← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉ ကစားကွက်ထဲသို့ ဝင်ရောက်ခြင်း

စူးမိသားစုဝင်များက သူတို့၏အမည်နှင့် မှတ်တမ်းတင်ထားသော အိမ်နှင့် လယ်ယာမြေများကြောင့် အလွန်တရာ ဇွဲကောင်းပြီး ရက်စက်နိုင်ကြသည်။

စူးမိသားစုက ထိုအနည်းအကျဉ်းမျှသာရှိသည့် အကျိုးအမြတ်အတွက် မုဆိုးမမိခင်နှင့် အဖမဲ့သမီးတို့ကို အသက်ရှင်ရန် လမ်းမမြင်ရအောင် အဖက်ဖက်မှ ဒုက္ခပေးနေခဲ့သည်။ အကယ်၍ စူးမိသားစု၏ အကြီးဆုံးသားသာ အသက်ရှင်နေသေးလျှင် သူ့မိဘများနှင့် ညီအစ်ကိုများက သူ့ဇနီးနှင့် သမီးကို ထိုသို့ဆက်ဆံနေသည်အား မြင်လိုက်ရပြီး မိသားစုဝင်အဖြစ်မှ ဖြတ်တောက်ကာ သွေးသားရင်းချာ အဆက်အသွယ်ပင် ဖြတ်ပစ်ပေလိမ့်မည်။

စူးယောင်ကွမ်းက သူမ၏ ဖခင် မဟုတ်ပေ။ သူမ အဖေဆိုလျှင် မည်သို့ရွေးချယ်မည်ကို သူမ မသိသော်လည်း သူမ၏ ရွေးချယ်မှုကတော့ သူတို့ကို အမြစ်ပြတ်ရှင်းထုတ်ပစ်ရန်၊ အဆက်အသွယ် အပြီးတိုင်ဖြတ်တောက်ရန်နှင့် သူမတို့မိခင်နှင့် သမီး၏ ဘဝထဲသို့ ထိုသူများ ထပ်ဝင်နှောင့်ယှက်လို့မရအောင် တားဆီးရန်သာ ဖြစ်သည်။

ဖုန်းမိသားစု၏ကိစ္စက သူတို့နှင့် ပတ်သက်နေမှန်း ယခင်က သူမ မသိခဲ့သော်လည်း ယခု သိသွားပြီ ဖြစ်သည့်အတွက် သူတို့ကို လုံးဝ လွှတ်ပေးတော့မည် မဟုတ်ပေ။

"ဝမ်ရှူ၊ မနက်ဖြန် မြို့ထဲသွားကြမယ်။ ငါတို့ အိမ်ထောင်ရေးစာချုပ် ရေးပြီးတော့ ရုံးတော်မှာ မှတ်တမ်းသွားတင်မယ်"

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ကြည့်ကာ ပြောလိုက်သည်။

ကျိုးဝမ်ရှူက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

ကျန်းကျောက်တိကတော့ ဝမ်းသာအားရ ဖြစ်နေရှာသည်။

"မနက်ဖြန် အမေလည်း လိုက်ခဲ့မယ်"

ကျန်းကျောက်တိက သူမ၏ သမီးလေးအတွက် ဘဝ၏ အရေးအကြီးဆုံး အချိန်အခါကို သူမကိုယ်တိုင် မျက်မြင် ကြည့်ချင်နေမိသည်။

"အမေ၊ အမေ မနက်ဖြန် အိမ်မှာပဲ နေခဲ့ရမယ်။ မနက်ဖြန် အမေက ဒီလို လုပ်ပေးရမယ်..."

စူးယောင်ကွမ်းက မိခင်ဖြစ်သူကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

စူးယောင်ကွမ်း၏ အစီအစဉ်ကို ကြားပြီးနောက် ကျန်းကျောက်တိက စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။

"သမီးလေး... နင် ဖုန်းမိသားစုဝင်တွေကို ထပ်ပြီး ရှာချင်နေတာလား၊ ဒီနေ့ ငါတို့ ကံကောင်းလို့ လွတ်လာတာလေ။ သူတို့လက်ထဲကို နောက်တစ်ခါ ပြန်ရောက်သွားရင် ဒီလောက်နဲ့ လွတ်လာနိုင်ပါ့မလား"

"အမေ၊ သမီး သူတို့ကို တစ်ခါ ရင်ဆိုင်နိုင်ရင် နောက်တစ်ခါလည်း ရင်ဆိုင်နိုင်မှာပါ။ စိတ်မပူပါနဲ့၊ သူတို့က သမီးရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

