← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇ ညီအစ်မသုံးယောက်

ဟင်းသီးဟင်းရွက် ရွေးနေသော အမျိုးသမီးက ခြင်းတောင်းကို ပစ်ချကာ ပြေးထွက်သွားသည်ကို မြင်လိုက်ရချိန်တွင် စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ဝမ်ရှူ၊ အိမ်ပြန်ကြမယ်"

သူမက ဖုန်းမိသားစုဝင်များကို ကြိုတင်သတိပေးထားခဲ့သော်လည်း သူတို့၏ စရိုက်ကို မယုံကြည်နိုင်သေးပေ။ ယခု သူတို့ ဘာလုပ်မည်ကို စောင့်ကြည့်နေမည့်အစား သူမက အရင် လက်ဦးမှုရယူပြီး တန်ပြန်တိုက်ခိုက်လိုက်ခြင်းပင်။

နွားလှည်းကို ရွာထဲမှ ဖြတ်မောင်းလာစဉ်တွင် ကျန်းဖန့်တိက တံခါးဝတွင် ရပ်ကာ မျှော်ကြည့်နေသည်ကို စူးယောင်ကွမ်း မြင်လိုက်ရသည်။ သူမတို့၏ နွားလှည်းကို မြင်လိုက်ရမှ ဒုတိယဒေါ်လေးလည်း သက်ပြင်းချနိုင်သွားပုံပေါ်သည်။

စူးယောင်ကွမ်းက လက်ပြနှုတ်ဆက်လိုက်သည်။

ကျန်းဖန့်တိက ခေါင်းညိတ်ပြကာ ပြန်လက်ပြနေသည်။

"အမေ... ဟိုမှာ ဒုတိယဒေါ်လေး"

စူးယောင်ကွမ်းက ကျန်းကျောက်တိကို ပြောလိုက်သည်။

ကျန်းကျောက်တိက ကျန်းဖန့်တိ ရှိရာဘက်ကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများ နီရဲလာလေသည်။

"အမေ... ဒုတိယဒေါ်လေးက သမီးကို လာရှာခဲ့တာ။ ဒုတိယဒေါ်လေးသာ ရောက်မလာရင် အမေ ဘယ်ရောက်နေမှန်းတောင် သမီး သိမှာ မဟုတ်ဘူး၊ အမေ ဘာဖြစ်နေတယ်ဆိုတာလည်း သိရမှာ မဟုတ်ဘူး"

"အမေ ဒီကိုရောက်တဲ့ ပထမဆုံးနေ့မှာပဲ သူ့ကို တွေ့ခဲ့တာ။ အမေ စကားပြောချင်ပေမဲ့ သူ့ယောက်ျားက သူ့ကို အလုပ်ခိုင်းနေလို့ စကားတောင် မပြောဖြစ်လိုက်ဘူး။ အမေက မုဆိုးမ၊ ပြီးတော့ ဝမ်းဆွဲသည်ဆိုတော့ လူတွေက အမေ့ကို ကံမကောင်းတဲ့သူလို့ သတ်မှတ်ကြတယ်။ ငါက သူ့အတွက် မခက်ခဲစေချင်တာနဲ့ နောက်ထပ်လည်း သွားမရှာတော့ဘူး။ မတွေ့တာ သုံးနှစ်တောင် ရှိပြီ။ ဒီသုံးနှစ်အတွင်းမှာ သူ ပိုတောင် ပိန်သွားသေးတယ်"

"ဒုတိယဒေါ်လေးက အမေ့ကို အမြဲဂရုစိုက်ပါတယ်။ အမေ ဒီလိုဖြစ်နေတုန်းက သူ အရမ်း စိတ်ပူနေခဲ့တာ။ ဒါပေမဲ့ သူကိုယ်တိုင်လည်း သူ့ဘဝကို ရုန်းကန်နေရတယ် ထင်တယ်"

