အခန်း ၃၁
Vol. 4 Ch. 31
အခန်း ၃၁ အဆိုပြုချက်
ကျိုးဝမ်ရှူက သူ့ရှေ့တွင် ရှိနေသော မိန်းကလေးကို စိုက်ကြည့်နေသည်။
‘သူမက တကယ့်ကို အကောင်းမြင်စိတ် ရှိလွန်းတာပဲ’
‘တကယ်တော့ သူ လိမ်ပြောနေတာ မဟုတ်ပါဘူး။ သူ့မျက်လုံးထဲမှာ သူမက အဲ့ဒီဟန်ဆောင်ကောင်းတဲ့ ကျန်းရိဟွမ်းထက် ဆယ်ဆ၊ အဆတစ်ရာ ပိုလှနေတာ အမှန်ပါပဲ’
‘သူမ ပြုံးလိုက်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားသလို ဖြစ်နေတယ်လို့တောင် သူ ထင်နေမိတယ်’
သူတို့ အိမ်ပြန်ရောက်သွားချိန်တွင် စူးယောင်ကွမ်းက ခြံတံခါးကို အသေအချာ ပိတ်လိုက်ပြီး ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။
"လာ... အိမ်ထဲဝင်ပြီး ပိုက်ဆံတွေ အတူတူ ရေတွက်ရအောင်"
ကျိုးဝမ်ရှူက သူမနောက်မှ လိုက်လာပြီး အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ဤသည်မှာ ကျိုးဝမ်ရှူအတွက် သူမ၏ အခန်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သည်။ သူမအခန်းက သိပ်မကြီးသလို ပရိဘောဂများလည်း ဟောင်းနွမ်းနေသည့်တိုင် အလွန်သန့်ရှင်းနေသည်။
ပြတင်းပေါက်နားရှိ ကွဲအက်နေသော အိုးတစ်လုံးထဲ၌ စွင့်စွင့်ကားကား ပွင့်နေသည့် တောရိုင်းပန်းစည်းလေးကို မြင်လိုက်ရသည်။ ထိုပန်းလေးများက အရောင်အသွေး စိုပြည်စွာ ပွင့်လန်းနေပြီး ရိုးရှင်းသည့် အခန်းလေးကို အသက်ဝင်သွားစေသည်။
စူးယောင်ကွမ်းက ခြင်းတောင်းထဲမှ စုတ်ပြဲနေသော အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
သူမ အိတ်ကို စားပွဲပေါ်တင်ပြီး ဖွင့်လိုက်ချိန် ကြေးပြားလေးများ၏ ထိခတ်သံက တူရိယာသံစဉ်တစ်ခုလို ဖြစ်နေလေသည်။
နှစ်ယောက်သား အရင်ဆုံး ကြေးပြားများကို ကြိုးဖြင့် သီလိုက်ကြသည်။ လက်များ ညောင်းညာလာသည့်တိုင်အောင် ဆက်သီပြီးမှ နောက်ဆုံးတွင် ကြေးပြားနှစ်ဆယ်ခန့်သာ ကျန်တော့သည်။
"ငါတို့ ၂၇ ဘူး ရောင်းရတယ်။ အများစုက ဘူးသေးတွေပဲ၊ ဘူးကြီးက တစ်ဘူးပဲ ရောင်းရတယ်။ အဲ့ဒီ ၂၇ ဘူးထဲမှာ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီနဲ့ မျက်နှာလိမ်းအလှဆီတွေက အရောင်းရဆုံးပဲ။ မျက်နှာလိမ်းအလှဆီဝယ်သွားတဲ့သူကတော့ သုံးယောက်ပဲ ရှိတယ်။ ပြီးတော့ မျက်နှာချေလိမ်းတဲ့သူက အယောက်တစ်ရာလောက်ရှိတယ်၊ အစောဆုံးလာတဲ့ ၂၀ ကို တစ်ယောက် နှစ်ပြားစီပဲ ယူပြီး ကျန်တဲ့သူတွေကို ငါးပြားစီ ယူလိုက်တယ်။ နောက်ဆုံး အစ်မချွမ်းအော်ဆီက ရတဲ့ အကျိုးအမြတ်နဲ့ဆိုရင် စုစုပေါင်း ငွေရှစ်လျန်နဲ့ ကြေးပြား သုံးရာ့နှစ်ဆယ့်ခုနစ်ပြား ရတယ်"
