အခန်း ၃၄
Vol. 4 Ch. 34
အခန်း ၃၄ လူသတ်မှု
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ တောင်ပေါ်မှ ပြန်ဆင်းလာကြသည်။ ကျိုးဝမ်ရှူက ယုန်တစ်ကောင်ကို ကိုင်ထားပြီး ယုန်သားကို ချက်ပြုတ်ရန် ဆွေးနွေးနေကြသည်။ စူးယောင်ကွမ်းက ယုန်သားကို အနှစ်ဆီပြန်ချက်စားလျှင် ကောင်းမည်ဟု ထင်နေသော်လည်း ကျိုးဝမ်ရှူကတော့ သူကိုယ်တိုင် ကင်ထားသည့် ယုန်သားကို စူးယောင်ကွမ်းအား မြည်းစမ်းကြည့်စေချင်နေသည်။ နောက်ဆုံးတွင် နှစ်ယောက်သား အပြန်အလှန် ငြင်းခုန်ကြရင်း တစ်ဝက်ကို အနှစ်ချက်ကာ တစ်ဝက်ကို ကင်စားရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့နှစ်ယောက် အိမ်ဝင်းတံခါးဝသို့ ရောက်သည်နှင့် အဝတ်အစားများ စုတ်ပြတ်နေသည့် အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး လမ်းလျှောက်နေရင်း "ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ" ဟု တတွတ်တွတ် ရေရွတ်နေသည်ကို တွေ့လိုက်ရသည်။
"ဒုတိယဒေါ်လေးလား"
စူးယောင်ကွမ်းက ထိုသူကို သေချာကြည့်ကာ မသေချာမရေရာဟန်ဖြင့် လှမ်းခေါ်လိုက်သည်။
ထိုအမျိုးသမီးက လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာက ကျန်းကျောက်တိနှင့် အလွန်တူသော်လည်း ပို၍ ပိန်ချုံးကာ အသားအရည်ကလည်း ပိုညိုညစ်နေသည်။ သူမက ကျန်းကျောက်တိ၏ ညီမ၊ ကျန်းမိသားစုမှ ဒုတိယသမီးဖြစ်သူ ကျန်းဖန့်တိပင် ဖြစ်သည်။
စူးယောင်ကွမ်း ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ကျန်းဖန့်တိက ငိုသံပါကြီးဖြင့် လှမ်းပြောလိုက်သည်။
"နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ယောင်ကွမ်း၊ နင့်အမေတစ်ခုခု ဖြစ်နေပြီ၊ မြန်မြန်လေး... တစ်ခုခုလုပ်ပေးပါဦး"
"ကျွန်မအမေ ဘာဖြစ်တာလဲ"
စူးယောင်ကွမ်း၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
"နင့်အမေက ဖုန်းမိသားစုက အမျိုးသမီးအတွက် ကလေးမွေးပေးဖို့ သွားခဲ့တာ မဟုတ်ဘူးလား၊ အဲ့ဒီအမျိုးသမီးက သွေးလွန်ပြီး သေလုမျောပါး ဖြစ်ခဲ့ပေမဲ့ နင့်အမေရဲ့ အတွေ့အကြုံကြောင့် အသက်ရှင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကလေးကတော့ နောက်တစ်နေ့မနက်မှာ သေဆုံးနေတာကို တွေ့ရတယ်။ အဲ့ဒါကို သူတို့က နင့်အမေ ကလေးမွေးပေးတဲ့နေရာမှာ အမှားအယွင်းရှိလို့ ဖြစ်ရတာလို့ ပြောနေကြတယ်။ သူတို့က နင့်အမေကို တာဝန်ယူစေချင်ကြတယ်။ အခု နင့်အမေကို ဖမ်းထားပြီး ထွက်သွားခွင့်မပေးတော့ဘူး"
"ဖုန်းမိသားစုက ဘယ်မှာလဲ"
စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"ငါ့ယောကျာ်းရဲ့ ရွာမှာလေ၊ သူတို့က အဲ့ဒီရွာရဲ့ အချမ်းသာဆုံး မိသားစုပဲ။ ယောင်ကွမ်း၊ ဒီကိစ္စကို သေချာမရှင်းရင် နင့်အမေ လူသတ်မှုနဲ့ ထောင်ကျသွားလိမ့်မယ်"
ကျန်းဖန့်တိက စိုးရိမ်တကြီး ပြောနေရှာသည်။