"ငါ နားလည်ပါတယ်။ ငါတို့ ညီအစ်မ သုံးယောက်လုံးရဲ့ ဘဝက အမြဲတမ်း ရုန်းကန်နေခဲ့ရတာပါပဲ။ နင့်အဖေကတော့ အရမ်းကောင်းတဲ့သူပါ။ သူသာ အခုထိ ရှိနေရင် ငါတို့အမေနဲ့ သမီးကို ဘယ်သူမှ ဒီလို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ ကံမကောင်းမှုကပဲ သူ့ကို သေစေခဲ့တာ၊ သူလည်း စစ်မြေပြင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရတယ်။ နင့်ရဲ့ ဒုတိယဒေါ်လေး ယူလိုက်ရတဲ့သူကတော့ လူယုတ်မာပဲ။ သားယောက်ျားလေး မမွေးပေးနိုင်လို့ဆိုပြီး သူ့ကိုရော ချွန်းနီကိုပါ အမြဲရိုက်နှက်ပြီး ဆူပူနေတာ။ တတိယဒေါ်လေးယူထားတဲ့သူကလည်း နေမကောင်းတဲ့သူနဲ့ အိမ်ထောင်ပြုလိုက်ရတယ်။ သူကတော့ လူကောင်းပါ၊ ဒါပေမဲ့ ကျန်းမာရေးက မကောင်းဘူး။ နင့်ရဲ့ တတိယဒေါ်လေးကလည်း သူ့ကို ပြုစုရင်း မုဆိုးမလို ဘဝကို ဖြတ်သန်းနေရတာပါပဲ"

"အမေ... အမေတို့ ဘဝက အမြဲတမ်း ခက်ခဲနေမှာ မဟုတ်ပါဘူး။ နောက်တစ်ခါ အဲ့လို စကားမျိုးတွေ မပြောနဲ့တော့နော်"

စူးယောင်ကွမ်းက မိခင်ဖြစ်သူကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည်။

"အမေ့မှာ သမီး ရှိသေးတာပဲ။ အရာအားလုံးက ပိုကောင်းလာမှာပါ"

"ဟုတ်ပါတယ်၊ အမေ့မှာ သမီး ရှိသေးတယ်။ သမီးကို မွေးတုန်းကဆိုရင် မျောက်ပေါက်စလေးလိုပဲ၊ လေးကျင်းခွဲလောက်ပဲ ရှိတာ။ အဲ့ဒီမြင်ကွင်းကို ပြန်တွေးမိရင် မနေ့တနေ့ကလိုပဲ ထင်နေမိသေးတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာ ငါ့သမီးလေးက အရွယ်ရောက်လာပြီး အမေ့ကို ကာကွယ်ပေးနိုင်နေပြီ"

ကျန်းကျောက်တိက ပြောရင်း အိပ်ပျော်သွားရှာသည်။

"ဝမ်ရှူ... ဖြည်းဖြည်း မောင်း"

"ကောင်းပါပြီ"

စူးယောင်ကွမ်းက သူမ၏ အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ပြီး ကျန်းကျောက်တိကို ခြုံပေးလိုက်သည်။

'အမေ... သမီး အမြဲတမ်း အမေ့ကို ကာကွယ်ပေးမှာပါ။ အမေ တစ်ယောက်တည်း မဟုတ်ပါဘူး၊ သမီးက အမေ့ရဲ့ အားကိုးရာ ဖြစ်လာပေးပါ့မယ်'

‘ဒီတစ်ခါတော့ သမီးတို့နှစ်ယောက်စလုံး အသက်တစ်ရာထိ အသက်ရှည်ကြရမယ်’

‘သမီးတို့ ငွေတွေ အများကြီး ရှာနိုင်လိမ့်မယ်၊ အနာဂတ်ကလည်း တောက်ပနေမှာပါ’

နွားလှည်းက ရွာထဲသို့ ပြန်ရောက်လာခဲ့သည်။ အဘိုးစူးနှင့် အဘွားစူးတို့၏အိမ်ရှေ့မှ ဖြတ်သွားချိန်တွင် အဘွားစူးက တံခါးကို ဖွင့်ကြည့်လိုက်ပြီး စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့ကို လှမ်းမြင်သွားခဲ့သည်။

သူမက နောက်သို့ လှည့်ကာ အဒေါ်စူးကို လှမ်းပြောလိုက်သည်။

"ဟဲ့... အဲ့ဒီ မိန်းမပျက်ကွေ့လန် ဘယ်ရောက်သွားတာလဲ၊ နင့်ယောက်ျားကို သွားရှာခိုင်းလိုက်စမ်း"