"ရှစ်လျန် ဟုတ်လား"
ကျိုးဝမ်ရှူ အံ့အားသင့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
‘ငါ ဒီအခက်အခဲတွေ မကြုံခင်ကတောင် ငါ့ရဲ့ လစဥ်လစာ ဆယ်လျန်လေ။ အခုတော့ တစ်ရက်တည်းနဲ့ ရှစ်လျန်တောင် ရသွားတာလား’
"ဒါက စုစုပေါင်းဝင်ငွေပါ။ ဝယ်ထားတဲ့ ပစ္စည်းဖိုးတွေနဲ့ ဒီရက်ပိုင်း ပင်ပန်းထားတဲ့ လုပ်အားခတွေကို နုတ်လိုက်ရင် ခုနစ်လျန်လောက်ပဲ ကျန်လိမ့်မယ်"
"ဒီလောက်ဆို တော်တော်ကောင်းနေပါပြီ"
ကျိုးဝမ်ရှူက ထပ်ပြောလိုက်သည်။
"ဒီလုပ်ငန်းက အဆင်ပြေပုံရတယ်။ နောက်ထပ် ဘယ်ပန်းတွေကို ထပ်ခူးရဦးမလဲ၊ ကျွန်တော် မနက်ဖြန် တောင်ပေါ်တက်ပြီး ပန်းခူးပေးမယ်"
"အစ်မချွမ်းအော်ဆီမှာ ဘူးလေးဆယ်ကျော် ကျန်နေသေးတော့ အခုချက်ချင်း မလိုသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ အစမ်းရောင်းတဲ့ ရလဒ်အရ ဘူးကြီးတွေကို လျှော့လုပ်ပြီး ဘူးသေးတွေကို ပိုလုပ်သင့်တယ် ထင်တယ်။ ဒါမှ ဝယ်သူတွေလည်း ဝန်မပိသလို ပစ္စည်းတွေလည်း မြန်မြန်ရောင်းကုန်မှာ"
ထိုသို့ပြောပြီးနောက် စူးယောင်ကွမ်းက မီးဖိုချောင်ဆီသို့ သွားပြီး မုန့်နှစ်ကို ကျွမ်းကျင်စွာ နယ်နေခဲ့သည်။ ထို့နောက် အရိုးပြုတ်ရည်ဖြင့် ခေါက်ဆွဲပြုတ်တစ်အိုး ချက်ပြုတ်လိုက်သည်။
ကျိုးဝမ်ရှူတစ်ယောက် ခေါက်ဆွဲပန်းကန်လုံးကြီး သုံးလုံးအထိ စားလိုက်မိပြီး အနည်းငယ် ရှက်ရွံ့နေလေသည်။
စူးယောင်ကွမ်းက သူ့ကို ပြုံးကြည့်နေရင်းမှ လှမ်းမေးလိုက်သည်။
"စားလို့ ကောင်းလား"
ကျိုးဝမ်ရှူက ခေါင်းညိတ်လိုက်သည်။
"အင်း"
"နောက်ရက်ကျမှ ထပ်ချက်ပေးမယ်။ ဒီနေ့တော့ ဒီလောက်ပဲ စားတော့၊ ဗိုက်အောင့်သွားလိမ့်မယ်"
စူးယောင်ကွမ်း၏ အကြည့်များက ကျိုးဝမ်ရှူဆီသို့ ရောက်ရှိနေပြီး ပိုနူးညံ့လာကာ ချစ်ခင်မှု အရိပ်အယောင်များ ပါဝင်နေသလို ခံစားရစေသည်။
ကျိုးဝမ်ရှူက သူမ၏ မျက်ဝန်းများထဲတွင် ရှိနေသည့် အဓိပ္ပာယ်ကို နားလည်သွားပြီး ရုတ်တရက် အံ့အားသင့်သွားသည်။
‘ရွာထဲကလူတွေက ငါ့ကို သူမရဲ့ "ယောက်ျားလေး" လို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဘာလို့များ သူမက ငါ့ကို သားတစ်ယောက်လို ပြုစုပျိုးထောင်နေတယ်လို့ ငါ ခံစားနေရတာလဲ’
........။.....။...
