အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂ လက်ဖက်စိမ်း
ကျိုးဝမ်ရှူတစ်ယောက် ရေပုံးများကို သယ်ကာ ရေတွင်းဆီသို့ ထွက်လာခဲ့သည်။
ရေတွင်းနားတွင် ရွာသူအမျိုးသမီးအချို့ စုဝေးနေကြသည်။ သူတို့က ကျိုးဝမ်ရှူကို အပေါ်အောက် အကဲခတ်ကြည့်ရှုကြပြီး သူတို့၏ အမူအရာများက ထူးဆန်းနေသည်။
"ဒီလူငယ်လေးက တကယ်ကို ချောမောပြီး ခန္ဓာကလည်း သန်မာသားပဲ။ ငါ့ယောက်ျားထက်တောင် ခေါင်းတစ်လုံးစာ ပိုမြင့်နေသေးတယ်။ သူ ဆယ့်ငါးနှစ်တောင် မပြည့်သေးဘူးဆိုတာ ဘယ်သူက ယုံနိုင်မှာလဲဟယ်"
"ငါ ကြားတာတော့ သူက ယောင်ကွမ်းထက် ခြောက်လပဲ ငယ်တာတဲ့၊ အဲ့ကောင်မလေး ယောင်ကွမ်းက တကယ့်ကို ကံကောင်းတာပဲ၊ ဒီလောက်ချောတဲ့ ယောကျာ်းလေးကို ဆယ်ပြားလောက်နဲ့ ရလိုက်တယ်"
"ကောင်လေးဝမ်ရှူ၊ အဒေါ်ကြီး ပင်ပန်းနေလို့ ရေနည်းနည်းလောက် ကူဆွဲပေးပါလားကွယ်"
လီအဒေါ်ကြီးက အပြုံးဖြင့် ပြောလိုက်သည်။
ကျိုးဝမ်ရှူက ရှက်ရွံ့နေသည့် မျက်နှာနီနီလေးဖြင့် နာနာခံခံ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါခင်ဗျ။ ဒါပေမဲ့ ကျွန်တော်က သိပ် အားမသန်တော့ ရေဆွဲတာ နည်းနည်း နှေးမယ် ထင်တယ်"
"ရပါတယ်ကွယ်၊ ဖြည်းဖြည်းချင်းပဲ ဆွဲပါ"
ကျိုးဝမ်ရှူက တစ်ခါဆွဲလျှင် ရေတစ်ဝက်စီသာ ဆွဲနေခဲ့သည်။ ပုံးထဲသို့ လောင်းထည့်လျှင်လည်း အနည်းငယ် ဖိတ်ကျသေးသဖြင့် ရေတစ်ပုံးပြည့်ရန် သုံးကြိမ်အထိ ဆွဲနေရသည်။ သူ အသက်ရှူမဝသည်အထိ အမောတကော ရေဆွဲနေရသည်ကို မြင်နေရသော အမျိုးသမီးကြီးများက သူ့ကို သနားစပြုလာကြသည်။ သူ့ကို အခွင့်ကောင်းယူကာ ခိုင်းစားချင်နေသည့် ထိုအမျိုးသမီးများအားလုံး သူ့ကို မခိုင်းရက်တော့ဘဲ ရေဆွဲရန်ပင် ကူညီပေးနေကြသည်။ အမျိုးသမီးကြီးတစ်ယောက်ဆိုလျှင် သူတို့အိမ်အထိ ရေပုံးလိုက်သယ်ပေးမည်ဟု ကမ်းလှမ်းလာသေးသည်။ ကျိုးဝမ်ရှူက အလွန်ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုလိုက်ပြီး ရေပုံးကို သယ်ကာ အိမ်သို့ ပြန်လာခဲ့သည်။
"ယောင်ကွမ်းက တကယ့်ကို ရက်ရောတာပဲ၊ ဒီလိုချောမောတဲ့ ယောကျာ်းငယ်လေးကို ရေခပ်ခိုင်းတယ်"
"သူက ကြည့်ကောင်းသလို စိတ်သဘောထားကလည်း အရမ်းကောင်းတယ်။ သူက အရွယ်လေး ငယ်နေပြီး ယောင်ကွမ်းကို မကာကွယ်ပေးနိုင်တာ တစ်ခုပဲ ရှိရှာတာပါအေ၊ ကျန်တာတော့ အကုန် ပြည့်စုံတယ်"
"ငါ ထင်တာတော့ အခုဆို ယောင်ကွမ်းလည်း တော်တော် လုပ်ရည်ကိုင်ရည် ရှိနေပါပြီ၊ ယောကျာ်းတစ်ယောက်ရဲ့ ကာကွယ်မှုကို လိုတော့မှာ မဟုတ်ပါဘူး။ သူ့အတွက်ကတော့ အခုလို နူးညံ့တဲ့ ယောကျာ်းငယ်လေးနဲ့မှ လိုက်ဖက်မှာ"