အဒေါ်စူးက ကြံကို ဝါးစားနေရင်းနဲ့ အဖတ်များကို ထွေးထုတ်ကာ ပြန်ပြောလိုက်သည်။

"အမေကလည်း... ယောင်းမလေး ဘယ်ရောက်သွားလဲဆိုတာ ကျွန်မက ဘယ်လို သိမှာလဲ၊ အမေလည်း သိမှာ မဟုတ်ဘူးလေ"

"မသိရင်လည်း သွားရှာလိုက်ပေါ့အေ့"

"ဟွန့်"

အဒေါ်စူးက ရွဲ့တဲ့တဲ့ဖြင့် အပြင်ဘက်ကို ထွက်လာခဲ့သည်။

အမှန်တကယ်တွင် သူမ စူးကွေ့လန်ကို သွားရှာရန် စိတ်ကူးမရှိပေ။

ညစာချက်ရမည့်အချိန် ရောက်နေပြီဖြစ်သောကြောင့် သူမ အပြင်တွင် လျှောက်လည်နေပြီး ညစာအဆင်သင့်ဖြစ်မှ အိမ်ပြန်ရန် ကြံစည်ထားသည်။ ထိုနည်းဖြင့် သူမ အလုပ်ရှောင်နိုင်တော့မည် ဖြစ်သည်။

‘စူးကွေ့လန်ဆိုတာ ကြွက်စုတ်တစ်ကောင်လိုပဲ၊ သူမ ပုန်းနေချင်ရင် ဘယ်သူက ရှာတွေ့နိုင်မှာလဲ။ သူမ လိုချင်တာရှိရင် ပေါ်လာမှာပေါ့၊ အဘွားကြီးက သူမကို ဘာလုပ်ဖို့ ရှာနေတာလဲ’

အဒေါ်စူး သူမ၏ အတင်းပြောဖော်များနှင့် ကြံသွားစားရန် ပြင်နေစဥ်မှာပင် စူးကွေ့လန်တစ်ယောက် အပြေးအလွှားလာနေသည်ကို တွေ့လိုက်ရသည်။ သူမက စူးကွေ့လန် အနားရောက်လာအောင် စောင့်နေလိုက်သော်လည်း စူးကွေ့လန်၏ အပြုအမူက သံသယဖြစ်စရာကောင်းနေခဲ့သည်။ သူမက သူခိုးတစ်ယောက်ကဲ့သို့ ဟိုကြည့်ဒီကြည့် လုပ်နေပြီး ကြောက်လန့်နေပုံရသည်။

အဒေါ်စူးကတော့ သူမကို ဒီအတိုင်း လွတ်ပေးမည် မဟုတ်ချေ။ သူမကို ယခုလိုပုံစံမျိုးဖြင့် မြင်လိုက်ရချိန်တွင် စူးကွေ့လန်က ဟိုတစ်နေ့က ကိစ္စကြောင့် ရှက်ပြီး မျက်နှာပြရမှာ ကြောက်နေသည်ဟု တွေးလိုက်မိသည်။

"အို... ကြည့်စမ်း၊ ဒါက ဘယ်သူလဲ။ ငါ အမြင်မမှားဘူးဆိုရင် ဒါ ငါ့ရဲ့ အလုပ်ရှုပ်နေတဲ့ ယောင်းမလေး မဟုတ်လား"

စူးကွေ့လန်က သူမ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်ကာ ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

"နင် ဘာလို့ ဒီလောက် အော်နေတာလဲ"

"နင် သူများဆီက တခုခု ခိုးလာလို့လား၊ ဘာလို့ အမြင်ခံရမှာကို ဒီလောက် ကြောက်နေရတာတုန်း"

အဒေါ်စူးက ဟိုတစ်နေ့က ကိစ္စအတွက် စိတ်တိုနေဆဲဖြစ်ပြီး စူးကွေ့လန်ကို အကြည့်စိမ်းဖြင့် စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"အမေရော"