"အမေ..."
ဒုတိယအဒေါ်စူးက ခြံထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး ဟင်းသီးဟင်းရွက် ခူးနေသော အဘွားစူးကို လှမ်းပြောလိုက်သည်။
"ကျွန်မ ခုနက ယောင်းမကြီးရဲ့ အိမ်ရှေ့က ဖြတ်လာတာ၊ ဘာရနံ့ရလဲ သိလား၊ အသားဟင်းနံ့ ရလာတယ်။ အမေ... အဲ့ဒီ ကောင်မစုတ် စူးယောင်ကွမ်းက အသားတွေ ခိုးစားနေပြန်ပြီ၊ အမေ သူ့ကို သင်ခန်းစာ မပေးတော့ဘူးလား"
အဘွားစူးက မျက်ခွံပင် မပင့်ဘဲ လှောင်ပြောင်သံဖြင့် ပြန်ပြောလိုက်သည်။
"နင့်မှာ အချိန်တွေ ပိုနေရင် တာ့ပေါင်ကို ဂရုစိုက်ဖို့ လုပ်စမ်းပါ။ တာ့ပေါင် ဗိုက်ဆာနေတာ မကြားမိဘူးလား၊ နင် ထမင်းမချက်ဘူးလား၊ ငါ့ရဲ့ အိုမင်းနေတဲ့ လက်တွေ၊ ခြေထောက်တွေကိုပဲ ခိုင်းစားချင်နေတာလား"
အဒေါ်စူးက နှုတ်ခမ်းစူပြီး ပြန်ပြောလိုက်သည်။
"ကျွန်မလည်း အလကား မနေပါဘူး၊ ယောင်းမကြီးနဲ့ စူးယောင်ကွမ်းက အမေ့ကို ပိုပြီး မလေးမစား လုပ်လာကြတာလေ၊ ဒါကြောင့် သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေရတာပေါ့"
"စူးယောင်ကွမ်း ဒီနေ့ ဈေးကနေ ပြန်လာတော့ အသားမကျန်တော့တဲ့ အရိုးကြီးတွေ ဝယ်လာတာဟဲ့။ အဲ့ဒီအရိုးတွေမှာ အသားတောင် မပါဘူး၊ ပြုတ်ရင်တောင် ထင်းအများကြီး ကုန်တာပဲ ရှိလိမ့်မယ်။ အနံ့ကတော့ မွှေးနေမှာပေါ့၊ ဒါပေမဲ့ အသားမှ မပါတာ၊ နင် အရိုးကိုက်ရတာ ကြိုက်နေရင်တော့ စူးယောင်ကွမ်းဆီ သွားတောင်းစားလိုက်လေ"
ထိုစကားကို ကြားလိုက်ရမှသာ အဒေါ်စူးတစ်ယောက် အဘွားစူး အဘယ်ကြောင့် ဤမျှတောင် တည်ငြိမ်နေရသည်ကို နားလည်သွားတော့သည်။
‘ငါတို့အတွက် ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်မှန်း သိနှင့်နေတာကိုး’
"အမေ... ယောင်းမလေးက အခုထိ ပေါ်မလာသေးဘူး။ သူက ကျွန်မတို့ကို တမင် ရှောင်နေတာလား၊ သူ စိတ်ပြောင်းသွားပြီး မုထုန်ကို စူးယောင်ကွမ်းနဲ့ အိမ်ထောင်မချပေးချင်တော့တာများလား"
"သူက မြေဩဇာ ရွက်ရတာမျိုး မလုပ်ချင်ဘူးလေ၊ ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီမှာ အရှက်ကွဲခဲ့ရတော့ အခုလောလောဆယ် ပြန်လာဖို့ ရှက်နေတာနေမှာပေါ့။ စောင့်ကြည့်နေလိုက်၊ သိပ်မကြာခင် သူ ရောက်လာလိမ့်မယ်။ သူ့သားကို လိုချင်တဲ့သူ မရှိဘူးလေ၊ ဒါကြောင့် သူက ပတ်ဝန်းကျင်ကလူတွေကိုပဲ အမြတ်ထုတ်ဖို့ ကြိုးစားရမှာပေါ့။ စူးယောင်ကွမ်းမှာက ဂရုစိုက်ပေးရမယ့် မုဆိုးမအမေပဲ ရှိနေတာဆိုတော့ သူက အလွယ်ကူဆုံး ပစ်မှတ်ပဲ"
