အခန်း ၃၀
Vol. 3 Ch. 30
အခန်း ၃၀ ပထမဦးဆုံးရရှိလိုက်သော ရွှေအိုးကြီး
ညနေစောင်းလာချိန်တွင်တော့ ဈေးထဲတွင် လူအရေအတွက် ကျဲပါးသွားခဲ့သည်။ နောက်ဆုံးမျက်နှာချေလိမ်းသူ ပြန်သွားသည်နှင့် သူမတို့လည်း ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်ကြသည်။
ချွမ်းအော်က ပြုံးရွှင်လျက်ဖြင့် သူမတို့ဆီသို့ လာရောက် ကူညီပေးနေသည်။
"ညီမလေးတို့နှစ်ယောက်က တကယ်တော်ကြတာပဲ"
ချွမ်းအော်က ချီးကျူးနေသည်။
"အစ်မ အကုန်မြင်နေရတယ်။ ညီမလေးတို့ ဆိုင်စဖွင့်ကတည်းက တစ်ချက်လေးတောင် မနားရဘူး။ ပြီးတော့ အစ်မရဲ့ အဝတ်အစားတွေကလည်း ညီမလေးတို့ တွဲဖက် ပြင်ဆင်ပေးထားတဲ့ စုစုပေါင်း သုံးဆယ့်ငါးစုံလုံး ရောင်းထွက်သွားတယ်။ ပစ္စည်းသာ မပြတ်ရင် နောက်ထပ် တစ်ဒါဇင်လောက်တောင် ထပ်ရောင်းရဦးမှာ သေချာတယ်။ ကတိအတိုင်းပဲ ညီမလေးတို့ရဲ့ အမြတ်ဝေစုကို ယူထားလိုက်ကြဦး"
စူးယောင်ကွမ်းက စိတ်သဘောကောင်းဟန်လေးဖြင့် ငွေကို လက်ခံလိုက်ရင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း အားမနာတော့ပါဘူးရှင်။ ကျေးဇူးတင်ပါတယ် အစ်မချွမ်းအော်"
"အစ်မကပဲ ကျေးဇူးတင်ရမှာပါ။ အခု အားလားဟင်၊ နောက်ထပ် အစုံရေ အနည်းငယ်လောက် ထပ်ပြီး တွဲပေးပါဦး။ အမြတ်ရဲ့ ဆယ်ပုံတစ်ပုံကို ပေးပါ့မယ်"
"ရပါတယ်ရှင့်"
စူးယောင်ကွမ်းက သူမ၏ခြင်းတောင်းကို ကောက်ယူလိုက်သည်။
ထိုအချိန်မှာပင် ကျိုးဝမ်ရှူက သူမလက်ထဲမှ ခြင်းတောင်းကို လှမ်းယူလိုက်သည်။
ချွမ်းအော်က ကျိုးဝမ်ရှူကို ကြည့်ရင်း ပိုသဘောကျသွားကာ စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။
"နင့်ရဲ့ ညီမလေးက လှလည်းလှ၊ အလုပ်လည်း ကြိုးစားတယ်နော်။ ငါ့ဆီမှာပဲ အလုပ်လုပ်ဖို့ ထားခဲ့လိုက်ပါလား"
"မဖြစ်ပါဘူးရှင်၊ သူက ကျွန်မရဲ့ တစ်ဦးတည်းသော လက်ထောက်လေူပါ။ အစ်မက သူ့ကို ခိုးခေါ်သွားဖို့ ကြိုးစားနေတာလား"
စူးယောင်ကွမ်းက ရယ်မောရင်း ထပ်မေးလိုက်သည်။
"ဒါပေမဲ့ သူ့ကို တစ်လဆယ်လျန်ပေးမယ်ဆိုရင်တော့ စဉ်းစားကြည့်လို့ ရပါတယ်"
"အဲဒီလောက်တော့ ငါ မပေးနိုင်ပါဘူးဟယ်"
စူးယောင်ကွမ်းက အဝတ်ဆိုင်ကို တစ်ပတ်ပတ်ကြည့်လိုက်ပြီး ချွမ်းအော်ကို ပြောလိုက်သည်။
"အစ်မရဲ့ အကောင်းဆုံး ပစ္စည်းတွေကို အကုန်ထုတ်ပြပေးဦးနော်"
