← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈ စမ်းသပ်ခြင်း

စူးယောင်ကွမ်းက ဝက်သားပြုတ်၊ ဝက်နံရိုးချိုချဉ်ကြော်နှင့် ကြက်ဥပေါင်းတို့ကို ချက်ပြုတ်ပြီး မှိုဟင်းရည်တစ်ခွက်လည်း ပြင်ဆင်ထားသေးသည်။

စားပွဲပေါ်မှ အရသာရှိသည့် ဟင်းလျာများ ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် အမြဲတမ်း ချွေတာနေကျဖြစ်သည့် ကျန်းကျောက်တိတစ်ယောက် ရင်ထဲမှ အလွန်အမင်း နာကျင်သွားရသည်။

"အမေ၊ ဝမ်ရှူနဲ့ ကျွန်မ ငွေရှစ်လျန်လောက် ရှာနိုင်ခဲ့တယ်။ ပိုက်ဆံမရှိမှာကို စိတ်ပူနေစရာ မလိုပါဘူး။ နောက်ဆိုရင် ဒီထက်တောင် ပိုရှာနိုင်ဦးမှာပါ။ အမေ စားလေ၊ အများကြီး စားရမယ်နော်။ အမေ အရမ်းပင်ပန်းနေပုံရတယ်၊ ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ လိုတယ်"

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ ပန်းကန်ထဲသို့ ဟင်းများကို ခပ်ထည့်ပေးနေပြီး ခဏလေးအတွင်းမှာပင် ပန်းကန်လုံးလေးထဲ၌ ဟင်းများ ပြည့်လျှံသွားတော့သည်။

ကျန်းကျောက်တိက သမီးဖြစ်သူ၏ လက်ကို တူဖြင့် အသာလေး ပုတ်လိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။

"ငါက ဝက်မို့လို့ ဒီလောက် အများကြီး စားရမှာလား။ နောက်ထပ် ထပ်မထည့်ပေးနဲ့တော့၊ ငါ ဒေါသထွက်လာတော့မယ်"

ထိုသို့ပြောပြီးနောက် သူမက သူမ၏ပန်းကန်ထဲမှ ဟင်းများကို ကျိုးဝမ်ရှူနှင့် စူးယောင်ကွမ်းတို့၏ ပန်းကန်ထဲသို့ ဟင်းများ ပြန်ခွဲဝေပေးလိုက်သည်။ သူမက သူမ၏ပန်းကန်ထဲတွင် ဝက်သားပြုတ်တစ်တုံးနှင့် ဝက်နံရိုးချိုချဉ်တစ်တုံးသာ ချန်ထားခဲ့သည်။ ကြက်ဥပေါင်းကတော့ အလွန်နူးညံ့လွန်းသဖြင့် ထမင်းနှင့် ရောနှောသွားခဲ့ချေပြီ။

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို ကြည့်ကာ မေးလိုက်သည်။

"ယောင်ကွမ်းပြောတာကတော့ နင်တို့ ပိုက်ဆံရလာတယ်ဆို။ အရင်က လုပ်ထားတဲ့ အလှကုန်တွေနဲ့ မျက်နှာလိမ်းမှုန့်တွေ အကုန် ရောင်းထွက်သွားတာလား။ လူတွေက တကယ်ဝယ်ကြလို့ ငွေရှစ်လျန်တောင် ရလာတာလား"

ကျိုးဝမ်ရှူက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပါ။ ယောင်ကွမ်းက အမေ့ကို လိမ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ယောင်ကွမ်းနဲ့အတူတူ သွားခဲ့တာပါ။ ယောင်ကွမ်းက အရမ်းတော်တာ၊ ဆိုင်ရှင်အမျိုးသမီးကို အဝတ်အစား ရောင်းပေးဖို့တောင် ကူညီပေးပြီး အမြတ်ထဲက ဝေစုတစ်စုတောင် ရလာသေးတယ်။ ကျွန်တော်တို့ရဲ့ အလှကုန်တွေကလည်း ဘူးနှစ်ဆယ်ကျော် ရောင်းလိုက်ရပြီး နောက်ထပ် လေးဆယ်ကျော်ပဲ ကျန်တော့တယ်။ အိမ်ပြန်ရောက်တော့လည်း ယောင်ကွမ်းနဲ့ ကျွန်တော် ထပ်လုပ်ထားသေးတယ်၊ ဒါပေမဲ့ မပြီးသေးဘူး။ ပြီးသွားရင် မြို့ထဲကို ထပ်သွားဦးမှာပါ"

