပြီ။

ကျိုးဝမ်ရှူက စူးယောင်ကွမ်းရှိရာသို့ အမြန်ပြန်ရောက်လာပြီး မုန့်တစ်ခုကို သူမ၏ နှုတ်ခမ်းနားအထိ ကပ်ပေးလိုက်သည်။

"တစ်ကိုက်လောက် အရင် စားလိုက်"

စူးယောင်ကွမ်းက အလုပ်ရှုပ်နေသော်လည်း ကျိုးဝမ်ရှူ၏ စေတနာကို မငြင်းပယ်ခဲ့ပေ။ သူမ အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။ ဗိုက်ထဲမှ အူများက ကျောကုန်းနှင့် ကပ်တော့မည့်အထိကို ဆာလောင်နေခြင်း ဖြစ်သည်။

အတိတ်ဘဝတွင် ရှောင်းယန်ချီကို ပြုစုစောင့်ရှောက်ရန်အတွက် မိသားစု၏ အရင်းအမြစ်များက ကန့်သတ်ချက်ရှိခဲ့သည်။ သူမက သူမ၏ အစားအသောက်များကို သူ့အတွက် ချန်ပေးခဲ့ခြင်းကြောင့် နောက်ဆုံးတွင် အစာအိမ်ရောဂါ ဖြစ်ပွားခဲ့ရသည်။ ယခု အသက်တစ်ဆယ့်ငါးနှစ်အရွယ်သို့ ပြန်ရောက်လာချိန်တွင် သူမ၏ခန္ဓာကိုယ်က အကျန်းမာဆုံး အခြေအနေတွင် ရှိနေပြီး ထိုအစာအိမ်ဝေဒနာကို နောက်တစ်ကြိမ် မခံစားလိုတော့သဖြင့် သူမ ပုံမှန်အတိုင်း စားသောက်နေထိုင်ခဲ့သည်။

"မင်းတို့ ညီအစ်မနှစ်ယောက်က တကယ့်ကို ရင်းနှီးကြတာပဲနော်"

ဧည့်သည်တစ်ယောက်က ပြောလိုက်သည်။

"အဒေါ်မှာလည်း အရင်က ညီမလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ အိမ်ထောင်မကျခင်ကတော့ တအားရင်းနှီးကြပြီး တစ်သက်လုံး အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် နေသွားမယ်လို့ ကတိပြုခဲ့ကြတာ။ ဒါပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အဒေါ်က အိမ်ရှင်မနဲ့ အမေတစ်ယောက် ဖြစ်လာခဲ့ရပြီး သူကတော့ ယောက်ျားရဲ့ နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ခံခဲ့ရတယ်။ အဒေါ် သူ့ကို နောက်ဆုံးတွေ့ခဲ့ရတာက သူ့ရဲ့ ဈာပနမှာပဲ။ ကြည့်ပါဦး... ငါလည်း အိုလာပြီ၊ မင်းတို့လို ငယ်ငယ်ရွယ်ရွယ်နဲ့ လှပတဲ့ မိန်းကလေးတွေကို မြင်တော့ အတိတ်ကို သတိရမိတယ်"

"အဒေါ်... ဝမ်းမနည်းပါနဲ့။ အဒေါ့်ညီမလေးက ကောင်းကင်မှာ ကြယ်လေးတစ်ပွင့် ဖြစ်နေမယ်လို့ ကျွန်မ ယုံကြည်တယ်။ သူက အဒေါ့်ကို နေ့တိုင်း စောင့်ကြည့်ပေးနေမှာပါ၊ အဒေါ့်ကို ကာကွယ်ပေးပြီး ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးနေမှာ သေချာတယ်"

ကျိုးဝမ်ရှူကတော့ သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သည်။

‘သူမရဲ့ ဒီပါးစပ်လေးကတော့ တကယ်ကို ချော့ပြောတတ်တာပဲ။’

လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် ကွယ်လွန်သွားသော ဆွေမျိုးများက ကြယ်လေးများ ဖြစ်လာပြီး စောင့်ရှောက်ပေးလိမ့်မည်ဟူသော အယူအဆကို သူ ယုံကြည်မိကောင်း ယုံကြည်မိပေလိမ့်မည်။ သို့သော် ယခုတွင်တော့ သူ လုံးဝ မယုံတော့ပေ။ အကယ်၍သာ ထိုဝိညာဉ်များ အစစ်အမှန် ရှိနေခဲ့လျှင် သူ ဤမျှလောက် အနိုင်ကျင့်ခံနေရသည်ကို စောင့်ကြည့်နေမည်မဟုတ်ပေ။ ယခုတော့ သူကိုယ်တိုင်သာ လက်စားချေရမည်ဖြစ်ပြီး သူတစ်ပါးကို အားကိုး၍ မရကြောင်း၊ အထူးသဖြင့် သေဆုံးသွားသူများကို အားကိုး၍ မရကြောင်း သူ နားလည်နေခဲ့ပြီ ဖြစ်သည်။

နောက်ထပ် ဧည့်သည်တစ်ယောက် မရောက်လာခင်မှာပင် စူးယောင်ကွမ်းက ကျိုးဝမ်ရှူ ကျွေးနေသော နှမ်းစေ့မုန့်ကို ကုန်စင်အောင် စားလိုက်သည်။ စားပြီးနောက် သူမ အနည်းငယ် သီးသွားသဖြင့် ကျိုးဝမ်ရှူက ပဲနို့တစ်ခွက် ကမ်းပေးလိုက်သည်။

ပဲနို့နှင့် နှမ်းစေ့မုန့်က အရသာရှိလွန်းလှသည်။

စူးယောင်ကွမ်းအတွက် ဤမျှ အရသာရှိသော အစားအစာကို မစားရသည်မှာ ကြာမြင့်လှချေပြီ။

"ကျွန်‌တော် လေးခု ဝယ်ခဲ့တာ၊ တစ်ယောက်ကို နှစ်ခုစီလေ"

စူးယောင်ကွမ်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒီလောက်ဆို တော်ပါပြီ။ ကျန်တဲ့ သုံးခုကို နင်ပဲ စားလိုက်။ နင်က ကြီးထွားနေတဲ့ အရွယ်ပဲ၊ အများကြီး စားသင့်တယ်"

ကျိုးဝမ်ရှူက နှမ်းစေ့မုန့်ကို ဝါးရင်း ပြန်ပြောလိုက်သည်။

"တစ်ခုကို ကြေးပြားသုံးပြားစီပေးရတာ၊ ဈေးမပေါဘူး"

"ဒါတွေက အသားပါတဲ့ မုန့်တွေဆိုတော့ ဈေးကြီးမှာပေါ့၊ ဒါပေမဲ့ အရသာကတော့ တကယ်ကို ကောင်းတာပဲ။ ပေးရတဲ့ဈေးနဲ့တော့ တန်ပါတယ်"

စူးယောင်ကွမ်းက နောက်ထပ်လာသည့် ဖောက်သည်ကို မျက်နှာချေလိမ်းပေးရင်း ထပ်ပြောလိုက်သည်။

"နင် ဘယ်ဆိုင်ကနေ ဝယ်လာခဲ့တာလဲ။ နောက်တစ်ခါကျရင် ဒီဆိုင်မှာပဲ ထပ်ဝယ်စားနော်"

"ကျန်းမိသားစုရဲ့ နှမ်းစေ့မုန့်ဆိုင်က ဝယ်လာတာလေ"

စူးယောင်ကွမ်း၏ လက်လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူမ၏ မျက်ဝန်းများကလည်း သက်ဝင်ခြင်း ကင်းမဲ့သွားပြီး သူမ အတွေးလွန်နေပုံရသည်။

ဧည့်သည်က စိတ်မရှည်စွာဖြင့် အမြန်လုပ်ပေးရန် တိုက်တွန်းလိုက်မှသာ သူမ သတိပြန်ဝင်လာတော့သည်။

သူမက အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

"အော်... ကျန်းမိသားစုရဲ့ နှမ်းစေ့မုန့်ဆိုင်က မုန့်တွေက ဒီလောက်တောင် အရသာရှိတာလား"

ယခင်ဘဝတွင် သူမ ရှောင်းယန်ချီအတွက် ထိုမုန့်များ ဝယ်ပေးခဲ့ဖူးသည်။ သူကတော့ သူမနှင့် တစ်ကိုက်လောက် ဝေမျှစားရန်ပင် စိတ်ကူးမရှိခဲ့ချေ။ သူ တစ်ကိုက်လောက် ဝေမျှပေးခဲ့လျှင်ပင် သူမ အမှန်တကယ် ပျော်ရွှင်မိမည်မှာ အသေအချာပင်။