ချွမ်းအော်က ပြန်ပြောလိုက်သည်။
"ဒါတွေက အခုမှ ရောက်လာတဲ့ ပစ္စည်းသစ်တွေလေ။ ဒါတောင် ရောင်းမထွက်ရင် ကျန်တာတွေကတော့ ပြောမနေပါနဲ့တော့ဟယ်"
"အစ်မရယ်... ရှိတာတွေသာ အကုန်ထုတ်ပေးလိုက်ပါတော့။ မရောင်းနိုင်ရင် နောက်တစ်ခါ ဘာမှ ပြောမနေတော့ဘူး"
ချွမ်းအော်က သဘောတူလိုက်ပြီး စူးယောင်ကွမ်းကို နောက်ဘက်ရှိ ဂိုဒေါင်ထဲသို့ ခေါ်သွားခဲ့သည်။
"ငါ့ပစ္စည်းတွေ အကုန် ဒီဂိုဒေါင်ထဲမှာပဲ ရှိတယ်။ နင်တို့ ကြိုက်တာ ရွေးယူလို့ ရတယ်နော်"
"ဒီနေ့တော့ အချိန်မရှိတော့ဘူး၊ သုံးစုံလောက်ပဲ အရင်စီစဉ်ပေးမယ်။"
စူးယောင်ကွမ်းက ချွမ်းအော်၏ ရှေးအကျဆုံးဝတ်စုံကို ထုတ်လိုက်သည်။ ထိုပုံစံက လွန်ခဲ့သော ငါးနှစ်က ခေတ်စားခဲ့ပြီး နောက်ပိုင်းတွင် အရောင်းရဆုံး ဖြစ်ခဲ့သည်။ ယခုထိ အကောင်းအတိုင်း ရှိနေသော်လည်း ပုံစံက အရမ်းရိုးလွန်းနေပြီဖြစ်ရာ အဘွားအိုများပင် သဘောကျတော့မည် မဟုတ်ပေ။
"ဒီအသားကို ငွေရောင်ခံပေးပြီး အပြင်က အဝတ်ပါးလေးကို ပုံစံမမှန်တဲ့ အကွက်မျိုးလေး အကွက်ဖော်ရမယ်။ ကျွန်မ ပုံစံဆွဲပေးမယ်၊ ပြီးရင် အစ်မ အဲဒီအတိုင်း လိုက်ညှပ်လိုက်"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းနောက်တွင် အရိပ်လို ကပ်လိုက်နေလေသည်။ ချွမ်းအော်က သူ့၏ နာခံတတ်သည့် အမူအရာကို မြင်နေပြီး ပိုသဘောကျနေလေသည်။
"ဒီဝတ်စုံကိုလည်း ပြင်ဖို့ လိုသေးတယ်။ လည်ဝိုင်းပုံစံကို ပြောင်းပြီး လက်ကို ပိုတို၊ ပိုကျဉ်းအောင် လုပ်လိုက်ပါ။ အဲဒါဆို အလုပ်လုပ်ရ ပိုလွယ်တာပေါ့"
စူးယောင်ကွမ်းက ဝတ်စုံသုံးစုံကို ပြန်တွဲဖက်လိုက်ပြီး ပြင်ဆင်ရမည့် ပုံစံများကို ရေးဆွဲကာ ချွမ်းအော်ထံ ပေးအပ်လိုက်သည်။ ထို့နောက် သူမ၏ အကြံအစည်လေးကို စတင်ပြောပြလိုက်သည်။
"အစ်မချွမ်းအော်၊ ကျွန်မတို့က ဈေးနေ့မှ မြို့ထဲကို လာဖြစ်တာပါ။ ကျန်တဲ့နေ့တွေမှာတော့ အိမ်မှာပဲ ပစ္စည်းအသစ်တွေ ပြင်ဆင်နေရလို့ မလာနိုင်ဘူးလေ။ ကျွန်မဆီမှာ မရောင်းရသေးတဲ့ ပုလင်းလေး လေးဆယ်ကျော်လောက် ကျန်နေသေးတယ်၊ အဲ့ဒါတွေကို အစ်မဆိုင်မှာပဲ အပ်ထားချင်လို့ပါ။ အစ်မရဲ့ နေရာကိုလည်း အလကားမဖြစ်စေရပါဘူး၊ ရောင်းရတဲ့အမြတ်ထဲကနေ အစ်မကို ဝေစုပေးမှာမို့ အစ်မ ဘယ်လိုသဘောရလဲဟင်"
