အခန်း ၃၃
Vol. 4 Ch. 33
အခန်း ၃၃ ပြဿနာလာရှာခြင်း
တံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်သည့် အသံကြောင့် အိမ်ဝင်းလေးအတွင်းမှ တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းသွားရသည်။
စူးယောင်ကွမ်း ထရပ်ရန်ပြင်လိုက်စဉ်မှာတွင် ခြံဝင်းထဲ၌ ထင်းခုတ်နေသော ကျိုးဝမ်ရှူက "ကျွန်တော် ဖွင့်လိုက်မယ်" ဟု ပြောကာ တံခါးဆီသို့ လျှောက်သွားနေသည်။
သူ တံခါး ဖွင့်လိုက်ချိန်တွင် ဒေါသထွက်နေပုံရသော ကျုံးလန်ဟွာနှင့် ဆံပင်များ ရေစိုရွှဲကာ ရှိုက်ကြီးတငင် ငိုကြွေးနေသော ကျန်းရိဟွမ်းတို့ကို မြင်လိုက်ရသည်။
ကျုံးလန်ဟွာ၏ အကြည့်က ကျိုးဝမ်ရှူ၏ လက်ထဲတွင် ကိုင်ထားသော ပုဆိန်ဆီသို့ ကျရောက်သွားပြီး သူမ၏ ဒေါသများ သိသိသာသာ လျော့ကျသွားပုံပေါ်သည်။
သူမက သတ္တိမွေးကာ ပြုံးလိုက်ပြီးမှ မေးလာခဲ့သည်။
"နင် ငါ့သမီးကို ရေထဲ တွန်းချလိုက်တာလား"
ကျိုးဝမ်ရှူက အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘာတွေ လာပြောနေတာလဲ၊ ကျွန်တော် နားမလည်ဘူး"
ကျန်းရိဟွမ်းက ရှိုက်ကြီးတငင် ငိုနေရင်း ဝင်ပြောလိုက်သည်။
"နင်... နင်သာ ငါ့ကို မတွန်းချရင် ငါ ရေထဲ ပြုတ်ကျစရာ အကြောင်းမရှိဘူး။ ဘာလို့ ငါ့ကို ဒီလို လုပ်ရတာလဲ၊ ဟင့်... ဟီး..."
ကျုံးလန်ဟွာက ကျန်းရိဟွမ်း၏လက်ကို ဆွဲကာ ရွာလမ်းမကြီးတလျှောက် အော်ဟစ်လာခဲ့သဖြင့် စပ်စုလိုစိတ်ပြင်းထန်သည့် ရွာသားများက သူမတို့ နောက်မှ လိုက်ပါလာကြပြီး ထိုမြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားကြသည်။
ကျိုးဝမ်ရှူက သူ့လက်ကို လွှတ်ချလိုက်ရာ ပုဆိန်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ မျက်နှာပေါ်တွင်တော့ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရသည့်အလား အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။
ပုဆိန်ပြုတ်ကျသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း အသက်ရှူမှားသွားရသည်။
"သတိထား..."
ပုဆိန်က ကျိုးဝမ်ရှူ၏ ခြေထောက်နှင့် လက်တစ်လုံးသာ ကွာဝေးသည့်နေရာသို့ ပြုတ်ကျသွားပြီး သူ့ကို ထိခိုက်မိရန် အနည်းငယ်သာ လိုတော့သည်။ အကယ်၍ ခြေထောက်ကိုသာ ထိမိပါက သူ့ခြေထောက်တစ်ဖက် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
"တော်တော် ကြောက်စရာကောင်းတာပဲ"
တစ်ယောက်ယောက်က အော်ပြောလိုက်သည်။
"ဒီကလေးရဲ့ အောက်ကို ကြည့်လိုက်ကြဦး၊ ကျုံးလန်ဟွာကတော့ လွန်လွန်းနေပြီ၊ ဒါက ရိုးသားတဲ့သူကို အနိုင်ကျင့်နေတာပဲ"