"ဒါဆိုလည်း ကောင်းတာပေါ့။ ကျွန်မက ယောင်းမလေး စိတ်ပြောင်းသွားပြီး စူးယောင်ကွမ်းကို ဘာမှ မလုပ်ရဲတော့မှာ စိုးရိမ်နေတာ"
"ကံကောင်းတာက စူးယောင်ကွမ်းဘက်က ရှောင်းယန်ချီကို မဝယ်လိုက်တာပဲ။ ရှောင်းယန်ချီက အရွယ်ရောက်နေပြီလေ၊ တကယ်လို့သာ သူ့ကို ဝယ်လိုက်ရင် သူတို့နှစ်ယောက် လက်ထပ်ပြီး အတူနေကြတော့မှာ၊ အဲ့ဒီအခါကျရင် ကွေ့လန်အနေနဲ့ ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး"
တစ်ဖက်တွင်လည်း စူးယောင်ကွမ်းက ကြေးပြားတစ်တွဲကို ကျိုးဝမ်ရှူလက်ထဲသို့ ထည့်ပေးလိုက်သည်။
ကျိုးဝမ်ရှူက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဒါက..."
"နင့်ရဲ့ လုပ်အားခ"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"နင့်ဘာသာ နင် သိမ်းထားလိုက်"
"ခင်ဗျား ကျွန်တော့်ကို ဝယ်ထားတာ မဟုတ်ဘူးလား"
‘သူမအတွက်တော့ ငါက ဝယ်ထားတဲ့ ကျွန်တစ်ယောက်ပဲလေ။ ရှောင်းယန်ချီလိုမျိုးပဲ သူမ ခိုင်းတဲ့ အလုပ်ကို လုပ်ပေးရမှာပေါ့၊ ငွေကြေးတွေယူဖို့ မလိုဘူးလေ’
‘ရွာသားတွေက ငါ့ကို သူမရဲ့ "ယောက်ျားလေး" လို့ လှောင်ပြောင်ကြပေမဲ့ သူမကတော့ ငါ့ကို အကာအကွယ်တစ်ခုအနေနဲ့ပဲ သဘောထားပြီး ဘာအချစ်စိတ်မှ မရှိတာကိုလည်း ငါ သိနေတာပဲ’
စူးယောင်ကွမ်းက ဆက်ပြောနေသေးသည်။
"ငါ နင့်ကို မပြောခဲ့ဘူးလား၊ နင် ကြိုက်တဲ့အချိန် ပြန်လို့ရတယ်လို့လေ။ နင် ပြန်ချင်တဲ့အခါ ခရီးစရိတ် လိုလိမ့်မယ်၊ အဲ့ဒါတွေက နင် ပိုင်တာပဲ။ နင် ဘယ်လောက် စုနိုင်မလဲဆိုတာကတော့ နင်ရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို အလကား ခိုင်းစားမှာ မဟုတ်ဘူး။ နင် ပြန်ဖို့ ဆုံးဖြတ်တဲ့အခါ ငါ နင့်ရဲ့ ကျွန်စာချုပ်ကိုပါ ပြန်ပေးလိုက်မှာပါ"
ကျိုးဝမ်ရှူက ကြေးပြားလေးများကို လက်ဖြင့် အသာအယာ ပွတ်သပ်နေခဲ့သည်။
"ကောင်းပါပြီ"
‘ငါ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပုံရတယ်’
‘ဒီမှာ ဆက်နေတာကပဲ ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်’
"နားတော့၊ မနက်ဖြန်ကျရင် တောင်ပေါ်ကို ထပ်တက်ရဦးမယ်"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ကြည့်ပြီး ပြန်မေးလိုက်သည်။
"ကျွန်တော်နဲ့ အိမ်ထောင်ရေးစာချုပ် ချုပ်ပြီး လက်မှတ် ထိုးထားချင်လား"
စူးယောင်ကွမ်း : "..."