ကျိုးဝမ်ရှူတစ်ယောက် ရေပုံးများကို သယ်ကာ မြစ်ကမ်းဘေးမှ ဖြတ်လျှောက်လာချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် မြစ်ရေပြင်ကို စိုးရိမ်တကြီး ကြည့်နေသည်အား တွေ့လိုက်ရသည်။ သူမကလည်း ကျိုးဝမ်ရှူကို မြင်သွားပြီး ခြေလှမ်းသေးသေးလေးများဖြင့် လှမ်းလာကာ ချိုသာသောအသံလေးဖြင့် လှမ်းပြောလိုက်သည်။
"အစ်ကိုကျိုး၊ ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ ရမလားရှင့်၊ ကျေးဇူးပြုပြီး ကူညီပါနော်"
ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်လိုက်ပြီး အခက်တွေ့နေဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော်က ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ ခင်ဗျားက ကျွန်တော်ထက် အများကြီး ပိုကြီးပုံရတယ်။ ကျွန်တော့်ကို 'အစ်ကို' လို့ ခေါ်တာ မသင့်တော်ဘူး မဟုတ်လား"
ကျန်းရိဟွမ်း : "..."
သူမ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
ကျိုးဝမ်ရှူက ရေပုံးများကို သယ်ကာ ရှောင်ထွက်သွားရန် ကြိုးစားနေသော်လည်း ကျန်းရိဟွမ်းက သူ့လမ်းကို ထပ်ပိတ်လိုက်ပြန်သည်။
ကျိုးဝမ်ရှူက သူမကို စူးရဲစွာ ကြည့်လိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျား ဘာလို့ ကျွန်တော့်လမ်းကို ပိတ်နေတာလဲ"
"ကျွန်မ... ကျွန်မရဲ့ အဝတ်တွေ ရေထဲ ကျသွားလို့ပါ၊ ကျေးဇူးပြုပြီး အဲ့ဒါတွေကို ကောက်ပေးလို့ ရမလားဟင်၊ ကျွန်မ တောင်းပန်ပါတယ်"
ကျန်းရိဟွမ်းက တောင်းပန်နေသည့် မျက်လုံးများဖြင့် ကျိုးဝမ်ရှူကို ကြည့်နေလေသည်။
သူမ၏ မျက်လုံးများမှ မျက်ရည်များက ပုလဲလုံးလေးများပမာ တရစပ် စီးကျနေပြီး သူမ၏ မျက်နှာချေများ မပျက်စီးသွားအောင်တော့ ထိန်းထားနိုင်သေးသည်။ သို့တိုင်အောင် ထိုမြင်ကွင်းကပင် အလွန် သနားစဖွယ် ဖြစ်နေလေသည်။
ကျိုးဝမ်ရှူက မြစ်ပြင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဝတ်အစားအချို့က ရေပေါ်တွင် ပေါလောပေါ်နေကာ ရေစီးကြောင်းအတိုင်း အောက်ဘက်သို့ တဖြည်းဖြည်း မျောပါသွားသည်ကို သူ မြင်နေရသည်။
"ကျွန်တော် ရေမကူးတတ်ဘူး၊ တခြားသူကို သွားပြီး အကူအညီ တောင်းလိုက်ပါ"
"ဒါပေမဲ့ တခြားသူတွေက အလုပ်ရှုပ်နေကြတယ်လေ"
"ကျွန်တော်လည်း အလုပ်ရှုပ်နေတယ်လေ"