"ဟုတ်တယ်။ ခုနကပဲ ဟွမ်းအာ ရေထဲ ပြုတ်ကျတုန်းက ကယ်ပေးဖို့ အော်ဟစ်ပေးခဲ့တာက ကောင်လေးကျိုးလေ။ သူက အပြင်လူဆိုတော့ အရှုပ်အထွေး မဖြစ်ရအောင် ဝေးဝေးနေတာ ပိုကောင်းမယ်လို့တောင် ပြောခဲ့သေးတယ်။ ဒီလောက် သဘောထားကြီးပြီး စဥ်းစားပေးတတ်တဲ့ ကောင်လေးကိုမှ အမေနဲ့ သမီးက ကျေးဇူးမတင်တဲ့အပြင် အိမ်တိုင်ရာရောက် လာပြီး ပြဿနာရှာနေကြတာပဲ"
စူးယောင်ကွမ်း ရှေ့သို့ လျှောက်လာပြီး ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။
"နင် အိမ်ထဲကို အရင်ဝင်နှင့်၊ ငါ သူတို့ကို ရှင်းလိုက်မယ်"
ကျိုးဝမ်ရှူ၏ မျက်လုံးများက နီရဲနေပြီး စူးယောင်ကွမ်းကို အားကိုးတကြီး ကြည့်ကာ ဝမ်းနည်းနေသည့် အမူအရာလေးဖြင့် ရှင်းပြနေရှာသည်။
"ယောင်ကွမ်း၊ ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူး"
"ငါ သိတယ်။ နင် မကြောက်နဲ့၊ ဘယ်သူက နင့်ကို မတရားစွပ်စွဲရဲလဲဆိုတာ ကြည့်ရအောင်"
စူးယောင်ကွမ်းက သူ့ကို နှစ်သိမ့်ပေးလိုက်ပြီး ကျုံးလန်ဟွာနှင့် သူမ၏သမီးကို အေးစက်စွာ ကြည့်လိုက်သည်။
"ရှင်တို့က သူ တွန်းချတယ်လို့ ပြောနေတော့ သက်သေရှိလား"
"ငါ့သမီးကိုယ်တိုင် ပြောနေတာလေ၊ ဘယ်လိုလုပ် လိမ်ညာတာ ဖြစ်နိုင်မှာလဲ"
ကျုံးလန်ဟွာက မျက်စောင်းထိုးရင်း ပြောချေပလိုက်သည်။
"ကျွန်မတို့ ဝမ်ရှူက သူ မလုပ်ဘူးလို့ ပြောထားတယ်။ သူ မလုပ်ဘူးဆိုရင် မလုပ်တာပဲ။ အခြားသက်သေ ဒါမှမဟုတ် မျက်မြင်သက်သေ မရှိရင် ဒီကို လာပြီး ပြဿနာ မရှာနဲ့"
"စူးယောင်ကွမ်း၊ ငါက နင့်ထက် အကြီးလေ။ နင်လို ကလေးမလေးက ငါ့ကို ဘယ်လိုလုပ် ဒီစကားမျိုးပြောရဲတာလဲ၊ နင့်အမေ အိမ်မှာ မရှိတော့ နင့်ကို ဘယ်သူမှ ယဉ်ကျေးမှုတွေ မသင်ပေးဘူးပေါ့၊ အဲ့တော့ ငါပဲ သင်ပေးရတော့မှာပေါ့လေ"
စကားဆုံးသည်နှင့် ကျုံးလန်ဟွာက သူမ၏ လက်ကို မြှောက်လိုက်သည်။
စူးယောင်ကွမ်းက ကျုံးလန်ဟွာကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ရာ သူမ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဖင်ထိုင်ကျသွားတော့သည်။
"အား..."
စူးယောင်ကွမ်းက သူမတို့ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဟုတ်တယ်၊ အခု ကျွန်မ လုပ်လိုက်တာ၊ ကျွန်မ ဝန်ခံတယ်။ ဒါပေမဲ့ ကျွန်မတို့ ဝမ်ရှူကိုတော့ ရှင့်တို့ မဟုတ်မမှန် စွပ်စွဲတာတွေကို လက်ခံမှာ မဟုတ်ဘူး"
ကျန်းရိဟွမ်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဝင်ပြောလိုက်သည်။
"ကျိုးဝမ်ရှူ၊ နင် တကယ်ပဲ ငါ့ကို ရေထဲ မတွန်းချခဲ့ဘူးလို့ ကောင်းကင်ဘုံက နတ်ဘုရားတွေ၊ ဗုဒ္ဓတွေကို တိုင်တည်ပြီး ကျိန်ဆိုရဲလား"
"ကျွန်တော် ကောင်းကင်ဘုံက နတ်ဘုရားတွေ၊ ဗုဒ္ဓတွေကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ ကျွန်တော် ကျန်းရိဟွမ်းကို မတွန်းချခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်သာ တွန်းချခဲ့ရင်..."