ထိုစဉ်တုန်းက သူ ထိုမုန့်များကို စားပြီး ပျော်နေသည်ကို မြင်ခဲ့ရသည့်အတွက် သူမ အမြဲလိုလို ဝယ်ပေးဖြစ်ခဲ့သည်။ သို့သော်လည်း တစ်နေ့တွင်တော့ သူက ကြမ်းတမ်းသောစကားတစ်ခု ပြောလာခဲ့သည်။

" ငါ့ကို ဒီလို အစားအစာမျိုးတွေ ကျွေးပြီးတော့ တန်ဖိုးရှိတဲ့အရာတွေကို ပေးနေသလိုမျိုး လုပ်ပြနေတာလား။ ဒီလိုမျိုးတွေပဲ အမြဲကျွေးမယ့်အစား စားလို့ကောင်းတဲ့ အစားအစာတွေ ဝယ်ပေးလို့ မရဘူးလား"

ထိုနောက်ပိုင်းတွင်တော့ သူမ ထိုမုန့်များကို ထပ်မဝယ်ပေးမိတော့ချေ။

ကျန်းမိသားစုရဲ့ မုန့်ဆိုင်‌ရှေ့မှ ဖြတ်သွားတိုင်း သူမ တွေးခဲ့မိသေးသည်။

‘လူတွေက ဘာလို့ ဒီလို အရသာမရှိတဲ့ မုန့်တွေကို ဒီလောက်တန်းစီပြီး ဝယ်နေကြတာလဲ’

သူမ ထိုသို့ အမြဲတွေးခဲ့မိပြီး ထိုလူများက ငတုံးများ၊ ပိုက်ဆံကို အလကားဖြုန်းနေသူများဟု သူမ ထင်ခဲ့မိသည်။

ယခုအချိန်မှသာ သူမ တစ်ယောက်တည်းက ငတုံးဖြစ်နေခဲ့မှန်း သဘောပေါက်လိုက်ရသည်။

"ဘာဖြစ်သွားတာလဲ"

ကျိုးဝမ်ရှူက မေးလိုက်သည်။

"ပင်ပန်းနေလို့လား။ နောက်တစ်ခါကျရင် ကျွန်တော့်ကို မျက်နှာချေလိမ်းနည်း သင်ပေးထားပါလား၊ အဲဒါဆို ခင်ဗျားကို ကူညီပေးလို့ရတာပေါ့"

စူးယောင်ကွမ်းတစ်ယောက် နှာခေါင်းရှုံ့လိုက်ပြီး ကျိုးဝမ်ရှူကို ကြည့်ကာ ပြုံးပြလိုက်သည်။

"မပင်ပန်းပါဘူး။ ဝမ်ရှူ စားနေတာကို မြင်ရတော့ ငါ ပျော်လို့ပါ"

ကျိုးဝမ်ရှူက တိုးတိုးလေး ညည်းတွားလိုက်သည်။

"ငတုံးမလေး။ ငါ ဒီလောက်ဈေးကြီးတဲ့ မုန့်တွေကို ဝယ်စားတာတောင် မင်းက မနှမြောဘူးလား။ မင်းက တကယ့်ကို ငတုံးပဲ"

သူက သူမကို စမ်းသပ်နေခြင်းဖြစ်သည်။

သူမက သူ့ကို ဘယ်လောက်အထိ အလိုလိုက်ပေးနိုင်မည်ကို သူ သိချင်နေမိသည်။

‘ပုံမှန်ဆို ကြေးပြားတစ်ပြားတန် မုန့်ပေါင်းနှစ်လုံးလောက် ဝယ်စားရင် ဗိုက်ဝနေပြီလေ။ ပိုက်ဆံအလကားဖြုန်းတယ်ဆိုပြီး သူမ ငါ့ကို ဆူမလားဆိုတာကို သိချင်ရုံသက်သက်ပါ။’

ရလဒ်က ရှင်းနေပြီး သူမက အမှန်တကယ် အချော့ကြိုက်သည့် တောသူမလေးသာ ဖြစ်သည်။ သူ ကြက်ကင်တစ်ကောင် ဝယ်စာလျှင်ပင် သူမ တားမြစ်မည် မဟုတ်လောက်ပေ။

All Chapters