"သူတို့သာ နင့်အမေကို အာဏာပိုင်တွေဆီ အပ်လိုက်ရင် ဒါက ရာဇဝတ်မှုကြီး ဖြစ်သွားလိမ့်မယ်၊ နှစ်အတော်ကြာ ထောင်ဒဏ် ကျခံရနိုင်တယ်"
"ဒုတိယဒေါ်လေး၊ ကျွန်မ အရင်ဆုံး နွားလှည်းတစ်စီး ငှားလိုက်ဦးမယ်၊ ပြီးရင် ကျွန်မတို့ အဲ့ဒီကို သွားကြည့်ကြတာပေါ့"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"ဝမ်ရှူ၊ နင် ဒီမှာ ဒုတိယအဒေါ်နဲ့ စောင့်နေပေးဦး"
ကျိုးဝမ်ရှူက ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ အရင်သွားပြီး အခြေအနေကြည့်ကြတာပေါ့၊ ပြဿနာတိုင်းအတွက် အဖြေ ရှိပါတယ်"
စူးယောင်ကွမ်းက တည်ငြိမ်စွာ ပြောဆိုနေသော်လည်း သူမ၏ လက်များကတော့ တုန်ယင်နေသည်။ သူမက အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေး ဖြစ်နေဆဲဖြစ်ကာ သူမ မြင်ဖူးသမျှထဲမှ အဆိုးဆုံးလူက ရွာထဲမှ လူမိုက်များနှင့် စကားများသည့် မိန်းမကြီးများသာ ဖြစ်သည်။ အနည်းငယ်လေးနက်သည့် ကိစ္စမျိုးကို ကြောက်ရွံ့နေသည်က သဘာဝပင်။ သူမသာ မကြောက်မရွံ့ ဖြစ်နေပါက နှလုံးသားမရှိသူ သို့မဟုတ် သွေးထွက်သံယိုများကို အလွန်အကျွံ မြင်ဖူးသူသာ ဖြစ်နေပေလိမ့်မည်။
ဤကိစ္စများက သူမ၏ ယခင်ဘဝတွင် လုံးဝ မဖြစ်ပျက်ခဲ့ပေ။ သူမက ရွေးချယ်မှုအစပိုင်းကို ပြောင်းလဲခဲ့ပြီး လမ်းကြောင်းအသစ်ကို လျှောက်လှမ်းခဲ့သည့်အတွက်သာ ယခုကဲ့သို့ အတားအဆီး၊ အခက်အခဲများနှင့် ကြုံတွေ့လာရခြင်း ဖြစ်လိမ့်မည်ဟု သူမ တွေးနေမိသည်။
စူးယောင်ကွမ်းက နွားလှည်းကို အမြန်ငှားလိုက်သည်။ ကျိုးဝမ်ရှူကလည်း အိမ်ထဲသို့ ဝင်ကာ သူတို့၏ ပစ္စည်းများကို အမြန်သိမ်းထားလိုက်ပြီး အိမ်ဝင်းတံခါး၏အပြင်ဘက်တွင် ကျန်းဖန့်တိနှင့်အတူ သူမကို စောင့်နေခဲ့သည်။ နွားလှည်း ရပ်လိုက်သည်နှင့် ကျိုးဝမ်ရှူက ကျန်းဖန့်တိကို စူးယောင်ကွမ်း၏ဘေးတွင် ဝင်ထိုင်စေပြီး သူကိုယ်တိုင်လည်း လှည်းနောက်ဘက်သို့ ခုန်တက်လိုက်သည်။
တစ်ရှီးချန်၏လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင် နွားလှည်းက ကျန်းဖန့်တိ၏ ယောကျာ်းနေထိုင်ရာ ရွာသို့ ရောက်ရှိလာခဲ့သည်။
ကျန်းဖန့်တိက ရွာထဲတွင် အခမ်းနားဆုံး အိမ်ကြီးကို လက်ညှိုးထိုးပြကာ ပြောပြနေသည်။
"အဲ့ဒီအိမ်ပဲ"
"ဟေး.. ချွန်းနီရဲ့အမေ၊ ဒီလောက်ချောမောတဲ့ လူငယ်လေးကို ဘယ်ကနေ သွားရှာခဲ့တာလဲ။ ချွန်းနီအတွက် အိမ်ထောင်ဖက် ရှာလာတာလား"
အဒေါ်ကြီးတစ်ယောက်က အလွန်ဖော်ရွေဟန်ဖြင့် နောက်ပြောင်နေသည်။
ကျန်းဖန့်တိကတော့ မောပန်းပြီး အားယုတ်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ ဒါက အကြီးဆုံးအစ်မရဲ့သမီးပါ၊ ပြီးတော့ ဒါက သူ့ယောက်ျားပါ"