"တော်တော့"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"သူက ကျိန်ဆိုခိုင်းတိုင်း ကျိန်ဆိုနေရအောင် နင်က အရူးလား"
သူမက ကျိုးဝမ်ရှူကို တစ်ချက်ဆူပူလိုက်ပြီး ကျုံးလန်ဟွာနှင့် သူမ၏သမီးဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ရှင့်တို့မှာ သက်သေရှိရင် ရှာခဲ့၊ မဟုတ်ရင်တော့ ဒါတွေက အလကားစကားတွေပဲ၊ ကျွန်မတို့က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး"
"နင်... နင်... နင်က နင့်အမေထက်တောင် ပိုပြီး အရှက်မရှိတဲ့သူလို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး"
ကျုံးလန်ဟွာက မြေပြင်ပေါ်မှ ထရပ်လိုက်ပြီး စူးယောင်ကွမ်းဆီသို့ ဒေါသတကြီး ပြေးဝင်လာသည်။
စူးယောင်ကွမ်းက ကျုံးလန်ဟွာ၏ ဆံပင်ကို ဆွဲကိုင်ကာ အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်။
"အား... နာတယ်..."
"စူးယောင်ကွမ်း၊ နင်... ငါ့အမေကို လွှတ်ပေးလိုက်"
ကျန်းရိဟွမ်းက အမေဖြစ်သူကို ကူညီရန် ကြံစည်နေသော်လည်း စူးယောင်ကွမ်းထံမှ ဆံပင်ဆွဲခံရမည်ကို ကြောက်နေပြီး ရှေ့တိုးမလာရဲပေ။
"အရပ်ကတို့ရေ၊ ကူညီပေးကြပါဦး၊ စူးယောင်ကွမ်းက လူတွေကို အနိုင်ကျင့်နေပြီ"
"ငါ နင့်ကို သတ်ပစ်မယ်... အား... နာတယ်... လွှတ်ပေးတော့"
စူးယောင်ကွမ်းက အခြေအနေကို အကဲခတ်ကာ ကျုံးလန်ဟွာကို ပြန်တွန်းထုတ်လိုက်သည်။
ယခင်က ကျက်သရေရှိစွာ ဝတ်ဆင်ထားသော ကျုံးလန်ဟွာက ယခုအခါ ရူးသွပ်နေသည့် အမျိုးသမီးတစ်ယောက်အလား ဖြစ်သွားတော့သည်။
"အို... ဘုရားရေ၊ ငါတော့ သည်းမခံနိုင်တော့ဘူး၊ ငါ့လို အသက်ကြီးတဲ့သူကို လူငယ်လေးက အနိုင်ကျင့်နေတာပဲ... ငါ့သမီးလေး ရေထဲ ပြုတ်ကျတာတောင် ဘယ်သူကမှ ကိုယ်ချင်းမစာပေးကြဘူး..."
စူးယောင်ကွမ်းက ဘာမျှမပြောဘဲ အိမ်ထဲသို့ ပြန်ဝင်သွားသည်။
"မသွားနဲ့..."
ကျုံးလန်ဟွာက ထရပ်ကာ တားဆီးလိုက်ပြန်သည်။
အိမ်ထဲဝင်သွားသော စူးယောင်ကွမ်းက ရေတစ်ဇလုံ ကိုင်ကာ ပြန်ထွက်လာသည်။ ထိုရေမှ ထူးဆန်းသော အနံ့တစ်ခုထွက်နေပြီး အန္တရာယ်ရှိပုံရသဖြင့် လူတိုင်း ကြောက်လန့်သွားကြသည်။
"နင် ဘာလုပ်မလို့လဲ"
"ဝက်အူချေးတွေ ဆေးထားတဲ့ ရေတွေလေ၊ မသွန်ရသေးဘူး။ ကဲ...အခုတော့ ရှင့်ကို ပေးလိုက်မယ်"
စူးယောင်ကွမ်းက စကားဆုံးသည်နှင့် ထိုရေများကို ကျုံးလန်ဟွာတို့အပေါ်သို့ ပက်ဖျန်းလိုက်သည်။
"အား... နင်... အား..."
