← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆ လွတ်မြောက်ခြင်း

"လောင်အာ့၊ လောင်စန်း၊ လောင်စစ်... မင်းတို့ ဘယ်ရောက်နေကြတာလဲ"

အဘွားကြီးယွီက အော်ဟစ်လိုက်သည်။

"အခုချက်ချင်း လာပြီး ဒီအယုတ်တမာလေးတွေကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်ကြစမ်း"

အဘွားကြီးယွီ၏ အော်သံအပြီးတွင် အိမ်ဝင်းတံခါးအပြင်ဘက်မှ လေးလံပြီး မြန်ဆန်သော ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။

ဒုန်း!

သန်မာပြီး ရုပ်ရည်ကြမ်းတမ်းကာ အရပ်ရှည်သော အမျိုးသားများက အိမ်ဝင်းထဲသို့ အတင်းတိုးဝင်လာကြသည်။

ဖုန်းလောင်တာ့နှင့် ရုပ်ချင်းဆင်တူသည့် အမျိုးသားသုံးဦးက ခြိမ်းခြောက်ဟန်အပြည့်ဖြင့် ပြေးဝင်လာကြသည်။

"သမီးလေး... ပြေးတော့"

ကျန်းကျောက်တိတစ်ယောက် အလျင်အမြန် ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခြေထောက်များက အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ပြန်လဲကျသွားသည်။

"သမီးလေး... အမေ့အတွက် မပူနဲ့၊ အရင်ဆုံး ပြေးတော့"

ဖုန်းမိသားစု ဤရွာထဲတွင် အချမ်းသာဆုံး ဖြစ်နေရခြင်းမှာ ယောက်ျားသား များပြားသောကြောင့် ဖြစ်သည်။ ဖုန်းမိသားစုမှ ယောက်ျားတိုင်းက သန်မာကြပြီး တစ်ယောက်စီတိုင်းက တခြားမိသားစုမှ လူအတော်များများ၏အင်အားနှင့် ညီမျှနေသည်။ ဤရွာရှိ လူတိုင်းက ဖုန်းမိသားစုကို ကြောက်ရပြီး ပတ်ဝန်းကျင်ရွာများကလည်း မည်သူမျှ သူတို့ကို မထိရဲကြပေ။ ထိုအချက်က သူတို့ကို ပိုမို မောက်မာလာစေခဲ့သည်။ ကျန်းကျောက်တိ ဖုန်းမိသားစုထံ ကလေးမွေးဖွားပေးဖို့ လာခဲ့ရခြင်းမှာ ပထမအချက်အနေဖြင့် သူတို့က တခြားမိသားစုများထက် အခကြေးငွေ သုံးဆပိုပေးခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ သူတို့ လာရောက်ဖိတ်ခေါ်စဉ်က အလွန်ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သောကြောင့် သူမ လုံခြုံသည်ဟု ထင်မှတ်မှားစေခဲ့ခြင်းကြောင့် ဖြစ်သည်။

ဖုန်းလောင်အာ့က ကျိုးဝမ်ရှူကို ဖမ်းရန် ပြေးဝင်လာသည်။

ဖုန်းလောင်စန်းနှင့် ဖုန်းလောင်စစ်တို့ကလည်း စူးယောင်ကွမ်းထံသို့ ကြမ်းတမ်းစွာ ချဉ်းကပ်လာကြပြီး သူတို့၏ ကြွက်သားထူးထဲသောလက်များကို သူမဆီသို့ ဆန့်တန်းလိုက်ကြသည်။

စူးယောင်ကွမ်းက အဘွားကြီးယွီကို လွှတ်ချလိုက်ပြီး ဖုန်းလောင်စန်းနှင့် ဖုန်းလောင်စစ်တို့ မတိုက်ခိုက်မီ သူမက အရင် လက်ဦးမှုရယူကာ ဖုန်းလောင်စန်းကို ပခုံးပေါ်တင်ပြီး ကိုင်ပေါက်ချလိုက်သည်။ ဖုန်းလောင်စစ် ဆဲဆိုလိုက်ချိန်တွင်တော့ သူမက သူ့ဒူးခေါင်းကို ကန်ချလိုက်ပြီး သူ ဟန်ချက်ပျက်သွားသည်ကို အခွင့်ကောင်းယူကာ သူ၏ လက်ကောက်ဝတ်ကို ခပ်ပြင်းပြင်း နင်းချလိုက်သည်။

"အား..."