"ဒုတိယဒေါ်လေး၊ ကျွန်မတို့ကို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါ်လေး အရင်ပြန်နှင့်ပါ၊ ဝမ်ရှူနဲ့ ကျွန်မ ဖုန်းမိသားစုကို သွားပြီး ဆွေးနွေးကြည့်ပါ့မယ်"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ကျွန်မအမေက ဖုန်းမိသားစုက အမျိုးသမီးကို ကယ်တင်ဖို့ အများကြီး ကြိုးစားခဲ့ရတာပဲ။ အမေနဲ့ ကလေး နှစ်ယောက်လုံး ဘေးကင်းရာကို ရောက်သွားပြီးတဲ့နောက်မှာ အခုလို ကိစ္စမျိုးဖြစ်တာကို ကျွန်မအမေ့ကို အပြစ်တင်တာကတော့ မဖြစ်သင့်ဘူးလေ"
ကလေးမွေးဖွားရာတွင် အခက်အခဲရှိခဲ့ပါက ကလေးက မွေးကတည်းက ကျန်းမာရေး ချို့တဲ့နေနိုင်ပြီး ဆေးဆရာတစ်ဦးကို ခေါ်ပြသင့်သည်။ ဖုန်းမိသားစုက ချမ်းသာသူများ ဖြစ်သည့်အတွက် ဆေးဆရာ ငှားရမ်းနိုင်စွမ်းရှိကြသည်။ အလုပ်နားတော့မည့် အိုကြီးအိုမ လက်သည်တစ်ယောက်ကို အပြစ်တင်နေခြင်းက မည်သို့မျှ မသင့်တော်ချေ။
ကျန်းဖန့်တိက သူမ၏ အစ်မအတွက် စိုးရိမ်နေသော်လည်း သူမ၏ကိုယ်ပိုင်အိမ်မှုကိစ္စများကလည်း ရှုပ်ထွေးနေသေးသည်။ ထို့အတွက် သူမကိုယ်တိုင် မဖြေရှင်းပေးနိုင်ဘဲ အိမ်သို့ အရင်ပြန်ရမည်ဖြစ်သည်။ အမှန်ဆိုလျှင် ယခုအချိန်တွမှ အိမ်ပြန်ခြင်းကပင် အဆူခံရရန် အကြောင်းအရင်း ဖြစ်လာနိုင်သေးသည်။ ပုံမှန်ဆိုပါက သူမ ညစာပင် ချက်ပြုတ်ပြီးနေပြီဖြစ်သော်လည်း ယနေ့တွင်တော့ ဘာမှ မချက်ပြုတ်ရသေးပေ။
စူးယောင်ကွမ်းက အိမ်တံခါးကို ခေါက်လိုက်သည်။
"ဘယ်သူလဲ"
သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးလာသည်။ သူမက မရင်းနှီးသော စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူကို မြင်သွားပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။
"မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ"
"ကျွန်မက ဝမ်းဆွဲဆရာမကျန်းရဲ့သမီးပါ။ အမေ အိမ်ပြန်မလာတာ ကြာနေလို့၊ ဒီအိမ်မှာ ကလေးမွေးပေးရမယ်ဆိုတာ သိလို့ အခြေအနေ ဘယ်လိုရှိလဲ လာကြည့်တာပါ"
စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။
အဘွားအိုက တံခါးကို ပိုကျယ်အောင် ဖွင့်ပေးလိုက်ပြီး လှောင်ပြောင်သည့် အသံဖြင့် ပြောလိုက်သည်။
"မင်းတို့မလာလည်း ငါတို့က မင်းတို့ကို လိုက်ရှာဖို့ လုပ်နေတာပဲ။ အခုလို ရောက်လာတာ ကောင်းတယ်၊ ငါတို့ လိုက်ရှာစရာ မလိုတော့ဘူး။ ဝင်ခဲ့ကြ"
"ကျွန်မအမေ ဘယ်မှာလဲ"
"မင်းအမေလား"
အဘွားကြီးယွီက မဲ့ရွဲ့ရင်း ပြောလိုက်သည်။
"မင်းအမေက ငါ့မြေးကို သတ်လိုက်တာ၊ ငါတို့က သူ့ကို အာဏာပိုင်တွေဆီ အပ်တော့မှာ။ သူ အခု ထင်းတဲထဲမှာ ရှိတယ်။ သူ့လို လူမျိုးကို အိမ်တော်ရဲ့ ဧည့်သည်တော်လိုမျိုး အကောင်းစားတွေနဲ့ ဆက်ဆံပေးမယ်လို့များ ထင်နေတာလား"
"ကျွန်မအမေက ဘယ်လိုလုပ်ပြီး အဒေါ်တို့ရဲ့ မြေးကို သတ်ရမှာလဲ၊ ကျွန်မတို့က အဒေါ်တို့ ပြောတဲ့စကားကိုပဲ နားယောင်ပြီး ယုံကြည်ပေးမှာ မဟုတ်ဘူး။ ကျွန်မအမေ့ကို တွေ့ခွင့်ပေးပါ၊ တကယ်လို့ အဒေါ်တို့က ကျွန်မအမေကို မတရားသဖြင့် ဖမ်းဆီးထားမယ်ဆိုရင် ကျွန်မတို့လည်း အာဏာပိုင်တွေကို တိုင်ကြားမှာပဲ။ အဒေါ်တို့ ဖုန်းမိသားစုက လူကုန်ကူးမှုနဲ့ ပတ်သက်နေတယ်၊ ဒီအိမ်ထဲကို ဝင်လာတဲ့သူတိုင်း ပြန်မထွက်ရဘူးလို့ ပြောပြီး အာဏာပိုင်တွေကို အိမ်ကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးခိုင်းလိုက်မယ်"