ကျုံးလန်ဟွာက ကျန်းရိဟွမ်းကို ဆွဲခေါ်ကာ အမြန်ရှောင်တိမ်းလိုက်သည်။
စူးယောင်ကွမ်းက ခါးထောက်လိုက်ပြီး မထီမဲ့မြင်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်မက စိတ်သဘောထား ကောင်းတဲ့သူ မဟုတ်ဘူးလို့ ပြောထားပြီးသားနော်။ အခုလိုမျိုး ကျွန်မရဲ့ ဝမ်ရှူကို မဟုတ်မမှန် စွပ်စွဲနေဦးမယ်ဆိုရင် ရှင့်တို့အမေနဲ့သမီးကို ကျွန်မရဲ့ အိမ်သာကျင်းထဲမှာ ရေချိုးခိုင်းလိုက်မယ်။ သက်သေအထောက်အထား ပြနိုင်ရင် ပြ၊ မဟုတ်ရင်တော့ ပြဿနာရှာတဲ့သူတွေလို့ပဲ သတ်မှတ်လိုက်မယ်"
"နင်က နင့်အမေရဲ့ စရိုက်တွေကို အကုန်အမွေဆက်ခံခဲ့တာပဲ၊ ယဉ်ကျေးမှုမရှိတဲ့ အရိုင်းအစိုင်းမလေး"
ကျုံးလန်ဟွာက ကျိန်ဆဲနေရင်း စူးယောင်ကွမ်း လျှောက်လာသည်ကို မြင်သည်နှင့် ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားတော့သည်။
"အမေ၊ သမီးကို စောင့်ပါဦး"
ကျန်းရိဟွမ်းကလည်း ကျုံးလန်ဟွာနောက်သို့ အပြေးလိုက်သွားတော့သည်။
စူးယောင်ကွမ်းက မဲ့ပြုံးပြုံးလိုက်သည်။ သို့သော် ရွာသားများ မပြန်သေးသည်ကို မြင်ရသောကြောင့် သူမ၏ဒေါသကို ထိန်းချုပ်လိုက်ကာ အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
"ဦးလေးတို့၊ အဒေါ်တို့၊ အဘိုးတို့ အဘွားတို့ရေ၊ ကျွန်မက ပုံမှန်ဆိုရင် ဒီလိုမျိုး မဟုတ်ပါဘူး။ သူတို့က လူဆိုးတွေမို့လို့သာ ဒီလို ပြန်လုပ်ရတာပါ။ ကျွန်မကို အထင်မလွဲကြပါနဲ့၊ ကြည့်ပါဦး၊ ကျွန်မတို့ ဝမ်ရှူက ဘယ်လောက်တောင် ရိုးသားလိုက်သလဲ၊ ဒါကိုတောင် ဒီအမေနဲ့သမီးက အနိုင်ကျင့်နေကြတာ၊ ကျွန်မ ဘယ်လိုလုပ် စိတ်မဆိုးဘဲ နေနိုင်ပါ့မလဲ၊ ဟုတ်တယ်မလား"
ကျိုးဝမ်ရှူက သူ့နှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားပြီး သူ့မျက်လုံးအိမ်များ နီရဲနေသည်။ သူက အနိုင်ကျင့်ခံလိုက်ရသည့် ယုန်ငယ်လေးတစ်ကောင်နှယ် ဖြစ်နေခဲ့သည်။
"ကျွန်တော် မလုပ်ခဲ့ပါဘူး၊ တကယ်ပါ။ ကျွန်တော့်ကို ဘာလို့ ဒီလို စွပ်စွဲနေကြတာလဲဆိုတာတောင် ကျွန်တော် မသိတော့ဘူး။ ကျွန်တော် ဖြတ်လျှောက်သွားတုန်းက သူ ရေထဲကျနေတာကို မကယ်ခဲ့မိလို့လား။ ဒါပေမဲ့ ကျွန်တော် ရေမကူးတတ်ဘူးလေ။ ကျွန်တော်သာ ရေထဲခုန်ဆင်းပြီး ကယ်ဖို့ ကြိုးစားခဲ့ရင် သူ့ကို မကယ်နိုင်သလို ကျွန်တော်ပါ သေနေလောက်ပြီ”