ဖုန်းလောင်စစ်က နာကျင်ကြီးစွာ အော်ဟစ်နေလေသည်။

အနိုင်နိုင် ရုန်းကန်ပြီး ပြန်ထရပ်လာရသော ဖုန်းလောင်စန်းက ဖုန်းလောင်စစ်၏ အဖြစ်ကို မြင်လိုက်ရပြီး စူးယောင်ကွမ်းကို ကြောက်လန့်တကြား ငေးကြည့်နေလေသည်။

‘ဒီလောက် ပိန်ပိန်သေးသေး ကောင်မလေးတစ်ယောက်က ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ။ ငါတို့ ဒီတစ်ခါတော့ ပျားအုံ့ကို တုတ်နဲ့ ထိုးမိပြီလား။ ဒီကောင်မလေးက တိုက်ခိုက်ရေး ကျွမ်းကျင်သူများလား’

ကျိုးဝမ်ရှူကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ဖုန်းလောင်အာ့ကလည်း သူ့ ညီအစ်ကိုသုံးယောက် အလဲလဲအကွဲကွဲ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် တွန့်ဆုတ်နေခဲ့သည်။

‘ကောင်မလေးတစ်ယောက်ကတောင် ဒီလောက် အစွမ်းထက်နေရင်၊ ဒီကောင်လေးဆို ပိုတောင် ကြောက်စရာကောင်းနေဦးမှာ မဟုတ်ဘူးလား’

ကျိုးဝမ်ရှူက သူ့လက်ထဲက ကျောက်တုံးကြီးကို တစစ လုပ်ပြနေသည်။

ဤကျောက်တုံးကြီးက ဖုန်းလောင်တာ့၏ လက်မောင်းကို ထုရိုက်ခဲ့သည့် ကျောက်တုံးပင် ဖြစ်သည်။

"ဝမ်ရှူ... ဒီဘက်ကို လာခဲ့"

စူးယောင်ကွမ်းက လှမ်းပြောလိုက်သည်။

ကျိုးဝမ်ရှူက ပြေးလာပြီး စူးယောင်ကွမ်း၏ နောက်ကွယ်တွင် ရပ်ကာ နားထောင်ကောင်းအောင် ပြောလိုက်သည်။

"ယောင်ကွမ်း... ကြည့်စမ်း၊ ကျွန်တော်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။ သူ ကြောက်သွားပြီ"

စူးယောင်ကွမ်း : "..."

‘ဒီကောင်လေးကတော့ ရူးရူးမိုက်မိုက်နဲ့ ဟိုပြေးဒီပြေးလုပ်နေတာပဲ။ ဒီဖုန်းမိသားစုက လူတွေက အရပ်ရှည်ပြီး သန်မာပေမဲ့ သူတို့ဦးနှောက်ထဲမှာတော့ ပဲပုပ်တွေပဲ ပြည့်နေတာ။ သူတို့က ကြောက်နေတာ မဟုတ်ဘူး၊ ကျိုးဝမ်ရှူရဲ့ တကယ့်စွမ်းအားကို မသိသေးဘဲ သူက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ဖြစ်မှာကို စိုးရိမ်နေကြတာလေ’

‘တခါတလေတော့ လူမိုက်တွေလည်း ကံကောင်းတတ်တာမျိုး ရှိတယ်တဲ့၊ အဲ့ဒါက ဝမ်ရှူကို ပြောတာ ဖြစ်လိမ့်မယ်’

‘ဒါပေမဲ့လည်း ကောင်းပါတယ်လေ။ အနည်းဆုံးတော့ သူ မထိခိုက်သွားဘူးပေါ့’

စူးယောင်ကွမ်းက ကျိုးဝမ်ရှူနှင့် ကျန်းကျောက်တိတို့၏ ရှေ့တွင် ရပ်လိုက်ပြီး အဘွားကြီးယွီနှင့် ဖုန်းမျိုးနွယ်စုမှ ညီအစ်ကို လေးယောက်ကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ စကားစလိုက်သည်။

"အခု လျော်ကြေးကိစ္စ ပြောကြရအောင်"

ဖုန်းလောင်တာ့က မကျေမနပ် ပြန်ပြောလာခဲ့သည်။

"ငါ လက်ခံတယ်၊ မင်း ဘာလိုချင်လဲ"

"ကျွန်မ အမေက ရှင်တို့ရဲ့ သမီးကို သတ်လိုက်တယ်ဆိုတာဆိုတဲ့ စကားစကို ဆက်ပြောဦးမှာလား"