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်များတွင် ဖြစ်နေသော အသားမာများကို ထိတွေ့လိုက်မိချိန်တွင် သူမ၏ နှာခေါင်းက စပ်ဖျင်းဖျင်း ဖြစ်လာပြီး မျက်ရည်များ ဝဲလာခဲ့သည်။

"ငါ့သမီးလေးက ဒီအမေထက်ကို ပိုပြီး အရည်အချင်းရှိနေပါလား"

"အမေရယ်၊ သမီးက အမေလောက် ဘယ်တော်ပါ့မလဲ"

စူးယောင်ကွမ်းက သူမကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည်။

“သမီးက ကိုယ်တိုင် ကလေးမမွေးဖူးဘူး၊ ကလေးမွေးပြီးခါစမှာ အနှီးတွေကို မလျှော်ခဲ့ဖူးဘူး၊ မွေးကင်းစကလေးကို ပွေ့ချီပြီး တောထဲတောင်ထဲမှာ ဟင်းရွက်လိုက်ရှာတာမျိုးလည်း မလုပ်ခဲ့ဖူးဘူး... အမေ၊ အရင်က သမီး ငယ်လွန်းလို့ အမေ့ကို မကူညီနိုင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆို အဲ့လို ဖြစ်တော့မှာ မဟုတ်ဘူး။ သမီးတို့ အမြဲတမ်း အတူတူနေကြမယ်၊ သမီးတို့ ဘဝတွေကလည်း ပိုပြီး ကောင်းမွန်လာမှာပါ'

"တော်စမ်းပါ၊ ဘယ်သူက နင့်နဲ့ တစ်သက်လုံး အတူတူနေချင်မှာလဲ။ နင့်မှာ ဝမ်ရှူ ရှိတယ်လေ၊ နောက်ဆိုရင် ဝမ်ရှူနဲ့ပဲ နေ့တိုင်း အတူတူနေတော့"

ကျန်းကျောက်တိက ရယ်မောရင်း ပြောလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အိမ်ရှေ့တံခါးကို လာခေါက်နေသည်။

တံခါးခေါက်သံကို ကြားလိုက်ရသော်လည်း အမေနှင့်သမီး သံယောဇဉ်ဖြင့် နစ်မွန်းနေသည့် ကျန်းကျောက်တိနှင့် စူးယောင်ကွမ်းတို့က တံခါးဖွင့်ရန် စိတ်ကူးမရှိကြပေ။

ဤတံခါးခေါက်သံက သူတို့အတွက် ရင်းနှီးပြီးသားဖြစ်သည်။ တစ်စုံတစ်ယောက် လာရောက်သည့်အခါတိုင်း ဤရန်လိုသည့်သဘောမျိုးသာ ပါလာတတ်သည်။

သို့သော်လည်း တံခါးခေါက်သံက မရပ်မနား ဆက်တိုက် ထွက်ပေါ်နေသည်။ ဤအတိုင်းသာ ဆက်ခေါက်နေပါက ဘေးမှ အိမ်နီးချင်းများကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ ထို့ကြောင့် တံခါးကို အရင်ဖွင့်လိုက်ပြီးမှ ထိုသူကို ပြန်မောင်းထုတ်ရန်သာ ရှိတော့သည်။

ကျိုးဝမ်ရှူက မတ်တပ်ထရပ်လိုက်သည်။

"ကျွန်တော် သွားကြည့်လိုက်မယ်"

စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့က မျက်ရည်များကို သုတ်လိုက်ကြပြီး သူမတို့ဘာသာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း သူမတို့ အဝတ်အစားများကို သေသေချာချာ မပြင်ရသေးခင်မှာပင် အိမ်ရှေ့တံခါးဝမှ ကျိုးဝမ်ရှူ၏ ဒေါသထွက်နေသည့် အသံကို ကြားလိုက်ရသည်။

"ဒီကို ဘာလာလုပ်တာလဲ"

"ငါက ကျန်းကျောက်တိရဲ့ ယောက္ခမ၊ စူးယောင်ကွမ်းရဲ့ အဘွားပဲ။ ဒါက ငါ့သားကြီးရဲ့ အိမ်ပဲ၊ ငါ ဘာလို့ မလာရမှာလဲ"

အဘွားစူးက အိမ်ထဲသို့ ဝင်လာခဲ့သည်။

သို့သော် အိမ်ထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် သူမ၏ ဒူးခေါင်းများ နာကျင်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရသည်။

"အား..."