"သေမှာကို ဒီလောက် မကြောက်တဲ့သူမျိုး ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ မင်းအမေက လူသတ်ထားတာလေ၊ မင်းတို့က အာဏာပိုင်တွေဆီ တိုင်မယ်လို့တောင် ပြောရဲတယ်ပေါ့"
အဘွားကြီးယွီက ခါးထောက်ရင်း စူးယောင်ကွမ်းတို့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် အရပ်ခပ်ပြတ်ပြတ်နှင့် ထွားကြိုင်းသောပုံစံရှိသည့် လူတစ်ယောက်က အိမ်ထဲမှ ထွက်လာသည်။ စူးယောင်ကွမ်းကို မြင်သည်နှင့် သူ့မျက်လုံးမျာထဲမှ ဒေါသအငွေ့အသက်များ ထွက်ပေါ်လာပြီး အော်ဟစ်ခြိမ်းခြောက်ပြောဆိုလိုက်သည်။
"မင်းက အဲ့ဒီလက်သည်ရဲ့သမီးပေါ့။ ကောင်းပြီ၊ မင်းလည်း ရောက်လာပြီဆိုတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စကားပြောကြရအောင်၊ ငါတို့ဘက်က အာဏာပိုင်တွေဆီ တိုင်မတိုင် စဉ်းစားစေချင်ရင် လျော်ကြေးငွေအဖြစ် ငွေလျန်တစ်ရာ ပေးရမယ်။ မင်းအမေက ငါ့မိန်းမကို ကယ်တင်နိုင်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ငါ့ရဲ့ အဖိုးတန်သမီးလေးကို သေဆုံးစေပြီးမှ ငါ့မိန်းမကို ကယ်တာကတော့ အကြွေးတစ်ခုအနေနဲ့ ရှင်းရဦးမှာပဲ။ အဲ့ဒီနေ့က မင်းအမေသာ ငါ့မိန်းမကို မကယ်ခဲ့ဘူးဆိုရင် ငါတို့က သူ့ကို အာဏာပိုင်တွေလက်ထဲ အပ်လိုက်တာ ကြာနေပြီ"
"ငွေလျန်တစ်ရာတဲ့လား၊ ရယ်စရာကောင်းလိုက်တာ"
စူးယောင်ကွမ်းက လှောင်ပြုံးပြုံးလိုက်သည်။
"မင်းက ပိုက်ဆံမပေးချင်ဘူးပေါ့လေ၊ ဒီအိမ်ထဲကနေ ထွက်သွားဖို့ စိတ်တောင် မကူးနဲ့တော့"
"ပိုက်ဆံလိုချင်တယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ အရင်ဆုံး ကျုပ်တို့အမေ့ကို တွေ့ခွင့်ပေး"
ကျိုးဝမ်ရှူက စူးယောင်ကွမ်းရှေ့မှ ကာရပ်လိုက်သည်။
ထိုလူ၏ အမူအရာက အလွန်ပင် ကြမ်းတမ်းလွန်းနေပြီး သူတို့က လူကောင်းများ မဟုတ်ကြောင်း ထင်ရှားနေသည်။
ဖုန်းသခင်ကြီးက လက်ကို ဝေ့ယမ်းလိုက်ပြီး အဘွားကြီးယွီကို သူတို့အား ထင်းတဲဆီသို့ ခေါ်သွားရန် အချက်ပြလိုက်သည်။
အဘွားကြီးယွီ ထင်းတဲတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် စူးယောင်ကွမ်းက သူမကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ထင်းတဲထဲသို့ အမြန်ပြေးဝင်သွားသည်။
ကျိုးဝမ်ရှူကတော့ အပြင်ဘက်မှာပင် အစောင့်အနေဖြင့် ကျန်နေခဲ့သည်။
သူက တဲထဲသို့ လိုက်မဝင်ခဲ့ပေ။ ဤမိသားစုက မည်သို့မျှ စေတနာကောင်းရှိသူများ မဟုတ်ကြောင်း သူ သိနေသည်။ ထို့ကြောင့် သူကိုယ်တိုင် ထင်းတဲထဲ၌ သူမနှင့်အတူ ပိတ်မိနေမည့်အစား အပြင်ဘက်မှ နေ၍ သူမအတွက် လွတ်မြောက်ရာလမ်းကို ကြည့်ပေးထားရန် လိုအပ်နေသည်။
"အမေ... အမေ..."