စူးယောင်ကွမ်းက ဖုန်းလောင်တာ့ကို တည်ငြိမ်စွာ မေးလိုက်သည်။

ဖုန်းလောင်တာ့က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"သူက ကံမကောင်းလို့ မွေးပြီးခါစမှာတင် ဆုံးသွားတာပါ"

သူတို့၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ထိုကလေးမလေးက အဘွားကြီးယွီနှင့် ဖုန်းလောင်တာ့တို့ကြောင့် သေဆုံးခဲ့ရမှန်း စူးယောင်ကွမ်း ရိပ်မိလိုက်သည်။ သူတို့က သမီးမိန်းကလေး မလိုချင်သောကြောင့် သမီးလေး မွေးလာသည့်အခါ ထိုကလေး အသက်ရှင်မည်ကို အလိုမရှိခဲ့ကြပေ။ သူမ၏မိခင် ထိုသို့သော ဆိုးရွားသည့် ကိစ္စနှင့် ကြုံတွေ့ခဲ့ရသည်မှာ ကံမကောင်းခြင်းသာ ဖြစ်သည်။ ကျေးလက်ဒေသများတွင် ထိုသို့သော ဖြစ်ရပ်များ အလွန်အဖြစ်များလေ့ရှိသည်။ အာဏာပိုင်များအား တိုင်ကြားလျှင်ပင် သူတို့က သိပ်ပြီး ဂရုစိုက်ကြမည်မဟုတ်ချေ။ အခြားသူတို့၏ မိသားစုရေးရာကိစ္စများတွင် သူတို့က ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ စူးယောင်ကွမ်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်က သူမ၏မိခင်ကို ခေါ်ထုတ်သွားရန်သာ ဖြစ်ပြီး တခြားသူတို့၏ ကိစ္စများကို စွက်ဖက်နေမည် မဟုတ်တော့ပေ။

"ဝန်ခံတာတော့ ကောင်းပါတယ်။ ရှင်တို့ ကျွန်မအမေကို ဖမ်းဆီးထားပြီး အတော်လေး ဒုက္ခပေးခဲ့တာဆိုတော့ ငွေဆယ့်ငါးလျန် လျော်ကြေးတောင်းတာက မများဘူးမဟုတ်လား”

"မင်းအမေက နှစ်ရက်လောက် ဗိုက်ဆာရုံတင်ပဲ၊ ငါတို့က သူ့ကို ရိုက်နှက်တာလည်း မရှိဘူး၊ ညှဉ်းပန်းတာမျိုးလည်း မဟုတ်ဘူး၊ အဲ့ဒါကိုမှ ဆယ့်ငါးလျန် လျော်ကြေးတောင်းတယ် ဟုတ်လား"

အဘွားကြီးယွီက အော်ဟစ်လိုက်သည်။

"မင်းက လုယက်ဖို့ ကြံစည်နေတာလား"

"မှန်တယ်၊ အခု ကျွန်မ လုပ်နေတာလည်း အဲ့ဒါပဲလေ"

စူးယောင်ကွမ်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။

ဖုန်းလောင်တာ့က သူမကို ခြိမ်းခြောက်သည့်ပုံစံဖြင့် စိုက်ကြည့်လိုက်သည်။

"မင်း ဆယ်လျန်ပဲ တောင်းမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ခုန ရှင်တို့ကို ရိုက်ရတာ ပင်ပန်းသွားတော့ နောက်ကျရင် လက်ဖက်ရည် သွားသောက်ရဦးမယ်။ ဒီ နောက်ထပ် ငါးလျန်က ကျွန်မရဲ့ လက်ဖက်ရည်ဖိုးပေါ့"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"ကျွန်မတို့ ဒီအတိုင်း ဆက်ပြောနေရင် ဝမ်ရှူရဲ့ ကျန်းမာရေးက အားနည်းတယ်။ သူ ဒီလောက် ကြောက်လန့်သွားရတော့ နောက်ထပ် ဆေးတွေ အများကြီး သောက်ရလိမ့်မယ်။ ကျွန်မအမေကလည်း ရှင်တို့ရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရတော့ နောက်ထပ် ဝမ်းဆွဲသည် လုပ်ဖို့တောင် မဝံ့မရဲ ဖြစ်သွားနိုင်တယ်။ အဲ့ဒါတွေ အတွက်ပါ စာရင်း လုပ်ပြီး ဆက်တောင်းနေရရင်..."