"အစ်ကိုဝမ်ရှူရယ်၊ အစ်ကိုက စိတ်သဘောထား ကောင်းတဲ့သူပါ၊ အားနည်းတဲ့ မိန်းကလေးတစ်ယောက် သေမှာကိုတော့ အလကား ကြည့်နေရက်မှာ မဟုတ်ဘူးလေ...နော်။ ကူညီပေးပါ၊ မဟုတ်ရင် ကျွန်မအမေက ကျွန်မကို ရိုက်လိမ့်မယ်"
ကျိုးဝမ်ရှူက ကျန်းရိဟွမ်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။
သူ စူးယောင်ကွမ်းနှင့် နေလာခဲ့သည်မှာ ကြာနေပြီဖြစ်သောကြောင့် ကျန်းရိဟွမ်းကို မမှတ်မိစရာအကြောင်း မရှိပေ။
သူ သူမကို မှတ်မိရုံတင်မကဘဲ စူးယောင်ကွမ်းက ဤမိန်းကလေးအား အထူးတလည် မုန်းတီးနေမှန်းလည်း သူ သိထားခဲ့သည်။
‘ဟွန့်... သူမရဲ့ အဝတ်တွေက စောစောစီးစီး ရေထဲကျမသွားဘဲ ငါ ဖြတ်သွားတဲ့ အချိန်နဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ရေထဲကျသွားတယ်ပေါ့လေ။ ပြီးတော့ ဒီလို သနားစရာ၊ ချစ်စရာ အသွင်အပြင်လေးနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေသေးတယ်။ သူမရဲ့ ဒီဖျားယောင်းတဲ့ နည်းလမ်းတွေက ငါ့အဖေ အသက်ငါးဆယ်အရွယ်မှာ ခေါ်ယူလာတဲ့ ဆယ့်ငါးနှစ်အရွယ် ကိုယ်လုပ်တော်လေးရဲ့ နည်းလမ်းတွေထက်တောင် ပိုပြီး ဟန်ချက်ပျက်နေသေးတယ်။’
ကျိုးဝမ်ရှူက ဆွဲဆောင်မှုရှိသော မိန်းမပျိုများစွာကို မြင်ဖူးခဲ့သူ ဖြစ်သည်။ သူ့မျက်လုံးထဲတွင်တော့ ဤမိန်းကလေးက ကြောင်ယောင်ဆောင်နေသော ကျားတစ်ကောင်နှင့် တူနေလေသည်။ သူ၏သခင် မရှိသည့်အချိန်၌ ခုန်အုပ်ရန် စောင့်ဆိုင်းနေသည့်ပုံစံမျိုးပင်။
"ခင်ဗျားရဲ့ အဝတ်တွေကို မြန်မြန်ဆယ်ယူနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိတယ်"
"ဘာနည်းလမ်းလဲ"
ကျန်းရိဟွမ်းက မျှော်လင့်ချက်ဖြင့် သူ့ကို ကြည့်နေရှာသည်။
"အဝတ်တွေက အဝေးကို မျောသွားပြီ၊ ဒီနားမှာလည်း ဝါးလုံးရှည်တွေ မရှိဘူး။ အခုမှ ဝါးသွားခုတ်ရင်လည်း နောက်ကျသွားလိမ့်မယ်"
"ဝါးလုံးခုတ်စရာ မလိုပါဘူး"
ကျိုးဝမ်ရှူက သူ့ရေပုံးကို ချလိုက်ပြီး မြစ်ကမ်းပါးဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟိုဘက်ကို ကြည့်လိုက်"
ကျန်းရိဟွမ်းက သူညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်သည်။ သူမက ကျိုးဝမ်ရှူနှင့် အလွန်နီးကပ်နေသဖြင့် သူမကိုယ်ပေါ်မှ ထွက်ပေါ်လာသည့် အနံ့ဆိုးဆိုး ရေမွှေးနံ့ကပင် သူ့ကို မွန်းကြပ်သွားစေသည်။
"ဟိုမှာ ဘာရှိလို့လဲ၊ ရှင် ကျွန်မကို ဘာပြနေတာလဲ"
ကျိုးဝမ်ရှူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို အားနှင့်တွန်းထုတ်လိုက်သည်။
'ဗွန်းခနဲ' မြည်သံနှင့်အတူ ကျန်းရိဟွမ်းတစ်ယောက် ရေထဲသို့ ပြုတ်ကျသွားတော့သည်။
"အား..."