ချွမ်းအော်က ဝမ်းသာအားရ လက်ခံလိုက်သည်။
"ငါ သဘောတူတယ်၊ ဘာလို့ မရောင်းပေးရမှာလဲ။ ဒီလို တန်ဖိုးရှိတဲ့ပစ္စည်းတွေကို အစ်မရဲ့ ကောင်တာပေါ်မှာ တစ်မျိုးကို တစ်ခုစီ နမူနာပြထားလိုက်မယ်။ ကျန်တာတွေကိုတော့ ဂိုဒေါင်ထဲမှာ သိမ်းထားပေးမယ်။ ဖောက်သည်တွေ ဝယ်မယ်ဆိုမှ ထုတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဈေးနှုန်းလေးတွေတော့ ကပ်ပေးထားဦး၊ အစ်မက မှတ်ဉာဏ်သိပ်မကောင်းတော့ ဈေးတွေ ရောကုန်မှာ စိုးလို့"
"အဲ့အတွက် စိတ်မပူပါနဲ့ အစ်မ၊ ကျွန်မ ပုလင်းအဖုံးတွေပေါ်မှာ ဈေးနှုန်းတွေ ကပ်ပေးထားပါ့မယ်"
စူးယောင်ကွမ်းက ချွမ်းအော်ကို အဝတ်အစားများ တွဲဖက်ရန် ကူညီပေးခဲ့ပြီး သူမ၏ ကိစ္စများလည်း ပြီးပြတ်သွားသဖြင့် ကျိုးဝမ်ရှူနှင့်အတူ ဝက်သားဆိုင်သို့ အသားသွားဝယ်ရန် ထွက်လာခဲ့သည်။ အသားဝယ်ပြီးနောက်တွင်လည်း ဆန်၊ ဂျုံမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးနှင့် နောက်ပိုင်းအသုံးပြုရန် ပုလင်းအလွတ်များကို ထပ်ဝယ်ယူခဲ့သည်။
ရွာသို့ ပြန်မည့် နွားလှည်းများက ပြန်နှင့်ကြပြီ ဖြစ်သောကြောင့် သူမတို့ နွားလှည်းတစ်စီး ငှားလိုက်ရသည်။ သို့သော် လုပ်ငန်းစတင်ခါစဖြစ်၍ အလွန်အမင်း ထင်ထင်ပေါ်ပေါ် မလုပ်ရဲဘဲ နွားလှည်းကို ရွာထဲအထိ မဝင်ခိုင်းခဲ့ပေ။ နောက်ရွာတစ်ရွာအရောက်တွင် ဆင်းခဲ့လိုက်သည်။ စူးယောင်ကွမ်းက ဆန်နှင့် ဂျုံမှုန့်များပြည့်နေသော ခြင်းတောင်းကို ထမ်းပိုးထားပြီး ကျိုးဝမ်ရှူကတော့ ဝယ်လာသမျှ ပစ္စည်းအပိုများကို ခြင်းတောင်းအသစ်ဖြင့်ထည့်ကာ သယ်ဆောင်လာခဲ့သည်။
"ယောင်ကွမ်း ပြန်ရောက်ပြီလား၊ ဘာတွေ သယ်လာတာလဲ၊ အတော်လေး လေးပုံပဲနော်"
မြစ်ကမ်းနားတွင် အဝတ်လျှော်နေသော အဒေါ်ကြီးတစ်ယောက်က ခြင်းတောင်းထဲတွင် ဘာပါလာသလဲဆိုသည်ကို စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်နေသည်။