"ပေးမယ်၊ ပေးမယ်"

ဖုန်းလောင်တာ့က သူ၏ ထိခိုက်ထားသည့် လက်ကောက်ဝတ်ကို ကိုင်ကာ နာကျင်ဟန်ဖြင့် ပြောလိုက်သည်။

"အမေ၊ သူတို့ကို ငွေပေးလိုက်ပါ"

အဘွားကြီးယွီတစ်ယောက် သူမ၏ဘဝတွင် ဤမျှလောက် အရှုံးနှင့် တစ်ခါမှှ မကြုံဖူးခဲ့ပေ။

ယခင်က မည်သူကမျှ သူမတို့၏မိသားစုကို မထိရဲခဲ့ကြပေ။ တစ်စုံတစ်ယောက်က ပြန်ခုခံလျှင်ပင် သူမ၏ သားများက ရိုက်နှက်ပြီး အရှုံးပေးအောင် လုပ်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အရာအားလုံး ချောမွေ့လွန်းခဲ့သဖြင့် မိန်းကလေးတစ်ယောက်လက်ချက်ဖြင့် ဤသို့ အနိုင်ယူခံရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိပေ။

အဘွားကြီးယွီက ပေးချင်စိတ် မရှိသော်လည်း သူမ၏ သားများ ဒဏ်ရာရနေသဖြင့် ပေးကိုပေးရတော့မည်ဖြစ်သည်။ မပေးလျှင် ဤဘေးဆိုးက ထွက်သွားတော့မည် မဟုတ်ပေ။

အဘွားကြီးယွီက အိမ်ထဲသို့ ဝင်သွားပြီး ငွေဆယ့်ငါးလျန် သွားထုတ်ပေးခဲ့သည်။

စူးယောင်ကွမ်းက ကိုယ်ကို ကိုင်းညွတ်ပြီး ကျန်းကျောက်တိကို ကျောပိုးကာ အပြင်သို့ ထွက်လာခဲ့သည်။

တံခါးဝသို့ ရောက်သွားချိန်တွင် သူမက ခြေလှမ်းရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

ဖုန်းမိသားစုမှ အမျိုးသားများက သူမကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။

"နောက်ထပ် ဘာလိုချင်သေးလို့လဲ"

"ကျွန်မအမေကို တစ်ယောက်ယောက်က ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောနေတာ ကြားရပြီဆိုရင် အဲ့ဒါ ရှင်တို့ လက်ချက်ပဲလို့ သတ်မှတ်မယ်။ ရှင်တို့ ကိုယ့်အကြောင်း ကိုယ်သိပြီး မဟုတ်တာ မလုပ်မိရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ကျွန်မလက်သီးတွေက ရှင်တို့ဆီ အချိန်မရွေး ရောက်လာနိုင်တယ်

ကျိုးဝမ်ရှူက နွားလှည်းကို ချည်ထားသည့် ကြိုးများကို ဖြုတ်လိုက်ပြီး မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။

"နင် နွားလှည်း မောင်းတတ်လို့လား"

"မောင်းတတ်လောက်မယ် ထင်တာပဲ၊ စမ်းကြည့်ရမှာပေါ့။ ခင်ဗျား အဒေါ်ကျန်းကို ဂရုစိုက်ပေးလိုက်"

‘နွားလှည်းနဲ့ ရထားလုံးက အတူတူလောက်ပဲ ဖြစ်မှာပါ။ ငါ မြင်းရထားကို မောင်းတတ်တာဆိုတော့ နွားလှည်းကလည်း အတူတူပဲ ဖြစ်ရမယ်’

စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့က ကောက်ရိုးများပေါ်တွင် အတူတူ ထိုင်နေကြသည်။

ကျိုးဝမ်ရှူအတွက် အစပိုင်း ကြိုးပမ်းမှုက အဆင်မပြေလှပေ။ နွားက အမိန့်မနာခံသောကြောင့် အချိန်အတော်ကြာသည်အထိ သူတို့ ရွာထဲမှ မထွက်နိုင်ကြသေးပေ။

စူးယောင်ကွမ်းက သူ့နေရာတွင် လှည်းဝင်မောင်းရန် တွေးလိုက်မိသော်လည်း သူ ရွာထဲတွင် ဟိုဟိုဒီဒီ လှည့်ပတ်သွားနေသည်ကို မြင်လိုက်ရသဖြင့် ထိုအခွင့်အရေးကို အသုံးချကာ ရွာသူရွာသားများနှင့် စကားပြောရန် ဆုံးဖြတ်လိုက်သည်။