ကျန်းရိဟွမ်းက ရေပေါ်တွင် ရုန်းကန်နေရင်း အော်ဟစ်အကူအညီတောင်းနေလေသည်။
"ကယ်... ကယ်ကြပါဦး၊ ကျွန်မ ရေမကူးတတ်ဘူး..."
ကျိုးဝမ်ရှူကလည်း ရွာမှ အမျိုးသမီးကြီးအချို့ လာနေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ကယ်ကြပါဦး၊ ကယ်ကြပါဦးဗျ.... လူတစ်ယောက် ရေထဲ ပြုတ်ကျသွားလို့ပါ"
အမျိုးသမီးကြီးများက အပြေးအလွှား ရောက်လာကြသည်။
"ဘာဖြစ်တာလဲ"
သူမတို့ရောက်ရှိချိန်လာတွင် ကျန်းရိဟွမ်း ရေထဲ၌ ရုန်းကန်နေသည်ကို မြင်သွားကြသည်။
"ဒီမိန်းကလေး ရေထဲကို ရုတ်တရက် ပြုတ်ကျသွားတာပါ၊ ဘာဖြစ်တာလဲတော့ ကျွန်တော်လည်း မသိဘူး။ အဒေါ်တို့... ကူညီပေးကြပါဦး၊ ကျွန်တော်က ယောက်ျားလေးဆိုတော့ ဒီနေရာမှာ ဆက်နေဖို့ အဆင်မပြေတော့ဘူး။ တကယ်လို့ သူ့ရဲ့ နာမည်ဂုဏ်သတင်း ပျက်သွားရင် ကျွန်တော် မြစ်ထဲခုန်ချတာတောင် အပြစ်ကင်းစင်မှာ မဟုတ်တော့ဘူး။ အဒေါ်တို့..... သူ့ကို မြန်မြန်လေး ကယ်ပေးကြပါဦး"
ထိုစကားကို ပြောပြီးသည်နှင့် ကျိုးဝမ်ရှူက သူ့ရေပုံးများကို ပြန်ကောက်ယူကာ ဘေးသို့ အမြန်လျှောထွက်သွားခဲ့သည်။
"အမြန်လာကြပါဦး၊ ကယ်ကြပါဦး၊ ကျန်းမိသားစုက ကောင်မလေး ရေထဲပြုတ်ကျသွားပြီ"
ကျိုးဝမ်ရှူက ခဏမျှ လျှောက်လာပြီးနောက် မြစ်ဘက်ကို လှည့်ကြည့်လိုက်သည်။ ရွာထဲမှ လူပျိုလူလွတ် အမျိုးသားအချို့က ကျန်းရိဟွမ်းကို ကယ်တင်ရန် ရေထဲသို့ ခုန်ဆင်းသွားကြပြီး အချို့ကတော့ မြစ်ထဲတွင် မျောနေသော သူမ၏အဝတ်အစားများကို ဆယ်ယူပေးနေကြသည်။
ကျန်းရိဟွမ်းက ရွာထဲရှိ အမျိုးသားများအကြားတွင် ရေပန်းစားသူ ဖြစ်သည်။ ရွာရှိ ရုပ်ရည်သန့်ပြန့်သည့် လူငယ်အများစုက သူမ၏ 'အစ်ကို' များဖြစ်ကြသဖြင့် သူမ ရေထဲကျသည်ဟု ကြားလိုက်ချိန်တွင် ကယ်တင်ရန် ဝိုင်းအုံလာကြခြင်း ဖြစ်သည်။
စူးယောင်ကွမ်း မျက်နှာချေမှုန့်များဖြင့် အလုပ်ရှုပ်နေစဉ် ကျိုးဝမ်ရှူတစ်ယောက် ရေပုံးကို ထမ်းပြီး ပြန်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် လှမ်းမေးလိုက်သည်။
"ရေပုံးက လေးနေလား၊ သယ်ရော သယ်နိုင်ရဲ့လား"
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ မျက်ဝန်းများကို စိုက်ကြည့်နေပြန်သည်။ သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များသာ အပြည့်ရှိနေပြီး မကျေနပ်မှု အရိပ်အယောင် တစိုးတစီမျှပင် ရှိမနေချေ။ သူ ဤမျှ ရိုးသားဖြောင့်မတ်ပြီး ပွင့်လင်းသည့် မိန်းကလေးမျိုးနှင့် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