"ထူးဆန်းလိုက်တာ၊ ဒီနောက်ပိုင်း နင် ဘာလို့ ဒီလောက်တောင် အားသန်နေရတာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောဝက်တစ်ကောင်ကို သတ်နိုင်တုန်းက ကံကောင်းလို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာတော့ ကံကောင်းတာ မဟုတ်ဘဲ နတ်ဘုရားပေးတဲ့ အားအင်လို ဖြစ်နေပြီ"

စူးယောင်ကွမ်းက သူမ၏ လက်မောင်းကို မြှောက်ပြရင်း "သမီးက သန်မာတယ်" ဆိုသည့် အရိပ်အယောင်ဖြင့် ကျန်းကျောက်တိကို စိတ်အေးစေလိုက်သည်။

"ဒါကြောင့် အမေ စိတ်မပူပါနဲ့၊ သမီးက ယောက်ျားသားတွေထက်တောင် ပိုပြီး သန်မာသေးတယ်"

ကျန်းကျောက်တိက ကျိုးဝမ်ရှူကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ မြင်ရမလားဟု သူမ စိုးရိမ်နေမိခြင်းပင်။ သို့သော်လည်း ကျိုးဝမ်ရှူ၏ မျက်လုံးများထဲတွင်တော့ စူးယောင်ကွမ်းအပေါ် အထင်သေးခြင်း မရှိဘဲ လေးစားမှုများသာ ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။

ထိုအရာက ကျန်းကျောက်တိကို စိတ်အေးသွားစေခဲ့သည်။

‘ကံကောင်းလိုက်တာ....’

‘ဒီဆယ်ပြားတန်ခင်ပွန်းက ရုပ်ရည်သန့်သန့်နဲ့ ချောမောပေမဲ့ နည်းနည်းတော့ တုံးအအ နိုင်တယ်။ ကံကောင်းတာက သူ ဒီလိုမျိုး တုံးအနေလို့သာပေါ့၊ မဟုတ်ရင် ငါတို့ရဲ့ ယောင်ကွမ်းက ဘယ်လိုလုပ် သူ့အတွက် ထိုက်တန်နိုင်မှာလဲ’

"မနက်ဖြန်မှာ ပြသဖို့ ပွဲကြီးပွဲကောင်းတစ်ခု ရှိလိမ့်မယ်၊ ဒီညတော့ အနားယူကြရအောင်"

စူးယောင်ကွမ်းက ကျန်းကျောက်တိကို အခန်းထဲသို့ တွန်းပို့လိုက်သည်။

"ပြီးတော့ အမေ၊ ဒီည သမီး အမေနဲ့အတူတူ အိပ်မယ်။ သမီးအခန်းကို ဝမ်ရှူအတွက် ပေးလိုက်မယ်။ ဝမ်ရှူက ကြီးထွားတဲ့အရွယ်မှာ ရှိနေတုန်းပဲ၊ ထင်းတဲထဲမှာပဲ ဆက်အိပ်နေတာက သူ့အတွက် မကောင်းဘူး။ သူ့အတွက် အခန်းတစ်ခု လိုတယ်"

ကျန်းကျောက်တိက သူမ၏သမီးကို ရူးနေပြီလားဆိုသည့်အကြည့်မျိုးဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

"မနက်ဖြန်ကျရင် နင်တို့ အိမ်ထောင်ရေးစာချုပ် သွားချုပ်တော့မှာလေ။ အဲ့ဒီတော့ နင်တို့က တရားဝင် လင်မယားဖြစ်သွားပြီ။ အတူတူ အိပ်သင့်တာပေါ့"

စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်မိပြီး နှစ်ယောက်စလုံး အဆီအငေါ်မတည့်သလို ခေါင်းပြန်လှည့်လိုက်ကြသည်။

"အမေရယ်... ဝမ်ရှူနဲ့ သမီးက ငယ်သေးတယ်လေ"

"နင်က ဆယ့်ငါးနှစ်ရှိနေပြီ၊ လက်ထပ်လို့ ရပြီဟဲ့။ ဒါပေမဲ့ ဝမ်ရှူးက နည်းနည်း ငယ်သေးတယ်ဆိုတော့ နောက်ထပ် နှစ်နှစ်လောက် စောင့်နိုင်ပါတယ်။ ထားပါတော့၊ ဒါဆိုရင်လည်း အခုလောလောဆယ်တော့ အခန်းခွဲအိပ်ကြဦးပေါ့။ ဝမ်ရှူ၊ မင်း ယောင်ကွမ်းရဲ့ အခန်းမှာ အိပ်လို့ ရတယ"