စူးယောင်ကွမ်းက ကြိုးတုပ်ခံထားရသည့် ကျန်းကျောက်တိကို လှုပ်နှိုးနေသည်။
ကျန်းကျောက်တိက အားမရှိဟန်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ စူးယောင်ကွမ်းကို မြင်လိုက်ရချိန်တွင် သူမက အသံတိုးလျလျဖြင့် ရေရွတ်လိုက်သည်။
“ငါ အလွန့်အကျွံ ဆာလောင်လွန်းလို့ စိတ်တွေ ဝေဝါးနေတာ ဖြစ်မှာပါ၊ မဟုတ်ရင် ငါ့သမီးလေးကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ"
စူးယောင်ကွမ်းက သူမ၏ရင်ဘတ်ထဲမှ မုန့်ပြားလေးကို ထုတ်ယူကာ အပိုင်းပိုင်း ဖဲ့လိုက်ပြီး ကျန်းကျောက်တိ၏ ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။ ထို့နောက် အပြင်ဘက်သို့ လှမ်းမေးလိုက်သည်။
"ဝမ်ရှူ၊ ရေ ယူလာခဲ့သေးလား"
ကျိုးဝမ်ရှူက "ယူလာခဲ့တယ်" ဟု ပြန်ဖြေရင်း ဝါးကျည်ထောက်ထဲမှ ရေကို တဲအတွင်းဘက်သို့ လှမ်းပေးလိုက်သည်။
အဘွားကြီးယွီက ထင်းတဲအပြင်ဘက်တွင် ရပ်နေရင်း ကျိုးဝမ်ရှူကို မေးနေပြန်သည်။
"မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ အထဲကို ဝင်ပြီး မကြည့်တော့ဘူးလား"
"ကျုပ်က ခင်ဗျားတို့အားလုံးရဲ့ အတွေးတွေကို သိတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ကျူပ်တို့ကို ထင်းတဲထဲမှာ ပိတ်လှောင်ထားမယ်ဆိုရင် ကျုပ်ဆီမှာ မီးစာတိုင် ရှိတယ်၊ မီးတစ်ချက်လောက် တို့လိုက်တာနဲ့ ဒီနေရာတစ်ခုလုံး ပြာကျသွားမှာပဲ"
ကျိုးဝမ်ရှူက အေးအေးဆေးဆေး မေးခွန်းပြန်ထုတ်လိုက်သည်။
"ခင်ဗျားတို့က ကျုပ်တို့အားလုံးကို ဒီထဲမှာ ပိတ်လှောင်ထားဖို့ စိတ်ကူးထားတာ မဟုတ်ဘူးလား"
အဘွားကြီးယွီ၏ မျက်လုံးများတွင် ပူပန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူတို့ တကယ်တမ်း ပိတ်လှောင်ထားရန် စိတ်ကူးခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ မလုပ်ခဲ့ကြပေ။ အကယ်၍ သူတို့ ပိတ်လှောင်မိပြီး ထိုလူငယ်လေးက ထင်းတဲကို မီးရှို့လိုက်ပါက အိမ်ကြီးတစ်ခုလုံးပါ မီးလောင်ကျွမ်းသွားနိုင်ပေသည်။