"ဘာလို့ ဘာမှမပြောတာလဲ"
"အော်... ရေထမ်းရတာ အဆင်ပြေပါတယ်၊ နောက်ကျသွားတာက လမ်းမှာ လူတစ်ယောက် ရေထဲပြုတ်ကျနေလို့ပါ"
"လူတစ်ယောက် ရေထဲပြုတ်ကျတာလား၊ ဘယ်သူလဲ”
စူးယောင်ကွမ်းက စိုးရိမ်တကြီး ထပ်မေးနေသေးသည်။
"သူ အဆင်ပြေရဲ့လား"
"ကျန်းမျိုးရိုး ရှိတဲ့ မိန်းကလေးတစ်ယောက် ထင်တယ်၊ နာမည်က ဟွမ်းတဲ့"
"သူလား... သူဆိုရင်တော့ မသေလောက်ပါဘူး။ 'လူဆိုးတွေက အနှစ်တစ်ထောင် အသက်ရှည်တယ်' ဆိုတဲ့ စကားပုံ ရှိသေးတယ်မဟုတ်လား"
စူးယောင်ကွမ်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
ကျိုးဝမ်ရှူက ရေပုံးကို မီးဖိုချောင်ထဲသို့ သယ်သွားပြီး ရေစည်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက် အပြင်သို့ ပြန်ထွက်လာကာ တစ်စုံတစ်ခု အမှားလုပ်ထားမိသည့် ကလေးငယ်တစ်ယောက်လို မျက်နှာအမူအရာမျိုးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တော့ ပြဿနာ တက်တော့မယ်ထင်တယ်"
"ဘာဖြစ်တာလဲ"
စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"နင်က ရိုးသားတဲ့သူဆိုတော့ တမင်လုပ်ခဲ့တာ မဖြစ်နိုင်ပါဘူး။ ဘာပြဿနာ တက်လာလို့လဲ ပြောပြပါဦး"
"ကျွန်တော် ရေသယ်ပြီး လမ်းလျှောက်လာတုန်း သူက ကျွန်တော့်ကို တားတယ်။ သူ့ရဲ့ အဝတ်တွေ မြစ်ထဲကို မျောပါသွားလို့ ကောက်ပေးဖို့ တောင်းဆိုတယ်။ ကျွန်တော်က ရေမကူးတတ်သလို ရေထဲဆင်းဖို့လည်း ကြောက်တဲ့အတွက် အမြန် ထွက်လာဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် သူ့ဘေးကနေ ဖြတ်လျှောက်တဲ့အချိန်မှာ သူက ကျွန်တော့်ကို ဆွဲဖို့ ကြိုးစားတယ်။ ကျွန်တော် ရှောင်လိုက်မိပြီး 'ဗွန်းခနဲ' အသံကိုပဲ ကြားလိုက်ရတာ။ နောက်လှည့်ကြည့်လိုက်တော့ သူက ရေထဲ ပြုတ်ကျနေပြီ"
"နင် သူ့ကို တွန်းချလိုက်တာမှ မဟုတ်တာ၊ သူဘာသာ ဟန်ချက်ပျက်ပြီး ပြုတ်ကျသွား ဖြစ်မှာပေါ့။ နင့်အမှား မဟုတ်ဘူး"
စူးယောင်ကွမ်းက ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။
"နောက်တစ်ခါဆို သူနဲ့ ဝေးဝေးနေ။ သူက မျက်နှာချောတဲ့ ယောက်ျားလေးဆိုရင် ဘယ်သူ့ကိုမဆို မျက်စိကျနေတာ။ နင်က ရုပ်ချောတော့ သူက ဒီငါးကြီးကို လက်လွှတ်ပေးမှာ မဟုတ်ဘူး"
"သူက အရမ်းကြောက်စရာကောင်းတယ်။ ယောင်ကွမ်းက အကောင်းဆုံးပဲ။ ကျွန်တော့်ကို ဝယ်ခဲ့တဲ့သူက ယောင်ကွမ်း ဖြစ်နေတာ တကယ် ကံကောင်းတာပဲ"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်ရင်း ပြောလိုက်သည်။