"တကယ်တော့... ကျွန်‌တော် ထင်းတဲထဲမှာပဲ ဆက်အိပ်လို့ ရပါတယ်၊ အဲ့ဒီမှာ အဆင်ပြေပါတယ်"

ကျိုးဝမ်ရှူက တိုးတိုးလေး ပြောလိုက်သည်။

"ဘာက အဆင်ပြေရမှာလဲ။ အခု ဆုံးဖြတ်ပြီးပြီ"

ကျန်းကျောက်တိက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မင်းကလည်း လူမိုက်လေးလား၊ အရမ်း ရိုးလွန်းရင် ကိုယ်ပဲ ဒုက္ခရောက်တတ်တယ်"

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ ပစ္စည်းများကို သူမ၏အခန်းထဲသို့ ရွှေ့ပေးလိုက်သည်။ ထို့နောက်တွင် ကျိုးဝမ်ရှူက သူ၏ အထုပ်အပိုးအနည်းငယ်ကို ဆွဲကာ စူးယောင်ကွမ်း၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။

နံရံဘေးမှ ပန်းအိုးထဲတွင် ပန်းများကို အသစ်လဲထားသည့်အတွက် အခန်းကို ပိုပြီး တင့်တယ်သွားစေသည်။ အခန်းက အလွန်သန့်ရှင်းပြီး အထဲတွင် ပန်းရနံ့သင်းသင်းလေး လွှမ်းခြုံနေသည်။ ထိုပန်းရနံ့အပြင် ဒေါနရွက်အနံ့လေးလည်း ရနေသေးသည်။

ဒေါနရွက်၏အနံကတော့ ကျိုးဝမ်ရှူလည်း ရင်းနှီးနေပြီ ဖြစ်သည်။ စူးယောင်ကွမ်းက ခြင်မကိုက်အောင်ဟု ပြောကာ နေ့တိုင်းနေ့တိုင်း ထင်းတဲကို ဒေါနရွက်နှင့် မီးခိုးမှိုင်းတိုက်ပေးလေ့ရှိသည်။

ညရောက်လာချိန်တွင် ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ခုတင်ပေါ်တွင် လှဲအိပ်နေပြီး မိန်းကလေးတစ်ယောက်၏ သဘာဝရနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲသို့ တိုးဝင်နေသည်။

သူမက နေ့ဘက်ဆိုရင် အလှကုန်များ ဖန်တီးရန် ပန်းများနှင့် အချိန်ကုန်နေသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ တစ်ကိုယ်လုံးတွင် ချိုမြိန်သော ပန်းရနံ့များ သင်းပျံ့နေတတ်သည်။ ရနံ့အမျိုးမျိုး ရောယှက်နေသော်လည်း ထူးခြားသည့် အမွှေးနံ့လေးအဖြစ် ပေါင်းစပ်နေကာ စိတ်ကို တည်ငြိမ်စေသည်။

ကျိုးဝမ်ရှူတစ်ယောက် ခုတင်ပေါ်၌ ဟိုလှည့်ဒီလှည့် လုပ်နေမိသည်။

'ဒီမှာ နေတာက ခဏတာအတွက်ပဲ။ နောက် နှစ်နှစ်အတွင်း ငါ သေချာပေါက် ထွက်သွားရမယ်။ ဒါပေမဲ့ ဒီညတော့ ဒီအမွှေးနံ့သင်းတဲ့ ခုတင်ပေါ်မှာ လှဲအိပ်ရင်း ဒီနွေးထွေးမှုကို မခွဲခွာချင်တော့သလို ခံစားနေရတယ်'

‘ဆယ်ကျော်နှစ်ကြာ မုဆိုးမဘဝနဲ့ နေလာရတဲ့ မိခင်တစ်ယောက်၊ ဆွေမျိုးတွေရဲ့ အနိုင်ကျင့်မှုကို ခါးစည်းခံနေရတဲ့ ကျေးလက်က မိန်းကလေးတစ်ယောက်... ငါ တစ်ခါမှ မမြင်ဖူးတဲ့ လူမှုအလွှာရဲ့ အောက်ဆုံးအဆင့်မှာ သူတို့ ရုန်းကန်နေရတယ်။ ဒါပေမဲ့ ဒီမိခင်နဲ့ သမီးဆီကနေ ရရှိလာတဲ့ နွေးထွေးမှုကြောင့် ငါ သတိလက်လွတ်ဖြစ်ပြီး ငါရဲ့ အကာအကွယ်တွေကို လျှော့ချမိနေပြီ’