အဘွားစူး၏ မျက်နှာက နာကျင်မှုကြောင့် ဖြူဖျော့သွားသည်။

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်ရင်း ထပ်ပြောလိုက်သည်။

"အဘွားကြီး၊ ဒီကို ဘာလာလုပ်တာလဲ။ ဒီလောက် ညဉ့်နက်တဲ့အချိန်မှာတောင် အိမ်မှာ အေးအေးဆေးဆေး မနားနေဘူး။ ဘာလို့ ဒီကို ပြဿနာလာရှာတာလဲ၊ ခင်ဗျားရော မစင်စားချင်လို့လား"

အဘွားစူး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။

"ဘာ... တော်စမ်း၊ ငါက... ငါက ယောင်ကွမ်းအမေ ပြန်ရောက်လာတယ်လို့ ကြားလို့ လာကြည့်တာ"

သူမ ဒီကို ရောက်လာရသည့် ရည်ရွယ်ချက်ကို ပြန်သတိရသွားမှသာ အဘွားစူးလည်း အနည်းငယ် စိတ်ငြိမ်သွားတော့သည်။ သူမ၏ အလွန်အမင်း မောက်မာတတ်သည့်အကျင့်က အဓိက ကိစ္စကို မေ့လုနီးပါး ဖြစ်သွားစေခဲ့သည်။

ပြောရလျှင် စူးယောင်ကွမ်းက အရွယ်ရောက်လာပြီးနောက် ပိုရဲတင်းလာခဲ့သည်။ ယခင်ကဆိုလျှင် ကျန်းကျောက်တိကဲ့သို့ပင် စူးယောင်ကွမ်းက အဘွားအိုကို ဘယ်တော့မှ ပြန်မပြောရဲခဲ့ပေ။ သူမတို့မိသားစုက ဘာကိုပဲ လိုချင်၍ တောင်းသည်ဖြစ်စေ၊ ထိုသားမိနှစ်ယောက်က အလွယ်တကူ ထုတ်ပေးတတ်ကြသည်။ ယခုတော့ ထိုကလေးမလေးက ပိုပါးနပ်လာပြီး သူမ၏ စားစရာများကိုပင် သိမ်းဆည်းတတ်နေချေပြီ။

သို့သော် တစ်ဖက်မှ ပြန်တွေးကြည့်လျှင်လည်း ဤမုဆိုးမနှင့် အဖမဲ့ကလေးက မီးဖွားရင်း ရလာသည့် ပိုက်ဆံအနည်းငယ်ဖြင့် အသက်ဆက်နေရခြင်း ဖြစ်သည်။ သူမတို့၏ စားစရာများအား မသိမ်းဆည်းထားရင် သူမတို့ စားစရာမရှိဖြစ်နေပေလိမ်မည်။ ယခုလည်း သူမတို့ အကျပ်အတည်း ဆိုက်ပြီး လမ်းဆုံးရောက်နေသောကြောင့် ဤသို့ ပြုမူနေသည်ဟု အဘွားစူး သတ်မှတ်လိုက်သည်။

‘ဒီလောက် ဒုက္ခရောက်နေမှတော့ အဆင်ပြေအောင် နေပြီး မုထုန်နဲ့ အိမ်ထောင်ပြုလိုက်တာ ပိုကောင်းတာပေါ့။ မုထုန်နဲ့ အိမ်ထောင်ကျသွားရင် အနည်းဆုံးတော့ ဗိုက်ဝအောင် စားရမှာ သေချာတယ်။ မုထုန်က သားတစ်ယောက်ပဲ ရှိတာဆိုတော့ မုထုန်ရဲ့ ပစ္စည်းဥစ္စာတွေအားလုံးက ဒီကလေးမ လက်ထဲ ရောက်လာမှာလေ’

"အမေ၊ ဘာကိစ္စနဲ့ ကျွန်မဆီ ရောက်လာတာလဲ"

ကျန်းကျောက်တိက အိမ်ရှေ့သို့ ထွက်လာရင်း မေးလိုက်သည်။

အဘွားစူးက ကျန်းကျောက်တိကို အပေါ်အောက် အကဲခတ်ကြည့်နေပြီးမှ ပြန်ပြောလိုက်သည်။

"နင် ကလေးသွားမွေးပေးတာ အဆင်ပြေရဲ့လား"