"ကျွန်တော်က ဒီရွာကလူ မဟုတ်လို့ ဒီလောက် ဆိုးရွားတဲ့ကိစ္စတွေအားလုံးကို ကျွန်တော့်ခေါင်းပေါ် ပုံချလိုက်တာလားဗျာ၊ ယောင်ကွမ်း၊ ကျွန်တော် ခင်ဗျားတို့ကို ဒုက္ခပေးမိပြီလား"
"မဟုတ်ဘူး၊ လုံးဝ မဟုတ်ပါဘူး"
စူးယောင်ကွမ်းက သူ့ခေါင်းလေးကို ပုတ်ပေးချင်သော်လည်း သူက သူမထက် အရပ်ပိုရှည်နေသဖြင့် သူ့ပုခုံးကိုသာ ပုတ်ပေးလိုက်ရသည်။
"စိတ်မကောင်းမဖြစ်ပါနဲ့။ ဝမ်ရှူက တကယ်ကို နူးညံ့သိမ်မွေ့တဲ့သူပါ၊ လူတိုင်းမှာ မျက်စိရှိနေတာပဲ။ အဲ့ဒီအမေနဲ့သမီးရဲ့ လှည့်ကွက်တွေကို ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး"
ရွာသူရွာသားများကလည်း တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြသည်။
"ဒီတစ်ခါတော့ အဒေါ်ကျုံးနဲ့ ဟွမ်းအာတို့ တကယ်လွန်သွားပြီ။ ဟွမ်အာ ရေထဲကျတုန်းက ရှောင်ကျိုး အော်ခေါ်တာကို အရင်ဆုံး ကြားလိုက်တာက ငါပဲ။ ရှောင်ကျိုးသာ အကူအညီ မတောင်းပေးခဲ့ရင်၊ ပြီးတော့ အနီးအနားမှာ ဘယ်သူမှ မရှိခဲ့ရင် ဟွမ်အာ ဒီနေ့တော့ ရေနတ်ဆိုးလက်ထဲ ပါသွားမှာ သေချာတယ်။ အခုတော့ ကျေးဇူးတင်ရမယ့်အစား သူတို့ကပဲ သူများကို အပြစ်ပုံချပြီး အရှုပ်ထုတ်တွေ လိုက်ပစ်နေကြတယ်၊ ဒါက လွန်လွန်းတယ်"
"အဆုံးတော့လည်း အဒေါ်ကျုံးနဲ့ အဒေါ်ကျန်းတို့က အဆင်မပြေကြဘူးလေ။ အခွင့်အရေးရရင် တစ်ယောက်နဲ့တစ်ယောက် နောက်ကျောကို ဓားနဲ့ထိုးဖို့ပဲ ချောင်းနေကြတာ။ အခု အဒေါ်ကျန်း မရှိတုန်း သူတို့အမေနဲ့သမီးက တခြားလူရဲ့ သမီးအပေါ် အငြိုးထားပြီး အနိုင်ကျင့်နေတာပဲ ဖြစ်ရမယ်။ အဒေါ်ကျုံးကို အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောကောင်းတဲ့သူလို့ ထင်ထားခဲ့တာ၊ ဒီလောက်ထိ ကောက်ကျစ်လိမ့်မယ်လို့ မထင်ထားမိဘူး။ နောက်ဆိုရင် သူတို့နဲ့ ဝေးဝေးနေမှ ဖြစ်တော့မယ်"
"ငါ့သားကလည်း ရိဟွမ်းလို့ပဲ အမြဲတမ်း ခေါ်နေတာ။ ပြီးခဲ့တဲ့တစ်ခါ အဒေါ်ကျုံးကို ငါ နည်းနည်း မေးခွန်းထုတ်လိုက်တော့ သူ ဘာပြန်ပြောလိုက်တယ် မှတ်လဲ၊ ငါ့သားက သူ့သမီးနဲ့ ရင်းနှီးလွန်းတယ်တဲ့။ သူ ငယ်ငယ်က အိပ်ရာထဲ သေးစိုတာတွေကအစ သိထားပြီး သူ့သမီးကလည်း ငါ့သား နှပ်ချေးစားတာကို မြင်ဖူးတယ်တဲ့လေ။ မိသားစုချင်း မသင့်တော်လောက်အောင် ရင်းနှီးလွန်းတယ်တဲ့။ ဟူး... သူက ငါ့သားကို မကြိုက်သလို ငါကလည်း သူ့သမီးကို မကြိုက်ပါဘူး။ အဲ့ဒီပုံစံနဲ့ဆိုရင် သူ သားတစ်ယောက်တောင် မွေးနိုင်ပါ့မလားတောင် မသိဘူး"