"အဒေါ်၊ အဒေါ်... အဒေါ်တို့ ဟိုဖုန်းမိသားစုနဲ့ ရင်းနှီးလားဟင်။ သူတို့အကြောင်း သိလား"

စိုက်ခင်းထဲတွင် ဟင်းသီးဟင်းရွက် ခူးနေသော အသက်ကြီးသည့် အမျိုးသမီးတစ်ယောက်က အတင်းအဖျင်း၏ အနံ့ကို ရလိုက်သဖြင့် စပ်စုချင်စိတ်ဖြင့် လျှောက်လာကာ ပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ၊ ဘာလို့ သူတို့အကြောင်းကို လာမေးနေရတာလဲ"

"ကျွန်မအမေက ဝမ်းဆွဲသည်လေ... ဖုန်းရှီ မီးဖွားတော့ ကလေးက အနေအထားမမှန်ဘူး။ အဲ့ဒါကို ကျွန်မအမေက ကလေးရဲ့ အနေအထားကို ပြုပြင်ပေးဖို့ အပြင်းအထန် ကြိုးစားပေးခဲ့တယ်။ ကလေးမွေးပြီးတော့လည်း မိခင်ဖြစ်သူက သွေးလွန်တယ်လေ။ ကျွန်မအမေက ဒီနားတဝိုက်မှာ အတော်ဆုံး ဝမ်းဆွဲသည်မို့လို့သာ သူ အသက်ရှင်အောင် ကယ်နိုင်ခဲ့တာ၊ ကလေးကလည်း မွေးကတည်းက အသံကျယ်ကျယ်နဲ့ ငိုတာ၊ ဘာမှလည်း မဖြစ်ဘူး။ အဲ့ဒီအချိန်မှာ စိတ်အေးလက်အေး ဖြစ်သွားရတော့ ကျွန်မအမေလည်း ခဏလောက် မှေးလိုက်မိတယ်၊ နိုးလာတဲ့အချိန်မှာ ကလေး သေသွားပြီဆိုတဲ့ သတင်း ကြားလိုက်ရတယ်"

"အိုး... အဒေါ်တို့ သူတို့နဲ့ ရင်းနှီးရင် အဆင်ပြေအောင် နှစ်သိမ့်ပေးလိုက်ပါဦး။ ကလေးက ကံမကောင်းလို့ သူတို့နဲ့ အတူမနေရတာပါလို့ ပြောပေးပါ။ သူတို့ကလည်း ငယ်သေးတာပဲလေ၊ နောက်ထပ် ကလေးတွေ ထပ်ယူလို့ ရပါသေးတယ်"

အဒေါ်ကြီး၏ မျက်နှာအမူအရာက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ ထင်တာတော့ အဲ့ဒီကလေးက ကံမကောင်းတာမဟုတ်ဘဲ ကံကောင်းလို့ အဲ့ဒီမိသားစုထဲ မမွေးဖွားလာတာ ဖြစ်မယ်။ အန္တရာယ်တွေ အများကြီး ကျော်ဖြတ်ပြီးမှ အသက်ရှင်လာတာဆိုတော့ အဲ့ဒီကလေးက ကံအရမ်းကောင်းတာပေါ့။ ဘယ်လိုလုပ် ဒီလောက်ငယ်ငယ်နဲ့ ဆုံးသွားပါ့မလဲ၊ အဲ့ဒီမိသားစုက မကောင်းမှုတွေ အများကြီး လုပ်ထားတာ၊ သူတို့ တစ်ခုခု လုပ်လိုက်တာလား"

"အဒေါ်၊ ဘာကို ပြောတာလဲရှင့်"

"ဘာမှ မဟုတ်ပါဘူး။ ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားလို့ မေးမလို့ပါ"

"ချစ်စရာကောင်းတဲ့ မိန်းကလေးပါ"

"ဒါပေါ့... ဘာဖြစ်လို့လဲဆိုတာ ငါ သိသွားပြီ"

အဒေါ်ကြီးက သူမ၏ပေါင်ကို ရိုက်ကာ ရေရွတ်လိုက်သည်။

"နှလုံးသားမရှိတဲ့ လူယုတ်မာတွေ၊ သူတို့ တစ်ခုခု လုပ်လိုက်တာပဲ ဖြစ်ရမယ်။ သနားစရာ ကလေးလေး..."

All Chapters