"အမေက ဘယ်တုန်းကတည်းက ကျွန်မအလုပ်ကို စိတ်ပူတတ်သွားတာလဲ"

ကျန်းကျောက်တိက ဆက်ပြောလိုက်သည်။

"ကျွန်မတို့ မုဆိုးမနဲ့ အဖမဲ့ကလေး... ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာ အမေ သိလို့ ကူညီပေးမလို့လား"

"နင်တို့ ဒုက္ခရောက်နေတာကို ငါ သိပါတယ်။ ဒါပေမဲ့ နင့်ယောက္ခမတွေ ဖြစ်တဲ့ ငါတို့လည်း အဆင်ပြေတာ မဟုတ်ဘူးလေ။ ယောင်ကွမ်းအဖေကလည်း မရှိတော့ဘူး၊ ငါလည်း ဒုတိယသားနဲ့ အငယ်ဆုံးသားကိုပဲ အားကိုးနေရတာ။ အငယ်ဆုံးသားက မြို့ထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတာ၊ တစ်နှစ်မှာမှ အနည်းငယ်ပဲ တွေ့ရတယ်။ ဒုတိယသားမိသားစုကပဲ ငါ့ကို နည်းနည်း မျှော်လင့်ချက် ပေးနိုင်တာလေ။ ငါတို့အိမ်မှာ စားဖို့ လူငါးယောက် ရှိသေးတယ်၊ ငါတို့ဘဝက နင်တို့ထက်တောင် ပိုပြီး ခက်ခဲနေသေးတယ်"

‘သူတို့ကို ကူညီပေးရမယ်တဲ့လား။ အိပ်မက်မက်နေတာပဲ။ ငါတို့ စားလို့ ပိုလျှံနေရင်တောင် ကြက်တွေ၊ ခွေးတွေကိုပဲ ကျွေးလိုက်မယ်၊ ဒီကံဆိုးမနဲ့ ဒီငွေဖြုန်းတီးမကိုတော့ ဘယ်တော့မှ ကျွေးမှာမဟုတ်ဘူး။’

"အဲ့လိုဆိုရင် ကျွန်မကို ဘာလို့ လာမေးနေတာလဲ။ အဲ့ဒီမိသားစုက တော်တော် စေးကပ်ပြီး ရက်စက်ကြတယ်။ ကျွန်မ သူတို့အတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့ပေမဲ့ နောက်ဆုံး ကလေးမွေးပေးခတောင် တစ်ပြားမှ မရလိုက်ဘူး"

ကျန်းကျောက်တိက ဒေါသတကြီး ပြောပြီးမှ ယောက္ခမဖြစ်သူကို နှင်ထုတ်လိုက်သည်။

"ကျွန်မ အရမ်းပင်ပန်းနေလို့ အိပ်ချင်နေတယ်။ အမေ ဘာအရေးကြီးကိစ္စမှ မရှိရင် အရင်ပြန်ပါတော့"

"နင်တို့ ဘာအရသာရှိတာတွေ ချက်စားနေတာလဲ။ အနံ့က မွှေးနေတာပဲ။ ငါ ရောက်လာမှတော့ နင့်အိမ်မှာပဲ ထမင်းစားသွားတော့မယ်။ ဒီမှာ ထမင်း မစားရတာ ကြာနေပြီ"

အဘွားစူးက ပြောနေရင်း အိမ်ထဲသို့ တိုးဝင်လာခဲ့သည်။

စူးယောင်ကွမ်းက သူမ၏လမ်းကို ပိတ်ဆို့လိုက်သည်။

"အဖွား၊ အဖွား... ခုနကတင် လဲကျထားတာလေ။ မြန်မြန် အိမ်ပြန်ပြီး အနားယူလိုက်ပါဦး။ မှောင်သွားရင် လမ်းလျှောက်ရ ခက်နေလိမ့်မယ်"

အဘွားစူးကတော့ ထိုမျက်နှာကို ကြည့်လိုက်ရရုံဖြင့် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

သူမက အိမ်ရှေ့ခန်းရှိ စားပွဲကို လှမ်းမျှော်ကြည့်လိုက်ပြီး ဟင်းရည်ပန်းကန်တစ်လုံးကိုသာ မြင်ရပြီး အခြားဘာမှ မတွေ့ရချေ။