‘အခုလည်း ဒီတောသူ မိန်းကလေးနဲ့ လက်ထပ်ဖို့ စိတ်ကူးနေမိပြန်တယ်’

‘အတုအယောင် အိမ်ထောင်ရေး ဆိုရင်တောင် သူမရဲ့ နာမည်က ငါ့နာမည်နဲ့ တွဲလျက် ရှိနေမှာ၊ သူမက ငါ့ရဲ့ တရားဝင် ဇနီးသည် ဖြစ်လာလိမ့်မယ်။’

နောက်တစ်နေ့ မနက်တွင် စူးယောင်ကွမ်းက ပြတင်းပေါက်အပြင်မှ နေကာ ကျိုးဝမ်ရှူကို အော်ခေါ်လိုက်သည်။

"အိပ်ပုတ်ကြီးတဲ့ ကောင်လေး... ထတော့လေ"

အိပ်ချင်မူးတူး ဖြစ်နေဆဲ ကျိုးဝမ်ရှူ : “…..”

သူ မနေ့ညက အိပ်မပျော်ဘဲ တစ်ညလုံး ဟိုလှည့်ဒီလှည့် လုပ်နေခဲ့ရပြီး အိပ်ပျောသွားသည်မှာ မကြာသေးသော်လည်း ယခုချက်ချင်း ထရတော့မည် ဖြစ်သည်။

ကျန်းကျောက်တိက အသံကို လျှော့ကာ လှမ်းပြောလိုက်သည်။

"အချိန်က စောသေးတာပဲ၊ သူ့ကို ဆက်အိပ်ခွင့်ပေးလိုက်ပါ။ နောက်မှ ထလည်း ရတာပဲ"

"အမေ၊ သမီးတို့မှာ ဒီနေ့ အရေးကြီးတဲ့ ကိစ္စရှိလို့ပါ။ ဘာကိုမှ ကြန့်ကြာလို့ မဖြစ်ဘူး။ ဒီကိစ္စပြီးသွားရင် သူ ဘယ်လောက်အိပ်ချင်၊ အိပ်ချင် သမီး မနှောင့်ယှက်တော့ပါဘူး"

ကျိုးဝမ်ရှူ စူးယောင်ကွမ်းနှင့် လက်ထပ်ရန် သဘောတူလိုက်သည့်အချိန်မှ စ၍ ကျန်းကျောက်တိတစ်ယောက် သူမ၏ အနာဂတ်သမက်လေး ဖြစ်လာမည့်သူအပေါ် အလွန်အမင်း အလိုလိုက်နေလေသည်။

‘ဟူး.... ဒီပုံစံအတိုင်းသာဆိုရင် ငါ့ရဲ့ တစ်ဦးတည်းသောသမီးနေရာက လုယက်ခံရတော့မလို ဖြစ်နေပြီဟယ်’

ယခင်ဘဝက ရှောင်းယန်ချီနှင့် လက်ထပ်စာချုပ် ချုပ်ဆိုပြီးသည့်နောက်တွင်လည်း သူမ၏မိခင်က သူ့အပေါ် အစွမ်းကုန် အားပေးကူညီခဲ့သည်။ သူ့၏ ပညာရေးစရိတ်မှန်သမျှက သူမနှင့် သူမမိခင်တို့ ရုန်းကန်ရှာဖွေပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။

တစ်ခါက သူ့၏အတန်းဖော်တစ်ယောက်က သူ သုံးသည့် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်ကျောက်များက စွန့်ပစ်ပစ္စည်းများထဲမှ ကောက်လာသည့် အမှိုက်များနှင့် တူသည်ဟု လှောင်ပြောင်ခဲ့ဖူးသည်။ အိမ်ပြန်ရောက်လာချိန်တွင် သူက အခန်းထဲ၌ တံခါးပိတ်နေခဲ့ပြီး ထမင်းစားရန်ပင် ငြင်းဆန်နေခဲ့သည်။ နောက်ဆုံးတွင် စူးယောင်ကွမ်းက အထဲဝင်သွားပြီး အဖြစ်အပျက်ကို အသနားခံ မေးမြန်းမှသာ သူက ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့သည်။