"အိမ်ထဲမှာပေါ့၊ အမေက နင့်ကို ရှာခိုင်းလို့ ငါ အခုပဲ အိမ်က ထွက်လာတာ၊ နင်က အချိန်ကိုက်ရောက်လာတာပဲ"

စူးကွေ့လန်က တံခါးကို တွန်းဖွင့်ပြီး တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

"အမေ... သမီး ရောက်ပြီ"

အဘွားစူးက စူးကွေ့လန်ကို မြင်သည့်နှင့် ဆူပူရန် ပြင်လိုက်သော်လည်း စူးကွေ့လန်၏ စကားကြောင့် ရပ်သွားရသည်။

"အိုက်ယား... အမေ၊ အခုတော့ မဆူပါနဲ့ဦး"

"ငါ နင့်ကို မေးစရာရှိတယ်။ အဲ့ဒီ ကျိန်စာသင့်တဲ့ ကျန်းကျောက်တိ ပြန်ရောက်လာတာကို ငါ မြင်လိုက်ရတယ်၊ သူမှာ ဘာပြဿနာမှ ရှိပုံမရဘူး။ နင် ပြောတာနဲ့ ဘာလို့ တစ်ခြားစီ ဖြစ်နေရတာလဲ၊ ဖုန်းမိသားစုက အနိုင်ကျင့်ရလွယ်တဲ့သူတွေ မဟုတ်ဘူးလို့ နင် ပြောခဲ့တယ်လေ။ အဲ့ဒီ အမေနဲ့ သမီးကို သင်ခန်းစာပေးဖို့နဲ့ သူတို့ဆီက ငွေအများကြီး ညှစ်ထုတ်ဖို့ ဖုန်းမိသားစုကို နင် လာဘ်ထိုးထားပြီးပြီ မဟုတ်လား။ နင်က ကြားဝင်ပြီး တောင်းပန်ပေးရင် စူးယောင်ကွမ်းနဲ့ မုထုန်ကို အိမ်ထောင်ချပေးဖို့ အကြောင်းပြချက်နဲ့ သူတို့ကို ကူညီပေးဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား။ အခု သူတို့ ပြန်ရောက်နေပြီ၊ နင် ကြားဝင်တာကို ငါ တစ်ခါမှ မတွေ့မိဘူး"

"ကျွန်မလည်း သူတို့ ပြန်ရောက်လာတယ်လို့ ကြားလို့ လာကြည့်တာပါ။ ကျွန်မ ဖုန်းမိသားစုဆီကို မရောက်သေးဘူး။ မနက်ဖြန်မှ သွားပြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မေးကြည့်တော့မယ်။ ကျွန်မ ပိုက်ဆံတွေ အကုန်ပေးထားပြီးမှ ဖုန်းမိသားစုက သူတို့စကားကို သူတို့ ပြန်ရုပ်သိမ်းဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စူးကွေ့လန်က ဒေါသတကြီး ပြောလိုက်သည်။

"နင် ဒါကို တကယ် ကိုင်တွယ်နိုင်တာ သေချာလို့လား။ စူးယောင်ကွမ်းဆိုတဲ့ ကောင်မလေးက အခု အရင်ကထက် ပိုကိုင်တွယ်ရခက်နေသလိုပဲ။ အရင်တစ်ခေါက်တုန်းကလည်း နင် သူ့လက်ထဲမှာ အရှက်ကွဲခဲ့ရတာလေ၊ ဒီတစ်ခေါက်ကျတော့လည်း သူ့အမေကိုပါ ခေါ်ပြန်လာတယ်။ အဲ့ဒီ အသုံးမကျတဲ့ကောင်မလေးက ဘာတွေများ သိသွားတာလဲ။ နင့်ထောင်ချောက်ထဲကနေ ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်နဲ့ လွတ်မြောက်လာတာလဲ"

"အဲ့ဒီကောင်မလေးမှာ ဘာအရည်အချင်းများ ရှိမှာမို့လို့လဲ။ ကံကောင်းလို့ လွတ်သွားတာ ဖြစ်မှာပါ။ စိတ်မပူပါနဲ့ အမေရယ်၊ သူတို့ရဲ့ ကံကောင်းခြင်းတွေက တစ်သက်လုံး ခံမယ်လို့တော့ ကျွန်မ မယုံဘူး"