‘အခြားတစ်ယောက်ယောက်ကများ အရသာရှိတာ တစ်ခုခု ချက်ထားတာဖြစ်နိုင်မလား’

‘ဒါပေမယ့် ဒီအနံ့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြင်းထန်နေရနေတာလဲ။ လျှာကို ကိုက်ဝါးချင်စိတ်ပေါက်သွားရလောက်အောင်ကို မွှေးနေတာလေ။’

ဘာအကျိုးအမြတ်မှ ရစရာမရှိသလို ဘာသဲလွန်စမှလည်း ရှာမတွေ့တာကြောင့် အဘွားစူးတစ်ယောက် ဤထူးဆန်းသည့် နေရာတွင် မနေချင်တော့ဘဲ ပြန်လှည့်ထွက်သွားခဲ့သည်။

သူမ ထွက်သွားသည်နှင့် ကျိုးဝမ်ရှူက တံခါးကို ချက်ချင်း ပိတ်လိုက်သည်။

ကျန်းကျောက်တိက စူးယောင်ကွမ်းကို လက်မထောင်ပြလိုက်သည်။

"နင်က အရမ်းတော်တာပဲ၊ အဲ့ဒီမှိုဟင်းရည်ကို ကြိုပြီး ဖွက်ထားလိုက်လို့သာပေါ့"

စူးယောင်ကွမ်းက သူမ ဖွက်ထားသည့် အစားအစာများကို ပြန်ထုတ်ယူကာ စားပွဲပေါ်တင်လိုက်ပြီး ကျိုးဝမ်ရှူနှင့် ကျန်းကျောက်တိကို လှမ်းပြောလိုက်သည်။

"သူ ပြန်သွားလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဝက်သားပြုတ်တွေ အေးကုန်တော့မယ်။ မြန်မြန် စားကြမယ်၊ အေးသွားရင် အရသာ ရှိမှာ မဟုတ်တော့ဘူး"

ကျန်းကျောက်တိက ဇဝေဇဝါ ရေရွတ်နေပြန်သည်။

" သူ ဒီကို ဘာလာလုပ်တာလဲ၊ တကယ်ပဲ ငါ လုပ်ခ ရ၊ မရ လာစုံစမ်းတာလား"

"သူ အမေ့ကို စမ်းသပ်နေတာလေ၊ အမေ ဘာဒုက္ခတွေ ကြုံနေလဲဆိုတာ လာကြည့်တာပေါ့။ အမေ၊ အရင်ကတော့ အမေ အဲ့လို ရက်စက်တဲ့ မိသားစုနဲ့ ကြုံရတာက သမီးတို့ ကံဆိုးတယ်လို့ပဲ သမီး ထင်ခဲ့တာ၊ အခု ကြည့်ရတာတော့ ဒီထက်ပိုနေပြီး နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိနေပုံပဲ"

"ဆိုလိုတာက ဖုန်းမိသားစုက နင့်အဘွားနဲ့ သူတို့မိသားစု တမင်ထောင်ထားတဲ့ ထောင်ချောက်ပေါ့ ဟုတ်လား"

ကျန်းကျောက်တိက ဒေါသတကြီး ဆက်ပြောလိုက်သည်။

"အဲ့လိုသာဆိုရင်တော့ သူတို့ကို ငါ ဘယ်တော့မှ အလွတ်မပေးဘူး"

"အမေ၊ သူတို့ကို အမြစ်ပြတ်ရှင်းထုတ်ပစ်ချင်တာလား"

စူးယောင်ကွမ်းက မေးလိုက်သည်။

"နင့်အဖေက မရှိတော့ပေမဲ့ နင်က စူးမိသားစုရဲ့ သွေးသားလေ။ သူတို့ကို ဘယ်လိုလုပ် အမြစ်ပြတ် ရှင်းထုတ်လို့ ရနိုင်မှာတုန်း။ နင်နဲ့အတူတူ ငါ နောက်အိမ်ထောင်ပြုမှပဲ ရတော့မယ်၊ ဒါပေမဲ့ ငါက နင့်အဖေကို သစ္စာမဖောက်ချင်ဘူး"

ကျန်းကျောက်တိက ငေးငေးငိုင်ငိုင်ဖြင့် မေးခွန်းထုတ်နေရှာသည်။

All Chapters