သူမ ပြန်ပြောပြလိုက်သည်နှင့် ကျန်းကျောက်တိက ပိုက်ဆံရမယ့်နည်းလမ်းများကို နေရာအနှံ့ လိုက်မေးခဲ့သည်။ သူမက ကလေးမွေးပေးခြင်းအပြင် အဝတ်လျှော်သည့်အလုပ်ကိုပါ လုပ်ခဲ့ပြီး ပိုက်ဆံရမည့် အလုပ်မှန်သမျှကို လက်ခံခဲ့ကာ ထိုရသမျှ ပိုက်ဆံများဖြင့် ရှောင်းယန်ချီအတွက် အရည်အသွေးကောင်းသည့် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်ကျောက်များ ဝယ်ပေးခဲ့ဖူးသည်။

သူမ ထိုမျှ လုပ်ပေးခဲ့သည့်တိုင်အောင် သူ့ဆီမှ အပြုံးတစ်ပွင့်ပင် ပြန်မရခဲ့ပေ။

'အခု ပြန်တွေးကြည့်တော့ ငါ ရူးနေခဲ့တာလား... သူက ကျေးဇူးကန်းတဲ့ လူတစ်ယောက်ဆိုတာ ဘာလို့ အစကတည်းက မမြင်ခဲ့မိတာလဲ...'

ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ မျက်နှာရှေ့၌ သူ့လက်ကို ဝှေ့ယမ်းက မေးမြန်းလိုက်သည်။

"ဘာတွေကို အဲ့လောက်တောင် လေးလေးနက်နက် တွေးနေတာလဲ"

စူးယောင်ကွမ်း၏ အတွေးစများ ပြတ်တောက်သွားပြီး သူမက ကျိုးဝမ်ရှူကို မော့ကြည့်လိုက်သည်။

"နွားလှည်းတစ်စီးလောက် သွားငှားရအောင်"

ကျန်းကျောက်တိက အခုလေးတင် ဖုတ်ထားသည့် မုန့်ပြားများကို ဆေးကြောထားသော ဖက်ရွက်များနှင့် ထုပ်ပိုးပြီး သူတို့ဆီသို့ ကမ်းပေးကာ လှမ်းပြောလိုက်သည်။

"အရင် စားလိုက်ကြဦး၊ ပူပူနွေးနွေးရှိတုန်း စားသွား။ ပြီးမှ တခြားကိစ္စတွေ လုပ်ကြပေါ့"

"အမေ... သမီးတို့ သွားတော့မယ်။ အိမ်မှာပဲ နေ‌နော်၊ ဘယ်မှ မသွားနဲ့ဦး။ သမီး မှာထားတာကိုလည်း သေချာလုပ်ပေးထားနော်"

"အေးပါ၊ နင်တို့လည်း ဂရုစိုက်ကြ"

စူးယောင်ကွမ်း ရွာထဲသို့ သွားပြီး နွားလှည်းတစ်စီး ငှားလိုက်သည်။ ထို့နောက် ကျိုးဝမ်ရှူကို နွားလှည်းမောင်းခိုင်းပြီး သူမကတော့ ဘေးမှ လိုက်ပါလာခဲ့သည်။

"ဝမ်ရှူ..."

"အင်း"

"ငါတို့ အိမ်ထောင်ရေးစာချုပ် ချုပ်ပြီးသွားရင် နင်က ငါတို့ မိသားစုရဲ့ အိမ်ပါသမက်ဖြစ်သွားပြီ။ နင် အခု နောက်ပြန်ဆုတ်လို့ ရသေးတယ်နော်"

ကျိုးဝမ်ရှူက သူမကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ကာ ပြန်မေးနေသည်။

"ခင်ဗျားက ကျွန်‌တော်ကို ရိုက်မှာမို့လို့လား"

စူးယောင်ကွမ်း : "မရိုက်ပါဘူး"

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"

ကျိုးဝမ်ရှူက နွားနှင်တံကို ညင်ညင်သာသာ ဝှေ့ယမ်းနေသည်။

စူးယောင်ကွမ်း ရယ်မောလိုက်သည်။

"နင်က တကယ်ပဲ အလွယ်တကူနဲ့ ကျေနပ်တတ်တဲ့သူပဲ"

All Chapters