ကျိုးဝမ်ရှူက သူ၏ ယောကျာ်းလေးဝတ်စုံကို ပြန်လည် ဝတ်ဆင်ထားပြီးဖြစ်သည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ချွမ်းအော်၏ဆိုင်ရှိ အဝတ်လဲခန်းတွင် အဝတ်ပြန်လဲခိုင်းခဲ့ခြင်း ဖြစ်သည်။ ကျိုးဝမ်ရှူ ယောကျာ်းလေးအဝတ်အစား ပြန်ဝတ်လာသည်ကို မြင်ရချိန်တွင် ချွမ်းအော်က လုံးဝ အံ့သြမနေတော့ချေ။ စူးယောင်ကွမ်း၏ စေ့စပ်သေချာမှုကိုပင် ချီးကျူးနေသေးသည်။ သူမ၏အမြင်တွင် ကျိုးဝမ်ရှူက မိန်းကလေးအဝတ်အစားများ ဝတ်ဆင်ထားရန်အတွက် အလွန် ရုပ်ရည်ချောမောလွန်းနေသည်ဟု ထင်မြင်နေခဲ့သည်။ ချွမ်းအော် ကျိုးဝမ်ရှူကို ပထမဆုံးတွေ့စဉ်က သူ ယောကျာ်းလေးအဝတ်အစားများ ဝတ်ဆင်ထားခဲ့သော်လည်း မိန်းကလေးအဝတ်အစားနှင့် တွေ့လိုက်ရချိန်တွင်တော့ သူမ၏ 'ညီမငယ်လေး' ဟု မှားယွင်းထင်မှတ်ခဲ့မိသေးသည်။
စူးယောင်ကွမ်းက ဘာမှ မရှင်းပြခဲ့သလို၊ ကျိုးဝမ်ရှူကလည်း သူစိမ်းများအား ရှင်းပြနေရန် ဆန္ဒမရှိခဲ့ချေ။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူအတွက် အဝတ်အစား နှစ်စုံတောင် ဝယ်ပေးခဲ့သေးသည်။ ထိုယောကျာ်းလေးဝတ်စုံနှစ်စုံကိုလည်း ချွမ်းအော်၏ အထည်ဆိုင်ပေါ်တွင် ယောကျာ်းလေးဝတ်စုံ နမူနာအဖြစ် ချိတ်ဆွဲပြထားပြီး ဖြစ်သည်။
"ပြန်လာတဲ့ လမ်းမှာ အသားဆိုင်နား ဖြတ်သွားတော့ ဒီအရိုးကြီးကို တွေ့ခဲ့ရတယ်လေ။ ကြည့်ရတာ ကောင်းမယ်ထင်တာနဲ့ ငါးပြားပေးပြီး ဝယ်လာခဲ့တာ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ခြင်းတောင်းထဲမှ အရိုးကြီးတစ်ချောင်းကို ထုတ်ပြလိုက်သည်။ ထိုအရိုးပေါ်တွင် အသားစလေး အနည်းငယ်မျှပင် ကပ်မနေတော့ဘဲ အလွန်သန့်ရှင်းနေအောင် လှီးထုတ်ထားသည်။
သာမန်အားဖြင့် လူများက အဆီအဆိမ့်ကိုမှ မက်မောကြပြီး အသားဖတ်သက်သက်ဆိုလျှင်ပင် မကြိုက်ကြချေ။ ဤကဲ့သို့ အသားမကပ်တော့သည့် အရိုးကြီးမျိုးဆိုလျှင်တော့ လုံးဝ စိတ်မဝင်စားကြပေ။
"နင်ကတော့လေ... တကယ့်ကို ခြိုးခြံချွေတာလွန်းတယ်"
အဒေါ်ကြီးက စိတ်ဝင်စားမှုမရှိတော့ဘဲ စကားပြောရန်ပင် စိတ်မပါတော့ပေ။
‘သူတို့မိသားစုက ဒီလောက်ဆင်းရဲနေတာကို ဘာတွေများ မျှော်လင့်နေရမှာလဲ။ ဒီနေ့ မြို့ထဲမှာ သူတို့ကို မတွေ့လိုက်ရလို့ စားကောင်းသောက်ကောင်းတွေ သွားဝယ်နေတယ် ထင်ခဲ့တာ၊ တကယ်တမ်းကျတော့ ဒီလို ဘယ်သူမှ မလိုချင်တော့တဲ့ အရိုးတွေ လိုက်ရှာနေတာကိုး’
"ဘာတတ်နိုင်မှာလဲ အဒေါ်ရယ်။ အိမ်မှာ အမေတစ်ယောက်တည်းပဲ ရှာဖွေကျွေးမွေးနေရတာလေ။ ကျွန်မတို့ သုံးယောက်လုံးကို အမေတစ်ယောက်တည်း တာဝန်ယူထားရတာဆိုတော့ ချွေတာမသုံးရင် ဘယ်လိုလုပ် အသက်ဆက်နိုင်မှာလဲ"