သူမ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
"ဘာလို့လဲ?"
"ခင်ဗျားရဲ့ အဒေါ် မိသားစုကို ဖယ်ရှားချင်တာ မဟုတ်ဘူးလား"
ကျိုးဝမ်ရှူက ဆက်ရှင်းပြနေသည်။
"အိမ်ထောင်ရေးစာချုပ်မှာ လက်မှတ် ထိုးလိုက်ရင် သူတို့တွေ ခင်ဗျားကို ထပ်ပြီး နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး"
"ဒါပေမဲ့ အဲ့ဒီအခါကျရင် နင် လွတ်လပ်တော့မှာ မဟုတ်ဘူးလေ။ နင် ထွက်သွားချင်ရင်တောင် ငါနဲ့အတူ ရုံးတော်ကို သွားပြီး ကွာရှင်းစာချုပ် ထပ်လုပ်ရလိမ့်မယ်"
"ခင်ဗျားက ကျွန်တော်ကို ဝယ်ထားပြီး အသက်ကယ်ပေးခဲ့တာလေ၊ ကျွန်တော် ခင်ဗျားကို ပြန်ပေးဆပ်ရမှာပေါ့။ တကယ်လို့ ကျွန်တော် ထွက်သွားရမယ့်နေ့ ရောက်လာရင်တောင် ကွာရှင်းစာချုပ် ရှိတာကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ အဓိကက ခင်ဗျား ဂရုစိုက်လားဆိုတဲ့ အချက်ပဲ"
"ငါကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ငါက လုံးဝကို အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတာ"
'အရင်ဘဝတုန်းက ဆုံးရှုံးမှုတွေကနေ သင်ခန်းစာ ယူဖို့ မဟုတ်ဘူးလား၊ ငွေရှာတာထက် ပိုအရေးကြီးတာ ဘာရှိသေးလို့လဲ'
"ဘယ်အချိန်သွားရင် ကောင်းမလဲလို့ ထင်လဲ"
ကျိုးဝမ်ရှူက ထပ်မေးလာသောကြောင့် စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။
"ငါ့အမေ ပြန်လာမှ၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စကတော့ အနီးစပ်ဆုံး လူတွေ သိထားဖို့ လိုတာပေါ့"
"ကောင်းပြီလေ"
"နင်... သွားနားတော့လေ"
စူးယောင်ကွမ်းတစ်ယောက် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားရသည်။
‘ဒါက ငါတို့ နှစ်ယောက်သဘောတူထားတဲ့ အတုအယောင် အိမ်ထောင်ရေးတစ်ခု ဖြစ်နေရင်တောင် အိမ်ထောင်ရေးစာချုပ်ဆိုတာကတော့ တကယ့် အစစ်အမှန်လေ’
ထိုအတွေးကြောင့် သူမ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားရသည်။
ကျိုးဝမ်ရှူက လှည့်ထွက်သွားပြီး ထင်းတဲဆီ ပြန်သွားလိုက်သည်။ သူ ထင်းတဲကို လိုက်ရှာကြည့်လိုက်ရာ အပေါက်လေးတစ်ခုကို တွေ့သွားပြီး သူ ရလာသည့် ကြေးပြားတွဲလေးကို ထိုအထဲသို့ သေချာ ထိုးထည့်သိမ်းဆည်းထားလိုက်သည်။