စူးယောင်ကွမ်းတစ်ယောက် နွားလှည်းကို ပြန်ပို့ပြီးနောက် ကျန်းကျောက်တိတစ်ယောက် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသဖြင့် အမြန် တားဆီးလိုက်သည်။

ထို့နောက် သူမက ကျိုးဝမ်ရှူဘက်သို့ လှည့်ကာ ဆူပူလိုက်သည်။

"ဘာလို့ အမေ့ကို မတားတာလဲ"

ကျိုးဝမ်ရှူက သူ့အမှားကို ဝန်ခံလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်"

"ဘာလို့ သူ့ကို အော်နေရတာလဲ"

ကျန်းကျောက်တိက ကျိုးဝမ်ရှူအတွက် ရင်နာနာဖြင့် ဝင်ပြောပေးလိုက်သည်။

"သူက ငါ့ကို တားဖို့ ကြိုးစားခဲ့ပါတယ်။ ငါ နွားလှည်းပေါ်မှာ အကြာကြီး အိပ်လိုက်ရလို့ အခုတော့ သက်သာနေပါပြီ။ ဝမ်ရှူရဲ့ နူးညံ့တဲ့ စိတ်သဘောထားနဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး သူ့ကို ဒီလို အနိုင်မကျင့်ပါနဲ့"

စူးယောင်ကွမ်း : "..."

'အမေ... ဘာလို့ ဒီနေ့မှ သူ့ဘက်ကနေပြီး စကားပြောပေးနေတာလဲ'

"ဝမ်ရှူက ပြောပြတယ်၊ နင်တို့နှစ်ယောက်က အိမ်ထောင်ရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်ဆို။ ဝမ်ရှူက နင့်ရဲ့ အိမ်ထောင်ဘက် ဖြစ်ပေးဖို့ ဆန္ဒရှိနေပြီဆိုတော့ ဒီနေ့ကစပြီး မိသားစုဝင်တွေ ဖြစ်သွားပြီလေ၊ အဲ့တော့ ငါက သူ့ကို ကာကွယ်ပေးရမှာပေါ့။ နင်က အရည်အချင်း ရှိလွန်းတယ်၊ သူကလည်း ရိုးသားလွန်းတယ်၊ ငါသာ သူ့ကို မစောင့်ရှောက်ပေးရင် ဝမ်ရှူ ဘယ်လောက်တောင် ဒုက္ခခံရမှာလဲ"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို တစ်ချက်ကြည့်လိုက်သည်။

ကျိုးဝမ်ရှူက စိတ်ရင်းအမှန်ဖြင့် ဝင်ပြောလိုက်သည်။

"ယောင်ကွမ်းက ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး။ ယောင်ကွမ်းက အရမ်းတော်ပြီး အရည်အချင်းရှိတာဆိုတော့ နောက်ပိုင်းမှာလည်း ကျွန်တော်က ယောင်ကွမ်း ပြောတဲ့စကားကိုပဲ နားထောင်သွားမှာပါ"

"နင်တို့ ဘယ်တော့လောက် အိမ်ထောင်ရေးစာချုပ် ချုပ်မှာလဲ"

ကျန်းကျောက်တိက မျှော်လင့်ချက်အပြည့်ဖြင့် မေးနေသောကြောင့် စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။

"အမေ အနားယူပြီးသွားရင် အိမ်ထောင်ရေးစာချုပ်ကို သွားတင်လိုက်ပါ့မယ်။ ဒါပေမဲ့ အခုတော့ လူသိရှင်ကြား ထုတ်မပြောချင်သေးဘူး၊ အချိန်တန်တဲ့အထိ စောင့်လိုက်ဦးမယ်"

"ဘယ်အချိန်ကို စောင့်ရမှာလဲ"

ကျန်းကျောက်တိက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"အဲ့ဒါကို အမေ သိပ်မကြာခင် သိရမှာပါ"

စူးယောင်ကွမ်းက လျှို့ဝှက်ဟန်အပြည့်ဖြင့် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

All Chapters