"နင်သာ ကောင်မလေးဟွမ်းလိုမျိုး ပန်းထိုးတဲ့အတတ်ပညာ တတ်ထားရင် ဒီလောက် ပင်ပန်းခံနေစရာ မလိုတော့ဘူးပေါ့"
"လူတိုင်းက ကိုယ့်ကံနဲ့ကိုယ်ပါပဲ အဒေါ်ရယ်။ သူ့မှာလည်း သူ့ဘဝ ရှိသလို ကျွန်မလည်း ကျွန်မဘဝနဲ့ ကျွန်မပေါ့"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"အဒေါ် အဝတ် ဆက်လျှော်လိုက်ဦးလေ၊ ကျွန်မတို့ အိမ်ပြန်ပြီး အရိုးပြုတ်ရည် ချက်ရဦးမယ်"
အဒေါ်ကြီးက အဝတ်လျှော်ရင်း သက်ပြင်းချကာ ညည်းတွားလိုက်သည်။
"မိန်းကလေးချင်း အတူတူတောင် ရိဟွမ်းက လှပသလို ပိုက်ဆံရှာနိုင်တဲ့ အတတ်ပညာကိုလည်း တတ်ထားသေးတယ်၊ ဒီယောင်ကွမ်းကို ကြည့်လိုက်ပါဦး၊ အသားအရေက မည်းညစ်ညစ်နဲ့ ဆံပင်တွေကလည်း ပါးပြီး ဝါကျင့်ကျင့်ဖြစ်နေတာ ပဲပင်ပေါက်လေးတွေ အတိုင်းပဲ၊ တကယ်ကို နှိုင်းယှဉ်စရာတောင် မလိုဘူး"
စူးယောင်ကွမ်းက သူမ၏ ဆံပင်စလေးများကို လက်ဖြင့် ကစားလိုက်ရင်း ယခင်ဘဝက သူမ၏ ရုပ်သွင်ကို ပြောင်းလဲခဲ့သည့် အကြောင်းများအား ပြန်တွေးနေမိသည်။ ထိုစဉ်က သူမက အရာရှိကတော်တစ်ဦး ဖြစ်နေပြီ ဖြစ်ကာ အသက်နှစ်ဆယ်ကျော်မှသာ အသားအရေကို ဂရုစိုက်ဖြစ်ခဲ့သည်။ တစ်နှစ်အတွင်းမှာပင် အနည်းငယ် ထူးခြားမှုရှိလာသော်လည်း သူမ မည်မျှပင် ကြိုးစားစေကာမူ ထိုကြိုးစားမှုအားလုံးက မျက်မမြင်တစ်ဦးအတွက် ဖြစ်နေခဲ့သည်။
ယခု သူမ အသက်ဆယ့်ငါးနှစ်သာ ရှိသေးပြီး ပြုပြင်ရန် အချိန်ရှိနေသေးသည်။ ဤကာလအတွင်း နေ့စဉ် အသားအရေကို ဂရုစိုက်သွားမည်ဆိုလျှင် တစ်နေ့နေ့တွင် ယခုကဲ့သို့ အရွယ်မရောက်သေးသည့် အနေအထားမျိုးဖြင့် ရှိနေတော့မည်မဟုတ်ပေ။
"သူ ပြောတာတွေကို ဂရုမစိုက်ပါနဲ့"
ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။
"ခင်ဗျားက ကျန်းရိဟွမ်းထက် ဆယ်ဆ၊ အဆတစ်ရာ ပိုလှပါတယ်"
"ငါ့ကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး ဝမ်ရှူရယ်"
စူးယောင်ကွမ်းက ရယ်မောလိုက်သည်။
"ငါက ကျန်းရိဟွမ်းလောက် မလှဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ရုပ်ရည်ဆိုတာ ပြောင်းလဲလို့ရတဲ့ အရာတွေပါ။ အပြင်ပန်း အသွင်အပြင်ကို ပြောင်းလဲနိုင်ပေမဲ့ စိတ်ဓာတ် ပုပ်သိုးနေတာကိုတော့ ဘယ်တော့မှ ကုစားလို့ရမှာ မဟုတ်ဘူး"